Wednesday, June 16, 2010

သစ်ပင်နီနီလေးတွေ

ဤသစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင် ပေါက်သည့်အပင်လေးဖြစ်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများနှင့် ပြတ်သည်ကို မရှိတော့။ အမြဲလိုလို ဖုန်မှုန့်နီနီများက
သူတို့ခိုတွယ်လို့ရသမျှ အရွက်တိုင်း အကိုင်းတိုင်းတွင် တင်နေကြရာ ရဲရဲပင်နီစွေးနေလေတော့သည်။ သူမျက်မှောင်ကြုံ့ကာ မကျေမနပ်ပင်တွေးနေမိသည်။ သစ်ပင်လေးက သူ့အိမ်ရှေ့တွင်ပေါက်သော
သစ်ပင်လေးကိုး။

သူနေထိုင်ရာမြို့လေးက နယ်စပ်မြို့လေးဖြစ်သည်။ ရှေးယခင်မြို့လေးက ဘယ်သို့ဘယ်ပုံရှိခဲ့သည်ကို သူမသိပါ။ ယခုသူမြင်နေရသောမြို့လေးကတော့ ငြိမ်ကုပ်ကုပ်နှင့် အတွင်းကြိတ်ကြေကွဲနေသောမြို့လေးပင်ဖြစ်သည်။
ကိုယ်ဝါသနာပါရာ မလုပ်ရဘဲ မအပ်စပ်သည့်အလုပ်လုပ်နေရသူလို မကျေမချမ်းဖြစ်နေသောမြို့လေး။ သူ့ကိုယ်သူ ငွေကြေးအတွက်စတေးခံနေရသည်ကို သိလျက်နှင့် စိတ်ပျက်လက်ပျက် ရေစုန်မျောနေသော မြို့လေးဟုပင်
သူမြင်ပါသည်။ သူတို့ ညီအကိုသုံးယောက်စလုံး ထိုမြို့ငယ်လေးတွင်သာ ကြီးပြင်းခဲ့သည်။ မူလတန်းမှ အထက်တန်းထိ သူ ထိုမြို့လေးတွင်သာ ကျောင်းတက်ခဲ့ရသည်။
အမှတ်ရစရာတိုင်းကိုသာ သိမ်းဆည်းထားမည်ဆိုလျှင် ရင်နှင့်ပင်ဆံ့မည်မထင်ပါ။

ရိုးပုံရိုးလက်နှင့်မြို့လေးသည် ဆောင်းဦးပေါက်တိုင်း ကောက်သစ်စားပွဲကျင်းပတတ်သည်။ သူကော သူ့ညီတွေ၊ သူငယ်ချင်းတွေ ပျော်လေ့ရှိသည့်ပွဲတော်။ ပေါ်ဦးပေါ်ဖျား စပါးကောက်နှံမှ ဆန်ဖွတ်ပြီး ဘုရားရှင်ကို ဦးစွာကပ်လှူပူဇော်၍
လူသူပိရိသတ်ကို တည်ခင်းကျွေးမွေးသော ဓလေ့က ဤဒေသ၏ ကောင်းမြတ်သော အလေ့အထတစ်ခု။ ထိုပွဲတွင် မည်သူမဆို ၀င်ရောက်ဆင်နွဲကာ တည်ခင်းသမျှ စားသောက်နိုင်သည်။
သူတို့ ညီအကို မောင်နှမများ၊ သူငယ်ဖော်များက ဘုရားရင်ပြင်ပေါ် လျောက်ပြေးဆော့လေ့ရှိကြသည်။ ဘုရားနောက်ဘက် လယ်ကွင်းစပ်တွေနား၊ ချောင်းတွေ မြောင်းတွေနားထိ ဆော့ကစားကာ ပင်ပန်းလာလျှင် စောင်းတန်းများတွင်
နားနေကြ။ ရှမ်းဆန်စေးစေးကို မုန်ညှင်းရွက်ချဉ်ရေ၊ ပဲပုပ်ကြော်၊ အစိမ်းကြော်၊ ငရုတ်သီးထောင်းတို့ဖြင့် စားရသည်မှာ မေ့ရက်နိုင်စရာမရှိပါ။ ထိုမြို့လေးနှင့် ဝေးရာရောက်နေသူတိုင်း ဆောင်းဦးပေါက်လျှင် လွမ်းစေတတ်သောပွဲ။
ထိုပွဲကို ဆင်နွဲရန် ပြန်လာတတ်သူတွေလည်း ရှိမြဲ။ ထိုအထဲတွင် သူလည်း အပါအ၀င်ဖြစ်သည်။

အထက်တန်းကျောင်းသားဘ၀တွင်လည်း ထိုပွဲချိန်က ကျောင်းဖွင့်ရက်နှင့်တိုက်ဆိုင်နေလျှင်ပင် သူတို့ကျောင်းပြေး၍ သွားဖြစ်အောင်သွားလေ့ရှိကြသည်။ ထိုသို့သွားလေ့ရှိသူမှာ သူတို့သာမဟုတ် ကျောင်းတိုင်းကျောင်းတိုင်းမှ
အလျှိုလျှိုလစ်ထွက်လာသော ကျောင်းသားကျောင်းသူများနှင့် ဘုရားရင်ပြင်တွင် အဖြူအစိမ်းချည်းလွှမ်းနေအောင်ပင် ဖြစ်တော့သည်။ ငယ်စဉ်က လူကြီးများသာသွားလေ့ရှိသော လယ်ကွင်းစပ်မှ ခေါက်ဆွဲဆိုင်တန်းတွင်
ခေါင်ရည်ခိုးသောက်ကြရင်း ပွဲဈေးတန်းကို လျှောက်ခဲ့ကြသည်။ သို့သော် ရဲရဲဝံ့ဝံ့လျှောက်ရဲကြသည်တော့မဟုတ်။ တစ်မြို့လုံးက လာကြသောပွဲတွင် အိမ်မှလူများနှင့်တွေ့မှာလည်း စိုးထိတ်ရသေး။ မျက်နှာကိုခပ်လွဲလွဲထားကာ
လျှောက်ရင်း အကိုအမများနှင့်တိုးလျှင် မျက်နှာချိုသွေးရင်း သူတို့ပြုံးပျော်ခဲ့ကြသည်။

သူ လမ်းအပြင်ကို ငေးမောကြည့်နေသည်ကို အမေမြင်တော့ ဘာတွေတွေးနေတာလဲ သားဟု မေးသည်။ ဘာအကြောင်းရယ်တော့ မဟုတ်ပါဘူး အမေရယ် ကောက်ဦးဆွမ်းပွဲအကြောင်းတွေးနေတာလို့ ဖြေမိတော့
အမေက ပျော်ဖို့ချည်းပဲတွေးနေဟု ပြန်ပြောသည်။ ပျော်ဖို့ချည်းတွေးရအောင် ပျော်ဖော်ပျော်ဘက်မှ မရှိတော့ဘဲ အမေရယ်ဟု ရင်ထဲမှ တိုးတိုးဆိုလိုက်သော စကားကိုကား အမေကြားမည်မထင်ပါ။
သူအထက်တန်းအောင်ပြီးသည်နှင့် တက္ကသိုလ်တက်ရန် မြို့လေးမှထွက်လာသောအခါ သူငယ်ချင်းများ ကျန်ရစ်ခဲ့သည်။ ထိုအချိန်ထိ သူပြန်လာလျှင် သူလျှောက်ဖူးသောလမ်းတိုင်း၊ သူထိုင်ခဲ့ဖူးသော သစ်ပင်ရိပ်တိုင်း၊
သူမှီခဲ့ဖူးသော ဓါတ်တိုင်တိုင်းသည် သူထွက်သွားတုန်းကကဲ့သို့ ပြန်မြင်ရမည်ဟုသာ သူထင်ခဲ့သည်။ သူ့သူငယ်ချင်းများ အပါအ၀င်ပေါ့။

မြို့လေးနှင့်ဝေးနေစဉ်အချိန်အတွင်းမှာ မြို့လေးမှ သတင်းများကို သူနားစွင့်နေမိသည်။ သတင်းများစွာကိုလည်း သူကြားခဲ့ရသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းအကြောင်း၊ တောလမ်းမှ အကောက်ခွန်မဲ့ပစ္စည်းသယ်ခြင်း၊
ဝင်ငွေကောင်းသည်။ ဖျံကျသည်။ အချင်းချင်းသစ္စာဖောက်တဲ့ကောင်။ အဖမ်းအဆီးသတင်း။ သစ်နှင့်ကျောက်မှောင်ခိုခြင်း။ ကျွဲကူးရေပါ မူးယစ်ဆေးဝါး ဇာတ်လမ်း။ တစ်ထောင့်တစ်ညမကသော ပုံပြင်များလို
ကျွန်တော်က နားထောင်နေခဲ့ရသည်။ ထိုမပြောင်းလဲသော အလွမ်းအမောဇာတ်တွင် ဇာတ်ဆောင်တွေသာ ပြောင်းသွားသည်။

ယခု ဆောင်းဦးပေါက် အိမ်ပြန်ချိန်တွင် ကျွန်တော် ရောက်နေကြအတိုင်း ပြန်ရောက်လာခဲ့ပါသည်။ အိမ်တွင် ကျွန်တော့်ညီလေး မရှိတော့ပါ။
သူက ဒီနှစ်၊ ဒီလ၊ ဒီဇာတ်အတွက် ဇာတ်ဆောင်။ အမေက တိတ်ဆိတ်နေသည်။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေး၏ အဆုံးမသတ်သွားသော ဇာတ်ရုပ်နေရာကို ညီလေး ဆက်ခံခဲ့သလားမသိ။
ဟိုး ကျွန်တော်တို့ မိသားစုအားလုံး ကောက်သစ်စားပွဲသွားကြစဉ်က ရိုက်ထားသော ဓါတ်ပုံလေးက နံရံထက်တွင်ရှိတုန်း။ ရှမ်းဝတ်စုံနှင့် ပန်းနုရောင် ပိုးပုဝါခါးစည်းနှင့် ညီလေးကို ဒီနှစ်ပွဲမှာ ကျွန်တော်တွေ့နှိင်ပါဦးမည်လား မသေချာပါ။

အိမ်ရှေ့က သစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင်ပေါက်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများတင်လွန်းလှသည်။ သူအိမ်ရှေ့အပင်လေးဆီမှ ကျော်ကာကြည့်လိုက်တော့
လမ်းတစ်လျှောက်ရှိ အပင်တိုင်း အပင်တိုင်းသည် ရဲရဲနီစွေး။ သူ ၀မ်းနည်းသွားပါသည်။

11 comments:

mirror said...

လွမ်း..မော..ဖွယ်...။
ခံစားချက်တွေပြည့်လျှံနေသော အိုးကလေး...ကို
အယ်လ်ဘီ ဟုခေါ်သည်။း))

littlebrook said...

ခံစားချက်တွေ ဘောင်ဘင်ခတ်ပြီး ငါ ကျကွဲသွားမှာပဲ
စိုးရိမ်တယ် .. ခေါင်းတွေရှုပ်နေတယ် မယ်ရာရယ်

လင်းဒီပ said...

ခံစားချက်တွေကို ပြည့်အောင် ထပ်ထည့်လိုက်ပါ ။ ဒါဆို ဘောင်ဘင် မခတ်တော့ဘူး ။:P

အနော် said...

တိမ်တွေနဲ့အတူ လိုက်သွားတဲ့ သူဟာ
တိမ်တွေစီးပီး ပျော်နေပီလား..
တစ်ချိန်ချိန်မှာ တိမ်တွေစီးပီး ပြန်လာမှာလား..
တိမ်တွေပေါ်မှာ မျောလွင့်နေရင်း ..
တိမ်မျှင်တွေ ပါးလာပီး ဖမ်းဆုပ်လို့ မရတဲ့ တိမ်တွေပေါ်က ပြုတ်ကျသွားရင် :(

မြစ်ကျိုးအင်း said...

ရိုးရာပွဲတော်တိုင်းဟာ အမြဲအမှတ်ရနေ အောင် ရိုးသားဖြူစင်မှုတွေပဲ ရှိခဲ့တာ ကြောင့်နဲ့တူတယ်။

jr said...

"သူဝမ်းနည်းသွားပါသည်။" တဲ့..

အဆုံးစာကြောင်းလေးလှတယ်ဟ။

Moe Cho Thinn said...

လွမ်းမောစရာကောင်းတဲ့ အက်ဆေးလေးပဲ။
နယ်စပ်မြို့လေးဆိုတာ အိမ်တံစက်မြိတ်မြို့ တဲ့..။ တံစက်မြိတ်နားမှာ မိုးခိုရင်း ကောက်သင်းရနံ့တွေ မွှေးမြနေတာကို ငေးမောသွားပါတယ်။

ကြည်ဖြူပိုင် said...

အက်ဆေး??????
တကယ်လား အက်ဆေးလား.....အက်ဆေးလား တကယ်လား???
ဘာပဲဖြစ်ဖြစ် အဲလိုမျိုးသာတကယ်ဆိုစိတ်မကောင်းဖြစ်လိုက်တာ...
ဒါနဲ့အဲ့ဇာတ်လမ်းထဲက ညီလေးက
ဘာဖြစ်သွားတာလဲဟင်?
စိတ်ဆိုးပြီးအိမ်ကထွက်သွားတာလား

little brook said...

ကြည်ဖြူရေ ... တကယ်ဖြစ်သွားတဲ့ အက်ဆေးတစ်ပုဒ်လို့ ပြောရမယ် ..

ကြည်ဖြူပိုင် said...

ဒါဆိုရင်တော့ အရမ်းစိတ်မကောင်းဖြစ်သွားပြီ
ကိုဘရွခ်ရေ

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog