Friday, June 26, 2009

ထိထိခိုက်ခိုက်(ဒီနေ့အဖြစ်အပျက်)

မိုးကသင်တန်းသွားမယ်ဆိုမှ စရွာတော့သည်။ စိတ်ပေါက်ပေါက်နဲ့ပဲ ဆိုင်ကထွက်
ကားဂိတ်ရှိရာ လမ်းတဖက်ကိုကူးတော့ အံ့အားသင့်စရာကို မြင်ရတော့သည်။ ကျွန်တော့်ခေါင်းထဲမှာ မိုးအကြောင်းမရှိတော့ပါ။ မိုးရေတွေထဲ ထီးမပါဘဲရပ်နေသော ကောင်မလေးတစ်ယောက်..။
သူမကတဖက်သို့ မျက်နှာလှည့်ထားသောကြောင့် သူမမျက်နှာကို ကျွန်တော်မမြင်ရပါ။
ဆံပင်ရှည်များမှာ တဖွဲဖွဲနှင့်အဆက်မပြတ်ရွာနေသောမိုးကြောင့် အချောင်းလိုက်လေးတွေဖြစ်နေပြီ။
ကျွန်တော် သူမအနားသွားလိုက်ဖို့ သူမအပေါ်ထီးမိုးပေးလိုက်ဖို့ အတွေးကဦးစွာခေါင်းထဲရောက်လာသည်။
ဖြစ်ပါ့မလား ငါ့ကိုအော်ထုတ်ခဲ့မှဖြင့် .. ကျွန်တော့်အတွေးများရပ်တန့်သွားကြပြန်သည်။
သူမကို ကျွန်တော်မသိပါ။ သူမအ၀တ်များရေစိုကုန်လျင် မိန်းကလေးတစ်ယောက်အတွက်ကြည့်ကောင်းလိမ့်မည်မဟုတ်ပါ။ ကျွန်တော်နှင့် သက်ဆိုင်ပါသလား။ သူမတစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေခြင်းဖြစ်လိမ့်မည်။
ကျွန်တော် မဟုတ်သော အခြားတစ်ယောက်ယောက်ရှိပါသေးလား။ တစ်ယောက်မှ ကျွန်တော်တို့ဝန်းကျင်တွင်
ရှိမနေပါ။ ကားမှတ်တိုင်ဟင်းလင်း မိုးတွေရွာနေစဉ် စိုရွဲနေသောဆံပင်များနှင့် ကောင်မလေး ၊ ထီးတစ်ချောင်းနှင့် ကျွန်တော်...... ။
ကျွန်တော်ရပ်နေစဉ် ကျွန်တော်သင်ကြားထားခဲ့မှုများ၊ ကျွန်တော်ဖြတ်သန်းခဲ့သော ပတ်ဝန်းကျင်၊ ကျွန်တော်ရင်းနှီးကျွမ်းဝင်လာခဲ့သော ထုံးဓလေ့များ ကျွန်တော့်ခေါင်းထဲဝယ် တစ်ခုရောက်လာလိုက် ပြန်ထွက်သွားလိုက်ဖြင့် လူးလားခတ်နေတော့သည်။ကျွန်တော့်ချစ်သူကကျွန်တော့်ကိုဘယ်လိုမြင်မလဲဆိုသည်က အစ။
ထိုစဉ် လမ်းတဖက်မှ အဘိုးကြီးတစ်ယောက် ဂေါက်ရိုက်သည့်အခါဆောင်းသောထီးကြီးနှင့် လမ်းဖြတ်ကူးလာလေသည်။ ကျွန်တော့်စိတ်ထဲတွင် သူမကိုထိုအဘိုးကြီးက မိုးပေးလိုက်ဖို့ဆုတောင်းနေမိသည်။
ထို့ပြင် ထိုအဘိုးကြီးက ကျွန်တော့်ကိုမိန်းကလေးတစ်ယောက်ဒုက္ခရောက်နေတာ ပစ်ထားတဲ့ကောင်လို့ ကဲ့ရဲ့မှာလည်း စိုးရိမ်နေပြန်သည်။ အဘိုးကြီးသည် မိန်းကလေးကိုကြည့်ရုံသာကြည့်သွားပါသည်။
ကျွန်တော်ယတိပြတ်ဆုံးဖြတ်ချက်ချပြီးကောင်မလေးနှင့် မျက်နှာချင်းဆိုင်သွားရပ်လိုက်ပါသည်။
" ညီမလေး အကို့ထီးယူပြီး ကားဆက်စောင့်ပါ။ အကိုဟိုနားကဖုန်းဆိုင်လေးမှာသွားရပ်မယ်။ ညီမလေးစီးမယ့်ကားလာတော့ အကို့ကိုခေါ်ပါ .. အကိုထီးလာယူမယ် ဟုတ်လား" ဟုပြောလိုက်သည်။
ကျွန်တော့်ကို ဘာလာကြောင်နေတာလဲဟု မေးလိုက်မှာကို ထိုအချိန်တွင် အလွန်စိုးရိမ်နေပါသည်။
ကောင်မလေးက ခေါင်းမော့လာပါသည်။ သူမမျက်လုံးများမှာ နီရဲလျက်ငိုထားဟန်ရှိပါသည်။
" ရတယ် ... အကို ။ ညီမပြန်တော့မှာပါ။ ကျေးဇူးတင်ပါတယ်" ဟုသာ သူမပြန်ပြောခဲ့ပါသည်။
သူမအဖြေနှင့်အတူ ကျွန်တော်စီးရမည့်ကား ကားမှတ်တိုင်သို့ဆိုက်ရောက်လာပါသည်။
ထိုကားသည် ထိုမှတ်တိုင်သို့ကျွန်တော်ရောက်ပြီးချိန်မှ ယခုထွက်လာသည့်အချိန်အတွင်း ဆိုက်ရောက်လာသော သုံးစီးမြောက်ကားဖြစ်ကြောင်း ကျွန်တော်သတိပြုမိပါသည်။
ကားမှန်ပြတင်းတွင် မိုးရေစီးကြောင်းများ စီးဆင်းလျက်.. ထိုပြတင်းကိုငိုင်တွေကြည့်ရင်း သတိရနေမိတာက
တစုံတယောက်ကိုစောင့်ဆိုင်းနေသော ၀မ်းနည်းထိခိုက်နေပုံရသော မိုးရေတွေထဲမှမိန်းကလေး။
ကျွန်တော်ကိုယ်တွင်း၌ ဖြစ်ပျက်ဆန့်ကျင်နေသောအရာများကိုသာ ကျွန်တော်ပြန်သုံးသပ်နေမိပါတော့သည်။

10 comments:

နန်းညီ said...

စကားနဲ့ပြောတုန်းက ပိုကောင်းသလိုပဲ.. စာကို အချိန်ယူမရေးဘဲ အမြန်တွေရေးတာမကောင်းပါဘူးလို့ မပြောခဲ့ဖူးဘူးလား.. ကဲ

အိဖူး said...

အင်း ဖတ်ပြီး ဘယ့်နှယ့်ကြီးမှန်းတော့မသိဘူး တစ်ခုခုတော့ဖြစ်သွားတယ် ...

အောင်ဒီကန် said...

ပြီးသွားရောလား... !?

JulyDream said...

အင်း...
မိုးနဲ့ ပါတ်သတ်တာလေးတွေကို ဖတ်ရရင် ဘာကို လွမ်းလို့ လွမ်းမှန်း မသိဘူးဗျာ။

2mar said...

မောင်လေး ဖိနပ်နှစ်ထပ်ကွမ်းပျက်တာလေးရောမပါဘူးလား

အန်တီချမ်း said...

မိညီမပြောတာ လုံးဝလုံးဝ ထောက်ခံ လက်ခံသဘောတူ အားပေးပါတယ်
မြောင်းစုတ် စာကိုသေချာမရေးဘူး
သူပြောပြတုံးကတော့ ကိုယ်တွေတောင် လွမ်းသွားရသေးတယ်
ခံစားချက်တွေပြန်ရော်ပေး

hololodilolo said...

ချစ်သုဝေ ရဲ့ တစ်ယောက်စာမိုးကာ သီချင်းသတိရသွားပြီ။

puluque said...

ဖတ်လိုပကောင်းတယ်ဗျာ။ ဘာမှန်းမသိတဲ့ ခံစားမှုတစ်ခု ခံစားသွားတယ်

little brook said...

မှတ်ချက် ကောင်မလေးကိုကြောင်ဖို့ ဇာတ်လမ်းရှာတာလို့ ဒီဇာတ်လမ်းကို နားထောင်တဲ့လူတော်တော်များများကပြောကြပါတယ်
း) အံ့သြစရာဗျနော်

မယ်ကိုး said...

စာလေးတိုပေမယ့် ထိရောက်တယ်။ ကျွန်မတော့ ခံစားလို့ ရတယ်။ ကောင်မလေးကိုကြောင်ဖို့ ဇာတ်လမ်းရှာတယ်လို့ လဲ မခံစားမိပါဘူး။