Sunday, May 9, 2010

သစ်ပင်နဲ့အတူတွေးခြင်း

သစ်ပင်များနှင့် ကျွန်တော့်အဆက်အစပ်ကို စဉ်းစားကြည့်တော့ ယခု ကျွန်တော် သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခြင်းကို သတိရသည်။ ဖုထစ်နေသော အပွေးအခေါက်များက သူ့သက်တမ်းကိုပင် ဖော်ပြနေသလား ကျွန်တော်မသိပါ။ နေပြောက်မထိုးအောင် သိပ်သည်းလှသောအရိပ်အောက် ကျွန်တော်အေးအေးလူလူပင် ထိုင်နေရင်း စိတ်အေးလက်အေး တွေးနေမိသည်။ နက်မှောင်ပြာလဲ့သော အတောင်ကိုဖြန့်လျက် ငုံ့ကြည့်နေသောကိုရွှေကျီး ၊ တစ်ချက်လောက်သာပါလားဟုလည်း တောင့်တမိသည်။ အရိပ်အောက်ခိုရင်း အပြင်ဘက်ကောင်းကင်ကိုမော့ကြည့်တော့ တိမ်ဖြူဖြူလေးတစ်စက အရွက်အုပ်ကြား မလွတ်မကင်းငြိစွန်းရင်း၊ ကျွန်တော်ကြည့်မိတော့ ရှက်သွေးဖြာပြီး ညင်ညင်သာသာပင် ထွက်သွားသည်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည်ဆိုသောစကားပုံအတိုင်း ကျွန်တော့်တွင် သစ်ပင်နှင့်တူသော မိန်းမနှစ်ဦးရှိသည်။ ငှက်တစ်သောင်းနှင့်တူသော အမျိုးအဆွေများ၏ မှီခိုရာပင်ဖြစ်မည်ထင်ပါသည်။ ကြီးကြီးနှင့် မေမေ .. ကျွန်တော်လွမ်းမိသည်ကော။ ကြီးကြီးတို့ ၊ မေမေတို့က ယခုကျွန်တော်ခိုဝင်နေသော သစ်ပင်ကြီးဖြစ်ခဲ့လျှင် ကျွန်တော်က ထိုသစ်ပင်ပေါ်မှ ကျီးကန်းလေးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။
ကျွန်တော့်ဘာသာစကားမှ မေမေတို့ နားညည်းခဲ့ပါသလား။ တစ်စုံတစ်ရာမျှော်လင့်ခဲ့ပါသလား ကျွန်တော်ဆက်တွေးမိသည်။ကျွန်တော့်ဘာသာစကားကို နားမလည်သည့်တိုင် နားထောင်ပေးတတ်သောမမသည်လည်း ကျွန်တော်နားခိုရာ သစ်ပင်ဖြစ်ပါလိမ့်မည်။

ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားတတ်ဖို့ ကျွန်တော်သစ်ပင်များကို ချစ်တတ်ဖို့လိုပါသည်။
လွန်ခဲ့သော ရက်များဆီက ကျွန်တော် ကျွန်တော့်ဆရာအိမ်သို့သွားခဲ့သည်။ ဆရာက သစ်ပင်များကိုရေလောင်းနေရင်း သူနယ်သို့ တာဝန်ဖြင့်ပြောင်းရွေ့ရတော့မည့်အကြောင်း ပြောပြနေခဲ့သည်။
ဤနေရာသည် ဆရာရောက်မလာခင်က ကွင်းခေါင်ခေါင်၊ ယခု အရိပ်ရပင်များစည်ဝေသိုက်ဝန်းစွာဖြင့် ရှိနေပြီ။
ထို့ပြင် ဆရာရေလောင်းနေသော သစ်ပင်လေး၏ အနာဂတ်ဘ၀တွင် ဆရာပါဝင်နိုင်တော့မည်မဟုတ်ပါ။ သို့သော် ဆရာကား ရေလောင်းမြဲလောင်းလျက်။ ချစ်ခြင်းမေတ္တာအကြောင်းကို နားလည်ခံစားတတ်ဖို့ ကျွန်တော် သစ်ပင်များကိုချစ်တတ်ဖို့ လိုအပ်ပါသည်။

လေတိုးတိုက်သဖြင့်လှုပ်ရုံလေးလှုပ်ရှားသွားသော အရွက်များက အချင်းချင်းတီးတိုးဆိုလေသည်လား။ ကျွန်တော်နားစိုက်ထောင်မိသည်။ အကြီးဆုံးဆိုသောသစ်ပင်များမှစ၍ အနိမ့်ဆုံးပေါင်းပင်လေးထိ မြေကမ္ဘာမှ သူတို့ရယူခဲ့သလောက်ကို သူတို့ပြန်ပေးသွားကြသည် တဲ့။ လေအတိုးတွင် ၀ဲလည်၍ကျလာသော အရာလေးက ကျွန်တော့်ပေါင်ပေါ်မှာ။ ခရေပွင့်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်။ ခရေပင်ပေါ်မှ ကျီးကန်းလေးက မျက်လုံးလေးဝိုင်းက လည်ပြန်ကြည့်ရင်း ဟိုခုန်၊ဒီခုန်။ ကျွန်တော် အတွေးစများကို ရုတ်သိမ်းကာ အရိပ်ထဲမှထွက်လိုက်တော့ နေကကျဲကျဲတောက်ပူသည်။

14 comments:

အနော် said...

ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားတတ်ဖို့ ကျွန်တော်သစ်ပင်များကို ချစ်တတ်ဖို့လိုပါသည်။... သစ်ပင်တွေကို ချစ်တတ်ရုံနဲ့တော့ ချစ်ခြင်းမေတ္တာအကြောင်း သိပ်နားလည်မယ် မထင်.. ညီမလေး အယူအဆ :P.. သစ်ပင်တွေကတော့ သူတို့ တာဝန် သူတို့ ကျေပွန်ပါရဲ့ ...သစ်ရိပ်ခိုတဲ့လူတွေကတော့ အယူချည်းပဲ ရှိနေတဲ့သူတွေချည်း များနေတယ်... ဘာပဲပြောပြော သစ်ပင်တွေကို ချစ်တတ်တာ ကောင်းပါတယ်.. :)

purplemay said...

ကိုယ်ကသာ ကျီးကန်းလေးဖြစ်ရင် ကိုယ့်ဘာသာစကားကို မေမေတို့ နားမညည်းဘူးထင်တာပဲ ။ အရိပ်ထဲကထွက်မှပဲ နေကျဲကျဲတောက်ပူမှန်းသိတော့တာ ....လူတိုင်းပဲလားလို့ တွေးမိတယ် ။ သစ်ပင်တွေနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားသွားပါသည်....။

jr said...

နောက်ဆုံးကနေရင် ဒုတိယမြောက်အပိုဒ်လေးကြိုက်၏။

Anonymous said...

အနော်၊ ခရမ်း၊မိဂျူ ..း) (LB)

mirror said...

အဲ့လိုတွေ မချစ်တတ်တာ ခက်တယ်ရော...။အပင်လဲ မချစ်ဘူး။အိမ်မွေးတိရိစ္ဆာန်တွေလဲ မချစ်ဘူး။ အင်းး ဒါတွေက ပိုစ့်ထဲက အကြောင်းအရာနဲ့တော့ မဆိုင်ပါဘူး။
ဖတ်ပြီး စိတ်ထဲဖြစ်လာတဲ့အတိုင်းပဲ..ပြောတတ်တယ်ရော

Flower said...

တို့လဲသစ်ပင်လေးတွေကို ချစ်တယ်
အပင်ကြီးတွေကိုတော့ တန်ဖိုးထားမိတယ်..
လောကကြီးကို ဆိုးကျိုးတွေမပေးဘဲ ကောင်းကျိုးတွေသာ အထပ်ထပ်ပေးနေကြတဲ့ အပင်တွေမို့ပါ..
အတွေးလေးကို ဖတ်သွားပါတယ်..
ပျော်ရွှင်ပါစေ..

နန်းညီ said...

မကြိုက်ဘူးဆိုတဲ့ ဂျူးဝတ္တုတိုကို သတိရသွားတယ်..
ဘာလဲကွာ.. မမရီတာနဲ့ ကိုလင်းဆက်တို့တော့ ကြိုက်တယ်ဆိုတာလေ.. သစ်ပင်စိုက်တဲ့ သူ့ ယောက်ျားကြောင်းကို ပြန်ပြောပြတဲ့ မိန်းမလေ

လင်းဒီပ said...

ခေါင်းစဉ်က သစ်ပင်နဲ့ တူသောမိန်းမများ မဟုတ်ဘူးလား :P...

နောက်တာပါ...။

“ချစ်ခြင်းမေတ္တာအကြောင်းကို နားလည်ခံစားတတ်ဖို့ ကျွန်တော် သစ်ပင်များကိုချစ်တတ်ဖို့ လိုအပ်ပါသည်။”

ချစ်ခြင်းကို သဘာဝကတဆင့် သင်ယူရမယ် ဆိုတာ ဟုတ်တယ်ဗျ...။

littlebrook said...

ကိုလင်းဒီပရေ .. ခေါင်းစဉ်က ကျွန်တော့်ရဲ့သစ်ပင်ပါ :D ကျေးဇူးတင်ပါတယ်ခင်ဗျာ

ချောရေ လာလည်တဲ့အတွက်ရော ကောမန့်အတွက်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ

ညီမလေးမယ်ရာ .. နင်လားမချစ်တတ်တာ ပိတ်ခေါက်လိုက်လို့ မျက်မှန်ကျွတ်သွားမယ် ဟားဟား:P

ဖိုးဂျယ် said...

ကျီးကန်းနဲ့ တူသော . . . .

Anonymous said...

သစ်ပင်ရိပ်ခိုဖို့ ကျီးကန်းလေးဖြစ်ဖို့မလိုပါဘူး။ အပင်ပေါက်စလေးလဲဖြစ်နိုင်ပါတယ်။း)

Nge Naing said...

အတွေးတွေ ကောင်းလှချည်လား။ ဖတ်လို့ ကောင်းတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်က ဘယ်လိုဖြစ်ပြီး ကျီးကန်းဘ၀ ရောက်သွားရလဲ။ ကျီးကန်းမလုပ်ပါနဲ့ တခြားငှက်တွေ ဥပမာပေးစရာ အများကြီးရှိတာပဲ။

မြစ်ကျိုးအင်း said...

သစ်တပင်ရဲ့ အနာဂါတ်မှာ ကျနော်တို့ မပါဝင် နိင်တော့ရင်တောင် ရေလောင်းမြဲ လောင်းနေရ မှာပဲ။
ကျွန်တော်တို့အတွေးက ကမ္ဘာကြီးအတွက် ဖြစ်သင့်တယ် မဟုတ်လား။

အရိပ်ထဲမှ ထွက်လိုက်တော့ နေကကျဲကျဲတောက်ပူနေသည်။

မြင်လိုက်ရသလိုပါပဲ။

littlebrook said...

ကျီးကန်းလေး ဘာကြောင့်ဖြစ်ချင်လည်း ဆိုတော့
ဒီကဗျာလေးကို ကြိုက်လို့ပါဗျာ
ကျီးကန်း

သူ့အသံက ဖမ်းဆုပ်ရခက်တဲ့ ပြဒါး
သမံတလင်းပေါ် လွတ်ကျသွားတဲ့ သေနတ်တစ်လက်
သူ ထပျံသွားတော့
ဝုန်းဒိုင်းကျဲပြီး ကျန်ခဲ့တဲ့သစ်ကိုင်း
သူ့အသားအရည်က
ပါးနပ်ဖျတ်လတ်ခြင်း
သူ့လက်မောင်းမှာ ထိုးထားတဲ့ဆေးမင်ကြောင်က
အမျိုးကိုထိရင် မချိအောင်နာတတ်သူ
သူ့အသည်းနှလုံးက
လူသွားလူလာများတဲ့ ပလက်ဖောင်း
သူပျံဝဲနေတဲ့ အနုပညာက
နေဆီ လွှင့်ပစ်လိုက်သော
အနက်ရောင် အ၀တ်စတစ်စ။ ။
ကဗျာဆရာ မောင်ဖီလာရေးသည်။
အမည်မသိခင်ဗျား .. :) ကျွန်တော်ကိုယ်တိုင်က သစ်ပင်လေးတစ်ပင်လို့ပဲ ခံယူပါတယ်