Tuesday, August 11, 2009

တိမ်တွေနဲ့ အတူလိုက်သွားတဲ့ သူ

တိမ်တွေမှာ ခြေထောက်ပါသလားဟု မေးတတ်သော ညီလေးကျွန်တော့်မှာ မရှိပါ။ သို့သော် တိမ်တွေကိုမော့ကြည့်မိတိုင်း သတိရစေသော ညီလေးတစ်ယောက် ကျွန်တော့်မှာရှိပါသည်။

ကျွန်တော့်ညီလေးသည် မျက်နှာဝိုင်းဝိုင်း၊ မျက်နက်ဝန်းတောက်တောက်လေးဖြင့် ချစ်စရာကောင်းပါသည်။ကျွန်တော်တို့ ငယ်စဉ်က ထိုကောင်လေးသည် ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းများအတွက် အမှိုက်ကလေးပင် ဖြစ်ပါသည်။ ကစားခုန်စားပြုရာတွင် အနှောက်အယှက်ဖြစ်စေရုံမှလွဲ၍ မည်သည့်နေရာတွင်မှ သုံးမရပါ။

ပြေးတမ်းလိုက်တမ်းကစားရာတွင်လည်း သူမလိုက်နိုင်။ သူ့ကိုပြေးစေလျှင်လည်း သူကမပြေးနိုင်။ သူသည် ထမင်းသိုး ဟင်းသိုးမျှသာ။ အိမ်မှထွက်၍ အခြားရပ်ကွက် သို့မဟုတ် ရေနားကမ်းစပ်သွားလျှင်လည်း သူ့ကိုခေါ်သွား၍မရ။ ထိုအခါ ကျွန်တော်တို့ သူ့ကိုလိမ်၍ထွက်ရ ချန်ပြေး၍ ထားခဲ့ရနှင့် အလုပ်တော်တော်များပါသည်။

ကျွန်တော်နှင့် သူငယ်ချင်းများက မျက်ဝန်းများမှတဆင့် အချိတ်အဆက်လုပ်ထား .. လူနေရာခွဲ .. သူမမြင်နိုင်လောက်သောနေရာများကို ချဉ်းကပ်၊ ရုတ်တရက်ပုန်းအောင်းကာ အသာလစ်ထွက်ကြရပါသည်။
သူ့အနားမှ မည်သည့်အကြောင်းကြောင့်မှန်းမသိ ရုတ်တရက်ပျောက်ကုန်သော သူများကို သူရှာမရပါ။
အိမ်ဝင်းအလယ်တွင် နောက်ဆုံးသူတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး နေရရှာပါသည်။ သူသည် မျက်နှာလေးမဲ့ကာ မျက်ရည်လေးဝဲကာ အမေဖြစ်သူဆီသွား၍ ငိုပါတော့သည်။

ဤကဲ့သို့ သူအကြိမ်ကြိမ်ကြုံခဲ့ သူအကြိမ်ကြိမ်ငိုခဲ့ကြောင်းကို ကျွန်တော်အသက်နှစ်ဆယ်ကျော်မှ သိရှိခံစားနားလည်ခဲ့ သနားမိခဲ့သည်။ ကျွန်တော်တို့ ကျွန်တော့်ညီလေးကို အကြိမ်ကြိမ် စွန့်ခွာထွက်ပြေးခဲ့ကြသည်လေ။

ကျွန်တော့်ညီလေး ကြီးပြင်းလာခဲ့ပါသည်။ ကျွန်တော့်ညီလေးသည် ကျွန်တော့်ထက်အရပ်မြင့်ပါသည်။
လေထဲမားမားစွင့်နေသော သစ်ပင်ရိုင်းလေးလို မြင့်ပါသည်။ ကျွန်တော့်ညီလေးနှင့် သူ့အပေါင်းအသင်းများသည်
စကားအသစ်အဆန်းများကို ပြောကြပါသည်။ ကျွန်တော်မနှစ်သက် မရင်းနှီးသောကစားနည်းများဖြင့် ကစားလေ့ရှိကြသည်။ ကျွန်တော့်ညီလေး အခန်းထဲတွင် စိမ်းရွှေသောရနံ့များနှင့် ဝေ့၀ဲနေလေ့ရှိသည်။
ကျောင်းစာအုပ်များသည် ထာဝစဉ်အသစ်စက်စက်များသာ ဖြစ်နေလေ့ရှိပြီး အမေနှင့်လည်း မျက်နှာချင်းမဆိုင်ဖြစ်သည်မှာ ကြာပြီဟုဆိုပါသည်။

ကျွန်တော်သည် ကျွန်တော့်ညီလေးအတွက် ထမင်းသိုး ဟင်းသိုးပမာဖြစ်လာပါတော့သည်။ တိမ်တွေသာသောတစ်နေ့ ကျွန်တော့်ညီလေး၏ အခန်းတွင်း၌ ညီလေး၏အ၀တ်အစားများမရှိတော့ပါ။
မည်သည့်သက်သေအချင်းအရာ တစ်စုံတစ်ခုကိုမျှ ချန်မထားခဲ့ဘဲ ထွက်သွားပါသည်။

လွန်ခဲ့သောအနှစ်နှစ်ဆယ်က သူငိုခဲ့သလို ကျွန်တော်ငိုချင်လာပါသည်။ ကျွန်တော့်ညီလေးသည် ကျွန်တော့်ကို ထားသွားခဲ့လေပြီ။ တိမ်တွေမှာခြေထောက်ရှိသလားဟု မေးတတ်သောညီလေးကျွန်တော့်မှာ
မရှိပါ။ သို့သော် တိမ်တွေကိုမော့ငေးတိုင်း ကျွန်တော်သတိရစေသော ညီလေးတစ်ယောက် ကျွန်တော့်မှာရှိခဲ့ပါသည်။

16 comments:

jr.လွင်ဦး said...

အဲဒါဝဋ်လည်တာပေါ့။
တိမ်တွေမှာခြေထောက်မရှိပေမယ့် တိမ်တွေငိုတတ်ကြောင်း ညီလေးနဲ့ ထပ်တွေ့ရင်ပြောပြလိုက်ပါလေ..

Rita said...

ငယ်ငယ်တုန်းက အချိန်တွေကိုပဲ သတိရမိတယ်

mirror said...

ဂျူးရဲ့ လရဲ့အောက်ဘက်မိုင်အဝေးမှာထဲက ညီကိုနှစ်ယောက်ကိုပြေးသတိရမိတယ်။

အနော် said...

အိုး ဖတ်ပီးပီးချင်း ရင်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိဘူး ကို brook ရေ
တော်တော်လေးကို စိတ်မကောင်းဖြစ်သွားပါတယ်
အမ jr ပြောသလိုပဲ တိမ်တွေ ငိုတတ်ကြောင်း ညီလေးနဲ့ပြန်တွေ့ရင် အသေအချာကို ပြောပြလိုက်ပါနော် :(

အောင်သာငယ် said...

ကောင်းလိုက်တဲ့ အက်ဆေးလေးပဲ...
အတော်ထိရှသွားတယ်...

မယ်ကိုး said...

အက်ဆေးလေးကောင်းလိုက်တာ တိုတိုလေးနဲ့  ထိခိုက်မိပါတယ်။

Khinmarlaraung said...

မောင်လေးရေ...ကောင်းလိုက်တဲ့ရေးကွက်..
စာဖတ်သူတောင်ဘယ်လိုဖြစ်သွားမှန်းမသိ။
အများကြီးဆက်ပြီးတွေးနေမိပြီ။ ကိုယ့်မှာလည်း
အဲ့လို အတွေ့ အကြုံမျိုးရှိခဲ့ဘူးတယ်။
ညီလေးကိုတွေ့ ရင်ငယ်ငယ်တုန်းကလိုထပ်ပြီး
ထားမသွားနဲ့ တော့။ ဆုတောင်းပေးတယ်မောင်လေးရေ။
အစစ အရာရာအားလုံးအဆင်ပြေပါစေလို့ ။
ခင်မင်လေးစားလျှက်...ခင်မာလာအောင်...

နန်းညီ said...

ကမ္ဘာကအလုံးကြီးတဲ့.. ဒီတော့ တိမ်တွေက တပတ်တော့ပြန်လှည့်လာမှာ သေချာတယ်.. အရင်တိမ်တိုက်ပုံစံနဲ့တော့ နည်းနည်းကွဲပြားသွားနိုင်ပေမယ့် ဒီတစ်ခါများ ပြန်ရောက်လာခဲ့ရင် အမိအရဖမ်းပြီးဆွဲထားလိုက်ပါ

purplemay said...

ညီလေး..ဘယ်ရောက်သွားတာလဲဟင် ကို brook..။
တိမ်တွေနဲ့တကယ်လိုက်သွားတာလား..။
ဖတ်ပြီးငိုမိတယ်..။

littlebrook said...

ပို့စ်ရှေ့ပိုင်းက ချန်ထားခံရတဲ့ညီလေးဟာ ကျွန်တော့်တကယ့်ညီလေးပါ..
နောက်ကတော့ မူးယစ်ဆေးသုံးပြီး ဘ၀တွပျက်သွားတယ့် သူငယ်ချင်းတွေကို ညီလေးအဖြစ်ရေးထားတာပါ
ဂျူ ၊ မကြီးရီတာ ၊ မယ်ရာ၊ ကိုအောင်သာငယ်၊ မယ်ကိုးတို့ ကျေးဇူးတင်ပါတယ်...
ခရမ်းမေလေး>> တိမ်တွေနောက်ကို တကယ်လိုက်သွားကြတာပါ တချို့တွေပြန်ရောက်လာတယ် တချို့ကဘယ်တော့မှ ပြန်မရောက်လာဘူး
နန်းညီ>> တိမ်ဆိုတာ ဘယ်တော့မှ ဖမ်းဆွဲလို့မရဘူးကွယ်..သူတို့အလိုရှိမှ ရွာကျတာမျိုးလေ
မခင်မာလာအောင်>> ကျွန်တော် ဘယ်တော့မှထားမသွားတော့ပါဘူးခင်ဗျား)

ဖိုးဂျယ် said...

ကောင်းလိုက်တဲ့ အက်ဆေးလေးဗျာ

ကြည်ဖြူပိုင် said...

စမ်းချောင်းငယ်ရေ..သိပ်ကောင်းပြီးထိရှလွယ်တဲ့ပို့စ်လေးတစ်ပုဒ်ပဲ။GOOD

မြစ်ကျိုးအင်း said...

ကျွန်တော့်မှာလည်း ညီရှိတယ်ဗျ သူ့ကိုချစ်တဲ့အချစ်ကို ကျွန်တော် ထုတ်ပြခဲတယ်...။သူလည်း အပေါင်းအသင်းမှားချင်တယ်လေ တချိန်လုံး မာန်မဲထားရတယ်..။သူ့စိတ်ထဲမှာတော့ ကျွန်တော် သူ့ကိုမချစ်ဘူးလို့
ထင်နေမှာပဲ...။ဒါတွေဘာကြောင့်ပြောရသလဲဆိုတော့ သူငယ်ချင်းရေးတဲ့
ဒီပို့စ်လေးဖတ်ပြီး တကယ်ကို ထိထိရှရှ ဖြစ်ရတယ်ဆိုတာ သိစေချင်တာပါ..။

tututha said...

မြောင်းပေါက်စရေ ရေးတတ်လိုက်တာ သိပ်ကောင်းတာပဲ။

ိတိမ် ဆိုတဲ့ အက်ဆေးလေးတပုဒ် အစ်မလည်း ရေးဖူးတယ်။ အဲဒီအက်ဆေးလေး ရှာမရလို့ ခု မတင်ရဘူး။ ဟိုးအရင် ဟန်သစ်မှာ ပါခဲ့ဖူးတာ။ သတိရသွားပြီဟာ

littlebrook said...

တိမ်တွေမှာခြေထောက်ပါလားဆိုတာ အက်ဆေးတစ်ခုထဲက(ဆရာနေမျိုးလို့ ထင်ပါတယ် ) စာကြောင်းပါ ... ကျွန်တော်ရတယ့်အတွေးက အဲ့စာကြောင်းကနေ မြစ်ဖျားခံပါတယ်..
ကျေးဇူး အမ ... ကောမန့်တွေသာမရရင် အားငယ်တယ် ဟီးဟီး ...

myint said...

nice writing..
It's direct hit to my heart...