Friday, August 21, 2009

လှိုင်းများနောက်ဝယ်

အ၀ါရောင်ကွင်းပြင်ထက် မြက်ပင်များက လေတိုက်တိုင်း လှိုင်းများလို တလှိမ့်လှိမ့်တလူးလူး...။ ကျွန်တော်ဘာကိုမျှ တွေးမနေတော့ပါ။ လက်ရှိပစ္စုပ္ပန်တဲ့တဲ့တွင် လေတိုက်တိုင်းလှိမ့်လူးနေသောလှိုင်းများသာ
မျက်စိရှေ့တွင်ရှိနေသည်။ ကျွန်တော်မြင်နေရသည်။ အ၀ါရောင်တောက်တောက်မြက်ခြောက်များပေါ် နေရောင်က ကမူးရူးထိုး ထိုးဆင်းနေသောအခါ ရွှေရောင်မြစ်တစ်စင်းပမာ အလင်းပြန်နေတော့သည်။ ထိုကွင်းပြင်ကို ကျွန်တော်တောင်စောင်းတစ်ခုပေါ်မှ မြင်နေရခြင်းဖြစ်သည်။ မြင်နေခြင်းနှင့် ကြည့်နေခြင်း ဘာကွဲပြားပါသနည်း။

ကြည့်သောကြောင့် မြင်သည်ဟုဆိုလျှင် မြင်တိုင်းလည်း ကြည့်၍ဖြစ်မည်။ ကြည့်တိုင်းကော မြင်ပါသလား။
ကျွန်တော် တောင်စောင်းတစ်ခုပေါ်တွင် ဆိုင်ကယ်ကိုရပ်လျက် တောင်အောက်ဖက်ကွင်းပြင်ကို လှမ်းကြည့်နေခြင်းဖြစ်ပါသည်။ ကျွန်တော့်ဆိုင်ကယ်သည် မြို့လေးဆီသို့ အပြန်လမ်းကို ဦးတည်ထားသည်။
ရပ်နေသောလမ်းသည် တောလမ်းလေးဖြစ်ပြီး ကားတစ်စင်းသွားသာရုံကျောက်လမ်းလေးဖြစ်သည်။
ဤလမ်းကို အသုံးပြုသူများမှာ မှောင်ခိုကုန်ကူးသူများ၊ သစ်ခိုးထုတ်သူများနှင့် သူပုန်ဟုသတ်မှတ်ခံရသူများသာ အသုံးပြုကြသည်။ အထုပ်အပိုးများတနင့်တပိုးတင်ထားသော ဆိုင်ကယ်များက ရံဖန်ရံခါကျွန်တော့်ဘေးမှ ဖြတ်လျက်။ သူတို့ကျွန်တော့်ကို ဂရုမစိုက်အားပါ။ အာရုံထွေပြားမှုက တောင်ကမ်းပါးရံကိုဖြစ်စေ၊ ချောက်ထဲသို့ဖြစ်စေ ဆိုင်ကယ်ကို ဆွဲခေါ်သွားစေနိုင်ပါသည်။

ဆိုင်ကယ်မောင်းသွားသူထဲမှ တချို့သည် ကျွန်တော်နှင့်ကျောင်းနေဘက်များဖြစ်ကြသည်။ "ကောင်လေး ဘာလုပ်နေတာလဲ ...ခံစားနေတယ်ဟုတ်လား "ဟုအော်ဟစ်နှုတ်ဆက်ရင်း ဖြတ်သန်းသွားကြသည်။ သူတို့မြင်သောအရာသည် နယ်စပ်ရောက်လျှင် ရရှိမည့်ငွေကြေးပမာဏဖြစ်ပေလိမ့်မည်။ ကုန်ချိန်အပြည့်ကိုတင်၍ တောင်ပေါ်ကျောက်ခင်းလမ်း မညီမညာတွင် တရကြမ်းမောင်းနှင်သွားပုံမှာ ကျွမ်းကျင်မှုရှိသည်။ လူငယ်တစ်ယောက်၏ အားမာန်သည် ဆိုင်ကယ်လီဗာသံနှင့်ထပ်တူ အရှိန်ကခပ်ပြင်းပြင်း။
ထိုထိုသော လူငယ်လေးသည် နာရီအနဲငယ်အတွင်း နယ်စပ်ရောက်သွားလိမ့်မည်။ သူ့စီးတော်ယာဉ်လေးပေါ်မှ
ကုန်များကို တဖက်ကုန်သည်ကလက်ခံလိမ့်မည်။ ကုန်ချိန်အတိုင်း ရှင်းပေးသောငွေကိုယူပီး ထိုကောင်လေး အိပ်မက်မျှားရန် ကြိုးစားလိမ့်မည်။

ငွေရှာရလွယ်သကဲ့သို့ ငွေကုန်လည်းလွယ်အောင် အိပ်မက်တို့ကို မျှားယူမည့်နေရာများစွာရှိပါသည်။ လိပ်ပြာလေးများ၏ တောင်ပံခတ်သံဝယ် ယစ်ယစ်မူးမူး နာခံရင်း လက်ကလွတ်ကျသွားသော ချောင်းဆိုးပျောက်ဆေးရည်ပုလင်းလေးများ ၊ ကုတင်ခြေရင်းနား လုံးခြေလွင့်ပစ်ထားသော ခဲစက္ကူအပိုင်းအစ ၊
ချစ်ခြင်းမေတ္တာကင်းသော အထိအတွေ့များ ။ ဤအရာများက လူငယ်တစ်ဦး၏ အိပ်မက်ကိုမျှားရန် သိပ်လွယ်ကူလွန်းပါသည်။ အသစ်အဆန်းကို တက်မက်သောလူငယ်စိတ်က အသစ်အဆန်းမဟုတ်တော့တည့်တိုင် အတွေ့အကြုံ ဖြစ်သွားသောအခါ လုပ်လေ့လုပ်ထရှိသောအရာများ ဖြစ်သွားတော့သည်။

ထိုအကြောင်းများကို တွေးတောရန် ကျွန်တော့်မှာ ကြိုတင်ရည်စူးချက်မရှိခဲ့ပါ။ အ၀ါရောင်ကွင်းပြင်က လေတိုက်တိုင်း လှိုင်းလုံးများသဖွယ် တလှိမ့်လှိမ့် ။ ဤတောလမ်းလေး အဆုံးသတ်တနေရာတွင် ကတ္တရာလမ်းမကျယ်ကြီး ဖြစ်ပါသည်။ ထိုလမ်းမကြီးက အိမ်မှထွက်ခွာလာသူ၊ အိမ်သို့ပြန်လာသူ ၊ ဖြတ်သန်းရုံဖြတ်သန်းသူတိုင်းကို အလျားလိုက်ရင်ဖွင့်ရင်း ကြိုဆိုနေပါသည်။ ကျွန်တော် ရပ်ထားသောဆိုင်ကယ်ပေါ် ခွထိုင်လိုက်ရင်း ဆိုင်ကယ်စက်နိုးလိုက်သည်။ ကျွန်တော့်ဦးတည်ရာက အိမ်အပြန်လမ်းဆီသို့။

ကျွန်တော်ကျောခိုင်းခဲ့သော မြင်ကွင်းတွင် ကျွန်တော်ရှိမနေတော့တည့်တိုင် အ၀ါရောင်လှိုင်းများက တ၀ုန်းဝုန်းရိုက်ခတ်လျက် ... ထိုလှိုင်းများအောက်တွင် ငယ်ငယ်ကကျောင်းလွယ်အိတ်လေးများ လူးလူးလှိမ့်လှိမ့်.။

11 comments:

purplemay said...

ဟား...နာ့အစ်ကို..မတင်ဘူးမတင်ဘူးနဲ့..
တင်မယ့်တင်တော့လည်း..ဟိုက်...ရှာလဘက်ရည်..ပါလား..။
အက်ဆေးလေးဖတ်လို့အရမ်းကောင်း...

jr.လွင်ဦး said...

ကန့်လန့်တိုက်တော့ဘူးနော်..
ဒါပေမယ့် ကောမန့်ကို ဘာရေးရမှန်းမသိဘူး..
အတွေးတွေ ၀င်သွားတယ်..

Yu Ya said...

ကိုစမ်းချေင်းလေးရေ... ရေးထားတာလေး ရသမြောက်လိုက်တာဗျာ

yu ya

အနော် said...

ကို brook ရေ
ငါ့အကို ရေးလိုက်တဲ့ အက်ဆေးတိုင်းဟာ နှလုံးသားကို ထိထိရှရှ ခံစားစေရတယ်ဗျာ
အိမ်ကိုပြန်မယ့် လူငယ်လေးရဲ့ နံဘေးက အဖြစ်အပျက်တွေဟာ လှိုင်းလုံးတွေလိုပဲ တလူးလူး တလိမ့်လိမ့်ပါလား အကို
အဲ့ဒီလူငယ်လေး ရပ်နေတဲ့ နေရာလေးမှာပဲ လိုက်ရပ်ရင်း အဝါရောင်လှိုင်းလုံးတွေကို မိန့်မိန့်မူးမူး ခံစားသွားတယ် ကို brook ရေ

ရွှေပြည်သူ said...

ဖတ်ပြီးတဲ့အချိန် မျက်လုံးထဲမှာ အဝါရောင်တွေနဲ့ ဆိုင်ကယ်တွေ... ဆိုင်ကယ်ပေါ်ကလူငယ်တွေ... နောက် ကျောင်းလွယ်အိတ်လေးတွေ ဝေဝါးရောထွေးပြီး ကျန်ခဲ့တယ်...။ အတွေးရော ရသပါပေးတဲ့ အက်ဆေးကောင်းတစ်ပုဒ်ပါ brook ရေ...

လင်းဒီပ said...

ကျောင်းလွယ်အိတ်နဲ့ ငယ်ရွယ်ဖြူစင်တဲ့အရွယ်
တဖြေးဖြေးကြီးလာ ဘဝကို အလိုရမ္မက်တွေထဲ ဆွဲနှစ်
နောက် နယ်စပ်တစ်ခုရဲ့ ရှု့မျှော်ခင်း...

ဖတ်လို့ကောင်းတဲ့ အက်ဆေးလေးပါ ကိုမြောင်းငယ်..

နန်းညီ said...

အဝါရောင် လှိုင်းတွေ..

အောင်ဒီကန် said...

အဝါရောင်လှိုင်းတွေဆီက ကျောခိုင်းထွက်ခဲ့တယ် ဆိုပါတော့..................................

tututha said...

ကောင်းလှချည်လား ဒေါင်းမြကြည်ရယ် .. အဲ ဟုတ်ဘူး မြောင်းပေါက်စရယ် .. :)

ဇော် said...

ကျနော်လဲ မွေးရပ်မြေပြန်ရင် အဲ့လို အမြဲလုပ်ဖြစ်တယ် ကိုဘရွတ်ရ။
အကြိုက်ချင်း ခံစားချက်ချင်းတော့ လာတူနေပြီ။ =]

လင့်က ခနခန ပျောက်ပျောက်သွားလို့ အပ်လိုက်တယ်နော် တစ်ခါတည်း။ အဟဲ။ =]

ငယ် said...

ချောင်းပေါက်စရေ...
ခံစားသွားတယ်နော့်...

ပျော်ရွှင်ပါစေ