Wednesday, December 31, 2008

ကျွန်တော် လွမ်းနေသောမြို့

ထိုမြို့လေးတွင် ကျွန်တော်မွေးဖွားခဲ့ခြင်း မရှိပါ။ သို့သော် ထိုမြို့လေး၏ ထွေးပွေ့မှုဖြင့်
ကျွန်တော်လူလားမြောက်ခဲ့ခြင်းဖြစ်သည်။ ထိုမြို့လေးသည် ကျွန်တော့်ဘ၀၏ အစိတ်အပိုင်းတစ်ခု၊
အရိပ်များစွာကို သိမ်းဆည်းထားသော ပြတိုက်လေးတစ်ခုလည်း ဖြစ်ပါသည်။
မြို့ငယ်လေးသည်ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ်တွင် တည်ထားခြင်းဖြစ်သည်။
တောင်တန်းများကို မျက်နှာမူပြီး မြစ်တစ်စင်းကို နောက်ကျော၌ဖွက်ထားသောမြို့လေးသည်
ဆိတ်ငြိမ်အေးချမ်းလှသည်။ ဧရာဝတီမြစ်တွင်းသွား သင်္ဘောကြီးများ၏ နောက်ဆုံးဆိပ်ကမ်း၊
တရုတ်ပြည် ယူနန်နယ်နှင့် နီးကပ်စွာတည်ရှိခြင်းတို့က မြို့လေး၏ အားသာချက်များဖြစ်သည်။
ရှေးယခင်က လက်နက်ကိုင်တိုက်ပွဲများကြောင့် ဆိတ်ဆိတ်နေခဲ့ရသောမြို့လေးသည်
ယခုအခါ အသံလေးတစာစာဖြင့် စွာလျက်ရှိနေပြီ။ ပြူတင်းပေါက်ဖွင့်လိုက်လျှင်
လေပြေလေညှင်းဝင်လာမည် ဖြစ်သကဲ့သို့ ပိုးမွှားများလည်း ၀င်လာနိုင်ကြောင်း၊
ထို့ကြောင့် ကိုယ်ခံအားကောင်းအောင် ဆောင်ရွက်ထားဖို့လိုအပ်ကြောင်း တရုတ်ခေါင်းဆောင်
တိန့်ရှောင်ဖိန်က ပြောခဲ့ဖူးသည်။ မြို့လေးသည် ထိုစကားကို အလေးမထားနိုင်ခဲ့ပါ ။
ကိုယ်ခံအားကောင်းဖို့ထက် လူတွင်ကျယ်ဖြစ်ဖို့သာ အရေးကြီးနေခဲ့သည်။ မြို့လေးမှ လူများသည်
ပညာမည်မျှတတ်သည်ထက် အိတ်ထဲတွင် ငွေမည်မျှပါသည်ကိုသာ အာရုံစိုက်နေခဲ့သည်။
မြို့လေးမှလူငယ်များအနေဖြင့်လည်း ကျောင်းသင်ခန်းစာများက လိုအပ်ချက်များကို
ဖြည့်ပေးမည် မဟုတ်ဟု တွေးတောလုပ်ကိုင်လာကြသည်။ခေတ်ပေါ် လှိုင်းလုံးများ၏ ရိုက်ခတ်မှုကို
ကြံ့ကြံ့ခံနိုင်ရန် မြို့လေးတွင် ကိုယ်ခံအားမကောင်းခဲ့ပါ ။ အမှောင်တို့ကြီးစိုးသောနေ့ရက်တို့
အစပြုခဲ့လေပြီ။ တိုင်းပြည်၏ရတနာများစွာတို့သည် နယ်စပ်တလျှောက်မှ တဖက်နိုင်ငံသို့ ခေါင်းငုံ့
ထွက်ခွာသွားကြသည်။ ထိုရတနာများနှင့်အတူ စောင့်စည်းအပ်သောတရားတို့လည်းပါသွားကြောင်း
သိရှိကြပါသလား။ တဖန် တဖက်နိုင်ငံမှ အကောက်ခွန်မဲ့ပစ္စည်းများနှင့်အတူ မူးယစ်ဆေး၊
လိင်နှင့်ဆက်စပ်သောရောဂါ၊ ကျိုးပဲ့စုတ်ပြတ်နေသော စိတ်ဓါတ်များသယ်ဆောင်၍
ပြန်ဝင်လာကြကြောင်းသိရှိကြပါသလား။
ရှေးယခင်က ဂစ်တာသံတို့ဖြင့် စည်လွင်နေတတ်သော မြစ်ကမ်းဘေးအုတ်ခုံတို့သည်
ယခုအခါတိတ်ဆိတ်လျက်။ ဖြူစင်သောမျက်နှာများစွာတို့ ဖြူလျော်သွားသည့်အဖြစ်တို့ကိုလည်း
မြို့လေးက သူ့လမ်းထောင့်ချိုးတိုင်းတွင် သိမ်းဆည်းထားခဲ့သည်။
ကောင်းကင်တွင် တိမ်တို့အုပ်ဖွဲ့ ပျံသန်းတိုင်း ကျွန်တော်မြို့လေးကို လွမ်းပါသည်။မြို့လေးကော
နဂါးငွေ့တန်းများကြား နစ်မျောနေဆဲလား။ အိပ်နေလျက် လမ်းလျောက်နေတတ်သော သူငယ်ချင်းများရော
ဘယ်လှိုင်းကို လမ်းကြုံစီးနေတုန်းလဲ ....မေးခွန်းများစွာနှင့် ကျွန်တော်လွမ်းမိပါသည်....။

3 comments:

ဖိုးဂျယ် said...

မြို့လေးကို ဖေါ်ပြထားတာလေးက
သဘာဝကျတယ်ဗျာ စိတ်မျက်လုံးထဲမှာ
မြင်ယောင်လာတယ်။

နန်းညီ said...

အရင်မြို့လေးကို လာလည်ဖို့ မမီလိုက်တာ စိတ်မကောင်းစရာပဲ.. ဒါပေမယ့်လည်း ဘတ်စ်ကားအိတ်ဇောငွေ့တွေ.. အပေးအယူတွေ.. ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ အသက်ရှင်နေတဲ့ ဒီမြို့ကြီးထက် စာရင်တော့ အများကြီး လတ်ဆတ်ပါသေးတယ်လေ..

mirror said...

ညီမလဲ လိုက်လွမ်းလိုက်တာ။ပျော်စရာကြီး သူတို့နေရာတွေက..မနာလိုဘူး..တကယ်