Tuesday, April 14, 2009

ငြိမ်း

တိုးတိုးတိတ်တိတ် ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ စီးဆင်းချင်တယ်။ ရင်လောက်တင်မှ ဒူးလောက်ကျတာတွေ နားမလည်ချင်ဘူး။
မင်းဘယ်လောက်ရှိလဲ ငါဘယ်လောက်ရှိလဲ။ မင်းဘယ်လောက်တတ်လဲ ငါဘယ်လောက်တတ်လဲ မသိချင်ဘူး။
ငါလည်းလူ မင်းလည်းလူလေ။ သူငယ်ချင်းရေ နေရောင်အောက်မှာ မင်းရောငါရော အသက်အတူတူရှူကြစို့။
ကွဲပြားခြားနားနေတဲ့ မတူညီမှုများကို အငြင်းမပွားဘဲ လက်ခံကြစို့။ ငါတို့ဘာသာတရား၊ ငါတို့ အသားအရောင်...
ဒါတွေထက် ငါတို့သွေးတွေတူညီတာကို အလေးထားစို့။
ငါတို့ဘယ်လောက်များများမှ သယ်ဆောင်မသွားနိုင်ပါဘူးလေ။ အလေ့ကျပေါက်တဲ့ သစ်တောတွေလိုပါပဲ။
အာကာပြင်မှာ ခဏဖြတ်သွားတဲ့ တိမ်တွေလိုပါပဲ။ တဖြေးဖြေးနဲ့ ဝေးပြီးပျောက်သွားတဲ့အခါ ငါတို့ဟာဘာများလဲကွယ်။
ငါတို့သယ်ဆောင်သွားတာထက် ငါတို့ချန်ရစ်ခဲ့တာတွေက အရေးကြီးရင် ငါတို့အကောင်းတွေသာချန်ထားနိုင်အောင်သာ
ကြိုးစားကြစို့။
ငါက သူ့ထက်အရေးပါတယ်လို့ ငါထင်ရင်၊ ငါတို့က သူတို့ထက်အရေးပါတယ်လို့ ငါတို့ထင်နေခဲ့ရင် မပြီးဆုံးနိုင်သော
အငြင်းပွားမှုတွေနဲ့ ပြိုင်ပွဲတွေ၊ ပိုကြီးကျယ်လာရင် စစ်ပွဲတွေ ဘယ်သောအခါမှ ဆုံးနိုင်မှာမဟုတ်တော့ဘူး။ ဒါတွေကပဲ
သမိုင်းကိုရေးခဲ့တာဆို ငါတို့သွေးနံ့ကင်းတဲ့ သမိုင်းကိုရေးလို့မရနိုင်ဘူးလားကွာ။
တစ်နေ့နေ့ တစ်ချိန်ချိန် ငါတို့ကလေးတွေဟာ နေရောင်နွေးနွေးအောက်က မြက်ခင်းပြင်မှာ ပျော်ပျော်ရွှင်ရွှင်ကစားနေတာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ကလေးတွေဟာ ကွဲပြားသောဝတ်ကျောင်းတွေမှာ တူတူတက်ရင်း ခေါင်းလောင်းသံတွေနာခံနေတာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ကလေးတွေဟာ သစ်ရိပ်အောက်မှာ သီချင်းတွေဆို၊ ကဗျာတွေရွတ်..ပန်းချီတွေသာဆွဲနေတာ
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ကလေးတွေအားလုံး ငြိမ်းငြိမ်းအေးအေး သူတို့ဘ၀ကိုကုန်လွန်သွားလိုက်နိုင်တာ.... ... ...
ငါတို့သာ အခုအလိုရှိတယ်ဆိုခဲ့ရင် ....
သူငယ်ချင်းရေ ... ... ... ... ... ... ... ... ... ... ... ... ...။


( ချစ်ခြင်းများစွာဖြင့် နန်းညီအတွက်... မွေးနေ့လက်ဆောင်)

2 comments:

ဖိုးဂျယ် said...

မင်းတွေးသလို ဖြစ်ပါစေ သူငယ်ချင်းရေ

တီချမ်း said...

shalon 15: 11