Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Tuesday, July 20, 2010

အရှိ ... ... ...

ပခုံးစွန်းမှ လည်တိုင်းရင်းတို့ သူ့ခေါင်းလေးထိုးဝင်လာသည်ကို အလိုက်သင့်ပင်ခံယူလိုက်ပါသည်။ ဆံပင်လေးတွေက အလုံးခပ်သေးသေး ချောချောမွေ့မွေ့ရှိမှန်း အထိအတွေ့က သိနေရသည်။ မိတ်ကပ်နံ့တထောင်းထောင်း ထမနေတာကို သူသတိပြုမိသည်။ လက်လေးတစ်ဖက်ကို ကိုယ့်ရင်ဘတ်ပေါ်တင်ထားပြီး ကိုယ့် အကြောင်းကို မေးတော့ ကိုယ်ဘာဖြေရမည်မသိ။ "ဘာအလုပ်လုပ်တာလဲ။" ဒီလိုကောင်မလေးကို ကိုယ့်ဘ၀အမှန်ကို ကိုယ်ဖွင့်ပြောလေ့ရှိကြသလား ကိုယ်မသိပါ။ "ကိုယ်လား ... ကိုယ် ဝေလေလေကောင်ပါ။" သူမသည် အလိုက်သိသော ကလေးမလေးဖြစ်မည်။ နောက်မေးခွန်းတစ်ခုက "သီချင်းဆိုတတ်သလား"တဲ့။ အင်း ... ဖြေရခက်တဲ့ မေးခွန်းမဟုတ်။ "ကိုယ်သီချင်းတွေကို ကြိုက်နှစ်သက်ပေမယ့် ကိုယ့်အသံက မကောင်းဘူး။" ဒီလိုဖြေလိုက်တော့ ဆိုပြပါလားတဲ့။ ဒီလိုကောင်မလေးကို ကိုယ်သီချင်းဆိုပြသင့်လား။ ဒါကိုလည်း ကိုယ်မသိပါ။ ကိုယ် မသိတာတွေ သိပ်များနေပြီလား။

သူမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းမိသည်။ "ဝေးသွားတဲ့အခါ .. နှလုံးသားမှာ အမြဲတမ်းသတိရနော် ...ကြင်နာခဲ့ဖူးတဲ့အချိန်ခနများ ... ...။ "သာသာယာယာတိတ်တိတ်ဆိတ်ဆိတ် နားထောင်ပြီးမှ မေးပြန်သည်။ ချစ်သူမရှိဘူးလား ဟင် တဲ့။ ရှိခဲ့ပါတယ်လို့ ကိုယ်ပြန်ဖြေလိုက်သည်။
မင်းမှာကောလို့ မေးမိတော့ သူမကလည်း ရှိခဲ့ပါသည်တဲ့။ သြ ... ... ...။ သူမမှာလည်း ချစ်သူရှိခဲ့သည်ပေါ့။ ဘာလို့ ပြတ်သွားတာလဲလို့ ကိုယ့်ကိုမေးတော့ ကိုယ်အသုံးမကျလို့ ကိုယ်ညံ့လို့လို့ ကိုယ်ပြန်ဖြေတဲ့အသံမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးတော့။ ကိုယ်အားနာပြီး သူမပခုံးကို အသာအယာပဲ ပွတ်ပေးနေလိုက်တော့သည်။ သူမ စိတ်ကြပ်တည်းနေမှာစိုး၍ ဘာသီချင်းရလည်း မေးတော့ အသံက ၀မ်းသာအားရဖြင့် အို ... အများကြီးရတယ်တဲ့ .. သူမဖြေပြန်သည်။
ထို့နောက် ကိုယ်မခိုင်းရဘဲ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုပြပါတော့သည်။ အသံက ခပ်တိုးတိုး။ သီချင်းတွေက အနှစ်သာရလည်းမရှိဘူးဟု သူထင်ပါသည်။ ထိုအကြောင်းကိုတော့ သူမကို မပြောပါ။ မင်းစာအုပ်တွေကောဖတ်သလား။ ၀တ္တုတွေဘာတွေပေါ့ဟု မေးတော့ သူမက နာမည်တချို့ရွတ်ပြသည်။ အပျင်းပြေတောင် မဖတ်မိတဲ့ အပျင်းပြေစာအုပ်များ။သူမဆိုပြသော သီချင်းများလိုပင် သူမရွေးချယ်ဖတ်သော စာရေးသူအမည်နာမများက အပေါစားဆန်လိုက်တာလို့ သူတွေးမိသည်။

ဖွင့်ထားသော ဂြိုလ်တုတီဗီအစီအစဉ်မှ အင်္ဂလိပ်ကားတစ်ကား၏ စာတန်းထိုးကို သူမက အလွယ်တကူ ရွတ်လိုက်ချိန်တွင် သူအံ့အားသင့်သွားသည်။ သူမက စစ်ကားပဲဟု ပြောသည်ကို နားထောင်ရင်း။ မင်း ကျောင်းဘယ်ထိနေခဲ့တာလည်း မေးတော့ သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။ အိုး ... ဒီလိုကောင်မလေးက
တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိတက်ခဲ့ပါလား။ ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်တာလို့ တဆက်တည်းပြောတော့ သူချက်ချင်း ခံတွင်းချဉ်လာသည်။" ကိုယ့်ကို စီးကရက်ဘူး ယူပေးစမ်းပါ။" သူမ ရင်ခွင်ထဲမှထကာ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ယူပြီးမီးညှိ၊ ပြီးမှ ကိုယ့်ကို လှမ်းပေးသည်။ ကိုယ် ခါးမတ်မတ်ထိုင်လိုက်တော့ သူက ကိုယ့်နားမှာ ခွေခွေလေးလှဲချရင်း ဆံပင်တွေကို လက်နှင့်လိမ်ဆော့နေသည်။ ပြီးတော့ သူ့အကြောင်းကို အေးအေးဆေးအေးပင် ခပ်တည်တည်ပြောတော့သည်။ ဒီလိုကောင်မလေးတွေ ပြောနေကြစကားဖြစ်မှာပါ။
" အဖေနဲ့ အမေနဲ့က ကွဲနေကြတယ်။ အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အဲ့အိမ်မှာမနေချင်ဘူး။ "
ကိုယ်စီးကရက်ပြာကို ချွေချလိုက်ရင်း သူမစကားကို အင်း လိုက်လိုက်မိသည်။ "အဒေါ်နဲ့လိုက်နေတယ်။ အရင်ကတော့ စတိုးဆိုင်မှာ လုပ်တာပဲ။ လခက လေးသောင်းလောက်ပဲရတာ။
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတော့ လခထဲက သူ့ကိုလည်း နည်းနည်းပေးတာပေါ့။ လခလေးလေးသောင်းမှာ သူ့ကိုနှစ်သောင်းပဲပေးလို့လည်းမကောင်းဘူး။သုံးသောင်းလောက်ပေးပြန်တော့လည်း ကားခအတွက် တစ်သောင်းလေးနဲ့ မဖြစ်ပြန်ဘူးလေ။" ကိုယ် ... အင်း လိုက်လိုက်ပြန်သည်။
"အဲ့ဒါနဲ့ ခုအလုပ်လုပ်လုပ်ဖြစ်တာပဲ။" " အဒေါ်က မရိပ်မိဘူးလား"လို့ ကိုယ်မေးမိတော့"ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်" တဲ့။ စီးကရက်မီးခိုးငွေ့တွေကို သူမနှင့်ဝေးရာဘက် မှုတ်ထုတ်ရင်း
ကိုယ် ဘာတွေးနေလည်း ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။

ခုအလုပ်ကတစ်လကိုနှစ်သိန်းလောက်ရတယ်။အ၀တ်အစားဖိုးပြန်နှုတ်ရင်တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ်။ အင်း .. ဒီအလုပ်က ထွက်ပြီး မင်း ဘာဆက်လုပ်မှာလဲလို့ ကိုယ်မေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။ ကျောင်းပြီးတော့ကော။
ကိုယ်ဆို ကျောင်းပြီးကတည်းက ဝေလေလေပဲဆိုတော့ သူမက ပြုံးပြီး အဝေးက တီဗီဖန်သားပြင်ကို ခပ်ငေးငေးကြည့်ရင်း ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့။ ဘုရားရေ ... ကိုယ် သူမကိုသေချာကြည့်မိတော့ သူမသည် တကယ်က တီဗီဇာတ်လမ်းကို ကြည့်ပြုံးနေခြင်းမဟုတ်ဟု သူတကယ်ကို ယုံကြည်မိပါသည်။ မင်း သတ္တိရှိလှချည်လား။ ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ သူကြားဖူးနားဝနဲ့မေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေသည်။
သူမဖြေနေပုံ ပြောနေပုံတွေက တကယ်ပင် ဆရာမတစ်ယောက်လို သူမကိုယ် သူမ ထင်မြင်လာပုံရသည်။ ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကိုယ်စိတ်မကောင်းဖြစ်သွားပြီး
အင်း ... မင်းဆံပင်ရှည်ရှည်တွေကို ဆံထုံးလေးထုံး၊ အဖြူအစိမ်းဝတ်စုံနဲ့ဆို တကယ်လှမှာပဲဆိုတော့ သူမက ကိုယ့်ကိုပြုံးပြသည်။ ဒါ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ်မသိပါ။

တကယ်လားလို့ သူပြန်လည်မေးသည်ကို အသာအယာပင်ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်လိုက်တော့ ပြုံးပြန်သည်။ ဒီမိန်းကလေးက ခနခန ပြုံးနေနိုင်တယ်လို့ ကိုယ်သတိပြုမိပြန်သည်။
ကိုယ်ကတော့ ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ်ရှင့် တဲ့။ သူ လွတ်လွတ်လပ်လပ်ရီမိပြီး ဟုတ်ကဲ့ ဆရာမဆိုတော့ သူမက လှောင်တာလားလို့ ပြန်မမေးပါ။
ကိုယ် ... မလှောင်ပါ။ ဒီတစ်ခါတော့ဖြင့် ကိုယ်မလှောင်ပြောင်မိပါ။ မိုးမြန်မြန်ပြန်လင်းဖို့ ကိုယ်ဆုမတောင်းမိသော်လည်း မိုးလင်းစေချင်ပါပြီ။ စီးကရက်မီးကို ပြာခွက်ထဲထိုးချေရင်း ကိုယ့်ကိုယ်ကို အသာလျောလိုက်တော့ သူမက တစ်ခါအနားပြန်တိုးကပ်လာသည်။ သူမက ကိုယ့်ပခုံးစွန်းအောက်နား ခေါင်းတင်ရင်း သူမသိထားသော ဟာသပုံပြင်များနှင့် ဗီဒီယိုဇာတ်ကားများ အကြောင်းကို တတွတ်တွတ်ပြောနေပါသည်။သူမခေါင်းကိုသာ ဖွဖွပုတ်ရင်း အခန်းတွင်းသို့ ထိုးဝင်ရောက်လာမည့် အလင်းရောင်ကို ကိုယ်စောင့်နေမိပါတော့သည်။

မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ် ... ... ... ... ... ... ...။ ။

Wednesday, June 16, 2010

သစ်ပင်နီနီလေးတွေ

ဤသစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင် ပေါက်သည့်အပင်လေးဖြစ်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများနှင့် ပြတ်သည်ကို မရှိတော့။ အမြဲလိုလို ဖုန်မှုန့်နီနီများက
သူတို့ခိုတွယ်လို့ရသမျှ အရွက်တိုင်း အကိုင်းတိုင်းတွင် တင်နေကြရာ ရဲရဲပင်နီစွေးနေလေတော့သည်။ သူမျက်မှောင်ကြုံ့ကာ မကျေမနပ်ပင်တွေးနေမိသည်။ သစ်ပင်လေးက သူ့အိမ်ရှေ့တွင်ပေါက်သော
သစ်ပင်လေးကိုး။

သူနေထိုင်ရာမြို့လေးက နယ်စပ်မြို့လေးဖြစ်သည်။ ရှေးယခင်မြို့လေးက ဘယ်သို့ဘယ်ပုံရှိခဲ့သည်ကို သူမသိပါ။ ယခုသူမြင်နေရသောမြို့လေးကတော့ ငြိမ်ကုပ်ကုပ်နှင့် အတွင်းကြိတ်ကြေကွဲနေသောမြို့လေးပင်ဖြစ်သည်။
ကိုယ်ဝါသနာပါရာ မလုပ်ရဘဲ မအပ်စပ်သည့်အလုပ်လုပ်နေရသူလို မကျေမချမ်းဖြစ်နေသောမြို့လေး။ သူ့ကိုယ်သူ ငွေကြေးအတွက်စတေးခံနေရသည်ကို သိလျက်နှင့် စိတ်ပျက်လက်ပျက် ရေစုန်မျောနေသော မြို့လေးဟုပင်
သူမြင်ပါသည်။ သူတို့ ညီအကိုသုံးယောက်စလုံး ထိုမြို့ငယ်လေးတွင်သာ ကြီးပြင်းခဲ့သည်။ မူလတန်းမှ အထက်တန်းထိ သူ ထိုမြို့လေးတွင်သာ ကျောင်းတက်ခဲ့ရသည်။
အမှတ်ရစရာတိုင်းကိုသာ သိမ်းဆည်းထားမည်ဆိုလျှင် ရင်နှင့်ပင်ဆံ့မည်မထင်ပါ။

ရိုးပုံရိုးလက်နှင့်မြို့လေးသည် ဆောင်းဦးပေါက်တိုင်း ကောက်သစ်စားပွဲကျင်းပတတ်သည်။ သူကော သူ့ညီတွေ၊ သူငယ်ချင်းတွေ ပျော်လေ့ရှိသည့်ပွဲတော်။ ပေါ်ဦးပေါ်ဖျား စပါးကောက်နှံမှ ဆန်ဖွတ်ပြီး ဘုရားရှင်ကို ဦးစွာကပ်လှူပူဇော်၍
လူသူပိရိသတ်ကို တည်ခင်းကျွေးမွေးသော ဓလေ့က ဤဒေသ၏ ကောင်းမြတ်သော အလေ့အထတစ်ခု။ ထိုပွဲတွင် မည်သူမဆို ၀င်ရောက်ဆင်နွဲကာ တည်ခင်းသမျှ စားသောက်နိုင်သည်။
သူတို့ ညီအကို မောင်နှမများ၊ သူငယ်ဖော်များက ဘုရားရင်ပြင်ပေါ် လျောက်ပြေးဆော့လေ့ရှိကြသည်။ ဘုရားနောက်ဘက် လယ်ကွင်းစပ်တွေနား၊ ချောင်းတွေ မြောင်းတွေနားထိ ဆော့ကစားကာ ပင်ပန်းလာလျှင် စောင်းတန်းများတွင်
နားနေကြ။ ရှမ်းဆန်စေးစေးကို မုန်ညှင်းရွက်ချဉ်ရေ၊ ပဲပုပ်ကြော်၊ အစိမ်းကြော်၊ ငရုတ်သီးထောင်းတို့ဖြင့် စားရသည်မှာ မေ့ရက်နိုင်စရာမရှိပါ။ ထိုမြို့လေးနှင့် ဝေးရာရောက်နေသူတိုင်း ဆောင်းဦးပေါက်လျှင် လွမ်းစေတတ်သောပွဲ။
ထိုပွဲကို ဆင်နွဲရန် ပြန်လာတတ်သူတွေလည်း ရှိမြဲ။ ထိုအထဲတွင် သူလည်း အပါအ၀င်ဖြစ်သည်။

အထက်တန်းကျောင်းသားဘ၀တွင်လည်း ထိုပွဲချိန်က ကျောင်းဖွင့်ရက်နှင့်တိုက်ဆိုင်နေလျှင်ပင် သူတို့ကျောင်းပြေး၍ သွားဖြစ်အောင်သွားလေ့ရှိကြသည်။ ထိုသို့သွားလေ့ရှိသူမှာ သူတို့သာမဟုတ် ကျောင်းတိုင်းကျောင်းတိုင်းမှ
အလျှိုလျှိုလစ်ထွက်လာသော ကျောင်းသားကျောင်းသူများနှင့် ဘုရားရင်ပြင်တွင် အဖြူအစိမ်းချည်းလွှမ်းနေအောင်ပင် ဖြစ်တော့သည်။ ငယ်စဉ်က လူကြီးများသာသွားလေ့ရှိသော လယ်ကွင်းစပ်မှ ခေါက်ဆွဲဆိုင်တန်းတွင်
ခေါင်ရည်ခိုးသောက်ကြရင်း ပွဲဈေးတန်းကို လျှောက်ခဲ့ကြသည်။ သို့သော် ရဲရဲဝံ့ဝံ့လျှောက်ရဲကြသည်တော့မဟုတ်။ တစ်မြို့လုံးက လာကြသောပွဲတွင် အိမ်မှလူများနှင့်တွေ့မှာလည်း စိုးထိတ်ရသေး။ မျက်နှာကိုခပ်လွဲလွဲထားကာ
လျှောက်ရင်း အကိုအမများနှင့်တိုးလျှင် မျက်နှာချိုသွေးရင်း သူတို့ပြုံးပျော်ခဲ့ကြသည်။

သူ လမ်းအပြင်ကို ငေးမောကြည့်နေသည်ကို အမေမြင်တော့ ဘာတွေတွေးနေတာလဲ သားဟု မေးသည်။ ဘာအကြောင်းရယ်တော့ မဟုတ်ပါဘူး အမေရယ် ကောက်ဦးဆွမ်းပွဲအကြောင်းတွေးနေတာလို့ ဖြေမိတော့
အမေက ပျော်ဖို့ချည်းပဲတွေးနေဟု ပြန်ပြောသည်။ ပျော်ဖို့ချည်းတွေးရအောင် ပျော်ဖော်ပျော်ဘက်မှ မရှိတော့ဘဲ အမေရယ်ဟု ရင်ထဲမှ တိုးတိုးဆိုလိုက်သော စကားကိုကား အမေကြားမည်မထင်ပါ။
သူအထက်တန်းအောင်ပြီးသည်နှင့် တက္ကသိုလ်တက်ရန် မြို့လေးမှထွက်လာသောအခါ သူငယ်ချင်းများ ကျန်ရစ်ခဲ့သည်။ ထိုအချိန်ထိ သူပြန်လာလျှင် သူလျှောက်ဖူးသောလမ်းတိုင်း၊ သူထိုင်ခဲ့ဖူးသော သစ်ပင်ရိပ်တိုင်း၊
သူမှီခဲ့ဖူးသော ဓါတ်တိုင်တိုင်းသည် သူထွက်သွားတုန်းကကဲ့သို့ ပြန်မြင်ရမည်ဟုသာ သူထင်ခဲ့သည်။ သူ့သူငယ်ချင်းများ အပါအ၀င်ပေါ့။

မြို့လေးနှင့်ဝေးနေစဉ်အချိန်အတွင်းမှာ မြို့လေးမှ သတင်းများကို သူနားစွင့်နေမိသည်။ သတင်းများစွာကိုလည်း သူကြားခဲ့ရသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းအကြောင်း၊ တောလမ်းမှ အကောက်ခွန်မဲ့ပစ္စည်းသယ်ခြင်း၊
ဝင်ငွေကောင်းသည်။ ဖျံကျသည်။ အချင်းချင်းသစ္စာဖောက်တဲ့ကောင်။ အဖမ်းအဆီးသတင်း။ သစ်နှင့်ကျောက်မှောင်ခိုခြင်း။ ကျွဲကူးရေပါ မူးယစ်ဆေးဝါး ဇာတ်လမ်း။ တစ်ထောင့်တစ်ညမကသော ပုံပြင်များလို
ကျွန်တော်က နားထောင်နေခဲ့ရသည်။ ထိုမပြောင်းလဲသော အလွမ်းအမောဇာတ်တွင် ဇာတ်ဆောင်တွေသာ ပြောင်းသွားသည်။

ယခု ဆောင်းဦးပေါက် အိမ်ပြန်ချိန်တွင် ကျွန်တော် ရောက်နေကြအတိုင်း ပြန်ရောက်လာခဲ့ပါသည်။ အိမ်တွင် ကျွန်တော့်ညီလေး မရှိတော့ပါ။
သူက ဒီနှစ်၊ ဒီလ၊ ဒီဇာတ်အတွက် ဇာတ်ဆောင်။ အမေက တိတ်ဆိတ်နေသည်။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေး၏ အဆုံးမသတ်သွားသော ဇာတ်ရုပ်နေရာကို ညီလေး ဆက်ခံခဲ့သလားမသိ။
ဟိုး ကျွန်တော်တို့ မိသားစုအားလုံး ကောက်သစ်စားပွဲသွားကြစဉ်က ရိုက်ထားသော ဓါတ်ပုံလေးက နံရံထက်တွင်ရှိတုန်း။ ရှမ်းဝတ်စုံနှင့် ပန်းနုရောင် ပိုးပုဝါခါးစည်းနှင့် ညီလေးကို ဒီနှစ်ပွဲမှာ ကျွန်တော်တွေ့နှိင်ပါဦးမည်လား မသေချာပါ။

အိမ်ရှေ့က သစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင်ပေါက်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများတင်လွန်းလှသည်။ သူအိမ်ရှေ့အပင်လေးဆီမှ ကျော်ကာကြည့်လိုက်တော့
လမ်းတစ်လျှောက်ရှိ အပင်တိုင်း အပင်တိုင်းသည် ရဲရဲနီစွေး။ သူ ၀မ်းနည်းသွားပါသည်။

Sunday, June 13, 2010

မိုးရွာသောနေ့တွင် စာအုပ်များကို စီခြင်း

္ခတနင်္ဂနွေအားလပ်ရက်နှင့် မိုးအေးအေးရာသီဥတုက တွဲဖက်ပင်ညီနေရော့သလား မသိပါ။ အိပ်ယာထက်တွင် သွေးလေးလေးနှင့်ကွေးရင်း လုပ်စရာဘာများရှိသလဲလေလို့ တွေးမိတော့ စာအုပ်များကိုရှင်းဖို့ သတိရသည်။
ခြောက်လတစ်ကြိမ်လောက် အခန်းပြောင်းနေရသော ဘ၀တွင် စာအုပ်များကို စင်ဖြင့်စံနစ်တကျ ထားဖို့မှာ စိတ်တွင်းကသာရှိသည်။ လက်တွေ့တွင်တော့ စက္ကူဂျတ်ပုံးထဲထည့်ပြီး ထားလိုက်ရသည်။

ကိုယ်လက်သုတ်သင်ပြီး ကော်ဖီခွက်လေးကိုင် ရှေ့ခန်းကိုထွက်လာတော့ ရှင်းလင်းရမည့် စာအုပ်ပုံက နေရာတိုင်းမှာလိုလိုပင်။ တချို့က ခုံပေါ်မှာ၊ တချို့က ခုံအောက်နားမှာ၊ အိပ်ခန်းခေါင်းအုံးနားတွင်က သုံးလေးငါးအုပ်။ ဘုရားစင်ပေါ်တွင်တောင် ရောက်နေသော စာအုပ်တွေကရှိသေး။ ဘာအတွက်ကြောင့်များ စာအုပ်တွေကို ဖတ်ခဲ့၊ ဖတ်နေ၊ ဖတ်ရှုရဦးမည်လဲလို့ တွေးမိတော့ အဖြေမရှိပါ။ ဘာအတွက်နဲ့များ ဒီစာအုပ်တွေကို ဖတ်နေတာလဲ ကောင်လေး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ မေးခွန်းတစ်ခု။ ဖတ်သောစာအုပ်တွေကလည်း အကြောင်းအရာပေါင်းစုံ။ တချို့စာအုပ်လေးတွေက ၀ယ်ထားတာ၊ တချို့စာအုပ်တွေက လက်ဆောင်ရထားခြင်းဖြစ်ပြီး၊ တချို့က ငှားထားပြီး ပြန်မပေးဖြစ်သေးသောစာအုပ်များ။ တခါတရံ ဘယ်သူ့ဆီက ငှားထားမှန်းပင် မမှတ်မိတော့ပါ။

အကြောင်းအရာပေါင်းစုံဆိုသည်မှာ ရူပဗေဒပညာရှင် ရစ်ချတ်ဖိုင်းမန်းနှင့် စတီဖင်ဟော့ဖ်ကင်း။ သူတို့က တွဲဖက်ညီသည်။ သခင်ကိုယ်တော်မှိုင်းအကြောင်းစာအုပ်နှင့် သခင်တင်မြ၏ ဘုံဘ၀လိုစာအုပ်က ကိုယ့်အမျိုးသားရေးအကြောင်းများ။ ဘောင်းဘီဝတ်မိုးတိမ်လို ကဗျာဘာသာပြန်နှင့် မြင့်သန်း၏ ဘာသာစကားနောက်ကွယ်မှက အဆက်အစပ်ရှိသေးသည်။ ထိုထဲတွင် မြန်မာအက်ဆေးတစ်ရာ၊ နွယ်နီအဟောင်းလေး။ ဆရာကျော်ဝင်း၏ လှိုင်းမဂ္ဂဇင်းနှင့် ကိုတာ၏ စတိုင်သစ်။ ဆရာစံဇာနည်ဘို၏ ဗေဒင်စာအုပ်ကိုမြင်တော့ ပြုံးမိသေးသည်။ သူတို့တွေသာ စကားပြောတတ်လျှင် သခင်ကိုယ်တော်မှိုင်းနှင့် ရစ်ချတ်ဖိုင်းမန်းတို့က နှူကလီးယားအကြောင်းဆွေးနွေးကြမည်လား။ နှုတ်ခမ်းမွေးကားကားနှင့် ဆရာကြီးက ပရအနုမြူအကြောင်း ပြောလျှင် အာဖရိကဗုံတီးသော သိပ္ပံဆရာက သေချာနားထောင်ပါ့မလား။ လက္ခဏာဆရာကြီးပြောသော နက္ခအကြောင်းများကိုကော စတီဖင်ဟော့ကင်းက တွင်းနက်ကြီးများဖြင့် စုပ်မျိုချလိုက်မလား။ တကယ်လို့များ သူတို့ပြောကြလျှင် ကျွန်တော်တော့ နားထောင်ချင်ပါသေးသည်။

စာအုပ်များကို အမျိုးအစားခွဲစီရင်း ကျွန်တော့်မှာ အရှားပါးဆုံး စာအုပ်အမျိုးအစားကို သိလိုက်ရသည်။ ကဗျာစာအုပ်။ ကဗျာစာအုပ်အကြောင်းတွေးမိတော့ ကျွန်တော်နှင့် ရင်းနှီးခဲ့သောကဗျာက ဘာပါလဲ။
ရှစ်တန်းကျောင်းသားအရွယ် သင်ခန်းစာစာအုပ်ထဲ ကူးထည့်ခဲ့သောကဗျာလေးကို လွမ်းမိသည်။ သောကခြေရာ ရတနာကဗျာများ... ထိုစဉ်က သောကဆိုတာဘာဆိုသည်ကိုပင် အနက်သိနိုင်ဦးမည်မထင်ပါလေ။
ဘာကြောင့်များစာအုပ်တွေဖတ်သလဲ မေးလျှင်ကော။ မဖတ်ရမနေနိုင်လို့ ဖတ်သည်ဟုပင် ဖြေရမည်ထင်ပါသည်။ ဘာတွေရလို့လဲလို့ မေးလာလျှင်တော့ ရစရာရှိမလားလို့ ဖတ်သည်မှမဟုတ်ဘဲ။

ဖတ်ပြီးသော စာအုပ်မှန်သမျှကို မြို့ကသူငယ်ချင်းဆီ ပို့ပေးရသည်။ သူငယ်ချင်းပြောဖူးသည်က မင်းစာအုပ်တွေငါလည်းဖတ်ထားတော့ မင်းပြန်လာတော့ မင်းနဲ့ဝေးမနေတော့ဘူးပေါ့ကွာ တဲ့။ လွမ်းပါသည်။ သစ်ပင်အိုအိုကြီးတွေအောက်က လက်ဖက်ရည်ဆိုင်တွင် နှုတ်ခမ်းပဲ့နေသော ပန်းကန်မှရေနွေးကို မော့သောက်ရင်း ဂျေရုဆလမ်လည်းရောက်ခဲ့ကြသည်။ ဟားဘတ်တက္ကသိုလ်လည်း ရောက်ခဲ့သည်။ ကျူးဘားတော်လှန်ရေးလည်း ဆင်နွဲခဲ့ကြသည်။ ပိုက်ဆံတစ်ထောင့်နှစ်ရာနဲ့ ဟားဘတ်တက္ကသိုလ်ရောက်ဖူးတာ နည်းလားကွဆိုသော အသံကိုလွမ်းမိသည်။ ခုဆို ဘယ်ဘ၀ရောက်နေပါလိမ့်။

စာအုပ်လေးများကို သေချာကြည့်တော့ တချို့ကပိုးကိုက်ရာလေးများနှင့်။ တချို့က ၀ါကျင့်ကျင့်အရောင်သမ်းလျက်။ ကျွန်တော့်အသိဥာဏ်တွေ၊ခံစားမှုတွေကော ပိုးကိုက်ကုန်ပြီလား၊ အ၀ါရောင်သမ်းနေပြီလား ကျွန်တော်မတွေးတတ်တော့ပါ။ တစ်အုပ်ချင်းစီဖုန်သုတ်ကာ စက္ကူပုံးထဲထည့်ရင်း တိုးတိုးညည်းနေမိသောသီချင်းက မသိတဲ့အမှားအမှန်ကို မပြည့်တဲ့အသိဥာဏ်နဲ့ ကိုယ်လေသုံးသပ်မိခဲ့ ဆိုသော မျိုးကျော့မြိုင်၏ ရိုးသားမှုများသို့ သီချင်းလေး။ တကယ်ပဲ ထိုအတိုင်းလားမသိတော့ပါ။ ခံစားမှုများ၊ အသိဥာဏ်ပညာများကို ဖတ်ရှုသိမ်းဆည်းထားသော သူငယ်ချင်းကတော့ ပိုးပေါက်ရာဗရပွနှင့် ဘ၀ကို လက်လျော့သွားလေပြီ။

အပြင်မှာ မိုးတွေတစိမ့်စိမ့်ရွာနေတုန်း ကျွန်တော်က စာအုပ်ဟောင်းလေးတွေကို ပုံးလေးထဲ စီထည့်နေပါသည်။ ခဏတာလေးပဲဖြစ်ဖြစ် သပ်ရပ်သွားနေချင်သောစိတ်ကြောင့် ကျွန်တော် စာအုပ်ဟောင်းလေးတွေကို စက္ကူပုံးလေးထဲ စီစီရီရီထည့်နေခြင်းသာ ဖြစ်ပါသည်။

Sunday, May 9, 2010

သစ်ပင်နဲ့အတူတွေးခြင်း

သစ်ပင်များနှင့် ကျွန်တော့်အဆက်အစပ်ကို စဉ်းစားကြည့်တော့ ယခု ကျွန်တော် သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခြင်းကို သတိရသည်။ ဖုထစ်နေသော အပွေးအခေါက်များက သူ့သက်တမ်းကိုပင် ဖော်ပြနေသလား ကျွန်တော်မသိပါ။ နေပြောက်မထိုးအောင် သိပ်သည်းလှသောအရိပ်အောက် ကျွန်တော်အေးအေးလူလူပင် ထိုင်နေရင်း စိတ်အေးလက်အေး တွေးနေမိသည်။ နက်မှောင်ပြာလဲ့သော အတောင်ကိုဖြန့်လျက် ငုံ့ကြည့်နေသောကိုရွှေကျီး ၊ တစ်ချက်လောက်သာပါလားဟုလည်း တောင့်တမိသည်။ အရိပ်အောက်ခိုရင်း အပြင်ဘက်ကောင်းကင်ကိုမော့ကြည့်တော့ တိမ်ဖြူဖြူလေးတစ်စက အရွက်အုပ်ကြား မလွတ်မကင်းငြိစွန်းရင်း၊ ကျွန်တော်ကြည့်မိတော့ ရှက်သွေးဖြာပြီး ညင်ညင်သာသာပင် ထွက်သွားသည်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည်ဆိုသောစကားပုံအတိုင်း ကျွန်တော့်တွင် သစ်ပင်နှင့်တူသော မိန်းမနှစ်ဦးရှိသည်။ ငှက်တစ်သောင်းနှင့်တူသော အမျိုးအဆွေများ၏ မှီခိုရာပင်ဖြစ်မည်ထင်ပါသည်။ ကြီးကြီးနှင့် မေမေ .. ကျွန်တော်လွမ်းမိသည်ကော။ ကြီးကြီးတို့ ၊ မေမေတို့က ယခုကျွန်တော်ခိုဝင်နေသော သစ်ပင်ကြီးဖြစ်ခဲ့လျှင် ကျွန်တော်က ထိုသစ်ပင်ပေါ်မှ ကျီးကန်းလေးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။
ကျွန်တော့်ဘာသာစကားမှ မေမေတို့ နားညည်းခဲ့ပါသလား။ တစ်စုံတစ်ရာမျှော်လင့်ခဲ့ပါသလား ကျွန်တော်ဆက်တွေးမိသည်။ကျွန်တော့်ဘာသာစကားကို နားမလည်သည့်တိုင် နားထောင်ပေးတတ်သောမမသည်လည်း ကျွန်တော်နားခိုရာ သစ်ပင်ဖြစ်ပါလိမ့်မည်။

ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားတတ်ဖို့ ကျွန်တော်သစ်ပင်များကို ချစ်တတ်ဖို့လိုပါသည်။
လွန်ခဲ့သော ရက်များဆီက ကျွန်တော် ကျွန်တော့်ဆရာအိမ်သို့သွားခဲ့သည်။ ဆရာက သစ်ပင်များကိုရေလောင်းနေရင်း သူနယ်သို့ တာဝန်ဖြင့်ပြောင်းရွေ့ရတော့မည့်အကြောင်း ပြောပြနေခဲ့သည်။
ဤနေရာသည် ဆရာရောက်မလာခင်က ကွင်းခေါင်ခေါင်၊ ယခု အရိပ်ရပင်များစည်ဝေသိုက်ဝန်းစွာဖြင့် ရှိနေပြီ။
ထို့ပြင် ဆရာရေလောင်းနေသော သစ်ပင်လေး၏ အနာဂတ်ဘ၀တွင် ဆရာပါဝင်နိုင်တော့မည်မဟုတ်ပါ။ သို့သော် ဆရာကား ရေလောင်းမြဲလောင်းလျက်။ ချစ်ခြင်းမေတ္တာအကြောင်းကို နားလည်ခံစားတတ်ဖို့ ကျွန်တော် သစ်ပင်များကိုချစ်တတ်ဖို့ လိုအပ်ပါသည်။

လေတိုးတိုက်သဖြင့်လှုပ်ရုံလေးလှုပ်ရှားသွားသော အရွက်များက အချင်းချင်းတီးတိုးဆိုလေသည်လား။ ကျွန်တော်နားစိုက်ထောင်မိသည်။ အကြီးဆုံးဆိုသောသစ်ပင်များမှစ၍ အနိမ့်ဆုံးပေါင်းပင်လေးထိ မြေကမ္ဘာမှ သူတို့ရယူခဲ့သလောက်ကို သူတို့ပြန်ပေးသွားကြသည် တဲ့။ လေအတိုးတွင် ၀ဲလည်၍ကျလာသော အရာလေးက ကျွန်တော့်ပေါင်ပေါ်မှာ။ ခရေပွင့်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်။ ခရေပင်ပေါ်မှ ကျီးကန်းလေးက မျက်လုံးလေးဝိုင်းက လည်ပြန်ကြည့်ရင်း ဟိုခုန်၊ဒီခုန်။ ကျွန်တော် အတွေးစများကို ရုတ်သိမ်းကာ အရိပ်ထဲမှထွက်လိုက်တော့ နေကကျဲကျဲတောက်ပူသည်။

Tuesday, April 27, 2010

အကောင်းမြင်သမား

နေအပူချိန် ဒီကရီမည်မျှ ရှိသည်လဲမမှန်းဆတတ်ပါ။ သဲပြင်ပေါ်ထားလည်း ပူနေသောကြောင့် ခြေထောက်များကို သဲထဲထိုးနစ်လိုက်သည်။ သဲပွင့်တို့ကလည်း စိုစွတ်မနေပါ။ ပူပြင်းလှသောနေရှိန်နှင့်
ခြောက်သွေ့နေသည်။ သဲပွင့်တို့သည် အစိုဓါတ်ကုန်သောကြောင့် တစ်ချပ်ချင်း ဖွာလန်ကြဲလျက်။
ဘ၀ဆိုတာကော ဒီလိုပဲ နေမှာလား ။ ခု ငါ့ဘ၀က ဒီသဲတွေလိုပဲလားလို့ သူတွေးနေမိသည်။

စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ လတစ်လပဲ ... သူအသံထွက်ပင် ရေရွတ်ပစ်သည်။ ဒီဇိုင်းများထုတ်ရလွန်းသဖြင့်
သူ့ဦးနှောက်တွင် ခြောက်သွေ့ကာ အသစ်အဆန်းမရှိတော့။ သူ ဖန်တီးထားသောအရာများက ထပ်တလဲလဲဖြစ်လာနေပြီ။ အလေအလွင့်ဆန်သောသူ့အနားမှချစ်သူကလည်း လေတိုက်သောဒဏ်မခံနိုင်၍ လွင့်သွားလေပြီ။ သူ့ဘ၀ရှေ့ရေးကိုတွေးမိလျှင် သူ့အာရုံထဲ နှင်းပိတ်ဖုံးနေသော အမှောင်တိုက်ထဲက ရထားသံလမ်းရေးရေးကို မြင်မြင်လာသည်။ ရှေ့မှာဘာရှိမယ်ဆိုတာ သူမသိ။

သူ့လက်ထဲပိုင်တာ သူပြန်တွေးကြည့်နေသည်။ ခုသူပိုင်တာ သူ့လက်ထဲက ဘီယာဘူးသာဖြစ်မည်။ ပြီးတော့ မလှမ်းမကမ်းမှာ ဖွင့်ချထားသော စာအုပ်။ စာအုပ်တွေဖတ်ရတာလည်း ပျော်ရွှင်ဖွယ်မကောင်းလှပါ။ ဒီကမ္ဘာပေါ်တွင် စိတ်အညစ်ဆုံးလူသားများမှာ ကဗျာဆရာများ၊ အထူးသဖြင့် ပို့စ်မော်ဒန်ကဗျာဆရာများသာ ဖြစ်မည်ထင်ပါသည်။ စိတ်ချမ်းသာအောင် တစ်စက်ကလေးမှမရေးတတ်သော ကဗျာဆရာများသည် ပို့စ်မော်ဒန်သမားများသာဖြစ်မည်။

ပင်လယ်ကို ကျိန်းစပ်နေအောင် နေရောင်က တဖြန်းဖြန်းရိုက်သည်။ ငွေရောင်အနာဖေးတက်လာသည်အထိ ပင်လယ်က တဖျတ်ဖျတ်လူးလှိမ့်လို့။ ချစ်သူကို သောက်ကောင်မလို့ ပျစ်ပျစ်နှစ်နှစ်ဆဲသည်။ အလုပ်ကို မုန်းတီးသည်။ ညစ်ညူးဖွယ် ညည်းညူနေတဲ့ ကဗျာဆရာကို ကျိန်ဆဲသည်။
သောင်ပြင်မှာ လွတ်ထားတဲ့ခွေးဆိုသည့် ဥပမာကို ပထမဆုံးအကြိမ် သူသဘောပေါက်နားလည်ခြင်း။

တိမ်တစ်စမှမရှိသောကောင်းကင် လေးတွဲ့တွဲ့မှာ သူပထမဆုံးကြားလိုက်ရသောအသံကို သဘောမပေါက်သဖြင့် သူထကြည့်မိသည်။ တံငါလှေတစ်စင်းပိုက်ဆွဲနေခြင်းဖြစ်သည်။ မိန်းမ၊ယောက်ျား ငါးယောက်၊ ခြောက်ယောက်ခန့်က ပင်လယ်ထဲပိုက်ချရာမှ အော်ဟစ်ပြောဆိုနေသံများဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် ဇာတ်ဝင်ခန်းထဲ တအိအိဝင်လာသော တိမ်တစ်အုပ်လိုပင်။

ပိုက်ကို ချပီး ကမ်းခြေဘက်ကို တဖြည်းဖြည်းဝိုင်းပတ်လာနေသည်ကို သူထိုင်ငေးနေမိသည်။ သည်လိုမြင်ကွင်းမျိုးကို ဘီယာနဲ့ မြည်းဖို့သင့်မသင့် သူတွေးရင်း လှောင်ပြုံးပင်ပြုံးလိုက်မိသေးသည်။ လှေပေါ်မှ ခေါင်းဆောင်ဖြစ်သူက အချက်ပေးလိုက်သည်နှုင့် ပိုက်အစနှစ်ဘက်ကို ကျန်သူများက ၀ိုင်းဆွဲကြသည်။ ပိုက်ကြိုးကိုဆွဲနေသောမိန်းမတို့သည် ပင်လယ်ထဲ ဆင်းသွားလိုက်။ ကြိုးစကိုကိုင်ကာ ကမ်းခြေသဲသောင်ပေါ်ထိ တက်လာလိုက်။ အကြိမ်ကြိမ် အခါခါ။ သူမတို့ဝတ်ထားသော အ၀တ်အထည်တို့သည် နေဒဏ်လေဒဏ်ကြောင့် အရောင်ပင်မရှိတော့။ ထမိန်ရေစိုအောက်တွင် သူမတို့၏ ပေါင်တံများက ထင်းထင်းလင်းလင်း။ ပိုက်ကြိုးကိုဆွဲလိုက်တိုင်း ကြွက်သားများ၏ ရုန်းကန်မှုကို သူသတိထားမိသည်။ သူတို့ မျက်နှာဝယ် ချွေးအလိမ်းလိမ်း သို့သော် ဘ၀သည် သူတို့၏ မျက်နှာပေါ်မှ ပြေးထွက်မသွား။ သူ စာရေးဆရာ ဂျက်လန်ဒန်ကို သတိရသည်။ ချက်ချင်းခုန်ထလိုက်ပီး သူတို့ဆီပြေးသွားလိုက်သည်။

သူ သူတို့ကိုကျော်ကာ ပင်လယ်ထဲထိဆင်း၍ ထိပ်ဆုံးက ပိုက်အစကို ဆွဲကာရုန်းလိုက်သည်။ သူတို့က သူ့ကိုပြုံးပြကြသည်။ လှိုင်းတစ်လုံးက သူ့ဆီပြေးဝင်လာချိန် သူအော်လိုက်မိသည်။ အားလုံးက ရီရီမောမော။
ပင်လယ်ရေကပဲ အေးစေတာလား၊ သူတို့တွေကပဲ သူ့ကိုအေးစေသလားမသိ။ ပျော်ရွှင်ခြင်းများအလုံးအရင်းနှင့် ၀င်ဆောင့်သဖြင့် သူတဟားဟားသာ ရီနေမိသည်။ မိုးတိမ်ပြာပြာ၊ ပင်လယ်လေအေးအေးတွင် သူ့စိတ်တို့ ကြည်စင်ပြာလွင်။

နေလုံးဝင်သွားချိန် အင်္ကျီရေစိုကို ပခုံးပေါ်တင်ရင်း သူ ကမ်းခြေကိုဖြတ်လျှောက်ကာ ပြန်လာသည်။ ကမ်းခြေတွင် တင်ကျန်နေသောခရုခွံလေးများကို ခြေဦးနှင့်ထိုးဆော့ရင်း မနက်ဖြန်အတွက် သူ့သွေးတို့ ရဲရဲနီကာ ဆတ်ဆတ်ခုန်နေကြောင်းတွေးမိသောအခါ သူကျေကျေနပ်နပ်ပင် ပြုံးမိလေသည်။

Friday, April 2, 2010

သူငယ်ချင်း

A .. ရှိမရှိ မသေချာပါ .. သို့သော် သူမရှိကောင်းရှိနေပါလိမ့်မည် ... ကျွန်တော်ကတော့ ကျွန်တော်ရှိမှန်းသိအောင် အမြဲစိမ်းပြထားခဲ့ရသည်။ ကွန်ပြူတာကီးဘုတ်ခလုတ်သံ အတိုးအလျော့တွင် ခံစားချက်များပါသွားသည်ဟု တစ်ခါတစ်ရံ ကျွန်တော်တွေးမိပါသည်။ တိုးဖွဖွရီသံကို အနားနားကပ်ကြားရသည်အထိ ဤကွန်ယက်ကြီးကို ယုံကြည်လွန်းသည်က လွန်တာပေါ့။

ဖြတ်သန်းသွားခဲ့သောနွေရက်များတွင် တေးသီသွားသော ငှက်ကလေးတို့၏ တေးသီချင်းများအကြောင်းကို ကျွန်တော် သူမကို ပြောပြခဲ့သည်။ ကျွန်တော့် ဘ၀၏ စိမ်းလန်းခြင်း တက်ကြွခြင်း၊ ညိုမှိုင်းခြောက်သွေ့ခြင်းများကို
ကျွန်တော် တစ်ထောင့်တစ်ညထက်မက ပြောပြခဲ့သည်။ အသက်မဲ့သော ကွန်ပြူတာမော်နီတာရှေ့တွင် ကျွန်တော် ပြုံးလိုက် ရယ်လိုက် ... ကျွန်တော်က နောက်ကွယ်တွင်ပင် ဟန်မဆောင်တတ်သူ။ သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။
.......... .............. .............. ............. ...............

Bကို ကျွန်တော်သတိထားမိသည်မှာ နံရံထိပ်တွင်ချိတ်ဆွဲထားသော ပန်းချီကားများကို ငေးနေသောသူ့ကို။ သူမမျက်မှန် မှန်သားပေါ်တွင် ပန်းချီကားမှ အရောင်များက အရိပ်ထင်နေကြသည်။ "အဲ့ဒီ ပန်းချီကားတွေကို အကို့ ညီမလေး ဆွဲထားတာပါ" ... ထိုစကားကို ကျွန်တော်သူမကို မကြည့်ဘဲ ရေရွတ်လိုက်သည်။ သူမထံမှ ပြန်ကြည့်သော အကြည့်များတွင် အပြုံးတချို့ပါသည်ကိုမြင်တော့ ကျွန်တော်ရှက်သွားသည်။

နောက်ရက်များစွာအတွင်း ကြိမ်ဖန်များစွာ ကျွန်တော်တို့ ဆုံမိကြသည်။ သူမ လက်ထဲတွင် ကိုင်ထားသော ဘောလုံးဂျာနယ်၊ မန်ချက်စတာယူနိုက်တက် နိုင်ပြန်ပြီဆိုသည့် မြူးကြွကြွအသံ၊ အမြဲတီရှပ် ၊ အမြဲဂျင်းဘောင်းဘီ ဤအရာများသည်ပင် သူမဖြစ်သည်။

ကျွန်တော့်ညီမလေးဟု သူမကိုပြောခဲ့သော ကျွန်တော့်ချစ်သူ ကျွန်တော့်ကို စွန့်ထားခဲ့သောနေ့များထဲမှ တစ်ရက်တွင် သူမက ကျွန်တော့်ကိုပြောသည်။ " ဒီပန်းချီကားတွေက ကျွန်တော့်ညီမလေး ဆွဲတာပေါ့လို့ အရေးမကြီးတဲ့ပုံဖမ်းထားပြီး ပြောနေသော်လည်း ကျွန်တော့်မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားနေသည်ကို သူမြင်ခဲ့သည်" တဲ့ .. ကျွန်တော့်အရိပ်ကိုဖမ်းတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။
.......... ............... ................ .................... ................

little: ငါက ငါလုံလုံခြုံခြုံ နွေးနွေးထွေးထွေးရှိတဲ့ နေရာလေးတွေကို တွေ့စေချင်တာ
နင်နဲ့ ငါ့ကြားက စိတ်ချယုံကြည်မှုနဲ့ နွေးထွေးမှုတွေကို သူ့ကိုသိစေချင်တယ်
သူ့ကိုလည်း ခံစားစေချင်တယ် ... ဒါမျိုးက သိပ်ကိုရှာတွေ့ဖို့ ခက်ခဲပါတယ်
ဒါကြောင့် နင်တို့ကို ဆုံစေချင်တာ ... ... ...


_ _ : ငါတို့ တွေ့တွေ့ချင်းကို စကားလက်ဆုံကျပြီင်္းခင်သွားကြတယ်

little: နင်တို့ ဘယ်နားထိုင်ကြတုန်း ကော်ဖီဆိုင်မှာလား လမ်းဘေးလေးမှာလား
လေတွေကောတိုက်လားဟင်

_ _: အင်း မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ လူတွေသိပ်များတယ်လေ
ငါတို့နေရာမရလို့ လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ် :)

little: ဟားဟားဟား ပျော်ဖို့ကောင်းလိုက်တာ

......... ........... .............. .................. ....................

နောက်ဆုံးတော့ ကမ္ဘာပေါ်တွင် သူငယ်ချင်းအဖြစ် အသစ်ထပ်မံ၍ ပေါ်ပေါက်လာပါပြီ။ ထိုရင်းနှီးနွေးထွေးသော ဖြစ်ရပ်တို့က လောကဓံထဲ ကြံကြံခံရပ်တည်မည့် မြက်ပင်လေးများ မြေကမ္ဘ္ဘာမှ လွင့်ထွက်မသွားအောင် ဆွဲဆောင်ထားပေးမည့် အမြစ်လေးများဖြစ်လာမည်။ ကျွန်တော် သိပ်ပျော်ပါသည်။ သူမတို့ ၂ဦးသောက်နေသော ကော်ဖီရနံ့သည် ကျွန်တော့်ရင်ထဲ သင်းပျံ့လျက်။






Thursday, March 25, 2010

အိမ်

နွေရောက်ပြီလား ... ... ... ။ ကျွန်တော် အမေ့မေ့အလျော့လျော့ပစ်ထားခဲ့သော အရာများထဲတွင် ရာသီဥတုလည်းပါသည်ပဲလေ။ ကျွန်တော်က ဂရုမထားသော်လည်း နွေက သူ့သဘောသူဆောင်၍ အရောက်လာခဲ့ပြီ။ လေရူးက လူရူးကိုဝှေ့သည်။ လေရူးသိမ်းတိုင်း မြက်ရိုင်းတို့က ဝေ့ဝေ့၀ဲဝဲ။ စိတ်ရိုင်းတို့ကလည်း
ဖရိုဖရဲ။ ဒီကွင်းပြင်ကြီးဟာလည်းလေ ... စကားမဆက်တတ်တော့သလို ဆွံ့အသွားသည်။ ကွင်းကြီးက စပါးပင်ငုတ်တိများနှင့် ခြောက်သယောင်းထလျက်။ ချိုးကူသံ လေးတွဲ့တွဲ့က ဒီဖုန်လမ်းလေးထဲ ခြေထောက်ရွေ့ရခက်အောင် ဆွဲသည်။ အားတင်းပြီးလျှောက်လိုက်ပါကွာ ... ကိုယ့်လူရယ် ... အားတင်းပြီးလျှောက်လိုက်စမ်းပါ။

လမ်းအဆုံးတွင် အိမ်လေးတစ်လုံး ရှိနေပါသည်။ အိမ်လေးသည် ငြိမ်ငြိမ်ဆိတ်ဆိတ်။ ကျွန်တော် အခန်းထဲ လှမ်းဝင်လိုက်လျှင် မြင်ရမည့်အနေအထားအားလုံးကို ကျွန်တော် ဘယ်လောက်ကြာကြာခွဲခွာနေခဲ့ နေခဲ့ မှတ်မိသည်။ အတွင်းမှ အပြင်ကိုလှမ်းကြည့်လျှင် သဲသဲကွဲကွဲမြင်ရသည်မဟုတ်ပါ။ ခန်းစီးစများသည် လေငြိမ်နေလျှင် သူတို့ကိုယ်သူတို့ လေးလေးပင်ပင် တွဲခိုထားမည်။ စားပွဲပေါ်တွင် ဖတ်လက်စ စာအုပ်တစ်အုပ်ကဖွင့်လျက် တင်နေမည်။ ပက်လက်ကုလားထိုင်ပေါ်ပုံချထားသောခန္ဓာကိုယ်နှင့် တစ်စုံတစ်ယောက်။ ကျွန်တော် အမြဲတမ်း နှစ်သက်ခဲ့သော အပြုံး ... ဖရိုဖရဲ ဆံပင်တို့ကို လက်ချောင်းများဖြင့်ဖွကစားတိုင်း အော်ဟစ်လာမည့်အသံ။ အားလုံးကို ကျွန်တော် ကြားယောင်နေခဲ့သည်။
စာစောင်တစ်စောင်စောင်ကို ဆွဲယူဖတ်မည်ကြံလျှင် သူမနှောက်ယှက်မည်။ သူ့နေရာမှာ ၀ပ်နေသော ခွေးကလေးက ကျွန်တော်တို့ကို ခေါင်းထောင်ကြည့်မည်။ ပြီးလျှင် အသာပြန်ဝပ်ဆင်းလျှက်။ သူမကိုဖက်ထားရင်း စကားတီးတိုးဆိုနေချိန် လေသိမ့်သိမ့်တိုက်ပါသလား။ ကျွန်တော် ဂရုမပြုခဲ့ဖူးပါ။

အိမ်ရှေ့တံခါးတွင် ရပ်ရင်း ကျွန်တော်တွေဝေနေသည်။ ဒီတံခါး ၊ ဒီခန်းစီးစတွေနောက်မှာ အမှန်တကယ် ဘာတွေရှိနေခဲ့ပါသလဲ။ စစ်စစ်မှန်မှန် တကယ်ဘာတွေရှိနေခဲ့သလဲ။ ကျွန်တော် တံခါးကိုထိတ်လန့်စွာပဲ ဖွင့်လိုက်ပါသည်။ နောက်မှပင့်တိုက်လာသော လေပြင်းက ကျွန်တော့်အရင် အခန်းထဲပြေးဝင်သွားသည်။ ခန်းစီးစတို့လွင့်လျက်။ စားပွဲပေါ်မှ စာအုပ်သည် ပိတ်လျက်သားပင်။ သူမနေရာတွင် သူမရှိမနေပါ။ သူမသည် ထိုနေရာတွင် မည်သည့်အခါမှ မရှိခဲ့သည်ကို ကျွန်တော် ဂရုမပြုမိပါ။ သူမသည်ထာဝရ ဖုန်းထားရာ စင်အနားတွင်ရှိသည်။ မူးယစ်စေသော အသံကို ရှူရှိက်ရင်း ခွေးကလေးခေါင်းကို ပွတ်သပ်နေတတ်သည်ကို ကျွန်တော်ဂရုမပြုမိ။

နွေသည် သူ့ကို ဂရုမပြုမိသော်လည်း သူ့သဘာဝအတိုင်းရောက်လာ သူ့သဘာဝအတိုင်းထွက်သွား။ လေရူးက လူရူးကိုဝှေ့သည်။ ကျွန်တော့်မှာ ထိုနေ့ကစ၍ အိမ်ဆိုသည်မရှိတော့ပါ။

Wednesday, December 2, 2009

အရင်အတိုင်း

နွေလေက ဟူးဟူးရားရားထအောင် တိုက်ခတ်လျက် လေထုတစ်ခုလုံး ကြွတ်ဆတ်နေသည်ဟုပင် ထင်မိလေသည်။
မန္တလေးကားကွင်းများစွာထံမှ သပိတ်ကျင်း၊ ကျောက်မြောင်း၊ ရွှေကူ၊ ဗန်းမော်ဘက်သို့ သွားမည့်ကားများ ရပ်နားရာ ကားဝင်းသို့ သူရောက်နေခြင်းဖြစ်သည်။ ခရီးသည်များ၊ ဈေးသည်များ၊ ရွှေကြိုဟု ခေါ်ရမည်လား ခရီးသည်ကို အော်ခေါ်နေသော သူများ၊ ထိုထိုသော သူတို့၏ အသံစုံက နွေလေထဲတွင် ရုန်းကြွပြန့်လွင့်နေသည်။ သူက ငေးမိငေးရာ ငေးနေမိသည်။ ' ထိုးမုန့်ဝယ်သွားပါဦး အကိုကြီးရဲ့၊ ရောင်းချင်လို့ပါ ' ဟုဆိုသည့် မုန့်သည်မလေးအသံကို သူသဘောကျနေမိသည်။ ' မ၀ယ်တော့ပါဘူး ညီမလေး ဆေးလိပ်ရှိရင်တော့ ၀ယ်မယ်လေ' ဟုသူဆိုလိုက်ရာ ကောင်မလေးက
'ခနအကို' ဟု ဆိုကာ ပြေးထွက်သွားသည်။ ခနအကြာ ဆေးလိပ်ဘူးနှင့် ကောင်မလေးပြန်ရောက်လာပြီး 'ရော့ ...အကိုကြီး' ဟု ပေးပါသည်။ သူခပ်ဝေးဝေးမှ ပြေးဝယ်ပေးခြင်းဖြစ်နိုင်သည်။

ကားဝင်းအတွင်း ကားများကစီတန်းလျက်၊ ခရီးသည်များကို လာပို့သူများ လာကြိုသူများနှင့် စည်ကားလျက်ရှိသည်။ ခရီးသည်စီးကားများဟု ဆိုသော်လည်း လူစီးခမျှနှင့် မလုံလောက်၍ ကုန်များလည်းတင်သဖြင့်
ကုန်တင်ကုန်ချ အလုပ်သမားများက ကုန်များထမ်းပိုး သယ်ချနေကြသည်။ ကားအကူကောင်လေးက ပစ္စည်းများကို ဟိုနေရာချ၊ ဒီနေရာချဖြင့် ညွှန်ကြားစီစဉ်နေသည်။ ဂိတ်မှူး၏ ၀ီစီသံတရွှီးရွှီးကလည်း အသံများထဲမှ ထိုးထိုးထွက်ပေါ်လာတတ်သေးသည်။ သူကတော့ ကားတစ်စင်း၏ ဘေးနား စီးကရက်တစ်လိပ်မီးညှိပြီး ကားအရိပ်ဖြင့် နေရောင်ကို ရှောင်နေမိသည်။

သည်နေရာ သည်မြင်ကွင်းကို သူအကြိမ်ကြိမ်မြင်ခဲ့ပြီးပြီ။ ဘယ်အခါမှ ပြောင်းလဲသွားသည်မရှိတော့ဟု ထင်ရလောက်အောင်ပင် အမြဲထိုအတိုင်း လှုပ်ရှားသက်ဝင်နေမြဲ။ ထိုမြင်ကွင်းကို ကြည့်ငေးရင်း သူတွေးမိသွားသည်က
ငါကော ... ငါဘာတွေ ပြောင်းလဲသွားပြီလဲ။ သူ ထိုမေးခွန်းကို သူမဖြေတတ်ပါ။ သူ့အမေကတော့ သူ့ကို 'သားကြီးဟာ အရင်က အတိုင်းပဲ' ဟု ပြန်တွေ့တိုင်း ဆိုလေ့ရှိသည်။

သူ မြို့ကလေးမှ ထွက်ခွာခဲ့စဉ်က သူ့သူငယ်ချင်းများ၊ သူ့မိဘ၊ သူ့ဆရာဆရာမများ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ကျန်ရစ်ခဲ့သည်။ သူ့ဖခင်ရှိစဉ်က မပေါင်းသင်းနဲ့ဟု တားမြစ်ထားသော သူငယ်ချင်းများလည်း ကျန်ရစ်ခဲ့သည်။
မတူညီသော ပတ်ဝန်းကျင်အသစ်တွင် သူနေထိုင်ကျင်လည်ခဲ့ရာမှ သူပြောင်းလဲကောင်း ပြောင်းလဲလာလိမ့်မည်ဟု ကျန်ရစ်ခဲ့သော အသိုင်းအ၀ိုင်းတစ်ခုလုံးက ယူဆသတ်မှတ်ထားကြသည်လား မသိ။

သူ မြို့လေးသို့ပြန်တိုင်း အမေ့ကိုနှုတ်ဆက်၊ အထုပ်အပိုးများချပြီးသည်နှင့် အပေါင်းအသင်းများဆီသို့ ထွက်ပြီ။
တစ်ယောက်ထံသို့ ရောက်လျှင် တစ်မြို့လုံးမှ သူငယ်ချင်းအားလုံး၏ သတင်းကိုကြားပြီးသား ဖြစ်ပြီ။ သူထိုအကြောင်းတွေးမိသည်နှင့် ပြုံးမိသည်။ ဘယ်ကောင်က မိန်းမရသွားပြီ၊ ဘယ်သူတော့ဖြင့် နံပတ်ဖိုးသုံးရင်း သေသွားပြီ၊ ဘယ်တစ်ယောက်က ဆေးဖြတ်နေတယ်... ဘာများကြားရဦးမည်လဲ ... ဒီတစ်ခါလေ။

မြို့လေးသို့ သူပြန်ရောက်လျှင် သူသည်မြို့ထဲလမ်းမပေါ်မှ ပြန်ဆင်းတတ်သူမဟုတ်တော့။ ဆရာ၊ ဆရာမများနှင့်တွေ့၍ မြို့ကြီးမှာ ဘာလုပ်နေလဲ မေးသောအခါ သူပြန်ဖြေရမှာ ရှက်နေတတ်သည်။ ဆရာမတို့ တပည့်ဘာမှ လုပ်မနေကြောင်း မသိစေချင်ပါ။ သို့သော် ဆရာမတိုင်းက သူတို့တပည့်ဟောင်းကို အနေခက်အောင် ဘယ်သောအခါမျှ မေးခွန်းများနှင့် ညှင်းဆဲမနေပါ။ ဆရာမကတော့ သူ့ကို ' ငါ့တပည့်ဟာ အရင်အတိုင်းပဲ' ဟုဆိုလေ့ရှိသည်။

သူမြို့လေးသို့ရောက်လျှင် ကျောင်းသားဘ၀က ထိုင်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်လေးသို့ သွားလေ့ရှိသည်။ ထိုဆိုင်ရှင်ဦးလေးကြီးတွင် သမီးသုံးယောက်ရှိသည်။ ယခုတစ်ခေါက်ပြန်ရောက်လျှင် ဘယ်သမီးအိမ်ထောင်ပြုသွားပြီ ကြားရမည်လဲ သူမသိပါ။ သူပြန်ရောက်၍ ထိုဆိုင်သွားလျှင် ဆိုင်ရှင်အဒေါ်ကြီးက မလိုင်များများနှင့် လက်ဖက်ရည်ချိုစိမ့်ကို ဖျော်ပေးမည်။ ထို့နောက် ယခုထက်တိုင်တွဲနေကြသော သူငယ်ချင်းများကို ပြုံးရင်းကြည့်မည်။ သူတို့တစ်စုထဲမှ မည်သူမျှ လက်ဖက်ရည်ဆိုင်ရှင် ဖြစ်မလာကြသည်ကို သူတခါတခါ အံ့အားသင့်မိသည်။

သူပြန်ရောက်သွားသည့်အခါ ရန်ဖြစ်နေကြသည့် သူငယ်ချင်းများလည်း ခေတ္တပြေငြိမ်းကာ လက်ဖက်ရည်ဆိုင် အတူတူထိုင်လေ့ရှိကြသည်။ ထိုသို့ထိုင်သည့်အခါ မျက်နှာချင်းဆိုင်ထိုင်နေသည့်တိုင် ထိုသူငယ်ချင်းနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စကားပြောလေ့မရှိ။ သူ့ကိုသာ ပင်တိုင်ထား၍ ပြောနေလေ့ရှိသည်။ ဟိုတစ်ဖက်သားကို ပြောချင်လည်း သူ့ကိုသာဦးတည်သလိုလို တစ်ယောက်တည်းရေရွတ်သလိုလို ပြောလေ့ရှိကြသည်။ ထိုအခါမျိုးတွင် သူကရင်ထဲကြိတ်ပြုံးပြီး မသိဟန်ဆောင်ရသည်။ လက်ဖက်ရည်ဆိုင်မှထ၍ ညနေဘက်အရက်ဆိုင်ထိုင်ကြလျှင်တော့
ထိုနှစ်ယောက်ပြေလည်ရန် ရာနှုန်းပြည့်သေချာသွားလေပြီ။ သူ့ကို သူ့သူငယ်ချင်းများကတော့ ' ကောင်လေး မင်းဟာ အရင်အတိုင်းပဲ' ဟု ဆိုလေ့ရှိသည်။

' ခရီးသည်များ ကားပေါ်တက်လို့ ရပါပြီ' ဟူသောအသံကြားမှ သူ့အတွေးစတို့ ပြန်ရုတ်သိမ်းမိသည်။ သူ မြေပေါ်ချထားသော သူ့ကျောပိုးအိတ်ကို ကောက်မလိုက်သည်။ ကျောပိုးအိတ်လေးသည် အရောင်လွင့်ကာ တစ်ချို့နေရာများတွင် ရိကာချည်မျှင်များပင်ထွက်နေသည်။ သူအိတ်ကို ကျောဘက်လွဲ၍ တင်လိုက်စဉ် တစ်စုံတစ်ခု ထွက်ကျသွားသည်ကို သူသိလိုက်သည်။ သူပြန်လှည့်၍ ထိုအရာကိုကောက်မည်ပြုလိုက်စဉ် ကောင်မလေးတစ်ယောက်က ကောက်ပြီးသူ့ကိုကမ်းပေးလိုက်သည်။ ထိုးမုန့်ရောင်းသော ကောင်မလေး။ သူကျေးဇူးတင်ကြောင်းပြောမည်ပြုစဉ် ကောင်မလေးက ပြုံးပြီး 'အကိုက မြို့လေးတစ်ခုလုံး ကျောပိုးအိတ်ထဲ ထည့်သိမ်းထားတာကိုး 'ဟုပြောလိုက်လေသည်။

Tuesday, November 24, 2009

ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ပြီး ထိုညက သူအိပ်မက်တစ်ခု မက်သည်။

ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ခဲ့သည်။ သူသည် ၀ရံတာအမြင့်ထက်မှနေ၍ အရာအားလုံးကို အထက်စီးမိုးကြည့်နေခြင်းလည်းဖြစ်သည်။ အိုဟောင်းနေသော တိုက်တစ်လုံး၏လှေကားရင်းတွင် လူငယ်တစ်ယောက် ဂစ်တာတစ်လက်ကို ထိတွေ့ဆော့ကစားနေသည်ကို သူမြင်နေရသည်။ ကောင်းကင်တွင် ရှိသည်ဆိုရုံမျှ တိမ်တို့က အမျှင်တန်းလျက်။ ဆံပင်ရှည်ရှည်၊ ဂျင်းဘောင်းဘီနှင့် လူငယ်သည် ဂစ်တာကို ဖွဲ့စည်းထားသော သီချင်းအပိုင်းအစတစ်ခုကို တီးခတ်နေခြင်းမဟုတ်ပါ။ ကြိုးများကို ရည်ရွယ်ရာမရှိ ထိခတ်နေခြင်းဖြစ်သည်။ ထွက်ပေါ်လာသော အသံ၊ လူငယ်၏ ဂျင်းဘောင်းဘီနှင့် ကောင်းကင်တို့သည် အရောင်တစ်ဆင်တည်း ပျင်းရိပျင်းတွဲ။ သူမှုတ်ထုတ်လိုက်သော မီးခိုးငွေ့များသည်ပင် ထိုင်းမှိုင်းနေသည်။

ဝရံတာလက်တန်းပေါ် လက်နှစ်ဖက်မှောက်ထပ် ထိုလက်ပေါ်မှာမှ သူ့ခေါင်းကိုတင်လိုက်ရင်း ငေးနေမိသည်။ လမ်းမတစ်လျောက် လူသွားလူလာကင်းပြတ်လွန်းလှပါလား။ အကြည့်ကို ဖမ်းထားနိုင်သော ပန်းလေးတစ်ပွင့်တစ်လေမှ ထိုနေ့ကလမ်းပေါ်ထွက်မလာချေ။ စွယ်တော်ရွက်ခြောက်တစ်ရွက်ကို လေကလမ်းပေါ် ဒရွတ်တိုက်ဆွဲခေါ်သွားသည်ကို မြင်နေရသည်။ လမ်းထိပ်မှ ဆိုက်ကားဆရာလင်မယား ဆိုက်ကားပေါ်အိုးခွက်တွေတင်ကာ နင်းလာသည်ကို မြင်နေရသည်။ ထိုဆိုက်ကားဆရာလင်မယားကို သူသိပါသည်။ မိန်းမဖြစ်သူက ဘာပြောလိုက်သည်မသိ ဆိုက်ကားဆရာက ရီနေသည်။ သူထိုလင်မယားကို ငေးကြည့်နေရင်း သူ့မှာရည်းစားသုံးယောက်ရှိခဲ့ကြောင်း သတိရမိသည်။ ဆိုက်ကားဆရာ၏ မိန်းမသည် ပိုက်ဆံမရလျှင် ဆိုက်ကားဂိတ်ထိတိုင် လာ၍သူ့ယောက်ျားကို ဆူပူဆဲဆိုလေ့ရှိသည်။ ဆိုက်ကားဆရာ အရက်မူးလာသောအခါများနှင့် ကြုံနေလျှင် ပြန်အော်ဟစ်ဆဲဆိုရင်း တခါတရံလက်ပါပါလာလေ့ရှိသည်။
မိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို သူမနှစ်သက်ပါ။ စကားလုံးရိုင်းရိုင်းများနှင့် နစ်နစ်နာနာပြောခြင်းကိုလည်း သူဘယ်သောအခါမျှ မပြောဆိုဖူးပါ။ ဆိုက်ကားဆရာလင်မယား၏ ရီသံက နွေလေထုထဲမှ ရုန်းကြွလျက်။

သူ့ရည်းစားသုံးယောက်စလုံးသည် ပညာတတ်များဖြစ်ကြသည်။ လှလည်းလှသည်။ သိမ်သိမ်မွေ့မွေ့လည်း ရှိသည်။ ဘာကြောင့်များ ဝေးကွာသွားပါလိမ့် တစ်ယောက်နဲ့မှ မနီးစပ်ခဲ့ပါလိမ့်လို့ သူတွေးနေမိသည်။ သူကျောင်းတက်တုန်းက ကျောင်းဂိတ်ပေါက်ကို စောင့်သောဂိတ်စောင့်အဘိုးကြီးနှင့် ခင်မင်ခဲ့သည်။ ထိုအဘိုးကြီး၏ မိန်းမနှင့်လည်း ခင်မင်သည်။ အဘိုးကြီးကို နေ့ခင်းပိုင်းတိုင်း မိန်းမက ထမင်းချိုင့်လာပို့လေ့ရှိသည်။ သူတို့မှာ သားသမီးများလည်းရှိသည်။ အဘိုးကြီး၏ မျက်လုံးများသည် ထာ၀၀စဉ်ပြုံးရီနေလေ့ရှိသည်။ တခါတခါ ကျွန်တော်နှင့်အရက်ဆိုင်လေးတွင်ဆုံလျှင် သူနှင့်လက်ထပ်ဖူးသော မိန်းမများအကြောင်းကို ပြောပြလေ့ရှိသည်။ ထမင်းချိုင့်လာပို့သော မိန်းမသည် သူ၏စတုတ္ထမြောက်မိန်းမဖြစ်သည်။ ထိုအဘိုးကြီး၏ လစာသည် ကျွန်တော့်တစ်ပတ်စာ မုန့်ဖိုးမျှသာ။ သူဘယ်လိုရှင်သန်နေထိုင်ပါလိမ့် ကျွန်တ်ာတွေးမရပါ။ ယခုထို အဘိုးကြီးကွယ်လွန်သွားခဲ့ပြီ။

မိန်းမများသည် သစ်တောနှင့်တူသည်ဟု သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ အပြင်ခပ်ဝေးဝေးမှကြည့်လျှင် ငြိမ်းချမ်းစေပြီး သစ်တောထဲဝင်သွားပါက အရှုပ်အထွေးမျှသာတဲ့။ ကျွန်တ်ာပြုံးမိပြီး ယောက်ျားများကကောဟု မေးရာ သစ်ခုတ်သမားတွေဟု ပြန်ဖြေသည်။ ချစ်ရုံချစ်တတ်သူတွေက သစ်တောဝန်ထမ်းများ၊ လက်ထပ်ရုံလက်ထပ်သူတွေက ထင်းခုတ်သူတွေဖြစ်ပြီး သစ်ခိုးထုတ်သူတွေက သိုက်တူးသူနှင့်တူကြောင်း သူရှင်းပြသည်။ သူထိုနေ့က တော်တော်မူးနေ၍ အလုံးစုံကိုမမှတ်မိပါ။ ထိုသူငယ်ချင်းကပင် ထပ်၍ သစ်တောများမရှိဘဲ ကမ္ဘာကြီးအသက်ဆက်မရှင်နိုင်ကြောင်း ထပ်ပြောပါသည်။

သူတွေးနေစဉ်မှာပင် ဂစ်တာသံကထွက်လာလေသည်။ ယခုတခါတော့ တေးသီချင်းတစ်ပုဒ်ကို ကျကျနနတီးနေခြင်းဖြစ်သည်။ ထိုတိုက်ထောင့်ဆီသို့ လှမ်းကြည့်မိသောအခါ ဆံပင်ရှည်ရှည်လူငယ်လေးဘေးနား ဆံပင်တိုတိုကောင်မလေးတစ်ယောက် ရှိနေပြီ။ သူမက ခြေထောက်လေးလှုပ်ရင်း စည်းချက်လိုက်နေသည်။ ဆိုက်ကားဆရာ လင်မယားကတော့ မြင်ကွင်းကပျောက်သွားသည်အထိ ရီလို့မဆုံးတော့။ ကျနေရောင်တွင် အရာရာသည်ရွှေရောင်ဝင်းလျက်။
တိုက်ခေါင်မိုးကြားတွင် အပူရိပ်ခိုနေသော ခိုများလည်း ထွက်လာကြသည်။ စကပ်တိုတိုနှင့် ကောင်မလေးများလည်း လမ်းပေါ်ထွက်လာကြပြီ။ သူ နောက်ဆုံးလက်ကျန်စီးကရက်ကို ထိုးခြေရင်း အိမ်ထဲပြန်ဝင်လာခဲ့သည်။

ထိုညက သူအိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူ သစ်တောထဲအိပ်နေပြီး သစ်ပင်တိုင်းတွင် ဆိုင်းဘုတ်များချိတ်ထားသည်ကို တွေ့ရသည်။ ဆိုင်းဘုတ်တွင်ကား " သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်" ဟု ရေးထိုးထားလေသည်။

Friday, November 20, 2009

အိပ်မက်

အိပ်မက် ... ဆစ်ကမန်ဖရွိုက်က အိပ်မက်များကို ခွဲခြမ်းစိတ်ဖြာ၍ စိတ်ကိုစိစစ်နိုင်သည်ဟု ကျွန်တော်ဖတ်ရှုခဲ့ဖူးပါသည်။ အိပ်မက်တို့ကို အတိတ်ကောက်ယူပြီး ကံဆိုးကံကောင်းကို ဟောကိန်းထုတ်သောအလေ့အကြောင်းကိုလည်း ကျွန်တော်ဖတ်ရှုခဲ့ဖူးသည်။ လူတိုင်း လူတိုင်းသည် တစ်ကြိမ်တစ်ခါတော့ အိပ်မက်ဖူးသူချည်းသာ ဖြစ်ပေလိမ့်မည်။ ဆရာနေ၀င်းမြင့်ရေးသော အက်ဆေးတစ်ပုဒ်ထဲတွင် အိပ်မက်ဆိုသည်မှာ ပိုက်ဆံမပေးရဘဲ ကြည့်နေရသော ကိုယ်တိုင်ဝင်ပါနေရသော
ရုပ်ရှင်ဇာတ်လမ်းဖြစ်သည်ဟု ရေးထားသည်ကိုလည်း ဖတ်ဖူးသည်။
အိပ်မက်များမှာ အထူးထူးအထွေထွေ ဆန်းပြားလှသည်။ အိပ်မက်များတွင် မိမိတို့ဖြစ်ချင်သည်ကို ဖြစ်ပိုင်ခွင့်၊ ရွေးချယ်ခွင့် မည်သူမျှရရှိကြခြင်းမရှိပါ။ မိမိတို့သည် အိပ်မက်များကို ရွေးချယ်မက်ပိုင်ခွင့်မရှိပါ။ အိပ်မက်တိုင်းတွင် မက်သူတိုင်းသည် အဓိကဇာတ်ဆောင်များသာဖြစ်လေ့ရှိကြသည်။ အိပ်မက်တစ်ခုတည်းကိုသာ ကာလတာရှည်မက်လေ့လဲမရှိကြပါ။ ရှားရှားပါးပါး တစ်ဦးတစ်ယောက် ရှိကောင်းရှိနိုင်ပါလိမ့်မည်။

ကျွန်တော်ငယ်စဉ်က အိပ်မက်တစ်ခုကို မက်လေ့ရှိသည်။ ထိုအိပ်မက်ကို စွဲမြဲစွာမက်လာသည်မှာ ကျွန်တော် တက္ကသိုလ်ပထမနှစ်တက်သည်အထိ။ အိပ်မက်ထဲတွင် ကျွန်တော်သည် ငါးနှစ်သား ခြောက်နှစ်သားအရွယ် ကောင်ကလေး။ ဘကြီး၏အခန်းသည် ကျွန်တော်တို့ တိုက်တန်းလျား၏ တဖက်စွန်းတွင်ရှိပါသည်။ ဘကြီးတို့ အိမ်ကိုသွားလည်သောအခါ ဘကြီးကအခန်းသန့်ရှင်းရေးလုပ်နေသည်။ အခန်း၏ အုတ်နံရံအဖြူရောင်များကို ငေးရင်း ထိုအုတ်နံရံကြီးသည် မြင့်လွန်းမက မြင့်မြင့်လာသည်ဟု စိတ်ထဲမြင်နေရပါသည်။ အုတ်တံတိုင်းအမြင့်ကြီးတက်သွားပြီး ထိပ်ဆုံးထောင့်ချိုးနေရာတွင် လက်ကလေးတစ်ဖက်ထွက်လာပြီး ကျွန်တော့်ကို ယမ်းပြသောအခါ ကျွန်တော်ကြောက်လာပြီး ငိုပါတော့သည်။ ဘကြီးကချော့၍ ထိုအုတ်နံထက်မှ လက်ကလေးကို ၀ါးလုံးဖြင့်ထိုးချသည်။ ထိုအိပ်မက်သည် ထိုမျှသာ။
ကျွန်တော့်မှာ နိုးလာတိုင်း ရင်တထိတ်ထိတ်နှင့် အိပ်၍မပျော်တော့ပါ။ ထိုအိပ်မက်သည် အမြဲတသွေမတိမ်း ထိုအတိုင်းစဆုံး .. ကျွန်တော်လည်း ရင်တထိတ်ထိတ်နှင့် နိုးလာ ... ။ ကျွန်တော် တဖြေးဖြေးကြီးပြင်းလာသောအခါ အိပ်မက်မက်သည့် အကြိမ်နည်းလာ ထို့အတူ တစ်ခါနှင့်တစ်ခါမက်သည့် ကြားကာလ ပိုပိုဝေးလာပါသည်။ ယခုတော့ ထိုအိပ်မက်ကလေး ဘယ်ဆီရောက်သွားပြီမသိ။ တစ်ခါတစ်ခါလွမ်းမိသည်။

ထိုငယ်စဉ်ကာလများကတော့ အိပ်မက်ဆိုသည်မှာ အိပ်သောအခါ မက်တတ်သော အရာသက်သက်သာ သိခဲ့သည်။ အိပ်မက်ဆိုသော စကားလုံးကို ချစ်ခင်နှစ်သက်လာအောင် လမ်းညွန်ပြသူက ကဗျာ..။ နောက် ၀တ္ထုများ။ အိပ်မက်သည် အိပ်မက်ဆိုသောအရာထက် ပိုလွန်ကြောင်း ကျွန်တော်သိခဲ့ရသည်။ အိပ်မက်ဆိုသည်မှာ နိုးထနေလျက်မက်တတ်သေးကြောင်းလည်း ကျွန်တော်သိခဲ့ရသည်။
ကျောင်းဆရာဖြစ်ချင်သည်။ လယ်သမားဖြစ်ချင်သည်။ သူပုန်ဖြစ်ချင်သည်။ ကွန်မြူနစ်ဖြစ်ချင်သည်။ အမေ့သားဖြစ်ချင်သည်။ ပန်းချီဆရာဖြစ်ချင်သည်။ ဗင်းဆင့်ရဲ့ ဂျုံခင်းတွေထဲ ပြေးသွားချင်သည်။ အေဂျေခရိုနင်၏ ကျောက်မီးသွေးတွင်းထဲ ၀င်ချင်သည်။ မိုင်နှစ်ထောင်ခရီးကို ချီတက်ချင်သည်။ လှေကလေးနှင့်မျောရင်း စုန်ဆင်းသွားချင်သည်။ သူငယ်ချင်း၏ သူငယ်ချင်းဖြစ်ချင်သည်။ ဂျက်လန်ဒန်ရေးသော ၀တ္ထုထဲမှ စွတ်ဖားဆွဲသော ခွေးဖြစ်ချင်သည်။ အိပ်မက်များ ... အိပ်မက်များ များစွာသောအိပ်မက်များ။

အကြီးမားဆုံးပြစ်မှုမှာ ငယ်စဉ်ကမက်ဖူးသော အိပ်မက်များကို ကြီးပြင်းလာသောအခါ မေ့ဖျောက်လိုက်ခြင်းပင် ဖြစ်မလားမသိ။ ထမင်းလုံးတစ္ဆေခြောက်သည်ဆိုသော ခြောက်အိပ်မက်များတွင် ကျွန်တော်သည် အားသွန်ခွန်စိုက် ပြေးနေသည်။ နောက်မှ တစ္ဆေတရဲများကလိုက်လျက်။ မီလုမီခင်ဖြစ်တိုင်း ကျွန်တော်အားသွန်၍ပြေးသည်။ လွတ်သည်လည်း မဟုတ်။ မလွတ်ဘဲ မိသွားသည်လည်းမရှိ။ ထာဝရ ထိုအတိုင်း။ နိုးလာတိုင်း ချွေးသံရွဲရွဲ။

ယခုကော ... ကျွန်တော်အိပ်မက်နေဆဲလား ... အိပ်မက်ထဲတွင် ကျွန်တော်သည် အရိပ်လို လေလိုလျင်လျင်မြန်မြန်ပြေးနေသည်လား... ၀ိညာဉ်များ၏ အေးစက်စက်လက်တံများက ရုန်းထွက်ပစ်နိုင်ဖို့ အားသွန်ခွန်စိုက်ပြေးနေသည်လား ... ကျွန်တော်ပြေးနေသော အရပ်ကကော ဘယ်ဆီများရောက်မည်လဲ... ကျွန်တော်မသိနိုင်ပါ။ သင်ကော ... အိပ်မက်နေဆဲလား ... ... ...။

Saturday, November 7, 2009

ကျွန်တော့်ရဲ့ နွေးထွေးသော စိတ္တဇညများ ... ... ...

ကျွန်တော်အိပ်ယာက နိုးလာတော့ ညအနက်ကြီးပဲရှိဦးမည်။ ရင်တွေပူနေတာ အိပ်လို့ကိုမရပါ။ တကယ်ဆို ကျွန်တော့်မှာ ပူပင်စရာ ဘာအကြောင်းတရားမှ မရှိ။ ဟိုဘက်ကို စောင်းအိပ်ကြည့်၊ ဒီဘက်ကို ပြန်လှည့်အိပ်မရ။
အိပ်ယာခင်းတို့က တွန့်ကြေလျက် ... ဤအခင်းစကပင် ကျွန်တော့်ကို ရစ်ပတ်ကာ ခုတင်ထဲဆွဲနစ်နေသလို ခံစားလာရသည်။ သည်းခံနိုင်စွမ်းလုံးဝ ကင်းမဲ့သောအခြေအနေပင်။ ကျွန်တော် ဘာကိုမှမရည်ရွယ် မစဉ်းစားမိဘဲ ဂျင်းဂျက်ကက်ကိုဆွဲဝတ်ကာ အခန်းထဲမှ ထွက်လိုက်သည်။

လရောင်က အဆမတန်လင်းနေသလို။ ကျွန်တော့်အရိပ်က ရှည်ရှည်လျားလျား။ အိမ်ဝင်းတစ်ခုလုံးတိတ်ဆိတ်လျက်။ ခြံဝင်းတံခါးအောက်မှ လျှိုကာအပြင်ထွက်ရန် ငုံ့လိုက်စဉ် ၀င်းတံခါးခတ်သော သံကြိုးကအသံအနဲငယ် ထွက်သွားသည်။ ကျွန်တော်အပြင်သို့ ရောက်ပီ။ ကျွန်တော့်မျက်စိရှေ့တွင် တိတ်ဆိတ်နေသောဈေးကြီး။ လမ်းအကွေ့ဝယ် ၀ပ်နေသောခွေးတချို့။ အဓိပ္ပာယ်မရှိရေးထားပြီး နေရာတကာတွေ့ရသော ဆိုင်းဘုတ်နီ။

ကျွန်တော် ယခုလို နွေးထွေးသောအိပ်ယာထက်မှ ထလာခြင်းသည်လည်း အဓိပ္ပာယ်ရှိမှန်း မရှိမှန်း ကျွန်တော်မသိပါ။ ဂျင်းဂျက်ကက်အိတ်ထဲ လက်နှစ်ဖက်ကို ထိုးထည့်ကာ လမ်းအတိုင်းလျောက်ရင် ဘယ်ဘက်သို့ ချိုးကွေ့လိုက်သည်။ လမ်းဘေးတဖက်တချက်ရှိဆိုင်များ၏ အမိုးစွန်းအတွင်းတွင် မှောင်လျက်။
တစုံတယောက်သည် အမှောင်ထဲမှ ကျွန်တော့်ကို စောင့်ဆိုင်းကြည့်ရှုနေသည်လား။ ကျွန်တော်တွေးရင်း လျောက်လာသည်။ လမ်းအဆုံးကုန်တိုက်ရောက်လျင် ဘယ်ကိုထပ်ကွေ့ချိုး ... ကုန်းဆင်းအတိုင်းဆက်ဆင်းလျောက်လာ ... တစ်အိမ်၊ နှစ်အိမ်၊ သုံးအိမ်မြောက်၏၀င်ပေါက်တံခါးနား ရပ်နေမိသည်။ ခေါ်လိုက်ရကောင်းမလား။ လောကတစ်ခုလုံး ပုရစ်အော်သံ တချက်တချက်မှလွဲ၍ တိတ်ဆိတ်လျက်။ ကျွန်တော်အတန်ကြာအောင် ရပ်လျက်တွေဝေနေမိသည်။

အိမ်အတွင်းပိုင်းတွင် မီးရောင်မရှိပါ။ ညသန်းခေါင်ကျော်နေပြီလေ။ ဘယ်သူကများ ဒီအချိန်ထိအပြင်မှာနေနေမလဲ။ ကျွန်တော် တိုးတိုးထိန်းပြီးအော်ခေါ်လိုက်သည်။ အမေ .... အမေ့ .. အမေ့ .... ။
ခနစောင့်ဆိုင်းပြီး ... နောက်တစ်ကြိမ်ခေါ်လိုက်သည် ... ... အမေ့ ။ မီးရောင်တစ်ချက်လင်းလာသည်။ အမေနိုးသွားပြီ။ ခနအကြာ ကျွန်တော့်ရှေ့မှ အိမ်တံခါးမင်းတုန်းဖွင့်သံ ကြားရပြီး အမေ့မျက်နှာပေါ်လာသည်။ လက်ထဲတွင် ဓါတ်မီးနှင့်။ "သားကြီး အိပ်မပျော်ပြန်ဘူးလား ။" " အင်း ..." ကျွန်တော် အိမ်ထဲလှမ်းဝင် တံခါးပိတ်။ အမေက ဓါတ်မီးနှင့်ပြပေးနေသည်။ ထို့နောက် အိမ်အတွင်းခန်းထဲ ၀င်သွားပြီး ကျွန်တော်ထမင်းစား စားပွဲဘေးမှ ပက်လက်ကုလားထိုင်တွင် ၀င်လှဲလိုက်သည်။ အမေက ရေနွေးဓါတ်ဘူးကို ဖွင့်ပြီးကော်ဖီဖျော်ပေးနေသည်။ ကော်ဖီခွက်က နှစ်ခွက်။ အမေလည်း အိပ်မယ့်ပုံမပေါ်တော့ပါ။

ကျွန်တော့် စိတ္တဇဆန်မှုကို အမေဘာမှမေးခွန်းမထုတ်ပါ။ ညည့်နက်သန်းခေါင် အိပ်ယာထဲမှ အေးစက်စက်လမ်းမပေါ်ဖြတ်လာသောသားကို ကော်ဖီပူပူတစ်ခွက်တိုက်ရန်သာ အမေအားထုတ်နေသည်ကို ကျွန်တော်မြင်နေရသည်။ ခနအကြာတော့ အိပ်ယာထဲမှ အဒေါ်ဖြစ်သူကပါ ထလာသည်။ အဒေါ်က ကုလားထိုင်နောက်မှနေ၍ ကျွန်တော့် နားရွက်ကို လက်ဖြင့်လာအုပ်ကိုင်ထားပြီး နွေးအောင်လုပ်ပေးနေသည်။ ကျွန်တော့်နားရွက်ကလေးက ထုံကျင်အေးစက်နေသည်လေ။ အမေပေးလာသော ကော်ဖီခွက်လေးကို လက်ထဲထည့်ကာ လှည့်ပတ်ကစားနေခိုက် အဒေါ်က "အေး ... နင်တို့သားအမိပဲ သောက်ကြ"ဟု စသည်။ သူမ ညပိုင်းတွင် ကော်ဖီသောက်လေ့ရှိသူမဟုတ်ပါ။

အိမ်အပြင်တွင် အေးစက်စက်နှင်းများကျနေပါလိမ့်မည်။ ကျွန်တော့် ခြေထောက်ကို အမေကပေါင်ပေါ်တင်၍ ထွေးထားပေးသည်။ ကျွန်တော့်လက်ထဲက ကော်ဖီခွက်က ပူနွေးမွှေးမြလျက်။ သောက်ပီးသော ကော်ဖီခွက်လွတ်ကို ဆေးမည်လုပ်ရာ အဒေါ်က "စားပွဲပေါ်တင်ထား ချမ်းပါတယ်ဆိုမှ"ဟု လှမ်းတားသည်။ အမေနှင့် အဒေါ်ကြားနေရာလေးတွင် ကျွန်တော်ဝင်လှဲလိုက်သောအခါ အမေက စောင်လှမ်းခြုံပေးပါသည်။ ကျွန်တော့်အသိတရားတွင် နှင်းခါးများလုံးဝကင်းပလျက်..။ နွေးထွေးသောအမှောင်ထုထဲ ကျွန်တော်တိုးဝင်သွားရင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါတော့သည်။

Wednesday, September 9, 2009

မိုးဦးနှင့် အတူ

တိုက်ခန်းဝရံတာမှရပ်လျက် အပြင်ကိုငေးမောကြည့်သောအခါ ကောင်းကင်က ဆွေးရိပ်လဲ့လဲ့သန်းကာ မှိုင်းမှိုင်းညို့ညို့။ တိမ်တိုက်တို့က အုံ့ဆိုင်းရစ်သိုင်းလျက် တိုက်နေသောလေထဲ၌ပင် မိုးရနံ့တို့ပါနေသည်။
မိုးတွေရွာစွေလျင် အိမ်နောက်ဖေးထိ မြစ်ရေ၀င်လာတတ်သော နယ်မြို့လေးကို အမှတ်ရမိသည်။
ဧရာဝတီမြစ်၏ စိုးရိမ်ရေမှတ်ကို သတင်းဌာနမှ မကြေငြာသေးပါ။

ငယ်စဉ်က ဧရာဝတီမြစ်ရေတက်လာလျင် ပျော်သည်မှလွဲ၍ ဘာကိုမှမသိသေးသည့် အရွယ်။
နှစ်စဉ် နှစ်စဉ် ဧရာဝတီမြစ်သည် ကမ်းကိုကျော်ကာ လူနေရပ်ကွက်များထိအောင် တိုးဝင်လာလေ့ရှိသည်။
မြို့၏ အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်များ၊ လမ်းများကို မြစ်ရေကဖုံးလွမ်းထားလေ့ရှိသည်။ ထိုကဲ့သို့ရေလွမ်းခံရသော ရပ်ကွက်များတွင် သွားရေးလာရေးအတွက် လှေများကိုသာ အသုံးချရတော့သည်။ ကျွန်တော်တို့ကျောင်းသားလေးများက ကျောင်းဆင်းလျင် ထိုရက်ကွက်များသို့သွားကာ အခပေးလျက်
လှေစီးလေ့ရှိကြသည်။ ပျော်သည်ကလွဲ၍ ဘာကိုမျှမသိသော အရွယ်လေ။

မိုးတအားကြီး၍ ရေတို့တက်သည်ထက် တက်လာလျှင် ကျွန်တော်တို့အိမ်နောက်နားထိ ရေရောက်လာလေ့ရှိပါသည်။ ကျွန်တော်တို့အိမ်သည် အမြင့်ပိုင်း၌ရှိရာ ရေမရောက်နိုင်သော်လည်း ၀င်းအဆုံးတွင် နိမ့်ဆင်းနေ၍ ထိုနေရာသို့ ရေ၀င်လေ့ရှိသည်။ တိုးဝင်လာသောမြစ်ရေနှင့်အတူ
ပါလာသည်က ငါးများပင်ဖြစ်သည်။

မိခင်ဖြစ်သူက ဘာသာရေးကိုင်းရှိုင်းပြီး မည်မျှတားမြစ်အပြစ်ဆိုစေကာမူ ကျွန်တော်တို့ညီအကိုတွေ လုပ်လေ့အမြဲရှိသောအရာက ငါးမျှားခြင်းပင်ဖြစ်သည်။ အကိုကြီးနှစ်ယောက်က ငါးမျှားသောအခါ ညီအငယ်ဆုံးက ရေထည့်ထားသော ယူပီဂျီအိမ်သုတ်ဆေးပုံးနားရပ်ကာ ကြည့်လေ့ရှိသည်။
မိလာသောငါးများကို ချိတ်မှဖြုတ်ကာ ရေပုံးထဲထည့်လျှင် ညီလေးသည် မျက်လုံးလေးပြူးကာ တအံ့တသြ
ကြည့်လေ့ရှိသည်။ မိခင်ဖြစ်သူက အိမ်နောက်မှ လွတ်နေသောကန်တစ်ခုကို ကျွန်တော်တို့အား အပိုင်စားပေးထားရာ မိလာသောငါးများကို ထိုကန်ထဲထည့်ထားကြပါသည်။

ကျွန်တော်တို့ အကြီးနှစ်ယောက်သည် နေ့တိုင်းငါးမျှားလေ့မရှိပါ။ အခြားသောဆော့ကစားနည်းများ ၊ အပေါင်းအသင်းများရှိသဖြင့် သွားလိုက် လာလိုက်။ တစ်နေ့သောအခါ စာအုပ်တစ်အုပ်ဖြင့် အိပ်ယာထက်ကွေးနေရင်း ပြူတင်းတံခါးကိုကျော်လျက် အပြင်ကိုကြည့်မိပါသည်။ မိုးမှုန်လေးများကျနေသော
ကောင်းကင်ကြီးအောက်တွင် ဂေါ့ဖ်ရိုက်ရာဆောင်းသောထီးကြီးဖြင့် ၇နှစ်အရွယ် ကျွန်တော့်ညီလေး တစ်ယောက်တည်း ငါးမျှားနေသည်ကို တွေ့ရပါသည်။ သူ့ဘေးနားတွင် ရေထည့်ထားသော အိမ်သုတ်ဆေးပုံးလေးထားလျက် ။ မိုးဖွဲလေးများအောက်တွင် ထီးအကြီးကြီးနှင့် ငါးမျှားတံသေးသေးကိုင်ထားသော ညီလေးကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားဖွယ်။ ငါးတစ်ကောင်မိသွားလျှင် အိမ်ဘက်သို့လှည့်၍ အော်တတ်သေးသည်။ သူ့အော်သံကြားသောအခါ အိမ်အကူအမကြီးက ပြေးသွား .. မိနေသာငါးကိုဖြုတ်ကာ ပုံးထဲထည့်ပေး၊ ငါးစာပြန်တပ်ပေး.. အိမ်ဘက်သို့ပြန်လာ အလုပ်လုပ်။ ညီလေးကငါးပြန်မျှား နောက်မိလျှင် အော်ခေါ် ... အမကြီးက အလုပ်လုပ်နေရာမှ သူ့ထံထပြေး။

ကျွန်တော်ထိုမြင်ကွင်းကို ငေးမောသဘောကျကာ ပြုံးမိပါသည်။ ညီငယ်လေးနှင့် အမကြီးကား ဇာတ်တိုက်ထားသလို မိုးမှုန်တွေကြား မျှားလိုက်၊ မိလိုက် ၊ အော်လိုက်၊ ပြေးလိုက်နှင့်။ ထိုနေ့မှစ၍ ကျွန်တော်ငါးမျှားခြင်းထက် ငါးမျှားနေသော ကျွန်တော့်ညီလေးကို စောင့်ကြည့်ရခြင်းအား ပိုနှစ်ခြိုက်လာပါသည်။
ငါးမျှားတံကို အာရုံစူးစိုက်ထားသည့်အခါ ညီလေး၏မျက်ခုံးလေးက တွန့်ကွေးလျက်၊ ဆွဲတင်လိုက်၍ ငါးပါလာလျှင် မျက်လုံးလေးပြူးဝိုင်းကာ အော်ခေါ်မည်။ သူ့အကို ကျွန်တော်ကြည့်နေမှန်းမြင်လျှင် ပါးချိုင့်လေးပေါ်အောင် ပြုံးပြတတ်သေးသည်။ ငါကွဆိုသော သဘောဖြစ်မည်ထင်သည်။ သူလုပ်နေပုံကို သဘောကျ၍ အမေ့အားခေါ်၍ပြသောအခါ အမေကပြုံးကြည့်နေပါသည်။

ယခုလည်း မိုးတို့ညို့မှိုင်းပုံက ထိုစဉ်အခါကများအတိုင်း။ သည်နှစ်ကော အိမ်နောက်ဖေးထိများ ရေ၀င်ဦးမည်လား။ ရေရောက်လျှင်လည်း ငါးမျှားမိသူရှိမည်မဟုတ်ပါ။ ညီငယ်လေး တက္ကသိုလ်တက်နေသည်။
ညီလတ်က တမြို့၊ ကျွန်တော်က တမြို့ ။ မိုးတအားရွာလျင် အိမ်နောက်ထဲထိ ရေ၀င်တတ်သောနေရာလေးတွင်
အမေသာကျန်တော့သည်။ အိမ်နောက်ဘက် ပြတင်းပေါက်နား အမေရောက်လျှင် မိုးမှုန်တွေကြား ထီးအကြီးကြီးဖြင့် ငါးမျှားရင်းပြုံးပြသော ညီငယ်လေးကို သတိရနေမည်လားမသိ။

ကျွန်တော်တော့ဖြင့် ... ... ... ... ... ... ... ... လွမ်းပါသည်။

Friday, August 21, 2009

လှိုင်းများနောက်ဝယ်

အ၀ါရောင်ကွင်းပြင်ထက် မြက်ပင်များက လေတိုက်တိုင်း လှိုင်းများလို တလှိမ့်လှိမ့်တလူးလူး...။ ကျွန်တော်ဘာကိုမျှ တွေးမနေတော့ပါ။ လက်ရှိပစ္စုပ္ပန်တဲ့တဲ့တွင် လေတိုက်တိုင်းလှိမ့်လူးနေသောလှိုင်းများသာ
မျက်စိရှေ့တွင်ရှိနေသည်။ ကျွန်တော်မြင်နေရသည်။ အ၀ါရောင်တောက်တောက်မြက်ခြောက်များပေါ် နေရောင်က ကမူးရူးထိုး ထိုးဆင်းနေသောအခါ ရွှေရောင်မြစ်တစ်စင်းပမာ အလင်းပြန်နေတော့သည်။ ထိုကွင်းပြင်ကို ကျွန်တော်တောင်စောင်းတစ်ခုပေါ်မှ မြင်နေရခြင်းဖြစ်သည်။ မြင်နေခြင်းနှင့် ကြည့်နေခြင်း ဘာကွဲပြားပါသနည်း။

ကြည့်သောကြောင့် မြင်သည်ဟုဆိုလျှင် မြင်တိုင်းလည်း ကြည့်၍ဖြစ်မည်။ ကြည့်တိုင်းကော မြင်ပါသလား။
ကျွန်တော် တောင်စောင်းတစ်ခုပေါ်တွင် ဆိုင်ကယ်ကိုရပ်လျက် တောင်အောက်ဖက်ကွင်းပြင်ကို လှမ်းကြည့်နေခြင်းဖြစ်ပါသည်။ ကျွန်တော့်ဆိုင်ကယ်သည် မြို့လေးဆီသို့ အပြန်လမ်းကို ဦးတည်ထားသည်။
ရပ်နေသောလမ်းသည် တောလမ်းလေးဖြစ်ပြီး ကားတစ်စင်းသွားသာရုံကျောက်လမ်းလေးဖြစ်သည်။
ဤလမ်းကို အသုံးပြုသူများမှာ မှောင်ခိုကုန်ကူးသူများ၊ သစ်ခိုးထုတ်သူများနှင့် သူပုန်ဟုသတ်မှတ်ခံရသူများသာ အသုံးပြုကြသည်။ အထုပ်အပိုးများတနင့်တပိုးတင်ထားသော ဆိုင်ကယ်များက ရံဖန်ရံခါကျွန်တော့်ဘေးမှ ဖြတ်လျက်။ သူတို့ကျွန်တော့်ကို ဂရုမစိုက်အားပါ။ အာရုံထွေပြားမှုက တောင်ကမ်းပါးရံကိုဖြစ်စေ၊ ချောက်ထဲသို့ဖြစ်စေ ဆိုင်ကယ်ကို ဆွဲခေါ်သွားစေနိုင်ပါသည်။

ဆိုင်ကယ်မောင်းသွားသူထဲမှ တချို့သည် ကျွန်တော်နှင့်ကျောင်းနေဘက်များဖြစ်ကြသည်။ "ကောင်လေး ဘာလုပ်နေတာလဲ ...ခံစားနေတယ်ဟုတ်လား "ဟုအော်ဟစ်နှုတ်ဆက်ရင်း ဖြတ်သန်းသွားကြသည်။ သူတို့မြင်သောအရာသည် နယ်စပ်ရောက်လျှင် ရရှိမည့်ငွေကြေးပမာဏဖြစ်ပေလိမ့်မည်။ ကုန်ချိန်အပြည့်ကိုတင်၍ တောင်ပေါ်ကျောက်ခင်းလမ်း မညီမညာတွင် တရကြမ်းမောင်းနှင်သွားပုံမှာ ကျွမ်းကျင်မှုရှိသည်။ လူငယ်တစ်ယောက်၏ အားမာန်သည် ဆိုင်ကယ်လီဗာသံနှင့်ထပ်တူ အရှိန်ကခပ်ပြင်းပြင်း။
ထိုထိုသော လူငယ်လေးသည် နာရီအနဲငယ်အတွင်း နယ်စပ်ရောက်သွားလိမ့်မည်။ သူ့စီးတော်ယာဉ်လေးပေါ်မှ
ကုန်များကို တဖက်ကုန်သည်ကလက်ခံလိမ့်မည်။ ကုန်ချိန်အတိုင်း ရှင်းပေးသောငွေကိုယူပီး ထိုကောင်လေး အိပ်မက်မျှားရန် ကြိုးစားလိမ့်မည်။

ငွေရှာရလွယ်သကဲ့သို့ ငွေကုန်လည်းလွယ်အောင် အိပ်မက်တို့ကို မျှားယူမည့်နေရာများစွာရှိပါသည်။ လိပ်ပြာလေးများ၏ တောင်ပံခတ်သံဝယ် ယစ်ယစ်မူးမူး နာခံရင်း လက်ကလွတ်ကျသွားသော ချောင်းဆိုးပျောက်ဆေးရည်ပုလင်းလေးများ ၊ ကုတင်ခြေရင်းနား လုံးခြေလွင့်ပစ်ထားသော ခဲစက္ကူအပိုင်းအစ ၊
ချစ်ခြင်းမေတ္တာကင်းသော အထိအတွေ့များ ။ ဤအရာများက လူငယ်တစ်ဦး၏ အိပ်မက်ကိုမျှားရန် သိပ်လွယ်ကူလွန်းပါသည်။ အသစ်အဆန်းကို တက်မက်သောလူငယ်စိတ်က အသစ်အဆန်းမဟုတ်တော့တည့်တိုင် အတွေ့အကြုံ ဖြစ်သွားသောအခါ လုပ်လေ့လုပ်ထရှိသောအရာများ ဖြစ်သွားတော့သည်။

ထိုအကြောင်းများကို တွေးတောရန် ကျွန်တော့်မှာ ကြိုတင်ရည်စူးချက်မရှိခဲ့ပါ။ အ၀ါရောင်ကွင်းပြင်က လေတိုက်တိုင်း လှိုင်းလုံးများသဖွယ် တလှိမ့်လှိမ့် ။ ဤတောလမ်းလေး အဆုံးသတ်တနေရာတွင် ကတ္တရာလမ်းမကျယ်ကြီး ဖြစ်ပါသည်။ ထိုလမ်းမကြီးက အိမ်မှထွက်ခွာလာသူ၊ အိမ်သို့ပြန်လာသူ ၊ ဖြတ်သန်းရုံဖြတ်သန်းသူတိုင်းကို အလျားလိုက်ရင်ဖွင့်ရင်း ကြိုဆိုနေပါသည်။ ကျွန်တော် ရပ်ထားသောဆိုင်ကယ်ပေါ် ခွထိုင်လိုက်ရင်း ဆိုင်ကယ်စက်နိုးလိုက်သည်။ ကျွန်တော့်ဦးတည်ရာက အိမ်အပြန်လမ်းဆီသို့။

ကျွန်တော်ကျောခိုင်းခဲ့သော မြင်ကွင်းတွင် ကျွန်တော်ရှိမနေတော့တည့်တိုင် အ၀ါရောင်လှိုင်းများက တ၀ုန်းဝုန်းရိုက်ခတ်လျက် ... ထိုလှိုင်းများအောက်တွင် ငယ်ငယ်ကကျောင်းလွယ်အိတ်လေးများ လူးလူးလှိမ့်လှိမ့်.။

Tuesday, August 11, 2009

တိမ်တွေနဲ့ အတူလိုက်သွားတဲ့ သူ

တိမ်တွေမှာ ခြေထောက်ပါသလားဟု မေးတတ်သော ညီလေးကျွန်တော့်မှာ မရှိပါ။ သို့သော် တိမ်တွေကိုမော့ကြည့်မိတိုင်း သတိရစေသော ညီလေးတစ်ယောက် ကျွန်တော့်မှာရှိပါသည်။

ကျွန်တော့်ညီလေးသည် မျက်နှာဝိုင်းဝိုင်း၊ မျက်နက်ဝန်းတောက်တောက်လေးဖြင့် ချစ်စရာကောင်းပါသည်။ကျွန်တော်တို့ ငယ်စဉ်က ထိုကောင်လေးသည် ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းများအတွက် အမှိုက်ကလေးပင် ဖြစ်ပါသည်။ ကစားခုန်စားပြုရာတွင် အနှောက်အယှက်ဖြစ်စေရုံမှလွဲ၍ မည်သည့်နေရာတွင်မှ သုံးမရပါ။

ပြေးတမ်းလိုက်တမ်းကစားရာတွင်လည်း သူမလိုက်နိုင်။ သူ့ကိုပြေးစေလျှင်လည်း သူကမပြေးနိုင်။ သူသည် ထမင်းသိုး ဟင်းသိုးမျှသာ။ အိမ်မှထွက်၍ အခြားရပ်ကွက် သို့မဟုတ် ရေနားကမ်းစပ်သွားလျှင်လည်း သူ့ကိုခေါ်သွား၍မရ။ ထိုအခါ ကျွန်တော်တို့ သူ့ကိုလိမ်၍ထွက်ရ ချန်ပြေး၍ ထားခဲ့ရနှင့် အလုပ်တော်တော်များပါသည်။

ကျွန်တော်နှင့် သူငယ်ချင်းများက မျက်ဝန်းများမှတဆင့် အချိတ်အဆက်လုပ်ထား .. လူနေရာခွဲ .. သူမမြင်နိုင်လောက်သောနေရာများကို ချဉ်းကပ်၊ ရုတ်တရက်ပုန်းအောင်းကာ အသာလစ်ထွက်ကြရပါသည်။
သူ့အနားမှ မည်သည့်အကြောင်းကြောင့်မှန်းမသိ ရုတ်တရက်ပျောက်ကုန်သော သူများကို သူရှာမရပါ။
အိမ်ဝင်းအလယ်တွင် နောက်ဆုံးသူတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး နေရရှာပါသည်။ သူသည် မျက်နှာလေးမဲ့ကာ မျက်ရည်လေးဝဲကာ အမေဖြစ်သူဆီသွား၍ ငိုပါတော့သည်။

ဤကဲ့သို့ သူအကြိမ်ကြိမ်ကြုံခဲ့ သူအကြိမ်ကြိမ်ငိုခဲ့ကြောင်းကို ကျွန်တော်အသက်နှစ်ဆယ်ကျော်မှ သိရှိခံစားနားလည်ခဲ့ သနားမိခဲ့သည်။ ကျွန်တော်တို့ ကျွန်တော့်ညီလေးကို အကြိမ်ကြိမ် စွန့်ခွာထွက်ပြေးခဲ့ကြသည်လေ။

ကျွန်တော့်ညီလေး ကြီးပြင်းလာခဲ့ပါသည်။ ကျွန်တော့်ညီလေးသည် ကျွန်တော့်ထက်အရပ်မြင့်ပါသည်။
လေထဲမားမားစွင့်နေသော သစ်ပင်ရိုင်းလေးလို မြင့်ပါသည်။ ကျွန်တော့်ညီလေးနှင့် သူ့အပေါင်းအသင်းများသည်
စကားအသစ်အဆန်းများကို ပြောကြပါသည်။ ကျွန်တော်မနှစ်သက် မရင်းနှီးသောကစားနည်းများဖြင့် ကစားလေ့ရှိကြသည်။ ကျွန်တော့်ညီလေး အခန်းထဲတွင် စိမ်းရွှေသောရနံ့များနှင့် ဝေ့၀ဲနေလေ့ရှိသည်။
ကျောင်းစာအုပ်များသည် ထာဝစဉ်အသစ်စက်စက်များသာ ဖြစ်နေလေ့ရှိပြီး အမေနှင့်လည်း မျက်နှာချင်းမဆိုင်ဖြစ်သည်မှာ ကြာပြီဟုဆိုပါသည်။

ကျွန်တော်သည် ကျွန်တော့်ညီလေးအတွက် ထမင်းသိုး ဟင်းသိုးပမာဖြစ်လာပါတော့သည်။ တိမ်တွေသာသောတစ်နေ့ ကျွန်တော့်ညီလေး၏ အခန်းတွင်း၌ ညီလေး၏အ၀တ်အစားများမရှိတော့ပါ။
မည်သည့်သက်သေအချင်းအရာ တစ်စုံတစ်ခုကိုမျှ ချန်မထားခဲ့ဘဲ ထွက်သွားပါသည်။

လွန်ခဲ့သောအနှစ်နှစ်ဆယ်က သူငိုခဲ့သလို ကျွန်တော်ငိုချင်လာပါသည်။ ကျွန်တော့်ညီလေးသည် ကျွန်တော့်ကို ထားသွားခဲ့လေပြီ။ တိမ်တွေမှာခြေထောက်ရှိသလားဟု မေးတတ်သောညီလေးကျွန်တော့်မှာ
မရှိပါ။ သို့သော် တိမ်တွေကိုမော့ငေးတိုင်း ကျွန်တော်သတိရစေသော ညီလေးတစ်ယောက် ကျွန်တော့်မှာရှိခဲ့ပါသည်။

Friday, June 26, 2009

ထိထိခိုက်ခိုက်(ဒီနေ့အဖြစ်အပျက်)

မိုးကသင်တန်းသွားမယ်ဆိုမှ စရွာတော့သည်။ စိတ်ပေါက်ပေါက်နဲ့ပဲ ဆိုင်ကထွက်
ကားဂိတ်ရှိရာ လမ်းတဖက်ကိုကူးတော့ အံ့အားသင့်စရာကို မြင်ရတော့သည်။ ကျွန်တော့်ခေါင်းထဲမှာ မိုးအကြောင်းမရှိတော့ပါ။ မိုးရေတွေထဲ ထီးမပါဘဲရပ်နေသော ကောင်မလေးတစ်ယောက်..။
သူမကတဖက်သို့ မျက်နှာလှည့်ထားသောကြောင့် သူမမျက်နှာကို ကျွန်တော်မမြင်ရပါ။
ဆံပင်ရှည်များမှာ တဖွဲဖွဲနှင့်အဆက်မပြတ်ရွာနေသောမိုးကြောင့် အချောင်းလိုက်လေးတွေဖြစ်နေပြီ။
ကျွန်တော် သူမအနားသွားလိုက်ဖို့ သူမအပေါ်ထီးမိုးပေးလိုက်ဖို့ အတွေးကဦးစွာခေါင်းထဲရောက်လာသည်။
ဖြစ်ပါ့မလား ငါ့ကိုအော်ထုတ်ခဲ့မှဖြင့် .. ကျွန်တော့်အတွေးများရပ်တန့်သွားကြပြန်သည်။
သူမကို ကျွန်တော်မသိပါ။ သူမအ၀တ်များရေစိုကုန်လျင် မိန်းကလေးတစ်ယောက်အတွက်ကြည့်ကောင်းလိမ့်မည်မဟုတ်ပါ။ ကျွန်တော်နှင့် သက်ဆိုင်ပါသလား။ သူမတစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းဖြစ်လိမ့်မည်။
ကျွန်တော် မဟုတ်သော အခြားတစ်ယောက်ယောက်ရှိပါသေးလား။ တစ်ယောက်မှ ကျွန်တော်တို့ဝန်းကျင်တွင်
ရှိမနေပါ။ ကားမှတ်တိုင်ဟင်းလင်း မိုးတွေရွာနေစဉ် စိုရွဲနေသောဆံပင်များနှင့် ကောင်မလေး ၊ ထီးတစ်ချောင်းနှင့် ကျွန်တော်...... ။
ကျွန်တော်ရပ်နေစဉ် ကျွန်တော်သင်ကြားထားခဲ့မှုများ၊ ကျွန်တော်ဖြတ်သန်းခဲ့သော ပတ်ဝန်းကျင်၊ ကျွန်တော်ရင်းနှီးကျွမ်းဝင်လာခဲ့သော ထုံးဓလေ့များ ကျွန်တော့်ခေါင်းထဲဝယ် တစ်ခုရောက်လာလိုက် ပြန်ထွက်သွားလိုက်ဖြင့် လူးလားခတ်နေတော့သည်။ကျွန်တော့်ချစ်သူကကျွန်တော့်ကိုဘယ်လိုမြင်မလဲဆိုသည်က အစ။
ထိုစဉ် လမ်းတဖက်မှ အဘိုးကြီးတစ်ယောက် ဂေါက်ရိုက်သည့်အခါဆောင်းသောထီးကြီးနှင့် လမ်းဖြတ်ကူးလာလေသည်။ ကျွန်တော့်စိတ်ထဲတွင် သူမကိုထိုအဘိုးကြီးက မိုးပေးလိုက်ဖို့ဆုတောင်းနေမိသည်။
ထို့ပြင် ထိုအဘိုးကြီးက ကျွန်တော့်ကိုမိန်းကလေးတစ်ယောက်ဒုက္ခရောက်နေတာ ပစ်ထားတဲ့ကောင်လို့ ကဲ့ရဲ့မှာလည်း စိုးရိမ်နေပြန်သည်။ အဘိုးကြီးသည် မိန်းကလေးကိုကြည့်ရုံသာကြည့်သွားပါသည်။
ကျွန်တော်ယတိပြတ်ဆုံးဖြတ်ချက်ချပြီးကောင်မလေးနှင့် မျက်နှာချင်းဆိုင်သွားရပ်လိုက်ပါသည်။
" ညီမလေး အကို့ထီးယူပြီး ကားဆက်စောင့်ပါ။ အကိုဟိုနားကဖုန်းဆိုင်လေးမှာသွားရပ်မယ်။ ညီမလေးစီးမယ့်ကားလာတော့ အကို့ကိုခေါ်ပါ .. အကိုထီးလာယူမယ် ဟုတ်လား" ဟုပြောလိုက်သည်။
ကျွန်တော့်ကို ဘာလာကြောင်နေတာလဲဟု မေးလိုက်မှာကို ထိုအချိန်တွင် အလွန်စိုးရိမ်နေပါသည်။
ကောင်မလေးက ခေါင်းမော့လာပါသည်။ သူမမျက်လုံးများမှာ နီရဲလျက်ငိုထားဟန်ရှိပါသည်။
" ရတယ် ... အကို ။ ညီမပြန်တော့မှာပါ။ ကျေးဇူးတင်ပါတယ်" ဟုသာ သူမပြန်ပြောခဲ့ပါသည်။
သူမအဖြေနှင့်အတူ ကျွန်တော်စီးရမည့်ကား ကားမှတ်တိုင်သို့ဆိုက်ရောက်လာပါသည်။
ထိုကားသည် ထိုမှတ်တိုင်သို့ကျွန်တော်ရောက်ပြီးချိန်မှ ယခုထွက်လာသည့်အချိန်အတွင်း ဆိုက်ရောက်လာသော သုံးစီးမြောက်ကားဖြစ်ကြောင်း ကျွန်တော်သတိပြုမိပါသည်။
ကားမှန်ပြတင်းတွင် မိုးရေစီးကြောင်းများ စီးဆင်းလျက်.. ထိုပြတင်းကိုငိုင်တွေကြည့်ရင်း သတိရနေမိတာက
တစုံတယောက်ကိုစောင့်ဆိုင်းနေသော ၀မ်းနည်းထိခိုက်နေပုံရသော မိုးရေတွေထဲမှမိန်းကလေး။
ကျွန်တော်ကိုယ်တွင်း၌ ဖြစ်ပျက်ဆန့်ကျင်နေသောအရာများကိုသာ ကျွန်တော်ပြန်သုံးသပ်နေမိပါတော့သည်။

Tuesday, April 14, 2009

ငြိမ်း

တိုးတိုးတိတ်တိတ် ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ စီးဆင်းချင်တယ်။ ရင်လောက်တင်မှ ဒူးလောက်ကျတာတွေ နားမလည်ချင်ဘူး။
မင်းဘယ်လောက်ရှိလဲ ငါဘယ်လောက်ရှိလဲ။ မင်းဘယ်လောက်တတ်လဲ ငါဘယ်လောက်တတ်လဲ မသိချင်ဘူး။
ငါလည်းလူ မင်းလည်းလူလေ။ သူငယ်ချင်းရေ နေရောင်အောက်မှာ မင်းရောငါရော အသက်အတူတူရှူကြစို့။
ကွဲပြားခြားနားနေတဲ့ မတူညီမှုများကို အငြင်းမပွားဘဲ လက်ခံကြစို့။ ငါတို့ဘာသာတရား၊ ငါတို့ အသားအရောင်...
ဒါတွေထက် ငါတို့သွေးတွေတူညီတာကို အလေးထားစို့။
ငါတို့ဘယ်လောက်များများမှ သယ်ဆောင်မသွားနိုင်ပါဘူးလေ။ အလေ့ကျပေါက်တဲ့ သစ်တောတွေလိုပါပဲ။
အာကာပြင်မှာ ခဏဖြတ်သွားတဲ့ တိမ်တွေလိုပါပဲ။ တဖြေးဖြေးနဲ့ ဝေးပြီးပျောက်သွားတဲ့အခါ ငါတို့ဟာဘာများလဲကွယ်။
ငါတို့သယ်ဆောင်သွားတာထက် ငါတို့ချန်ရစ်ခဲ့တာတွေက အရေးကြီးရင် ငါတို့အကောင်းတွေသာချန်ထားနိုင်အောင်သာ
ကြိုးစားကြစို့။
ငါက သူ့ထက်အရေးပါတယ်လို့ ငါထင်ရင်၊ ငါတို့က သူတို့ထက်အရေးပါတယ်လို့ ငါတို့ထင်နေခဲ့ရင် မပြီးဆုံးနိုင်သော
အငြင်းပွားမှုတွေနဲ့ ပြိုင်ပွဲတွေ၊ ပိုကြီးကျယ်လာရင် စစ်ပွဲတွေ ဘယ်သောအခါမှ ဆုံးနိုင်မှာမဟုတ်တော့ဘူး။ ဒါတွေကပဲ
သမိုင်းကိုရေးခဲ့တာဆို ငါတို့သွေးနံ့ကင်းတဲ့ သမိုင်းကိုရေးလို့မရနိုင်ဘူးလားကွာ။
တစ်နေ့နေ့ တစ်ချိန်ချိန် ငါတို့ကလေးတွေဟာ နေရောင်နွေးနွေးအောက်က မြက်ခင်းပြင်မှာ ပျော်ပျော်ရွှင်ရွှင်ကစားနေတာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ကလေးတွေဟာ ကွဲပြားသောဝတ်ကျောင်းတွေမှာ တူတူတက်ရင်း ခေါင်းလောင်းသံတွေနာခံနေတာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ကလေးတွေဟာ သစ်ရိပ်အောက်မှာ သီချင်းတွေဆို၊ ကဗျာတွေရွတ်..ပန်းချီတွေသာဆွဲနေတာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ကလေးတွေအားလုံး ငြိမ်းငြိမ်းအေးအေး သူတို့ဘ၀ကိုကုန်လွန်သွားလိုက်နိုင်တာ.... ... ...
ငါတို့သာ အခုအလိုရှိတယ်ဆိုခဲ့ရင် ....
သူငယ်ချင်းရေ ... ... ... ... ... ... ... ... ... ... ... ... ...။


( ချစ်ခြင်းများစွာဖြင့် နန်းညီအတွက်... မွေးနေ့လက်ဆောင်)

Saturday, March 28, 2009

ဖြောင့်ဖြောင့်တန်းတန်း စီးဆင်း

ဘ၀မှာဘာအရေးကြီးလဲ။ အဲ့မေးခွန်းကို ဘ၀အကြောင်းသိတတ်ကတည်းက မေးမိနေတာ အခုထိကိုမဆုံးနိုင်တော့။
ကိုယ့်ကိုယ်ကို မေးမိတိုင်း နောက်ဆုံးသက်ပြင်းချပြီး အဆုံးသတ်လိုက်ရတာက အသေချာဆုံးအဖြေကိုဖြစ်လို့။
ငွေကြေး၊ ချစ်ခြင်းမေတ္တာ၊ ဂုဏ်သိက္ခာ၊ ပညာ၊ .... ဘာများလဲကွယ်။ အချိန်တချို့မှာ အရေးကြီးသောအရာတစ်ချို့ဟာ
နောက်တစ်ချိန်မှာ အရေးမကြီးတော့ဘဲလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျွန်တော့်အသက် ၂၀မှာတုန်းက အရေးပါသောအရာများ
ဘယ်လောက်အထိများ ဒီနေ့ထိတိုင် ကြွင်းကျန်နေပါသလဲ။ ပြန်ဆန်းစစ်တော့ ကျွန်တော်ပြုံးမိသည်။ အင်း... မွန်မြတ်သည်ဟုထင်၍
သိမ်းဆည်းထားသော အရာတစ်ခု နှစ်ခုတော့ကျန်နေသေးသည်ပဲ။ ထိုအရာများသည် တန်ဖိုးကြီးပါသလား၊ အရေးကြီးပါသလား။
ထိုအရာများကြောင့်တော့ ကျွန်တော့်လိုအပ်ချက်များ ပြည့်စုံသွားလိမ့်မည်မဟုတ်ပါ။ ထိုအရာများကြောင့် ကျွန်တော်ဖြစ်စေချင်သော
ကမ္ဘာဖြစ်လာလိမ့်မည်လည်း မဟုတ်ပါ။ သို့သော် ထိုအရာများကျန်ရှိနေခြင်းက ကျွန်တော့်ကိုယ်ကို ယုံကြည်စိတ်ချနေစေပါသည်။
မေမေ့ပုံပြင်ထဲက
ရိုးဂုဏ်လေးဝတ်ဆင်ရုံနဲ့ နောက်ကျောလုံမယ်မထင်တတ်တော့
ခေတ်တစ်ခုလုံးက မုဆိုးရာသီ
လှိုင်းများစီး၍ ခရီးကိုနှင်ခဲ့ပြီ
လှိမ့်လူးကြွတက် ခက်တဲ့နေ့လည်း ခက်တဲ့အလျောက်
လျှောက်သာသောနေ့များလည်းရှိခဲ့
ဒိထက်တော့ ဘာမှမပို ဘာမှလည်းမလိုတော့ပါဘူး။
မရနိုင်၍ ရောင့်ရဲရခြင်းများ၊ မဖြစ်လာ၍ မေ့လိုက်ရခြင်းများစွာကို ကျွန်တော် ယဉ်ပါး၍လာခဲ့ပါပြီ။ ဆန်နိုင်သ၍ဆန်ခဲ့ပြီး
စုန်ချိန်ရောက်၍လည်း စုန်နေခဲ့ရသည်။ကျွန်တော်ကပဲ တိုက်စားသယ်ဆောင်လာခဲ့သလား ကျွန်တော့်ကိုပဲ တိုက်စားသယ်ယူသွားလေသလား။
ကျွန်တော်ဝေခွဲမရတော့ပါ။ ကျွန်တော် တတ်နိုင်သောအရာများကို စိတ်မှတ်ဖြင့် တွက်ကြည့်တော့ ကောင်းနိုင်သမျှ ကောင်းကောင်းနေဖို့ကလွဲလျှင်
ဘာမှမရှိပါ။ (ကောက်ကောက်ကွေ့ကွေ့မြစ် ဖြောင့်ဖြောင့်တန်းတန်း စီးဆင်း) ဆိုသည့်ကဗျာ အပိုင်းအစလေးကိုသာ ရွတ်ရင်း ကျွန်တော်ဆက်၍
စီးဆင်းနေပါဦးမည်။

(ဘာရယ်မဟုတ်ပါဘူး စိတ်ထဲမှာကို အဲ့လိုခံစားနေရလွန်းလို့ ရေးမိတဲ့စာလေးပါ....။)

Tuesday, February 17, 2009

အခန်းငယ်သို့

ကျွန်တော်ဒီမနက်အိပ်ရာနိုးတော့ ပထမဆုံးသတိပြုမိတာ အလင်းရောင်ပါ။
တရုတ်ကတ်မှန်တွေကြားက ၀င်လာတဲ့အလင်းရောင်ဟာ တစ်ဖက်တိုက်နဲ့နီးလွန်းတော့
အရောင်အားဖျော့လွန်းတယ်။ ခေါင်းအုံးဘေးထောင်ထားတဲ့ ချစ်သူဓါတ်ပုံက မှိန်ဖျော့ဖျော့...
ခြေရင်းကြိုးတန်းမှာလွှားထားတဲ့အ၀တ်က သုံးလေးထည်... လက်တစ်လှမ်းစာလောက်မှာ
ဖွင့်တချို့ပိတ်တချို့နဲ့ စာအုပ်တွေ.... ပက်လက်လှန်နေရင်း မျက်နှာကျက်ကိုလျောက်ကြည့်နေရင်း
မြင်ကွင်းဒေါင့်ချိုးမှာ တွဲလဲခိုနေတာက ပင့်ကူအိမ်ပိုးချည်ထွေး...။
အော်... ဒါကျွန်တော့် ၀ပ်ကျင်း ၊ ကျွန်တော့် အသိုက်လေးပါလား။
ဒါနဲ့ နေလို့ကောင်းရဲ့လားလို့ မေးကြည့်မိတယ်။ တစ်ပေတောင်မပြည့်တဲ့အကွာအဝေးမှာတဖက်တိုက်ရဲ့နံရံ..
အဲဒီနံရံရဲ့ တဖက်က ညတိုင်းညတိုင်း အော်ဟစ်ဆဲဆိုနေတဲ့ အရက်သမားတစ်ယောက်၊
အောက်ထပ်မှာ အသက် ၂၁ နှစ်အရွယ်သားကို ခဏခဏရိုက်တဲ့ ကြိမ်းမောင်းတဲ့အဒေါ်ကြီး...
ကျွန်တော်ပြုံးမိတယ် ။ ဘာပဲဖြစ်ဖြစ်လေ သေနတ်သံတွေ ဗုံးသံတွေလောက်တော့ မဆိုးဘူးပေါ့။
တန်းပေါ်က တဘက်ကိုဆွဲပြီး နောက်ဖေးခန်းဘက်ထွက်လာတော့ ခြေလှမ်း ၁၅ လှမ်းမပြည့်ခင်
နောက်ဖေးပြတင်းပေါက်ဆီရောက်ပြီလေ ။ ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်တာနဲ့ ပထမဆုံးနှုတ်ဆက်တာ
အသံနက်နက်နဲ့ ကျီးကန်းနက်နက်လေးတွေ... မင်္ဂလာပါပေါ့ ။ တသွင်သွင်စီးနေတဲ့မြောင်းရေ နောက်နောက်မှာ
ရောင်စုံပလတ်စတစ်အိပ်ပါးတွေက စုန်ဆင်းလို့ .. ဘယ်ထိသွားကြမှာလဲ မသိ... ။သွားတိုက်ရင်းငေးကောင်း
ကောင်းနဲ့ ငေးနေမိတော့တာပါပဲ ။
ဂိုဒေါင်အိုကြီးနံရံမှာကပ်ပေါက်တဲ့ညောင်ပင်၊ ကျီးကန်းခုန်ဆွခုန်ဆွများ ၊ ရောင်စုံအိတ်တွေရဲ့ ရွက်လွင့်ခြင်း...
တော်တော်ဟုတ်တဲ့ မနက်ခင်းပါလားလို့ရေရွတ်မိတယ်... တိုးတိုးလေးပေါ့ ။
လွန်ခဲ့တဲ့နှစ်က ကျွန်တော်ဘယ်လိုနေရာကနေ ဘယ်လိုနိုးလာခဲ့လဲ...။လိုက်ကာစတွေကို တစ်ယောက်ယောက်ကမဆွဲတင်မချင်း၊ ကျွန်တော့်မျက်ခွံပါးပါးပေါ် နေရောင်နွေးနွေး မကျမချင်း၊ တစ်ယောက်က ကျွန်တော့်ကို လာမနိုးမချင်းကျွန်တော် အိပ်ရာကမထခဲ့ဘူး။ အိမ်မှာရှိတဲ့ ဘယ်ပြတင်းတံခါးကိုဖွင့်ဖွင့် မြင်လေရာရာအစိမ်း... မျက်နှာသစ်ပြီးအိမ်ပြင်ထွက်ခြံစည်းရိုးလိုစိုက်ထားတဲ့ ဗိုလ်ကတော်မျက်ခုံးပင်လေးတွေကို လက်နဲ့ထိလိုက်ရင် ညကကြွင်းတဲ့နှင်းဟာလက်မှာအေးလို့ ။ လေတိုက်တိုင်း သူတို့ရဲ့အရွက်တွေကို လေးတွဲ့တွဲ့ယိမ်းပြတဲ့ ငှက်ပျောရွက်ဖားဖားတွေ ၊ဇက်ရက်ငှက်တွေရဲ့ ခပ်စွာစွာအသံ ၊ စာကလေးတွေရဲ့ အသံသေးသေးလေးတွေ.... ။
ဖိနပ်မပါဘဲ မြေပေါ်နင်းမိတဲ့အခါတိုင်း ရှင်သန်နေတဲ့ ကမ္ဘာကိုခံစားရတယ် ။ အေးစက်စက်အသေကောင်လို
ကွန်ကရစ်ကြမ်းခင်းနဲ့ ဘယ်လိုမှမတူတဲ့ ခံစားမှု ....။
ကျွန်တော့်ကို အဲဒီနွေးထွေးတဲ့ နေရာလေးကဆွဲထုတ်ပြီး အခုဒီအေးစက်မှောင်မဲအခန်းထဲ ဘယ်သူပစ်ထည့်ခဲ့တာလဲ ။
ကျွန်တော် ခဏစိတ်ပျက်သွားတယ် ။ အမိုးရယ်၊ အခင်းရယ်၊ အကာရယ် ပြည့်စုံပေမယ့် အိမ်ရယ်မမြည်တဲ့
ဒီအခန်းလေးကို ကျွန်တော်မုန်းသင့်ရဲ့လား၊ စိတ်ပျက်သင့်ရဲ့လား...။ သူ့မှာလည်း သူဒီလိုဖြစ်ပျက်ရခြင်းရဲ့ အကြောင်းရှိပါလိမ့်မယ် ။
ကောင်းတာတွေနဲ့ယှဉ်မိတော့ သူမကောင်းဘူးပေါ့ ။ မကောင်းတာတွေနဲ့ယှဉ်မိရင် သူတော်တော်ကောင်းနေပါသေးတယ် ။ဘာပဲဖြစ်ဖြစ် ကျွန်တော်အလုပ်က ပင်ပင်ပန်းပန်းပြန်လာတိုင်း သူ့ရင်ဘတ်ညစ်ထေးထေးလေးနဲ့ ...ကျွန်တော့်ကို အခုထိသိမ်းထုပ်ပေးနေတာကိုပဲ ကျွန်တော်ကျေနပ် ကျေးဇူးတင်ရမှာပါ....... ။
အ၀တ်လဲဖို့ အခန်းလေးထဲဝင်တော့ တရုတ်ကတ်မှန်ကြားက ခပ်ဝါးဝါးအလင်းရောင်အောက်မှာ
ချစ်သူရဲ့ ဓါတ်ပုံလေးက ပြုံးလို့... ... ... ။

Monday, January 19, 2009

မျှော်လင့်ခြင်းများစွာ

ကျွန်တော် သူမနှင့် စတင်ဆုံတွေ့စဉ်က သူမနှင့်တစ်နေ့ ပတ်သက်လာရလိမ့်မည်ဟု
တွေးပင်မတွေးမိပါ..ရိုးရိုးလေးနှင့် အလွန်သိမ်မွေ့စွာ အစပြုခဲ့သော ဇာတ်လမ်းလေးပင်ဖြစ်သည်..
ကျွန်တော်တို့ကျောင်းမှ ပုဂံမြေသို့လေ့လာရေးခရီးထွက်သောအခါ ကျွန်တော့ဘေးတွင်
ကောင်မလေး သေးသေးတစ်ဦး ပါလာခဲ့သည်..ပါလာပုံကလည်း ကန့်လန့် ကန့်လန့်ပါလာခြင်းဖြစ်လေသည်..
သူမသည် ကျွန်တော့်အမြင်တွင် အလွန်နုနယ်၍ ထိလွယ်ခိုက်လွယ်သောပန်းလေးသာဖြစ်သည်...
ပန်းပွင့်လေးသည် ခရီးစဉ်တလျောက်လုံး ကျွန်တော့်ပခုံးကို ခေါင်းအုံး၍လိုက်လာခဲ့သည်..
ထိုအချိန်မှစ၍ နောက်အကြိမ်ပေါင်းများစွာ ကျွန်တော့်ပခုံးသည် သူမနားခိုရာ ၊သူမ ငိုကြွေးရာ ၊
အားလုံးကိုခံယူရမည်ဖြစ်ကြောင်း ကျွန်တော်မသိနိုင်ခဲ့ပါ..ကျွန်တော်သည် သူမ၏သူငယ်ချင်းတစ်ယောက်
ဖြစ်ခဲ့သည်...
ကျွန်တော့်ကျောင်းသားဘ၀တွင် စာကြည့်တိုက်နှင့် လက်ဘက်ရည်ဆိုင်က အများဆုံးနေရာယူခဲ့သည်..
သူမရောက်ရှိချိန်မှစ၍ ထိုအရာများထက် သူမအတွက်ပိုအလေးထားခဲ့ရလေသည်...ကျွန်တော့်လွယ်အိတ်ကြိုးကို
ဆွဲ၍ ကျွန်တော်သွားရာလျောက်လိုက်နေသော ပန်းပွင့်ပေါက်စလေးကို ရှုပ်သည်ဟုမတွေးမိနိုင်ခဲ့ပါ...
ရေပေးဝေသော ပိုက်လိုင်းကြီးပေါ်တွင် ကျွန်တော်တို့ စကားပြောကြသည်..ကျွန်တော်ဖတ်လေ့ရှိသော စာအုပ်များအကြောင်း
သူလိုလားသော စိတ်ကူးများအကြောင်း...ပြာလွင်သောကောင်းကင်အောက်၌ ပြေးလွားနေသောတိမ်တိုက်များအောက်၌
ကျွန်တော်တို့ စိတ်ကူးများ တငြိမ့်ငြိမ့်စီးဆင်းလျက်....
ကျွန်တော်တို့နှစ်ဦးသား နားလည်ပြီဟု ယူဆနိုင်သော်လည်း ကျွန်တော်တို့ နီးစပ်ဖို့ ခက်ခက်ခဲခဲဖြတ်သန်းကြရပါသည်..
သူမသည် ကောင်မလေးငယ်ငယ်သာဖြစ်ပြီး ဇွတ်တရွတ်ဆန်သောကြောင့် အမှားများပါသည်...သူမ၏နားမလည်မှုများစွာကို
အပြစ်တင်ဖို့ မကြိုးစားဘဲ သင်ယူစေပါသည်...လေအေးအေးလေးတိုက်နေသော ကွင်းပြင်စပ်၌ထိုင်ရင်း..
ကျွန်တော်တို့ ဆွေးနွေးကြသည်..ကျွန်တော်တို့သင်ယူကြသည်...
အမှားများနှင့်ကြုံသည့်အခါ သူမခေါင်းရှုပ်နေသည့်အခါတိုင်း ရင်ခွင်ထဲထည့်ပြီးနှစ်သိမ့်ခဲ့ရသည်...ကောင်းကင်တွင်
မိုးထစ်ခြုန်းသည့်တိုင် ကျွန်တော့်ရင်ခွင်ထဲတွင် ကောင်မလေးကိုနွေးနွေးထွေးထွေးထားနိုင်ခဲ့ပါသည်...
ကျွန်တော်တို့ အေးစက်သောနေ့ရက်များကို ပူနွေးသောနှလုံးသားအစုံဖြင့် ဖြတ်သန်းခဲ့ကြသည်...
အိပ်မက်တိုင်း၌ကျွန်တော်တို့ ယုံကြည်မျော်လင့်ချက်ဖြင့်တောက်ပနေတတ်သည်...
ကောင်မလေးသည် သူမ၏စိတ်ကူးတို့နှင့် လင်းလက်တောက်ပလွန်းနေခဲ့သည်...
နွေရာသီလမ်းမများပမာ ဘ၀ခရီးးတို့ တံလျပ်တရှိန်ရှိန်တက်သောအခါ...ကျွန်တော်တို့ကိုယ်စီတွင်
ငဲ့ကွက်စရာများရှိနေခဲ့သည်...ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ထောက်ကန်ပေးနိုင်သည်ထက်
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ရစ်နှောင်ထားခြင်းက အခက်အခဲဖြစ်စေသည်ကို သူမနားလည်လာသောအခါ
ကျွန်တော်တို့ ခေတ္တခွဲခွာဖို့ လိုအပ်ကြောင်း သူမပြောခဲ့သည်...ကျွန်တော်တို့နှစ်ဦးကြားတွင် ဘာဂတိစကားမှမထားခဲ့သော်လည်း
ကျွန်တော်သူမကို ယုံကြည်စွာနေခဲ့ပါသည်...
ဂျစ်ဆောကားချပ်ဆက် ကစားနည်းကဲ့သို့ ကျွန်တော်တို့ ရည်မှန်းချက်ပြည့်စုံသည့်အခါ လစ်ဟာနေသောကွက်လပ်လေးကို
ဖြည့်ဆည်းဖို့ ကျွန်တော်လာခဲ့ပါမည်...ကျွန်တော်တို့ နှစ်ဦးစလုံးတွင်ရှိထားပြီးသော အစိတ်အပိုင်းကို ကိုယ်စီသိမ်းပြီး...
ကားချပ်တစ်ခုလုံးပြီးပြည့်စုံရန် ကျန်ရှိသောအရာများကို ရှာဖွေရပါဦးမည်...။

Wednesday, December 31, 2008

ကျွန်တော် လွမ်းနေသောမြို့

ထိုမြို့လေးတွင် ကျွန်တော်မွေးဖွားခဲ့ခြင်း မရှိပါ။ သို့သော် ထိုမြို့လေး၏ ထွေးပွေ့မှုဖြင့်
ကျွန်တော်လူလားမြောက်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့လေးသည် ကျွန်တော့်ဘ၀၏ အစိတ်အပိုင်းတစ်ခု၊
အရိပ်များစွာကို သိမ်းဆည်းထားသော ပြတိုက်လေးတစ်ခုလည်း ဖြစ်ပါသည်။
မြို့ငယ်လေးသည်ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ်တွင် တည်ထားခြင်းဖြစ်သည်။
တောင်တန်းများကို မျက်နှာမူပြီး မြစ်တစ်စင်းကို နောက်ကျော၌ဖွက်ထားသောမြို့လေးသည်
ဆိတ်ငြိမ်အေးချမ်းလှသည်။ ဧရာဝတီမြစ်တွင်းသွား သင်္ဘောကြီးများ၏ နောက်ဆုံးဆိပ်ကမ်း၊
တရုတ်ပြည် ယူနန်နယ်နှင့် နီးကပ်စွာတည်ရှိခြင်းတို့က မြို့လေး၏ အားသာချက်များဖြစ်သည်။
ရှေးယခင်က လက်နက်ကိုင်တိုက်ပွဲများကြောင့် ဆိတ်ဆိတ်နေခဲ့ရသောမြို့လေးသည်
ယခုအခါ အသံလေးတစာစာဖြင့် စွာလျက်ရှိနေပြီ။ ပြူတင်းပေါက်ဖွင့်လိုက်လျှင်
လေပြေလေညှင်းဝင်လာမည် ဖြစ်သကဲ့သို့ ပိုးမွှားများလည်း ၀င်လာနိုင်ကြောင်း၊
ထို့ကြောင့် ကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ထားဖို့လိုအပ်ကြောင်း တရုတ်ခေါင်းဆောင်
တိန့်ရှောင်ဖိန်က ပြောခဲ့ဖူးသည်။ မြို့လေးသည် ထိုစကားကို အလေးမထားနိုင်ခဲ့ပါ ။
ကိုယ်ခံအားကောင်းဖို့ထက် လူတွင်ကျယ်ဖြစ်ဖို့သာ အရေးကြီးနေခဲ့သည်။ မြို့လေးမှ လူများသည်
ပညာမည်မျှတတ်သည်ထက် အိတ်ထဲတွင် ငွေမည်မျှပါသည်ကိုသာ အာရုံစိုက်နေခဲ့သည်။
မြို့လေးမှလူငယ်များအနေဖြင့်လည်း ကျောင်းသင်ခန်းစာများက လိုအပ်ချက်များကို
ဖြည့်ပေးမည် မဟုတ်ဟု တွေးတောလုပ်ကိုင်လာကြသည်။ခေတ်ပေါ် လှိုင်းလုံးများ၏ ရိုက်ခတ်မှုကို
ကြံ့ကြံ့ခံနိုင်ရန် မြို့လေးတွင် ကိုယ်ခံအားမကောင်းခဲ့ပါ ။ အမှောင်တို့ကြီးစိုးသောနေ့ရက်တို့
အစပြုခဲ့လေပြီ။ တိုင်းပြည်၏ရတနာများစွာတို့သည် နယ်စပ်တလျှောက်မှ တဖက်နိုင်ငံသို့ ခေါင်းငုံ့
ထွက်ခွာသွားကြသည်။ ထိုရတနာများနှင့်အတူ စောင့်စည်းအပ်သောတရားတို့လည်းပါသွားကြောင်း
သိရှိကြပါသလား။ တဖန် တဖက်နိုင်ငံမှ အကောက်ခွန်မဲ့ပစ္စည်းများနှင့်အတူ မူးယစ်ဆေး၊
လိင်နှင့်ဆက်စပ်သောရောဂါ၊ ကျိုးပဲ့စုတ်ပြတ်နေသော စိတ်ဓါတ်များသယ်ဆောင်၍
ပြန်ဝင်လာကြကြောင်းသိရှိကြပါသလား။
ရှေးယခင်က ဂစ်တာသံတို့ဖြင့် စည်လွင်နေတတ်သော မြစ်ကမ်းဘေးအုတ်ခုံတို့သည်
ယခုအခါတိတ်ဆိတ်လျက်။ ဖြူစင်သောမျက်နှာများစွာတို့ ဖြူလျော်သွားသည့်အဖြစ်တို့ကိုလည်း
မြို့လေးက သူ့လမ်းထောင့်ချိုးတိုင်းတွင် သိမ်းဆည်းထားခဲ့သည်။
ကောင်းကင်တွင် တိမ်တို့အုပ်ဖွဲ့ ပျံသန်းတိုင်း ကျွန်တော်မြို့လေးကို လွမ်းပါသည်။မြို့လေးကော
နဂါးငွေ့တန်းများကြား နစ်မျောနေဆဲလား။ အိပ်နေလျက် လမ်းလျောက်နေတတ်သော သူငယ်ချင်းများရော
ဘယ်လှိုင်းကို လမ်းကြုံစီးနေတုန်းလဲ ....မေးခွန်းများစွာနှင့် ကျွန်တော်လွမ်းမိပါသည်....။