Tuesday, July 20, 2010

အရှိ ... ... ...

ပခုံးစွန်းမှ လည်တိုင်းရင်းတို့ သူ့ခေါင်းလေးထိုးဝင်လာသည်ကို အလိုက်သင့်ပင်ခံယူလိုက်ပါသည်။ ဆံပင်လေးတွေက အလုံးခပ်သေးသေး ချောချောမွေ့မွေ့ရှိမှန်း အထိအတွေ့က သိနေရသည်။ မိတ်ကပ်နံ့တထောင်းထောင်း ထမနေတာကို သူသတိပြုမိသည်။ လက်လေးတစ်ဖက်ကို ကိုယ့်ရင်ဘတ်ပေါ်တင်ထားပြီး ကိုယ့် အကြောင်းကို မေးတော့ ကိုယ်ဘာဖြေရမည်မသိ။ "ဘာအလုပ်လုပ်တာလဲ။" ဒီလိုကောင်မလေးကို ကိုယ့်ဘ၀အမှန်ကို ကိုယ်ဖွင့်ပြောလေ့ရှိကြသလား ကိုယ်မသိပါ။ "ကိုယ်လား ... ကိုယ် ဝေလေလေကောင်ပါ။" သူမသည် အလိုက်သိသော ကလေးမလေးဖြစ်မည်။ နောက်မေးခွန်းတစ်ခုက "သီချင်းဆိုတတ်သလား"တဲ့။ အင်း ... ဖြေရခက်တဲ့ မေးခွန်းမဟုတ်။ "ကိုယ်သီချင်းတွေကို ကြိုက်နှစ်သက်ပေမယ့် ကိုယ့်အသံက မကောင်းဘူး။" ဒီလိုဖြေလိုက်တော့ ဆိုပြပါလားတဲ့။ ဒီလိုကောင်မလေးကို ကိုယ်သီချင်းဆိုပြသင့်လား။ ဒါကိုလည်း ကိုယ်မသိပါ။ ကိုယ် မသိတာတွေ သိပ်များနေပြီလား။

သူမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းမိသည်။ "ဝေးသွားတဲ့အခါ .. နှလုံးသားမှာ အမြဲတမ်းသတိရနော် ...ကြင်နာခဲ့ဖူးတဲ့အချိန်ခနများ ... ...။ "သာသာယာယာတိတ်တိတ်ဆိတ်ဆိတ် နားထောင်ပြီးမှ မေးပြန်သည်။ ချစ်သူမရှိဘူးလား ဟင် တဲ့။ ရှိခဲ့ပါတယ်လို့ ကိုယ်ပြန်ဖြေလိုက်သည်။
မင်းမှာကောလို့ မေးမိတော့ သူမကလည်း ရှိခဲ့ပါသည်တဲ့။ သြ ... ... ...။ သူမမှာလည်း ချစ်သူရှိခဲ့သည်ပေါ့။ ဘာလို့ ပြတ်သွားတာလဲလို့ ကိုယ့်ကိုမေးတော့ ကိုယ်အသုံးမကျလို့ ကိုယ်ညံ့လို့လို့ ကိုယ်ပြန်ဖြေတဲ့အသံမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးတော့။ ကိုယ်အားနာပြီး သူမပခုံးကို အသာအယာပဲ ပွတ်ပေးနေလိုက်တော့သည်။ သူမ စိတ်ကြပ်တည်းနေမှာစိုး၍ ဘာသီချင်းရလည်း မေးတော့ အသံက ၀မ်းသာအားရဖြင့် အို ... အများကြီးရတယ်တဲ့ .. သူမဖြေပြန်သည်။
ထို့နောက် ကိုယ်မခိုင်းရဘဲ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုပြပါတော့သည်။ အသံက ခပ်တိုးတိုး။ သီချင်းတွေက အနှစ်သာရလည်းမရှိဘူးဟု သူထင်ပါသည်။ ထိုအကြောင်းကိုတော့ သူမကို မပြောပါ။ မင်းစာအုပ်တွေကောဖတ်သလား။ ၀တ္တုတွေဘာတွေပေါ့ဟု မေးတော့ သူမက နာမည်တချို့ရွတ်ပြသည်။ အပျင်းပြေတောင် မဖတ်မိတဲ့ အပျင်းပြေစာအုပ်များ။သူမဆိုပြသော သီချင်းများလိုပင် သူမရွေးချယ်ဖတ်သော စာရေးသူအမည်နာမများက အပေါစားဆန်လိုက်တာလို့ သူတွေးမိသည်။

ဖွင့်ထားသော ဂြိုလ်တုတီဗီအစီအစဉ်မှ အင်္ဂလိပ်ကားတစ်ကား၏ စာတန်းထိုးကို သူမက အလွယ်တကူ ရွတ်လိုက်ချိန်တွင် သူအံ့အားသင့်သွားသည်။ သူမက စစ်ကားပဲဟု ပြောသည်ကို နားထောင်ရင်း။ မင်း ကျောင်းဘယ်ထိနေခဲ့တာလည်း မေးတော့ သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။ အိုး ... ဒီလိုကောင်မလေးက
တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိတက်ခဲ့ပါလား။ ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်တာလို့ တဆက်တည်းပြောတော့ သူချက်ချင်း ခံတွင်းချဉ်လာသည်။" ကိုယ့်ကို စီးကရက်ဘူး ယူပေးစမ်းပါ။" သူမ ရင်ခွင်ထဲမှထကာ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ယူပြီးမီးညှိ၊ ပြီးမှ ကိုယ့်ကို လှမ်းပေးသည်။ ကိုယ် ခါးမတ်မတ်ထိုင်လိုက်တော့ သူက ကိုယ့်နားမှာ ခွေခွေလေးလှဲချရင်း ဆံပင်တွေကို လက်နှင့်လိမ်ဆော့နေသည်။ ပြီးတော့ သူ့အကြောင်းကို အေးအေးဆေးအေးပင် ခပ်တည်တည်ပြောတော့သည်။ ဒီလိုကောင်မလေးတွေ ပြောနေကြစကားဖြစ်မှာပါ။
" အဖေနဲ့ အမေနဲ့က ကွဲနေကြတယ်။ အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အဲ့အိမ်မှာမနေချင်ဘူး။ "
ကိုယ်စီးကရက်ပြာကို ချွေချလိုက်ရင်း သူမစကားကို အင်း လိုက်လိုက်မိသည်။ "အဒေါ်နဲ့လိုက်နေတယ်။ အရင်ကတော့ စတိုးဆိုင်မှာ လုပ်တာပဲ။ လခက လေးသောင်းလောက်ပဲရတာ။
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတော့ လခထဲက သူ့ကိုလည်း နည်းနည်းပေးတာပေါ့။ လခလေးလေးသောင်းမှာ သူ့ကိုနှစ်သောင်းပဲပေးလို့လည်းမကောင်းဘူး။သုံးသောင်းလောက်ပေးပြန်တော့လည်း ကားခအတွက် တစ်သောင်းလေးနဲ့ မဖြစ်ပြန်ဘူးလေ။" ကိုယ် ... အင်း လိုက်လိုက်ပြန်သည်။
"အဲ့ဒါနဲ့ ခုအလုပ်လုပ်လုပ်ဖြစ်တာပဲ။" " အဒေါ်က မရိပ်မိဘူးလား"လို့ ကိုယ်မေးမိတော့"ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်" တဲ့။ စီးကရက်မီးခိုးငွေ့တွေကို သူမနှင့်ဝေးရာဘက် မှုတ်ထုတ်ရင်း
ကိုယ် ဘာတွေးနေလည်း ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။

ခုအလုပ်ကတစ်လကိုနှစ်သိန်းလောက်ရတယ်။အ၀တ်အစားဖိုးပြန်နှုတ်ရင်တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ်။ အင်း .. ဒီအလုပ်က ထွက်ပြီး မင်း ဘာဆက်လုပ်မှာလဲလို့ ကိုယ်မေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။ ကျောင်းပြီးတော့ကော။
ကိုယ်ဆို ကျောင်းပြီးကတည်းက ဝေလေလေပဲဆိုတော့ သူမက ပြုံးပြီး အဝေးက တီဗီဖန်သားပြင်ကို ခပ်ငေးငေးကြည့်ရင်း ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့။ ဘုရားရေ ... ကိုယ် သူမကိုသေချာကြည့်မိတော့ သူမသည် တကယ်က တီဗီဇာတ်လမ်းကို ကြည့်ပြုံးနေခြင်းမဟုတ်ဟု သူတကယ်ကို ယုံကြည်မိပါသည်။ မင်း သတ္တိရှိလှချည်လား။ ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ သူကြားဖူးနားဝနဲ့မေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေသည်။
သူမဖြေနေပုံ ပြောနေပုံတွေက တကယ်ပင် ဆရာမတစ်ယောက်လို သူမကိုယ် သူမ ထင်မြင်လာပုံရသည်။ ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကိုယ်စိတ်မကောင်းဖြစ်သွားပြီး
အင်း ... မင်းဆံပင်ရှည်ရှည်တွေကို ဆံထုံးလေးထုံး၊ အဖြူအစိမ်းဝတ်စုံနဲ့ဆို တကယ်လှမှာပဲဆိုတော့ သူမက ကိုယ့်ကိုပြုံးပြသည်။ ဒါ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ်မသိပါ။

တကယ်လားလို့ သူပြန်လည်မေးသည်ကို အသာအယာပင်ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်လိုက်တော့ ပြုံးပြန်သည်။ ဒီမိန်းကလေးက ခနခန ပြုံးနေနိုင်တယ်လို့ ကိုယ်သတိပြုမိပြန်သည်။
ကိုယ်ကတော့ ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ်ရှင့် တဲ့။ သူ လွတ်လွတ်လပ်လပ်ရီမိပြီး ဟုတ်ကဲ့ ဆရာမဆိုတော့ သူမက လှောင်တာလားလို့ ပြန်မမေးပါ။
ကိုယ် ... မလှောင်ပါ။ ဒီတစ်ခါတော့ဖြင့် ကိုယ်မလှောင်ပြောင်မိပါ။ မိုးမြန်မြန်ပြန်လင်းဖို့ ကိုယ်ဆုမတောင်းမိသော်လည်း မိုးလင်းစေချင်ပါပြီ။ စီးကရက်မီးကို ပြာခွက်ထဲထိုးချေရင်း ကိုယ့်ကိုယ်ကို အသာလျောလိုက်တော့ သူမက တစ်ခါအနားပြန်တိုးကပ်လာသည်။ သူမက ကိုယ့်ပခုံးစွန်းအောက်နား ခေါင်းတင်ရင်း သူမသိထားသော ဟာသပုံပြင်များနှင့် ဗီဒီယိုဇာတ်ကားများ အကြောင်းကို တတွတ်တွတ်ပြောနေပါသည်။သူမခေါင်းကိုသာ ဖွဖွပုတ်ရင်း အခန်းတွင်းသို့ ထိုးဝင်ရောက်လာမည့် အလင်းရောင်ကို ကိုယ်စောင့်နေမိပါတော့သည်။

မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ် ... ... ... ... ... ... ...။ ။

20 comments:

mirrror said...

အိုး.. အကိုကြီး..ဆွဲလှချည်လား..။မနိုင်ဘူး။ တကယ်။ ဒီအတိုင်းကြီးကို လွှတ်ချလိုက်ပြီ။း)

ywartharlay-ytu said...

အလင်းရောင်

ဟိုးအရှေ့မှာ ရောင်နီလာပြီ

ထတော့ဆိုလို့...........

အခုထိတော့ ပိန်းပိတ်လို့မှောင်နေတုန်း.

ခိုင်နုငယ် said...

အလင်းရောင်တွေမြန်မြန်ရကြပါစေ။
အက်ဆေးနှင့်မတူပဲ....
ဝတ္ထုလေးဆန်တယ်။
မင်္ဂလာပါ။...လာလည်စာဖတ်သွားပါတယ်။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

လင်းဒီပ said...

ကျွန်တော်တို့ မသိတဲ့ မတွေးမိတဲ့ ကိုယ်ပိုင်အဓိပ္ပာယ် ကိုယ်စီနဲ့ ရှင်သန်နေတဲ့ ဘဝတွေ အများကြီးဗျာ...။

အနော် said...

ကိုလင်းဒီပ ပြောတာကို သဘောတူမိတယ်..
မျှော်လင့်ချက်ဆိုတာထက် အိပ်မက်တွေလို့ သုံးနှုန်းရင် ပိုသင့်တော်မယ့် ဘဝတွေနဲ့လဲထားရတဲ့ အိပ်မက်တွေ လူတိုင်းမှာ ကိုယ်စီ ရှိကြပါတယ်..
မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ် ... ... ... ... ... ... ...။ ။

Maung Myo said...

ဘ၀ရဲ့ လေဟာနယ်င်္ကြီးမှာ လေသံပြင်းပြင်းတွေကြား ရုန်ကုန်နေရတဲ့ ညည့်ငှက်ကလေးတွေပေါ့ ။ အလင်းရောင်းတွေ လူသားတိုင်းအပေါ် ဖြန်းပက်နိုင်ပါစေဗျာ ။

မောင်ရှင်းသန့် said...

အားပါး..... ။

ကိုမျိုးပြောသလို ညဉ့်ငှက်ကလေး လို့ ပဲထားပါတော့ဗျာ။
ဒါပေမယ့် သူကတကယ်ပဲ ဆရာမလုပ်မှာတဲ့လား :D

လူကသာ ကွန်ပျူတာရှေ့ မှာ ဒါပေမယ့် အခန်းထဲရောက်နေတဲ့အတိုင်းပဲဗျာ ။

နေမိုးဝေ said...

ရှင်းသန့် တော်တော်အေုကာထ ဟားဟား
ညည့်ငှက် ဆိုတဲ့ အသုံးကို တယ်မကြိုက်လှဘူး

တစ်ခါတုန်းကရေးခဲ့တဲ့ ကဗျာလေးပါ။ နည်းနည်း သက်ဆိုင်မလားလို့။
မျက်ရည်
ဘယ်ကနေစပြီး
စီးဆင်းခဲ့ကြသလဲ . . .
သိပ်တော့ အရေးကြီးလှတယ်မဟုတ် ၊
လိုများ လိုအပ်မလားလို့ ။

နည်းနည်းပိုတိုးကြည့်ရင်
များများ သိလာလိမ့်မယ် ၊
ဘာ့ကြောင့်၊ဘာဖြစ်လို့ . .
ခင်ဗျား မေးလိုက်ဦး ။

ခိုင်လုံပြီးသားတွေရော ၊
ရှေ့ နောက်မဆီလျော်တာတွေရော ။
တချို့ မျက်ရည်တွေက
ဝှက်ထားတော့ ၊ မမြင်ရဘူး ။
တချို့ က
အရောင်မရှိလို့ ၊ မမြင်ရဘူး ။
တချို့ ကျ အေးခဲ ၊
တချို့ ဆို
မျက်ရည်မှန်း မသိ၊ ဘာမှန်းမသိ ။

“တခြားလမ်းက လျှောက်ကြစမ်းပါ ကွာ ”
အဲဒီအသံ က
လည်ချောင်း ထဲမှာကလွဲပြီး နေရာယူလို့
မ ရ ဘူး ။

ဘဲအုပ်တွေကြားထဲမှာ
ဟောဒီ ကဗျာ က -- ဗေဒါ ။

ကြာတော့လည်း
လိုက်ခံစားပေးနေရတာကို
စိတ်နာလာပြီ ။

ကိုယ်ဝင် ပါ ၊ ပါ
မ ပါ ပါ ၊ ပါ။

လောလောဆယ်
ထောင့်ပေါင်းစုံ က
ဘေးထွက်ဆိုးကျိုးတွေကြောင့် - -

မြစ် မက ပင်လယ် ၊
စီးဆင်းနေကြဆဲ
မျက်ရည် တွေ . . .။

နေမိုးဝေ said...

နည်းနည်း ရှည်ရှည်ဝေးဝေး ပြောမယ်ဗျာ ခွင့်လွတ်။
ပထမဆုံး ကိုစိုင်းက realism အားအရမ်းကောင်းလွန်းတယ်။ ဖတ်လိုက်ရတိုင်း နင့်ခနဲ ဖြစ်ဖြစ်သွားတယ်။
မလိုအပ်ပဲ မျက်ရည်ထိုးထိုးခံ တတ်တဲ့ တခြားသရုပ်မှန်တွေလို မဟုတ်ပဲ အရှိအရှိအတိုင်းရေးတာကိုက မျက်ရည်ဝဲစရာ။

နောက်တစ်ခုက စကားလုံးကို အသက်သာဆုံးဖြစ်အောင်သုံးပြတယ်(ဒီလိုကောင်မလေး ဆိုတဲ့ အသုံးထက်မပိုဘူး)
ရမ္မက်အပေးအယူ ဆက်ဆံရေး ရှိနေတဲ့ ဇာတ်ကောင် နှစ်ကောင် အကြောင်းဖြစ်ပေမဲ့ ရမ္မက်ကို နှိုးဆွတဲ့ စကားလုံးလည်း မပါဘူး။

“ပခုံးစွန်းမှ လည်တိုင်းရင်းတို့ သူ့ခေါင်းလေးထိုးဝင်လာသည်ကို အလိုက်သင့်ပင်ခံယူလိုက်ပါသည်။”

“ကိုယ့်ကိုယ်ကို အသာလျောလိုက်တော့ သူမက တစ်ခါအနားပြန်တိုးကပ်လာသည်။ သူမက ကိုယ့်ပခုံးစွန်းအောက်နား

ခေါင်းတင်ရင်း . . .” ဆိုတာမျိုးတွေ နဲ့ အနူးညံ့ ဆုံးဖြစ်အောင် ဖွဲ့ပြတယ်။

“စီးကရက်မီးခိုးငွေ့တွေကို သူမနှင့်ဝေးရာဘက် မှုတ်ထုတ်ရင်း” ဆိုတာမျိုးနဲ့ ပါ နူးညံ့ ပြထားတာ ကြည်နူးစရာ။

ဝေးသွားတဲ့ အခါ သီချင်းအပိုဒ် ကလေး ကတော့ အလကားထည့်ထားတာမဟုတ်လောက်ဖူး နဲ့တူတယ်လို့ ထင်နေတုန်း
“သူမကလည်း ရှိခဲ့ပါသည်တဲ့” ဆိုတာဖတ်လိုက်ရတော့ ရုတ်တရက် ဖြတ်အရိုက်ခံလိုက်ရသလို ဆစ်ခနဲ ဖြစ်သွားရတယ်။

ကျွန်တော်တို့တွေ လွယ်လွယ် ကူကူ သုံးသပ်ခဲ့ကြသလို ဒီလိုကောင်မလေးတွေက ပညာမတတ်လို့ ဖြစ်ရတာပါဆိုတာ အတန်းပညာတော့မဟုတ်လောက်ဘူး အသိပညာပဲဖြစ်မယ်ထင့်။ ကောင်မလေးရဲ့ ပညာအရည်အချင်းရယ် သူကြိုက်တတ်တဲ့အပေါစားအနုပညာတချို့ရယ်က သက်သေခံနေသယောင်။

ဒါပေမဲ့ သိက္ခာရှိတဲ့ အရောင်းစာရေးမကလေးရဲ့ လခငွေလေးသောင်း(တစ်နေ့ တစ်ထောင်ကျော်ကျော်)ဆိုတာ . . .
. . .

ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့။ ဘုရားရေ ... ကျွန်တော်လည်း ဘုရားတမိတယ်။
သတ္တိ ရှိလိုက်တာ ။သူအဲဒီလို သတ္တိတွေကို ဘယ်လိုဒဏ်ရာတွေနဲ့များ များမွေးမြူထားခဲ့ရပါလိမ့်။
ဘဝတစ်ခု အတွက် ဘဝတစ်ခုကို ရင်းရတာ ဈေးကြီးလိုက်တာ။ (အကပ်ကောင်းကောင်းနဲ့ ကျောင်းကောင်းကောင်းမှာ ဖက်ရှင်ရှိုးလျှေက်နေကြတဲ့ (စာကောင်းကောင်းမသင်တဲ့)ဆရာမတွေလည်း အကုန်လုံး အဲဒီကိုပို့သင့်တယ်။

မိုးကတော့ မြန်မြန်လင်းမှပါပဲ ပါးစပ်စိုက်ပြီး ဘဝတွေကို ရက်ရက်စက်စက် သတ်ပြစ်တတ်တဲ့ ပတ်ဝန်းကျင်တွေအတွက်
သူမရဲ့ အနာဂတ်ကို ကျွန်တော်မတွေးရဲဘူး။

“လူဆိုတာ ရည်မှန်းချက်ရှိရတယ်ရှင့်” ဆိုတဲ့ လေသံကလေးကို ကြားယောင်ရင်း ဗန်မော်တင်အောင် ပြောသလိုပဲ ပြောရတော့မယ်ထင်ပါတယ်ဗျာ ။

ကဲ … ကျွန်တော်ကရော ဘာများတတ်နိုင် ပါဦးမည်နည်း။

ဂျူ said...

း)

လင်းဒီပ said...

ကိုစိုင်း နောက်တခါ လာဖတ်တယ် ။
ဦးအောင်ချိမ့်ကဗျာကြီး အမှတ်မထင် ခေါင်းထဲ ရောက်လာလို့ ပြုံးမိတယ် ။

Anonymous said...

ဖတ်တဲ့သူအားလုံး ထောက်မပြသွားတာက ဇာတ်လမ်းပြောပြနေသူ ကိုယ်က ဇာတ်အဆုံးမှာ
အဲ့ဒိကောင်မလေးလိုတောင် တန်ဖိုးမရှိတာကိုပါ
ဟိဟိ နောက်ဆုံးတော့ ကိုယ်ဆိုတဲ့ကောင်ကြီးက
ဘာမှလည်းအသုံးမကျဘူး ဟားဟားဟား

(little brook)

purplemay said...

"ကိုယ်ဆို ကျောင်းပြီးကတည်းက ဝေလေလေပဲ....." တဲ့ :)
ဒီလိုမိန်းကလေးတစ်ယောက်အတွက် သူမ လိုအပ်မယ့်အားတွေ တတ်နိုင်သလောက် ၀ိုင်းကူပြီး ပေးချင်မိတယ်....။

ဖိုးဂျယ် said...

ကောင်းလိုက်တဲ့ ထိမိလိုက်တဲ့ အက်ဆေးလေးကွယ်

ကြည်ဖြူပိုင် said...

အားပါးပါး.....အက်ဆေးဘုရင် ကိုဘရွခ်
ရှယ်ပဲ ရှယ်ပဲ
ခပ်ပါးပါးကလေးနဲ့ စာဖတ်သူကို
ဇာတ်လမ်းထဲဆွဲခေါ်သွားတယ်
တကယ့် ပါရမီရှင်ပဲဗျ

Anonymous said...

ကြိုက်တယ်အစ်ကိုရေ။ ကောင်းလိုက်တဲ့ရေးပုံ။
အတွေးတွေ အပြည့်နဲ့ ဖတ်သွားခဲ့ရတာ။
အစ်ကို့  post လေးထဲက ကောင်မလေး
လိုညီမလေးတွေအတွက် လောကကြီးက
Welcome ပါ။ ဒီpost လေးဖတ်ရင်း
ဝမ်းနည်း ဝမ်းသာတော့ ဖြစ်မိသား။ .
....ခင်မင်လျှက်..ခင်မာလာအောင်..:)

အနော် said...

ငါ့အကိုကို သတိရတော့ နောက်ဆုံးပို့စ်လေးကို လာဖတ်မိတယ်...
မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ်... ဆိုတော့ ဘာမှန်းမသိ တော်တော်ဝမ်းနည်းသွားမိတယ်... :D

တီချမ်း said...

ဟုတ်တယ် အက်ဆေးထက် ဝတ္ထုတိုပိုဆန်တယ်
မကောင်းဘူးပြောတာမဟုတ်ဘူးနော်
ပိုကောင်းတယ် ပြောတာပါ

စစ်ကား လို့ ပြောတဲ့အချိန်မှာ ပဲ ကောင်မလေးဆိုတာ ဘာကိုရည်ရွယ်တာမှန်းသိလိုက်တယ်

အပျင်းမပြေ တဲ့ အပျင်းပြေတွေကို ကိုလဲဘတ်ပါတယ်

တခုပဲ စာရေးဆရာရဲ့ အာဂါတ တွေကို မြင်နေရတယ်
အကြောင်းသိတွေမို့လား

မာနတွေ အာဂါတ တွေ ကို ခဝါချ လိုက်ပါတော့လား

ကဗျာဦး said...

တောက် ဘယ်လိုကျန်ခဲ့မှန်းမသိ..............

Anonymous said...

Your style is so unique in comparison to other folks I have read stuff from.
Many thanks for posting when you've got the opportunity, Guess I will just
book mark this site.

Here is my weblog - come dimagrire