Tuesday, December 22, 2009

မိုးတိမ်အကြောင်း (၃)

အိမ်အတွင်း၌မှောင်နေရာ နွယ်က ဘုရားစင်မှ ဖယောင်းတိုင်ကို ထွန်းညှိလိုက်သည်။ "နင် ဘာစားခဲ့သေးလဲ ကောင်လေး။" " အင်း ကလပ်က ထမင်းကြော်ကျွေးလိုက်တယ်။" " အင်း... အင်း။ ခနစောင့်ဟ ... ငါအ၀တ်လဲလိုက်ဦးမယ်။" နွယ် အခန်းထဲဝင်သွားသည်။ သူ့ရင်ထဲဝယ် မည်သို့ပြောရမည်မှန်းမသိ။ ခုအိမ်မှာ နွယ်တစ်ယောက်တည်း၊ သူ့အဒေါ်ဘယ်သွားပါလိမ့်။ ဘုရားပုံတော်လေးရှေ့မှ မီးတိုင်က လှုပ်ရှားနေသည်။ အို ... ငြိမ်းသွားမှဖြင့် ...။

ခြင်ဆေးခွေတစ်ခွေကို မီးညှိရင်း နွယ်ထွက်လာသည်။ "လာ ကောင်လေး ရှေ့နားမှာ သွားထိုင်ရအောင်။" " အင်း နွယ့် ... အဒေါ်ကော။" " ရွာပြန်သွားတယ်ဟ။" တိတ်ဆိတ်သွားပြန်သည်။ "နွယ် ... နင်ကလပ်မှာလုပ်တာ အဒေါ်သိလား။" " သိတယ်။ ... ... ... .... ။"
" ဘာမှမပြောဘူးလားလို့ နင်ဘာလို့မမေးတာလဲ။" သူတိုးတိတ်စွာ သက်ပြင်းချလိုက်သည်။ "ငါ ဆက်မမေးတတ်တော့လို့ ။ "
နီးကပ်စွာ ယှဉ်တွဲထိုင်နေသောကြောင့် နွယ့်ကိုယ်နံ့ကို ရနေသည်။ သူ့ညာဘက်ခြမ်းမှာ နွယ့်ကိုယ်နှင့်နီးနေသောကြောင့်လည်း နွေးနေသည်။ နွယ်က ..." နင်ဒီနေ့ ငါ့ကိုကြည့်နေတယ် မဟုတ်လား။" " အင်း .... ။" " ငါ... နင့်မျက်လုံးထဲကို မြင်ရတယ်။" နွယ်ထိုသို့ပြောသောအခါ သူ့ရင်ထဲ ဆို့နင့်လာသည်။ "အင်း ... ငါနင့်ကို သိပ်ချစ်တယ်နွယ်ရယ်။" နွယ်သည် တိတ်တိတ်ဆိတ်ဆိတ်ပင် ရှိနေသောကြောင့် သူလှည့်ကြည့်လိုက်ရာ နွယ်မျက်ဝန်းမှာ မျက်ရည်တို့တွဲခိုလျက်... ...။ "ငါလည်း နင့်ကိုချစ်တယ်။" သူထိုစကားကိုကြားပြှီးနောက် အတွေးက ဟိုးအဝေးသို့ ပြေးသွားသည်။ နွယ်လည်း တွေးနေပေလိမ့်မည်။ သူ့ပခုံးစွန်းကို နွယ်မှီလိုက်ချိန် သူနွယ့်ပခုံးကို ဖက်ထားလိုက်သည်။

ကောင်းကင်တွင် ကြယ်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်နှင့် ပုစင်းရင်ကွဲလေးများ၏ အသံမှတပါး ဘာသံမှ မရှိ။ အသာအယာတိုးဝှေ့နေသောလေနုအေး ... အိမ်တံစက်မြိတ်အမှောင်ရိပ်အောက်ဝယ် တစ်ယောက်ကိုတစ်ယောက်မှီတွဲထားသော သူတို့နှစ်ဦး။ သူ့မျက်လုံးများကို မှိတ်၍သာထားလိုက်သည်။
သူနားမှာ ရှိနေသောနွယ်ကို သိနေသည့် အသိမှတပါး အခြားမရှိ၊ မသိချင်တော့ပါ။

"ကောင်လေးရေ ... အိပ်ကြစို့။" " အင်း ... ။" နွယ်က သူ့အတွက် ခေါင်းဦးနှင့်စောင် ထုတ်လာပေးသည်။ သူလှမ်းယူလိုက်ကာ ဘုရားစင်အောက်၌ နေရာယူလိုက်သည်။ "နေဦးလေ ... ငါဘုရားရှိခိုးရဦးမယ်။"
"အော် ...အေး။" နွယ်ဘုရားရှိခိုးပြီး သူ့ဘက်လှည့်ကာ .." ငါဘာလုပ်လုပ် ဘုရားတော့ရှိခိုးသေးတယ်ဟယ်" ဟုပြောရာ သူဝမ်းနည်းသွားသည်။ "နွယ်ရယ် ... ငါနားလည်ပါတယ်" ဟုသာ တိုးတိုးပြောလိုက်သည်။ တိတ်ဆိတ်နေပြီးမှ ..." အိပ်တော့နော်" ဟု ပြောကာနွယ်ထွက်သွားသည်။

ညသည် တာရှည်လွန်းလှသည်။ သူ အိပ်မပျော်ပါ။ သူ သူ့ကိုယ်သူ အကြိမ်ကြိမ်သာရေရွတ်နေမိသည်။ ငါ နွယ့်ကိုချစ်တယ်။ ငါ ... နွယ့်ကိုတကယ်ချစ်ခဲ့တာ။ ရှေ့ဘယ်လိုဆက်မလဲ။ နွယ့်ကို ထိုအလုပ်မလုပ်ခိုင်းဖို့။ ဒါက စိတ်ကူးယဉ်တာပဲ။ နွယ် အလုပ်မလုပ်ရင် ရွာကိုပိုက်ဆံဘယ်လိုပြန်ထောက်မလဲ။ တခြားအလုပ်လုပ်ခိုင်းရင်ကော။ ကိုယ့်ဟာကိုယ်ပြန်တွက်ကြည့်တာတောင် ကိုယ်ရသည့်လခရယ် ဘောက်ဆူးရတာရယ်နဲ့မှ နေနိုင်ရုံ။ နွယ်လည်း တူတူပင်။ ကာထားသော ပျဉ်တန်းများကြားမှ အပြင်သို့လှမ်းကြည့်လိုက်ရာ မှောင်လွန်းလှသည်ကော။ သူတို့နှစ်ဦးသားအတွက်ကော ထိုကဲ့သို့ပင် ရှိလေမလား။

ဆက်ရန်... ... ...

Friday, December 18, 2009

မိုးတိမ်အကြောင်း (၂ )

နွယ်ဖိတ်သောကြောင့် နွယ်တို့အိမ်ကို သူတို့လာကြသည်။ သူတို့ဆိုသည်မှာ သူရယ်၊ ငယ်ငယ်ရယ်၊ နောက် နွယ်ကခေါ်ချင်ခေါ်လာခဲ့ဟု ဆိုသဖြင့်ခေါ်လာသည့် ဆု။ "ဝေး... ရောက်လာကြပြီကော။" ငယ်ငယ်က "မမနွယ် အဝေးကြီးကနေလာခဲ့တာ မုန့်အများကြီးကျွေးရမယ်" ဟု ပြောသည်။ "ကျွေးမယ်၊ ကျွေးမယ် .. အိမ်ပေါ်ရောက်မှ အ၀စား"ဟု နွယ်ကပြန်ပြောနေသည်။ သူကတော့ နွယ်တို့ အိမ်ကလေးကို အကဲခတ်နေမိသည်။ အိမ်ရှေ့တွင် ရေစည်ပိုင်းနှင့် ရေချိုးကျောက်ပြားနှင့်။ ရေများက အိုင်နေသည်ကို အုတ်ခဲလေး သုံးလေးလုံးချထားပြီး လမ်းလုပ်ထားသည်။

အိမ်တံစက်မြိတ်အိုအိုလေးအောက်မှ ခေါင်းငုံ့ဝင်လိုက်ရာ အလင်းထဲမှ ရုတ်တရက်ဝင်လိုက်ရ၍ ရုတ်တရက်မျက်စိပြာသွားသည်။ အတန်ကြာမှ မြင်ကွင်းကပြန်ကြည်လာရာ အိမ်လေး၏ အတွင်းပိုင်းကို သဲသဲကွဲကွဲမြင်ရတော့သည်။ အိမ်လေးမှာ အခန်းသုံးခန်းသာရှိပြီး ကျဉ်းကျဉ်းရှည်ရှည်လေးဖြစ်သည်။ သူက နောက်ကျောနံရံကို မှီလိုက်ရာ အိပ်ခန်းဖြစ်ဟန်တူသော အခန်းကိုမြင်လိုက်ရသည်။ အော် ... ဒါနွယ်အိပ်တဲ့ အခန်းလေးကိုး။ အိပ်ရာကိုလိပ်ပြီး ခေါင်းရင်း၌ ကပ်ထားသည်ကို သူမြင်နေရသည်။ ဆုနဲ့တောင် မိတ်မဆက်ပေးရသေးဘူး ဆိုသည့်အတွေးတွေးမိချိန် အိမ်ရှေ့ခန်းတွင် သူတစ်ယောက်တည်း။ နောက်ဖေးဘက်မှ အသံကြားရတော့မှ ဆုနှင့် ငယ်ငယ်ပါ နောက်ဖေးဘက်ဝင်သွားမှန်းသိလိုက်သည်။ ဘာသွားလုပ်ပါလိမ့်။ သူ နွယ့်ကိုတောင် သေချာမကြည့်လိုက်ရသေး။ ခနအကြာ ရော့ လာပါပြီ စားကြသောက်ကြမယ် ဆိုသည့်အသံနှင့် သုံးယောက်သား အိုးများပန်းကန်များမကာ ထွက်လာကြသည်ကိုတွေ့ရသည်။

"နွယ်ရေ ... ဘာအတွက် ဖိတ်ကျွေးတာလဲ ပြောပါဦး"ဟု ဆုကမေးရာ သူ တအံ့တသြ ဆုကိုသာငေးကြည့်နေမိသည်။ မိန်းကလေးတွေက တွေ့တာမှမကြာသေး ခင်ခင်မင်မင်ရှိသွားကြပြီကော။
နွယ်က ... "အင်း ... ငါ့အသက် ၂၅ နှစ်ပြည့်မွေးနေ့လေ ... အဲ့ဒါကြောင့် ငါ့အခင်ဆုံးတွေကို ထမင်းဖိတ်ကျွေးတာ။" " အော ... လက်ဆောင်လည်း မပါဘူး အဟီး..." ဟု ငယ်ငယ်က ရီရင်း ပြောသည်။
သူကတော့ နွယ့်ကိုသာ ငေးကြည့်နေမိသည်။ နွယ့်ပါးပြင်ပေါ်မှာ သနပ်ခါးသာပါးပါးလေးလူးထားသည်။ ဘာမှပြင်ဆင်ချယ်သမထား။ ပိတ်ပါးအင်္ကျီလေးနှင့် ထဘီအနက်ပြောင်လေးဝတ်ထားသောနွယ်က လှလွန်းနေသည်လေ။ ကလပ်ထဲမှာဆိုလျှင် နွယ်သည် မီးတောက်လေးနှင့်တူသည်။ ယခုကတော့ အေးအေးငြိမ့်ငြိမ့်စီးနေသော နွယ်။ "ဟကောင် ... နင်ဘာငေးနေတာလဲ စားလေ စကားလည်းမပြော ငုတ်တုတ်ထိုင်နေတယ် ...။" " နင်က ဒီနေ့ တော်တော်လှလို့ ...။" " အံမှာ အရင်နေ့တွေကတော့ မလှဘူးပေါ့ ... ဟုတ်လား။" " ဟုတ်တယ် ... ဟုတ်တယ်အမ မခံနဲ့ပြန်ပြော" ဟု ဆုနှင့် ငယ်ငယ်က ကြပ်သည်။ "အဲ့လို မဟုတ်ပါဘူးဟာ ... နင်က အရင်နေ့တွေထက် ဒီနေ့ပိုလှတယ်လို့ ငါကပြောချင်တာ။" "အမယ် ကိုကောင်လေးက ဒါမျိုးတော့ တတ်သား" ဟု ဆုက စသည်။ ငယ်ငယ်က "အမလေး မဆုရ သူတတ်တာရှိပါ့။"
"ကဲကဲ .. စားသောက်ပြီးရင် ဘုရားသွားကြရအောင်လေ။ ဒီထိပ်နားမှာ ဘုရားရှိတယ်။ ဘုရားပေါ်တက်ပြီး နောက်ဖက်က အအေးဆိုင်လေးမှာ သွားထိုင်ကြတာပေါ့။ အဲ့မှာ အေးတယ်ဟ" ဟုနွယ်ကခေါ်သည်။

ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ မိန်းကလေးတွေ ဘုရားရှိခိုးကြသည်။ သူကတော့ နွယ့်ကိုသာ ငေးနေမိသည်။ ရုတ်တရက် နွယ်ဘာတွေ ဆုတောင်းလဲဟင်လို့ သိချင်စိတ်ဖြစ်လာသည်က ပြင်းပြင်းပြပြ။
အေးငြိမ်းလွန်းလှသည်ကောလေ။ဤလိုနေ့မျိုး ဘာကြောင့်များ ရှားပါးလွန်းရသည်လဲနော်။

ထုံးစံအတိုင်း ကံပစ်ချရာ ကျခဲ့ရသော ဘ၀ကိုပြန်စရပြန်ပြီပေါ့။ လူတွေကို အံ့သြသည်။ မူးမူးရူးရူးနှင့် သူတို့တစ်ညဖြုန်းတီးပစ်သော ပိုက်ဆံသည် သူတို့တစ်လစာ၊ တစ်ခါတစ်ခါ ထို့ထက်ပိုသောအခါ သူအံ့အားသင့်မိသည်။ သူတို့က အပန်းဖြေသည်ဆိုသည်ပဲ။ အော် ထိုသို့သော လူမျိုးများရှိနေ၍လည်း မိမိတို့ အလုပ်ရှိနေသည်ပဲ။ သူနွယ့်ကို လှမ်းကြည့်လိုက်သည်။ နွယ်က စားပွဲတစ်ခုမှ ဧည့်သည်များကို ရီလိုက်မောလိုက်နှင့် ဧည့်ခံနေသည်။ ဆလိုက်မီးရောင် တချက်တချက်ထိုးသွားသည့်ကြားမှ နွယ့်ကို တချက်တချက် မြင်နေရသည်။ ဧည့်သည်က စကားလည်းပြော၊ လက်ကလည်း အငြိမ်နေသည်မဟုတ်ပါ။ ရံဖန်ရံခါ နွယ့်ပုခုံးပေါ်မှာ၊ ရံဖန်ရံခါ စကပ်တိုလေးအောက်မှ နွယ့်ပေါင်ပေါ်မှာ၊... သူမည်မျှအကြာကြီးကြည့်နေမိသည်မသိ ... သူသတိထားမိချိန်တွင် နွယ့်မျက်လုံးနှင့် အကြည့်ချင်းဆိုင်မိပြီ။
နွယ်မျက်နှာလွဲသွားပြီး ဧည့်သည်၏လက်ကို အသာတွန်းလိုက်တာ သူမြင်လိုက်သည်။ သူသက်ပြင်းချလိုက်ရင်း တခြားဘက်သို့ လျှောက်သွားလိုက်တော့သည်။

ကလပ်ပိတ်ပြီမို့ သူသိမ်းဆည်းစရာရှိသည်များသိမ်းဆည်းကာ အောက်ကိုဆင်းလာခဲ့သည်။ လှေကားတစ်ဆစ်ချိုးလေးကို ကွေ့လိုက်ချိန် ထောင့်နားတွင်ရပ်နေသည်က နွယ် ... ။ "နွယ် ... ကားပေါ်မတက်သေးဘူးလား ။" " နင့်ကို စောင့်နေတာ။" " အော ... ။" " ဒီနေ့ အလုပ်မရှိဘူးပေါ့။" "မဟုတ်ဘူး ... နင်နဲ့တွေ့ချင်လို့ ငါဘယ်မှလိုက်မသွားတာ။" " သူ အံ့အားသင့်နေသည်။" " နင် ... ငါ့အိမ်လိုက်ခဲ့ ... အဆောင်ပြန်မအိပ်နဲ့တော့။" " အ... င်း ...။" စိတ်ထဲ ဇဝေဇ၀ါနှင့် ကားပေါ်သို့ နွယ်နှင့်တူတူတက်ခဲ့သည်။ သူဆင်းရမည့်နေရာတွင် မဆင်းဘဲ နွယ်နှင့်အတူလိုက်ဆင်းသွားသောသူ့ကို ကားပေါ်မှ ကျန်နေသူများက မည်သို့ထင်မည်နည်း။ "အော် ... နွယ်တောင်မတွေးတာ ... ငါကဘာတွေးနေတာတုန်း။" သူနွယ့်ကို ချစ်တာပဲသိသည်။

နွယ့်အိမ်လေးသို့ သွားရာလမ်းသည်မှောင်မဲနေသည်။ နွယ်ကတော့ သွားနေကျမို့ တန်းတန်းမတ်မတ်သွားနိုင်သော်လည်း သူကတော့ နွယ့်နောက်နားခပ်ခွာခွာမှ ဖြေးဖြေးချင်းစမ်းသွားနေရသည်။ နွယ်က ငါ့လက်ကို တွဲထား။ သူ ... ရင်တထိတ်ထိတ်နှင့် နွယ့်လက်ကိုလမ်းဆွဲလိုက်သည်။ နွယ်လက်ကိုသာသာတွဲရင်း အိမ်သို့သွားစဉ် အိမ်သို့ရောက်လျှင် ဒီလက်ကလေးကို ဖြုတ်လိုက်ရမှာ နှမျောတွန့်တိုနေမိသည်။ ... ... ... ...

ဆက်ရန် ... ... ... ... ...

Wednesday, December 16, 2009

မိုးတိမ်အကြောင်း

အယ်နောင်း၏ အသံက ကြေကြေကွဲကွဲ ... " မျော်လင့်သောညတွေအလယ် ကြယ်တံခွန်လေး မင်းလေးပဲ ငါပိုင်ဆိုင်တာ အားလုံးလဲ နင်ဖန်ဆင်းသိမ်းပိုက်တယ် " ... သူ့နတ်သမီးကတော့ စင်ပေါ်က ကြောင်လျှောက်လမ်းမပေါ်မှာ။ "ဟေ့ကောင်လေး ... ဟိုဝိုင်းက မင်းကိုခေါ်နေတာ သွားလိုက်ဦးလေ" ဟု ကိုစိုးက သတိပေးမှ သူ့အတွေးစတို့ ပြတ်တောက်ကုန်သည်။ သူရောက်သွားတော့ ..." ညီလေး မင်းအကိုကြီးတွေကို လုပ်စမ်းပါဦးကွ" ဟု တစ်ယောက်က လှမ်းပြောသည်။" မမစုရှိတယ်လေ အကိုရ။ အကိုတို့ သိပြီးသားတွေပဲ။"
"တော်ပြီကွ ရိုးနေပြီ ... သဘောကောင်းကောင်း လှလည်းလှရမယ့် သူမျိုးလိုချင်တယ် ... မင်း ဟို အ၀ါလေးကို သိလား ... " ရင်ထဲမှ ကျိတ်၍တောင်းနေသော ဆုမပြည့်ခဲ့ပါ။ နွယ်ကလည်း လှလွန်းနေသည်ကိုး။
"ဟုတ် .. သိတယ်အကို။"
"ခေါ်ပေးကွာ ... ။"" အကိုကလည်း ထုံးစံသိသားနဲ့ ပန်းကုန်း ၂၀၀၀၀ ဖိုးဆုချမှ အကိုတို့ဝိုင်းကို သူလာခွင့်ရှိတယ်လေ အကိုရ။ ဒါမှမဟုတ် ဒီလိုလုပ်ပါလား ... အကိုခုမခေါ်သေးနဲ့ ... ကလပ်ဆင်းတော့မှ သူ့ကိုခေါ်လေ... ပန်းကုံးဖိုးပေးမယ့်အစား သူ့ကိုပဲပိုပေးလိုက်တာက ပိုကောင်းတာပေါ့။" " အေး ... အင်းအကြံမဆိုးဘူး သွားပြောထားကွာ
ပြန်ရင် ကလပ်ကားနဲ့ မပြန်ဘဲ အောက်မှာစောင့်နေလို့။ " "ဟုတ် ... အကို။"

သူ စင်အနောက်ဘက်ရှိ အ၀တ်လဲခန်းသို့ လေးပင်စွာ လျှောက်လာခဲ့သည်။ အခန်းထဲမ၀င်ခင် မျက်နှာကို ပြင်လိုက်ပြီး ၀င်သွားလိုက်သည်။ အခန်းထဲတွင် အ၀တ်လဲနေသူလဲ ထိုင်နေသူထိုင်နေနှင့်ကောင်မလေး ငါးယောက်ခန့်ရှိရာ တစ်ယောက်က မေးဆတ်လိုက်သည်ကို ...
"နွယ့်ကို လာရှာတာ"ဟု ဖြေလိုက်သည်။ "အနောက်သွားနေတယ် ကိုကောင်လေးရ"ဟု ငယ်ငယ်ကဖြေသည်။ "ဘာတုန်း အော်ဒါလား"ဟု သူကပင် ပြန်မေးရာ ... "တိုးတိုးပြောစမ်းပါ ငယ်ငယ်ရာ ... ပန်းကုန်းဖိုးမရလို့ဆိုပြီး ငါအလုပ်ပြုတ်နေမယ်ဟ။" မိန်းကလေးများ အကုန်ရီနေကြစဉ်မှာပင် နွယ်ရောက်လာသည်။ "ဟဲ့အကောင် နင်ဘာလာလုပ်။"
"နင့်ကို ညကျတွေ့ချင်တဲ့ လူရှိတယ် နင်လိုက်မလားမေးခိုင်းလို့ ငါလာမေးတာ... ။" " အင်း ... လိုက်မယ်လေ ... အဲ့ဒါမှမလိုက်ရရင်လည်း ပိုက်ဆံကမရှိတော့ဘူးဟ။" နွယ်က သူမေးသည်ကို ပြန်ဖြေရင်း မှန်ရှေ့တွင် နှုတ်ခမ်းနီပြန်ဆိုးနေသည်။ သူ ဘယ်အချိန်ထိ ငေးကြည့်နေမိသည်မသိ ... နွယ်က " ဟဲ့အကောင် နင်ဘာလုပ်နေတာတုန်း မြန်မြန်ပြန်လေ ... ၀ိတ်တာခေါင်း ရှာမတွေ့ရင် နင်အဆူခံထိဦးမယ် "ဟုသောအသံကြားမှ..." အင်း... အင်း... နင်လိုက်မယ်လို့ ငါပြောလိုက်မယ်နော်။"

"ဝေး ... ကိုကောင်လေး တစ်ခွက်လောက်တိုက်ပါလား။ ကိုကောင်လေး တစ်ပ်တွေရနေတာ မြင်တယ်။" " ငါ အဆောင်လခပေးရဦးမယ် ဆုရယ်။ နင်တို့ကော အလုပ်မဖြစ်ဘူးလား။" "ဘယ်ကလာ ဒီနေ့မှ မဖြစ်ရင် ကလပ်ပေါ်မတက်နိုင်တော့ဘူး။" " အာ ... အဲ့လိုတော့မလုပ်နဲ့ ... နင်ဒီနေ့အလုပ်မဖြစ်ရင် ပြန်တဲ့အခါငါ့ဆီက ၀င်ကြေးတော့ယူသွားဟာ။ အောက်ကဟာတွေကို ၀င်ဆွဲနေတာ သိရဲ့သားနဲ့။" " အင်း အင်း ... ပြန်တဲ့အခါပေါ့။"
ဒီဂျေသံကတော့ ဆူညံပွက်လောရိုက်နေသည်။ အင်း ... ဒီဂီတသံနဲ့ အရက်နဲ့ဆိုတော့ မမြူးရင်လည်း ခံနိုင်ရိုးလားနော်။

ခုတလော စီမံချက်ရှိ၍လားမသိ။ လမ်းပေါ်တွင် အဖမ်းအဆီးများသည်။ နယ်မြေခံရဲများကို လိုင်းကြေးပေးထား၍ ကလပ်ပေါ်တက်၍တော့ မဖမ်း။ ကလပ်အောက်ခြေတွင် ၀င်ကြေးမပေးနိုင်သဖြင့် အပြင်မှာဖောက်သည်ရှာသော ကောင်မလေးများကိုတော့ ၀င်ဆွဲသွားသည်။ ဆုကိုတော့ သူခင်သည်။ ဆုနှင့်က တစ်ရပ်ကွက်တည်းသားတွေ။
ဆုကတော့ လူရမရမသိ ကတာတော့ကွေးလို့ပင်။ သူ့ဆံပင်တိုလေးတွေကို ခါခါထုတ်ရင်း ခေါင်းထဲက စိတ်ညစ်စရာတွေကိုပါ ခါထုတ်နေလားမသိ။ ထို့နောက်တွင်တော့ သူလည်းမအားမလပ်တော့ပါ။ ဟိုဝိုင်းကခေါ်လိုက် ဒီဝိုင်းကခေါ်လိုက်နှင့် အလုပ်ရှုပ်နေရပါတော့သည်။

"ကောင်လေးရေ ဟိုဝိုင်း၁၂ကို ဘီယာသွားချပေးလိုက်ဟ။ မူးနေပြီလားလည်း ကြည့်ခဲ့ဦး။" အင်း ... နိုင်လင်းတို့တော့ ဇာတ်လမ်းစတော့မည်ထင်သည်။ မူးနေလားကြည့်ခိုင်းခြင်းမှာ အကောင်းမဟုတ်ပါ။ ဘီယာခွက်ကျန်များကို ဒီကောင်က သွန်မပစ်ဘဲ စုထားတတ်သည်။ ၀ိုင်းထဲမှ မူးနေသူက ဘီယာမှာချိန်နှင့် ခွက်ပြည့်ချိန်တိုက်ဆိုင်ပါက ထိုဘီယာအကျန်များကို ဘောပင်နှင့်အမြုပ်ထအောင် မွေကာသွားချပေးတတ်သည်။ ထိုခွက်ဖိုးက စာရင်းထဲတွင်မပါ ...သူ့အိတ်ထဲရောက်လေသည်။ သောက်သူလား သိမှာ...
ဘယ်ကလာ သိမှာတုန်း မူးကလည်း မူးနေ ... ဘေးနားက ကောင်မလေးထံလည်း ဇောကပ်နေ ... ဘာများသိမှာမို့တုန်း။

သူ အဝေးသင်တက်နေတာ ဒုတိယနှစ်ရှိပြီ။ အမေစိတ်ချမ်းသာအောင် ဘွဲ့လက်မှတ်လေးတော့ပြချင်သေးသည်။ အမေ့အကြောင်းတွေးနေရင်းမှ နွယ့်ကိုသတိရသွားသည်။ နွယ့်ကို သူချစ်တာနွယ်မှသိပါလေစ။ သူကကော နွယ့်ကိုယူနိုင်ပါသည်လား။ စိတ်ရှုပ်တယ်ကွာ ... ထပ်မစဉ်းစားချင်တော့။ သူ နွယ့်ကို ရည်းစားစကားတောင်မပြောရသေး။ သူသာ နွယ့်ကိုရည်းစားစကားသွားပြောလျှင် နွယ်တော့ခွက်ထိုးခွက်လှန် ရီမလားမသိ။ သူက ထိုသို့ရီတတ်သူ။

အင်း ... ဒီနေ့နွယ်လည်း ပေါ်မလာသေးဘူး။ "ငယ်ငယ်ရေ နွယ်ပြန်လာသေးလား။" " အာ ကိုကောင်လေးကလည်း အော်ဒါပါသွားတာ ဘယ်လိုပြန်အိပ်မှာတုန်း။" " အေး ... ဟုတ်သားပဲ" ဟု သူဆိုသောအခါ ငယ်ငယ်က ပြုံးသည်။
"ဟေး ... ဘော်ဘော်နှစ်ယောက် ... " လူကိုမမြင်ရသေး အသံကိုကြားရသည်။ ငယ်ငယ်က "မနွယ်ကို မမြင်မချင်းမေးနေတာ တချိန်လုံး"ဟု ပြောရာ နွယ်က " သူ့မှာရစရာရှိလို့ဟ" ဟုဆိုပြီး ပိုက်ဆံရှစ်ထောင်ထုတ်ပေးသည်။ "ဘာတုန်း ... ။" " ရော့လေ ... နင်ဆက်သွယ်ပေးလို့ ကော်မရှင်ခက ငါးထောင်၊ ပြီးတော့ မုန့်ဖိုးထပ်ရခဲ့သေးတော့ ထပ်ပိုပေးတာ ... ယူလေ "ဟုပြောသည်။ "နေပါဟာ ... ငါဘာမှမလုပ်ဘူး ... မယူဘူးဟ။" " မရဘူး ယူရမယ်။ နင်က ငတုံး၊ ငအ။ နိုင်လင်းလို လူလည်လည်းမကျတတ်တော့ ပိုက်ဆံဘယ်ရမလဲ။ ကျူရှင်ဖိုးတွေလိုသေးတယ်မဟုတ်လား။" " ငါ့ကို ဧည့်သည်တွေပေးပါတယ်။" " အမလေးဟယ် သူတို့ပေးတဲ့ တစ်ပ်မန်းနီးများ တော်တော်မူးမှ တစ်ရာ၊ နှစ်ရာထွက်တာ။ ရော့ ... ဟကောင် နင်ယူမလား မယူဘူးလား။" နွယ်စိတ်ဆိုးတော့မည်မှန်း သူသိသည်။ "အေးအေး ... ငါယူမယ် ... ပေး။" " အဟိ " ... ရယ်သံကြားသဖြင့် လှည့်ကြည့်ရာ ငယ်ငယ်။ "ကိုကောင်လေးမယူရင် မီးက ယူမလို့ပါဆို" ဟု စသေးသည်။ " ကိုကောင်လေး ငယ့်ကိုမုန့်ဝယ်ကျွေးမလား" ဟု ပြုးပြုံးကြီးမေးနေသော ငယ်ငယ့်ကို " အေး ... ကျွေးမယ်ဟ နင် .. ငါ့ကိုမစရင် ကျွေးမယ်" ဟု ပြန်ပြောလိုက်ရင်း အခန်းထဲမှ ထွက်လာလိုက်သည်။

"ဟေ့ကောင်လေး ... မင်းနွယ့်ကိုကြိုက်နေတယ"်ဆို ဟုကိုစိုးကြီးကမေးရာ "မဟုတ်ပါဘူး အကိုရာ။ ၀ိုင်းနောက်နေကြတာပါ...။" " အေး ... ငါတော့ ဘာမှမပြောလိုဘူး ... သူတို့တွေ ဘယ်လိုထမင်းရှာစားတယ်ဆိုတာ မင်းလည်းအသိ ငါလည်းအသိ။" " ဟုတ်ကဲ့ ... အဲ့ဒါဘာဖြစ်တုန်း အကိုရ။"
"အင်း ... ဘာဖြစ်မလဲဆိုတော့ မင်းသာသူနဲ့ကြိုက်ရင် ဟိုသီချင်းနေ့တိုင်းဆိုနေရမယ်။" " ဘယ်သီချင်းတုန်းအကိုရ ။" " အိုးလေးကွဲသွားပြီ... အိုးလေးကွဲသွားပြီ ဆိုတဲ့သီချင်းလေ။" " အာ ... အကိုက လာနောက်နေတယ်။" " မနောက်ဘူးမောင် ... မင်းတွေးကြည့် ... သူက အပေါ်ကမော်ဒယ်လျှောက် မင်းက ၀ိတ်တာ၊ ... သူများက သူ့ကိုကြိုက်လို့အော်ဒါခေါ်တော့ မင်းခံရခက်တယ်မဟုတ်လား။" သူက ငိုင်လျှက်. သူလည်း ဒီဟာကို တစ်သက်လုံးမလုပ်သလို ကျွန်တော်လည်း မလုပ်ပါဘူးဗျာ။ "မင်း ... စာတွေဖတ်ဖတ်ပြီး စိတ်ကူးက တယ်ယဉ်ကိုး" ဟု ကိုစိုးက ညည်းသည်။ သူစိတ်ကူးယဉ်မိသည်လား ... သူလည်းဘာကောင်မှ ဟုတ်လှသည်မဟုတ်ပေ။ အမှိုက်တောထဲက အမှိုက်တစ်စမျှသာ။ သူမကော၊ ကိုစိုးကော၊ အားလုံး.. အားလုံး၊ ဘာကောင်မှမဟုတ်။ ဘာကို ဂရုစိုက်နေရဦးမည်နည်း။ နွယ်သာ သူ့ကိုချစ်ပြီး ကောင်းကောင်းနေသွားလျှင် အကုန်လုံးကို သူရင်ဆိုင်နိုင်သည်ဟု သူထင်သည်။ ကိုစိုးကြီး ဘယ်အချိန်ထွက်သွားသည်မသိ၊ သူကတော့ ကိုစိုးကြီးချန်ထားခဲ့သော အမှိုက်စများနှင့် လုံးထွေးရစ်ပတ်ကာ ကျန်နေတော့သည်။


ဆက်ရန် ... ... .... ...

Thursday, December 10, 2009

ရဲဘော်ကိုသန်း ...

ရဲဘော်ကိုသန်း .... သူ့နာမည် ရဲဘော်ကိုသန်း။ သူ့ပုံပန်းက ၀၀ပုပု၊ မျက်နှာက ခွေးဘီလူးနှင့်တူပြီး မြင်သူကြည့်သူတိုင်းက သူကြပ်မပြည့်ကြောင်း သိနိုင်သောရုပ်ဖြစ်သည်။ သူနာမည်တွင် ရဲဘော်ဟု အမည်တပ်ထားသော်လည်း စစ်တိုက်ဖူးသည်ဝေးစွ သူသည်ရဲဘော်မဟုတ်မှန်း ရွာကသိကြသည်။ ငယ်စဉ်ကလေးဘ၀က ရွာသို့ပြဇာတ်လာကသည်ကို ကြည့်ပြီးမှ သူ့မိခင်ပေးသောနာမည်ရှေ့တွင် ရဲဘော်တိုးလာခြင်းဖြစ်သည်။

မနက်လင်းလျှင် ရဲဘော်ကိုသန်းတစ်ယောက် အိမ်မှမိခင်အိုကြီး ကျွေးတာစားကာ လမ်းတကာထွက်ပြီ။အိမ်တကာလည်လွန်း၍ ရွာမှခွေးတွေကလည်း မှတ်မိနေပြီ။ ဘယ်အိမ်ကခွေးကမျှ ရဲဘော်ကိုသန်းကို မဟောင်။ ရဲဘော်ကိုသန်းကို ရွာမှလည်း ဂရုမပြုမိကြ။ ရဲဘော်ကိုသန်းကလည်း ရွာကိုသိပ်ဂရုစိုက်သည်မဟုတ်ချေ။

အဖြစ်က မနှစ်ကနှင့် မတူဆိုသည့်အတိုင်း မနှစ်ကရွာထိပ် ဦးအောင်အေးတို့ မြို့မှ တီဗီဆိုသည့်အရာဝယ်လာရာမှ ဇာတ်လမ်းက စလေသည်။ ရွာတွင် တီဗီဆိုသည်မှာ ဝေးလို့ စာအုပ်စာပေဆိုသည်ကလည်း ရွာဦးကျောင်းမှ ဘုန်းတော်ကြီး၏ ဘီရိုတိုက်တွင်းထားသည်များကိုသာ မြင်ဖူးသည့်ရွာ ဂျင်ကလယ်လေးတွင် တီဗီဆိုတာ ဘာများပါလဲဟရို့။ ရွာရှိအိမ်တိုင်းက ဦးအောင်အေးအိမ်ရှေ့တရုန်းရုန်း။ တီဗီဆိုတာ လေးထောင့်သေတ္တာပုံးမဲမဲသာဟု တစ်ယောက်က ပြောလျှင် ဦးအောင်အေးက ပြုံးပြုံး၊ ပြုံးပြုံးဖြင့် ညကျ လာကြည့်ကြလကွယ်ဟု ဆိုလေသည်။

မြို့မှပါလာသော ဦးအောင်အေးတူက ၀ါးလုံးထိပ်တွင် သံငါးရိုးကို ချည်၊ အိမ်ရှေ့တွင်ထူ။ တီဗီကိုဖွင့်ကာ ဟိုချိန်ဒီချိန်လုပ်နေစဉ်ကို လူတွေက တရုန်းရုန်း။ ထိုတရုန်းရုန်းကလေးအုပ်စုထဲတွင် ရဲဘော်ကိုသန်းကပါ မားမား၊ မားမားနှင့်။ တီဗီတန်ခိုးများ တယ်ကြီးသကိုး။ တီဗီပိုင်ရှင်ဦးအောင်အေးက အိမ်ဦးခန်းတွင် ခန့်ခန့်စန့်စန့်၊ တီဗီပိုင်ရှင်ကြီးကတော် ဒေါ်မယ်က ကလေးမျာကို ဟန့်။

ထို့နောက်တွင်တော့ ကျွန်ုပ်တို့ ရွာကလေးတွင် ညစဉ်ညတိုင်း ဦးအောင်အေးအိမ်မှ တီဗီကို အဖော်ပြုကြရလေသတည်းပေါ့။ ထိုသို့တီဗီကြည့်ရာတွင် ကျန်လူများက သတင်းအစီအစဉ်ဆို ပျင်း၍မကြည့်ကြ။ ကလေးများက ရွာလည်လမ်းပြန်ထွက်ကစား။ ဇာတ်လမ်းနှင့် ကြော်ငြာများလာလျှင်ပြန်လာကြည့်ကြ။ ထူးဆန်းသည်က ရဲဘော်ကိုသန်း၊ သူက တီဗီဖွင့်လျှင် ဖွင့်သည်မှစ၍ ဆုံးသည်အထိကြည့်တတ်သူ။ တစ်နေ့ ရဲဘော်ကိုသန်းက ရွာသို့ကြေငြာချက်တစ်ရပ်ထုတ်သည်။ သူ့ကို ယနေ့မှစ၍ ရဲဘော်ကိုသန်းဟု မခေါ်ရန်။ သူနာမည်တွင် ဗိုလ်ချုပ်တပ်၍ ဗိုလ်ချုပ်ကိုသန်းဟုခေါ်ရမည်တဲ့။ ရွာရှိလူအပေါင်းက ရီကြသော်လည်း ကိုသန်းရဲဘော်ဖြစ်ဖြစ် ဗိုလ်ချုပ်ဖြစ်ဖြစ် သူတို့လယ်တောမှ စပါးအထွက်လျော့သွားမည်မဟုတ်၍ ထိုနေ့မှစကာ ရဲဘော်ကိုသန်းကို ဗိုလ်ချုပ်ကိုသန်းဟု ခေါ်ကြလေသည်။

ရွာကလေးဂျင်ကလယ်မှာ တစ်ယောက်တည်းသာရှိသော ဗိုလ်ချုပ်က မနက်လင်းလျှင် တုတ်တစ်ချောင်းကိုင်ကာ ရွာရိုးတလျှောက်လှည့်ပြီ။ အိမ်ဝင်းတစ်ကာဝင၊် မောင်းထောင်းသည်ကို လိုက်ကြည့်၊ ဗိုင်းငင်သည်ကို လိုက်ကြည့်။ မီးဖိုခန်းထဲ ၀င်ကြည့်။ တစ်ခါက မုဆိုးမဒေါ်ရုံ ရေချိုးနေသည်ကို သွားကြည့်သောကြောင့် အဆဲခံလိုက်ရသေးသည်။ ဗိုလ်ချုပ်ကိုသန်းကား ထိုမျှနှင့်အားမရ ရွာပြင်ထွက်ကာ လယ်ထဲဆင်း ကန်သင်းပေါ်မှ ခန့်ခန့်ကြီးလက်ပိုက်ရပ်ကာ ကောက်စိုက်သမများ ကောက်စိုက်သည်ကိုလည်း ကြည့်သည်ဟူသတတ်။ ဗိုလ်ချုပ်သန်းမရောက်သည့်နေရာမရှိ။ ဟိုကြည့်ဒီကြည့် ကြည့်လွန်းရာ ထန်းတောထဲဝင်ပြီး ထန်းရည်ဝိုင်းဘေး ထုံးစံအတိုင်း လက်ပိုက်ကြည့်မိရာ ထန်းရည်သမားသံခဲက ဒီသောက်ရူးဟာ နကန်းတစ်လုံးမှ မသိဘဲ ဟိုကြည့်ဒီကြည့်နဲ့ _ီးလုပ်နေတာလားဟု ဆဲတာလည်း ခံရဖူးသည်။

တစ်နေ့ ဗိုလ်ချုပ်ကိုသန်းတစ်ယောက် မျက်စိလည်လမ်းမှားကာ ရွာဦးကျောင်းရောက်သွားသည်။ ရောက်လျှင်လည်း ထုံးစံအတိုင်းအငြိမ်နေမိလျှင် ဗိုလ်ချုပ်ထုံးစံပျက်မည်မို့ ကျောင်းဝင်းထဲပတ် ဟိုဟာကြည့်၊ ဒီဟာကြည့်။ တုတ်တစ်ချောင်းဖြင့် ဟိုဟာထိုး၊ ဒီဟာထိုး လျှောက်ထိုးလေသည်။ ကျောင်းအောက်တွင် စိတ်တိုင်းကျလှည့်ပတ်ကြည့်ရှုပြီး ကျောင်းပေါ်တက်ရာ ကျောင်းပေါ်ထိုင်နေသော ဆရာတော်က မျက်တောင်သာလှန်၍ ကြည့်သည်။ ကိုသန်းကား ကျောင်းတိုင်ကြီးများကို သူ့လက်ထဲမှတုတ်ဖြင့် တဒေါက်ဒေါက်ခေါက်၊ စာအုပ်ဘီရိုကြီးများကို တဒေါက်ဒေါက်ခေါက် ...သတိလက်လွတ်ပင် လက်ထဲမှ တုတ်ဖြင့် နီးရာပစ္စည်းများကို လိုက်ခေါက်သွားသည်။ ဆရာတော်၏ မျက်တောင်လှန်ကြည့်ရာမှ မျက်မှောင်ကုတ်သော အဆင့်သို့ရောက်ဆဲသကာလ ဗိုလ်ချုပ်ကိုသန်း၏ လက်ထဲမှ တုတ်သည် ဆရာတော်၏ ဦးပျည်းပြောင်ပြောင်ပေါ်သို့ကျရာ ဆရာတော်၏ ဒေါသတို့ကား ဘုရားရှင်ကြွ၍ တရားချလျှင်သော်မှ ငြိမ်းနိုင်မည်မထင်။ ဗိုလ်ချုပ်ကြီးကိုသန်းလည်း အတိုင်းအဆကို သိ၏။ ငါ့လက်က တုတ်ကိုချလိုက်လျှင် ဤတုတ်နှင့်ပင် ငါ့အသက်ပျောက်အံ့ဟု တွေးမျှော်မြင်လျက် တုတ်ကိုလက်ကမချဘဲ ခပ်ပြင်းပြင်းနောက်တစ်ချက်နှက်ရာ ဆရာတော်လည်း ထိပ်ကွဲ၍လဲလေသည်။ ပြီးသည်နှင့် ကျောင်းလှေခါးမှ ၀ရုန်းသုန်းကားဆင်းပြေးသွားရာ ထိုမှစ၍ဗိုလ်ချုပ်ကြီးကိုသန်းတစ်ယောက် ဘယ်ပျောက်သွားမှန်းကို မသိကြတော့ချေ။

ကျွနှုပ်တို့ ရွာသားများမှာကား မနက်ဆွမ်းခံကြွလာသော ဆရာတော်၏ ဦးပျည်းမှ အမာရွတ်ကိုမြင်တိုင်း ဗိုလ်ချုပ်ကိုသန်းကို ဒေါမနဿပွားရသည်။ ဗိုလ်ချုပ်ကိုသန်းကား ထုံးစံအတိုင်း ဘယ်နေရာဝယ် လက်ကြီးပိုက်ကာ ဟိုကြည့်ဒီကြည့် လမ်းသလားနေဦးမည်မသိ။

Wednesday, December 2, 2009

အရင်အတိုင်း

နွေလေက ဟူးဟူးရားရားထအောင် တိုက်ခတ်လျက် လေထုတစ်ခုလုံး ကြွတ်ဆတ်နေသည်ဟုပင် ထင်မိလေသည်။
မန္တလေးကားကွင်းများစွာထံမှ သပိတ်ကျင်း၊ ကျောက်မြောင်း၊ ရွှေကူ၊ ဗန်းမော်ဘက်သို့ သွားမည့်ကားများ ရပ်နားရာ ကားဝင်းသို့ သူရောက်နေခြင်းဖြစ်သည်။ ခရီးသည်များ၊ ဈေးသည်များ၊ ရွှေကြိုဟု ခေါ်ရမည်လား ခရီးသည်ကို အော်ခေါ်နေသော သူများ၊ ထိုထိုသော သူတို့၏ အသံစုံက နွေလေထဲတွင် ရုန်းကြွပြန့်လွင့်နေသည်။ သူက ငေးမိငေးရာ ငေးနေမိသည်။ ' ထိုးမုန့်ဝယ်သွားပါဦး အကိုကြီးရဲ့၊ ရောင်းချင်လို့ပါ ' ဟုဆိုသည့် မုန့်သည်မလေးအသံကို သူသဘောကျနေမိသည်။ ' မ၀ယ်တော့ပါဘူး ညီမလေး ဆေးလိပ်ရှိရင်တော့ ၀ယ်မယ်လေ' ဟုသူဆိုလိုက်ရာ ကောင်မလေးက
'ခနအကို' ဟု ဆိုကာ ပြေးထွက်သွားသည်။ ခနအကြာ ဆေးလိပ်ဘူးနှင့် ကောင်မလေးပြန်ရောက်လာပြီး 'ရော့ ...အကိုကြီး' ဟု ပေးပါသည်။ သူခပ်ဝေးဝေးမှ ပြေးဝယ်ပေးခြင်းဖြစ်နိုင်သည်။

ကားဝင်းအတွင်း ကားများကစီတန်းလျက်၊ ခရီးသည်များကို လာပို့သူများ လာကြိုသူများနှင့် စည်ကားလျက်ရှိသည်။ ခရီးသည်စီးကားများဟု ဆိုသော်လည်း လူစီးခမျှနှင့် မလုံလောက်၍ ကုန်များလည်းတင်သဖြင့်
ကုန်တင်ကုန်ချ အလုပ်သမားများက ကုန်များထမ်းပိုး သယ်ချနေကြသည်။ ကားအကူကောင်လေးက ပစ္စည်းများကို ဟိုနေရာချ၊ ဒီနေရာချဖြင့် ညွှန်ကြားစီစဉ်နေသည်။ ဂိတ်မှူး၏ ၀ီစီသံတရွှီးရွှီးကလည်း အသံများထဲမှ ထိုးထိုးထွက်ပေါ်လာတတ်သေးသည်။ သူကတော့ ကားတစ်စင်း၏ ဘေးနား စီးကရက်တစ်လိပ်မီးညှိပြီး ကားအရိပ်ဖြင့် နေရောင်ကို ရှောင်နေမိသည်။

သည်နေရာ သည်မြင်ကွင်းကို သူအကြိမ်ကြိမ်မြင်ခဲ့ပြီးပြီ။ ဘယ်အခါမှ ပြောင်းလဲသွားသည်မရှိတော့ဟု ထင်ရလောက်အောင်ပင် အမြဲထိုအတိုင်း လှုပ်ရှားသက်ဝင်နေမြဲ။ ထိုမြင်ကွင်းကို ကြည့်ငေးရင်း သူတွေးမိသွားသည်က
ငါကော ... ငါဘာတွေ ပြောင်းလဲသွားပြီလဲ။ သူ ထိုမေးခွန်းကို သူမဖြေတတ်ပါ။ သူ့အမေကတော့ သူ့ကို 'သားကြီးဟာ အရင်က အတိုင်းပဲ' ဟု ပြန်တွေ့တိုင်း ဆိုလေ့ရှိသည်။

သူ မြို့ကလေးမှ ထွက်ခွာခဲ့စဉ်က သူ့သူငယ်ချင်းများ၊ သူ့မိဘ၊ သူ့ဆရာဆရာမများ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ကျန်ရစ်ခဲ့သည်။ သူ့ဖခင်ရှိစဉ်က မပေါင်းသင်းနဲ့ဟု တားမြစ်ထားသော သူငယ်ချင်းများလည်း ကျန်ရစ်ခဲ့သည်။
မတူညီသော ပတ်ဝန်းကျင်အသစ်တွင် သူနေထိုင်ကျင်လည်ခဲ့ရာမှ သူပြောင်းလဲကောင်း ပြောင်းလဲလာလိမ့်မည်ဟု ကျန်ရစ်ခဲ့သော အသိုင်းအ၀ိုင်းတစ်ခုလုံးက ယူဆသတ်မှတ်ထားကြသည်လား မသိ။

သူ မြို့လေးသို့ပြန်တိုင်း အမေ့ကိုနှုတ်ဆက်၊ အထုပ်အပိုးများချပြီးသည်နှင့် အပေါင်းအသင်းများဆီသို့ ထွက်ပြီ။
တစ်ယောက်ထံသို့ ရောက်လျှင် တစ်မြို့လုံးမှ သူငယ်ချင်းအားလုံး၏ သတင်းကိုကြားပြီးသား ဖြစ်ပြီ။ သူထိုအကြောင်းတွေးမိသည်နှင့် ပြုံးမိသည်။ ဘယ်ကောင်က မိန်းမရသွားပြီ၊ ဘယ်သူတော့ဖြင့် နံပတ်ဖိုးသုံးရင်း သေသွားပြီ၊ ဘယ်တစ်ယောက်က ဆေးဖြတ်နေတယ်... ဘာများကြားရဦးမည်လဲ ... ဒီတစ်ခါလေ။

မြို့လေးသို့ သူပြန်ရောက်လျှင် သူသည်မြို့ထဲလမ်းမပေါ်မှ ပြန်ဆင်းတတ်သူမဟုတ်တော့။ ဆရာ၊ ဆရာမများနှင့်တွေ့၍ မြို့ကြီးမှာ ဘာလုပ်နေလဲ မေးသောအခါ သူပြန်ဖြေရမှာ ရှက်နေတတ်သည်။ ဆရာမတို့ တပည့်ဘာမှ လုပ်မနေကြောင်း မသိစေချင်ပါ။ သို့သော် ဆရာမတိုင်းက သူတို့တပည့်ဟောင်းကို အနေခက်အောင် ဘယ်သောအခါမျှ မေးခွန်းများနှင့် ညှင်းဆဲမနေပါ။ ဆရာမကတော့ သူ့ကို ' ငါ့တပည့်ဟာ အရင်အတိုင်းပဲ' ဟုဆိုလေ့ရှိသည်။

သူမြို့လေးသို့ရောက်လျှင် ကျောင်းသားဘ၀က ထိုင်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်လေးသို့ သွားလေ့ရှိသည်။ ထိုဆိုင်ရှင်ဦးလေးကြီးတွင် သမီးသုံးယောက်ရှိသည်။ ယခုတစ်ခေါက်ပြန်ရောက်လျှင် ဘယ်သမီးအိမ်ထောင်ပြုသွားပြီ ကြားရမည်လဲ သူမသိပါ။ သူပြန်ရောက်၍ ထိုဆိုင်သွားလျှင် ဆိုင်ရှင်အဒေါ်ကြီးက မလိုင်များများနှင့် လက်ဖက်ရည်ချိုစိမ့်ကို ဖျော်ပေးမည်။ ထို့နောက် ယခုထက်တိုင်တွဲနေကြသော သူငယ်ချင်းများကို ပြုံးရင်းကြည့်မည်။ သူတို့တစ်စုထဲမှ မည်သူမျှ လက်ဖက်ရည်ဆိုင်ရှင် ဖြစ်မလာကြသည်ကို သူတခါတခါ အံ့အားသင့်မိသည်။

သူပြန်ရောက်သွားသည့်အခါ ရန်ဖြစ်နေကြသည့် သူငယ်ချင်းများလည်း ခေတ္တပြေငြိမ်းကာ လက်ဖက်ရည်ဆိုင် အတူတူထိုင်လေ့ရှိကြသည်။ ထိုသို့ထိုင်သည့်အခါ မျက်နှာချင်းဆိုင်ထိုင်နေသည့်တိုင် ထိုသူငယ်ချင်းနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စကားပြောလေ့မရှိ။ သူ့ကိုသာ ပင်တိုင်ထား၍ ပြောနေလေ့ရှိသည်။ ဟိုတစ်ဖက်သားကို ပြောချင်လည်း သူ့ကိုသာဦးတည်သလိုလို တစ်ယောက်တည်းရေရွတ်သလိုလို ပြောလေ့ရှိကြသည်။ ထိုအခါမျိုးတွင် သူကရင်ထဲကြိတ်ပြုံးပြီး မသိဟန်ဆောင်ရသည်။ လက်ဖက်ရည်ဆိုင်မှထ၍ ညနေဘက်အရက်ဆိုင်ထိုင်ကြလျှင်တော့
ထိုနှစ်ယောက်ပြေလည်ရန် ရာနှုန်းပြည့်သေချာသွားလေပြီ။ သူ့ကို သူ့သူငယ်ချင်းများကတော့ ' ကောင်လေး မင်းဟာ အရင်အတိုင်းပဲ' ဟု ဆိုလေ့ရှိသည်။

' ခရီးသည်များ ကားပေါ်တက်လို့ ရပါပြီ' ဟူသောအသံကြားမှ သူ့အတွေးစတို့ ပြန်ရုတ်သိမ်းမိသည်။ သူ မြေပေါ်ချထားသော သူ့ကျောပိုးအိတ်ကို ကောက်မလိုက်သည်။ ကျောပိုးအိတ်လေးသည် အရောင်လွင့်ကာ တစ်ချို့နေရာများတွင် ရိကာချည်မျှင်များပင်ထွက်နေသည်။ သူအိတ်ကို ကျောဘက်လွဲ၍ တင်လိုက်စဉ် တစ်စုံတစ်ခု ထွက်ကျသွားသည်ကို သူသိလိုက်သည်။ သူပြန်လှည့်၍ ထိုအရာကိုကောက်မည်ပြုလိုက်စဉ် ကောင်မလေးတစ်ယောက်က ကောက်ပြီးသူ့ကိုကမ်းပေးလိုက်သည်။ ထိုးမုန့်ရောင်းသော ကောင်မလေး။ သူကျေးဇူးတင်ကြောင်းပြောမည်ပြုစဉ် ကောင်မလေးက ပြုံးပြီး 'အကိုက မြို့လေးတစ်ခုလုံး ကျောပိုးအိတ်ထဲ ထည့်သိမ်းထားတာကိုး 'ဟုပြောလိုက်လေသည်။

Thursday, November 26, 2009

27/ November/ 2009


စိတ်အားငယ်သောအခါတိုင်း တိတ်တိတ်ကျိတ်ငိုတတ်သော သူငယ်ချင်းတစ်ယောက် ကျွန်တော့်မှာ ရှိပါသည်။ ကျွန်တော့် ဘလော့ဂ်ဂါဘ၀အဦးအစတွင် ခင်မင်ခဲ့ရသူ။ ထိုကောင်မလေး မွေးနေ့မှာ ယနေ့ဖြစ်သည်။
ထိုကောင်မလေးသည် ငိုတတ်သော်လည်း စိတ်ဓါတ်ကျနေတတ်သောသူမျိုးမဟုတ်ပါ။ အနာဂတ်ကို မျက်ရည်ဝဲ၀ဲကြားက လက်သီးလေး တင်းတင်းဆုပ်ပြီး ရင်ဆိုင်ရဲသူလေးလဲ ဖြစ်ပါသည်။ အားငယ်လက်မှိုင်ချနေသူမဟုတ်ပါ။ ညည်းညူမြည်တမ်းကာ အပြစ်စကားဆိုနေတတ်သူလည်း မဟုတ်ပါ။
ရံဖန်ရံခါ ပျင်းတတ်တာလေးမှ လွဲလျင် ...း)
ယနေ့ထို သူငယ်ချင်းမလေး၏ မွေးနေ့ဖြစ်သည်။
ပျော်ရွှင်ခြင်းများ သင့်ထံပါးကျရောက်ပါစေ။ စိတ်ဆင်းရဲခြင်းနှင့် မကောင်းသောအကြောင်းတရားတို့နှင့် ရင်ဆိုင်ရသောအခါ သတ္တိခွန်အားရရှိပါစေ။ ကောင်းမွန်သော အ၀န်းအ၀ိုင်း၌ နေထိုင်ရှင်သန်နိုင်ပါစေ။
ဒါ ... ခခွေးအတွက် ... ... ဘရွတ်ခ်ရဲ့ ဆုတောင်းကွ .. ။

Tuesday, November 24, 2009

ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ပြီး ထိုညက သူအိပ်မက်တစ်ခု မက်သည်။

ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ခဲ့သည်။ သူသည် ၀ရံတာအမြင့်ထက်မှနေ၍ အရာအားလုံးကို အထက်စီးမိုးကြည့်နေခြင်းလည်းဖြစ်သည်။ အိုဟောင်းနေသော တိုက်တစ်လုံး၏လှေကားရင်းတွင် လူငယ်တစ်ယောက် ဂစ်တာတစ်လက်ကို ထိတွေ့ဆော့ကစားနေသည်ကို သူမြင်နေရသည်။ ကောင်းကင်တွင် ရှိသည်ဆိုရုံမျှ တိမ်တို့က အမျှင်တန်းလျက်။ ဆံပင်ရှည်ရှည်၊ ဂျင်းဘောင်းဘီနှင့် လူငယ်သည် ဂစ်တာကို ဖွဲ့စည်းထားသော သီချင်းအပိုင်းအစတစ်ခုကို တီးခတ်နေခြင်းမဟုတ်ပါ။ ကြိုးများကို ရည်ရွယ်ရာမရှိ ထိခတ်နေခြင်းဖြစ်သည်။ ထွက်ပေါ်လာသော အသံ၊ လူငယ်၏ ဂျင်းဘောင်းဘီနှင့် ကောင်းကင်တို့သည် အရောင်တစ်ဆင်တည်း ပျင်းရိပျင်းတွဲ။ သူမှုတ်ထုတ်လိုက်သော မီးခိုးငွေ့များသည်ပင် ထိုင်းမှိုင်းနေသည်။

ဝရံတာလက်တန်းပေါ် လက်နှစ်ဖက်မှောက်ထပ် ထိုလက်ပေါ်မှာမှ သူ့ခေါင်းကိုတင်လိုက်ရင်း ငေးနေမိသည်။ လမ်းမတစ်လျောက် လူသွားလူလာကင်းပြတ်လွန်းလှပါလား။ အကြည့်ကို ဖမ်းထားနိုင်သော ပန်းလေးတစ်ပွင့်တစ်လေမှ ထိုနေ့ကလမ်းပေါ်ထွက်မလာချေ။ စွယ်တော်ရွက်ခြောက်တစ်ရွက်ကို လေကလမ်းပေါ် ဒရွတ်တိုက်ဆွဲခေါ်သွားသည်ကို မြင်နေရသည်။ လမ်းထိပ်မှ ဆိုက်ကားဆရာလင်မယား ဆိုက်ကားပေါ်အိုးခွက်တွေတင်ကာ နင်းလာသည်ကို မြင်နေရသည်။ ထိုဆိုက်ကားဆရာလင်မယားကို သူသိပါသည်။ မိန်းမဖြစ်သူက ဘာပြောလိုက်သည်မသိ ဆိုက်ကားဆရာက ရီနေသည်။ သူထိုလင်မယားကို ငေးကြည့်နေရင်း သူ့မှာရည်းစားသုံးယောက်ရှိခဲ့ကြောင်း သတိရမိသည်။ ဆိုက်ကားဆရာ၏ မိန်းမသည် ပိုက်ဆံမရလျှင် ဆိုက်ကားဂိတ်ထိတိုင် လာ၍သူ့ယောက်ျားကို ဆူပူဆဲဆိုလေ့ရှိသည်။ ဆိုက်ကားဆရာ အရက်မူးလာသောအခါများနှင့် ကြုံနေလျှင် ပြန်အော်ဟစ်ဆဲဆိုရင်း တခါတရံလက်ပါပါလာလေ့ရှိသည်။
မိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို သူမနှစ်သက်ပါ။ စကားလုံးရိုင်းရိုင်းများနှင့် နစ်နစ်နာနာပြောခြင်းကိုလည်း သူဘယ်သောအခါမျှ မပြောဆိုဖူးပါ။ ဆိုက်ကားဆရာလင်မယား၏ ရီသံက နွေလေထုထဲမှ ရုန်းကြွလျက်။

သူ့ရည်းစားသုံးယောက်စလုံးသည် ပညာတတ်များဖြစ်ကြသည်။ လှလည်းလှသည်။ သိမ်သိမ်မွေ့မွေ့လည်း ရှိသည်။ ဘာကြောင့်များ ဝေးကွာသွားပါလိမ့် တစ်ယောက်နဲ့မှ မနီးစပ်ခဲ့ပါလိမ့်လို့ သူတွေးနေမိသည်။ သူကျောင်းတက်တုန်းက ကျောင်းဂိတ်ပေါက်ကို စောင့်သောဂိတ်စောင့်အဘိုးကြီးနှင့် ခင်မင်ခဲ့သည်။ ထိုအဘိုးကြီး၏ မိန်းမနှင့်လည်း ခင်မင်သည်။ အဘိုးကြီးကို နေ့ခင်းပိုင်းတိုင်း မိန်းမက ထမင်းချိုင့်လာပို့လေ့ရှိသည်။ သူတို့မှာ သားသမီးများလည်းရှိသည်။ အဘိုးကြီး၏ မျက်လုံးများသည် ထာ၀၀စဉ်ပြုံးရီနေလေ့ရှိသည်။ တခါတခါ ကျွန်တော်နှင့်အရက်ဆိုင်လေးတွင်ဆုံလျှင် သူနှင့်လက်ထပ်ဖူးသော မိန်းမများအကြောင်းကို ပြောပြလေ့ရှိသည်။ ထမင်းချိုင့်လာပို့သော မိန်းမသည် သူ၏စတုတ္ထမြောက်မိန်းမဖြစ်သည်။ ထိုအဘိုးကြီး၏ လစာသည် ကျွန်တော့်တစ်ပတ်စာ မုန့်ဖိုးမျှသာ။ သူဘယ်လိုရှင်သန်နေထိုင်ပါလိမ့် ကျွန်တ်ာတွေးမရပါ။ ယခုထို အဘိုးကြီးကွယ်လွန်သွားခဲ့ပြီ။

မိန်းမများသည် သစ်တောနှင့်တူသည်ဟု သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ အပြင်ခပ်ဝေးဝေးမှကြည့်လျှင် ငြိမ်းချမ်းစေပြီး သစ်တောထဲဝင်သွားပါက အရှုပ်အထွေးမျှသာတဲ့။ ကျွန်တ်ာပြုံးမိပြီး ယောက်ျားများကကောဟု မေးရာ သစ်ခုတ်သမားတွေဟု ပြန်ဖြေသည်။ ချစ်ရုံချစ်တတ်သူတွေက သစ်တောဝန်ထမ်းများ၊ လက်ထပ်ရုံလက်ထပ်သူတွေက ထင်းခုတ်သူတွေဖြစ်ပြီး သစ်ခိုးထုတ်သူတွေက သိုက်တူးသူနှင့်တူကြောင်း သူရှင်းပြသည်။ သူထိုနေ့က တော်တော်မူးနေ၍ အလုံးစုံကိုမမှတ်မိပါ။ ထိုသူငယ်ချင်းကပင် ထပ်၍ သစ်တောများမရှိဘဲ ကမ္ဘာကြီးအသက်ဆက်မရှင်နိုင်ကြောင်း ထပ်ပြောပါသည်။

သူတွေးနေစဉ်မှာပင် ဂစ်တာသံကထွက်လာလေသည်။ ယခုတခါတော့ တေးသီချင်းတစ်ပုဒ်ကို ကျကျနနတီးနေခြင်းဖြစ်သည်။ ထိုတိုက်ထောင့်ဆီသို့ လှမ်းကြည့်မိသောအခါ ဆံပင်ရှည်ရှည်လူငယ်လေးဘေးနား ဆံပင်တိုတိုကောင်မလေးတစ်ယောက် ရှိနေပြီ။ သူမက ခြေထောက်လေးလှုပ်ရင်း စည်းချက်လိုက်နေသည်။ ဆိုက်ကားဆရာ လင်မယားကတော့ မြင်ကွင်းကပျောက်သွားသည်အထိ ရီလို့မဆုံးတော့။ ကျနေရောင်တွင် အရာရာသည်ရွှေရောင်ဝင်းလျက်။
တိုက်ခေါင်မိုးကြားတွင် အပူရိပ်ခိုနေသော ခိုများလည်း ထွက်လာကြသည်။ စကပ်တိုတိုနှင့် ကောင်မလေးများလည်း လမ်းပေါ်ထွက်လာကြပြီ။ သူ နောက်ဆုံးလက်ကျန်စီးကရက်ကို ထိုးခြေရင်း အိမ်ထဲပြန်ဝင်လာခဲ့သည်။

ထိုညက သူအိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူ သစ်တောထဲအိပ်နေပြီး သစ်ပင်တိုင်းတွင် ဆိုင်းဘုတ်များချိတ်ထားသည်ကို တွေ့ရသည်။ ဆိုင်းဘုတ်တွင်ကား " သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်" ဟု ရေးထိုးထားလေသည်။