Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Wednesday, January 20, 2010

မိုးတိမ်အကြောင်း အပိုင်း(၆)

လေးဘက်လေးတန် ၀ိုင်းရံထားသော အုတ်ရိုးအမြင့်ကြီးကို သူကြည့်ကာ ဤနေရာသည် လောကတွင် အမှောင်မိုက်ဆုံး နေရာဟုသူတွေးထင်မိသည်။ သူ ဒီနေရာသည် သူနှင့်မဆက်စပ်၊ မသက်ဆိုင်သူ ဖြစ်သည်ဟုလည်း သူထင်နေသည်။

ညဘက်အိပ်စင်ထက်တွင် လှဲလျောင်းရင်း အိပ်ဆောင်သစ်သားတန်းများကြားမှ ၀င်လာသောလရောင်ကို ကြည့်ကာ သူနွယ့်ကိုလွမ်းသည်။ အမေ့ကိုလွမ်းသည်။ ကလပ်တွင် သူအလုပ်လုပ်ခဲ့သည်များကို ပြန်သတိရသည်။ ကလပ်တွင်ရှိစဉ်တုန်းက ကလပ်မှထွက်ချင်သလောက် ယခုထောင်ထဲသို့ရောက်သောအခါ သူကလပ်တွင် နေထိုင်လှုပ်ရှားခဲ့သည်များက ဘာမှမဆိုးဟု သူထင်လာသည်။

ဘ၀တက္ကသိုလ်ကြီးအတွင်းသူနေရစဉ် သူရိုရိုကျိုးကျိုး ရိုးရိုးကုပ်ကုပ်နေသဖြင့် ပထမနှစ်ကုန်စဉ်မှာပင် သက်သာသောအလုပ်ကို ပြောင်းရသည်။ ထောင်စိုက်ခင်းများတွင် တာဝန်ကျခြင်းဖြစ်သည်။ ထိုစိုက်ခင်းတွင်ပင် သူ့ကိုစိတ်ဝင်စားစရာ အကြောင်းများပြောပြမည့်သူတစ်ဦးနှင့် ဆုံဖြစ်ခြင်းပင်ဖြစ်သည်။ ထောင်စိုက်ခင်းများတွင် တာဝန်ကျသူများသည် အပြင်သို့ထွက်ခွင့်ရသည်။ မနက်မှ စထွက်ပြီး ညနေမှ ထောင်တွင်းသို့ပြန်ဝင်ရသည့်အလုပ်မျိုးဖြစ်သည်။ ထိုနေ့တစ်ရက်တာ တာဝန်ကိုပြီးအောင်လုပ်ပြီးသည်ဆို ကျန်အချိန်များတွင် သစ်တစ်ပင်အောက် နားနားနေနေထိုင်နေလို့လည်း ရသည်။ သူတို့ကို စောင့်ကြပ်သည့် ထောင်ဝန်ထမ်းများကလည်း ဘာမှမပြော။

ကိုကျော်သည် သူတို့အဆောင်မှမဟုတ်။ ကိုကျော်က နိုင်ငံရေးမှုဖြင့်ကျလာခြင်းဖြစ်သည်။ သူတို့နှင့် ကိုကျော်တို့အဆောင်ခြင်းမတူသလို လူပုံများလည်း မတူပါ။ ကိုကျော်တို့အဆောင်မှ ထောင်သားများသည် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ရှိသည်။ နိုင်ငံရေးကို သူနားမလည်ပါ။ သိလည်းမသိ၊ စိတ်လည်းမ၀င်စားပါ။ သို့သော် ကိုကျော့်ကိုတော့ သူစိတ်ဝင်စားသည်။ ကိုကျော်သည် အသားညိုညို ဆံပင်တိုတိုထောင်ထောင်နှင့် စကားကိုပြတ်ပြတ်ပြောတတ်သော်လည်း တစ်စုံတစ်ရာနားမလည်သည်ကို ရှင်းပြလျှင်တော့ လေအေးလေးနှင့် ပြောတတ်သူလည်းဖြစ်သည်။

တစ်ရက်သူ တာဝန်ပြီး၍ သစ်ရိပ်အောက်ထိုင်နေစဉ် ကိုကျော်ရောက်လာခြင်းဖြစ်သည်။ သစ်ပင်အောက်သို့ သူလည်းအရိပ်လာခိုခြင်းဖြစ်သည်။ စတွေ့တွေ့ခြင်း မည်သူမျှစကားပြောဆိုခြင်းလည်းမရှိသေး၊ ထို့နောက်တွင်မှ ကိုကျော်က အိတ်ထဲမှ ဆေးပေါ့လိပ်နှစ်လိပ်ထုတ်လိုက်ရင်း ဆေးလိပ်သောက်ပါဦးဆိုကာ တစ်လိပ်လှမ်းပေးသည်။ သူက ကျေးဇူးအကိုဟု ပြန်ပြောရင်း ဆေးလိပ်ကိုယူလိုက်သည်။

ထောင်ထဲတွင် တစ်ယောက်ကို တစ်ယောက်စတွေ့ပြီး မေးမြန်းလျှင်ပထမဆုံးမေးလေ့ရှိသော မေးခွန်းမှာ ဘာမှုနဲ့လဲဆိုသည်ပင်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ သူ့ကို ကိုကျော်ကလည်း ထိုသို့ပင်မေးခဲ့သည်။ လူသတ်မှုဆိုတော့ ကိုကျော်က အင်းဟုသာ ဖြေပါသည်။ အံ့သြဟန်လည်းမပြပါ။
ဤမှအစပြုကာ သူ့ဘ၀တွင်မမေးဖူးသော မေးခွန်းများကိုယ့်ကိုယ်ကို မေးရန်၊ သူနားမလည်သော အတွေးများကို တွေးမိရန် အကြောင်းဖန်လာခြင်းပင်ဖြစ်သည်။

ကိုကျော်ကို ဘာမှုနဲ့လည်းဟုမေးတော့ ကိုကျော့်အမှုက သူ့ထက်ပင်ကြီးမားသယောင်။ နိုင်ငံတော်အေးချမ်းသာယာရေးကို ထိပါးနှောက်ယှက်သော စည်းရုံးလှုံဆော်မှု။ ကိုကျော်ကတော့ ပြောသည် " ဒီခေတ်မှာ တပ်ချင်တဲ့ပုဒ်မတပ်ပြီး လူတစ်ယောက်ကို ထောင်ထဲသွင်းလိုက်လို့ အလွယ်လေးတဲ့။ "
သူ မေးကြည့်သည်။ ဘာကြောင့်နိုင်ငံရေးလုပ်တာတုန်း။ ကိုယ့်ဟာကိုယ် အေးအေးနေပါလားလို့။
သူရန်ကုန်လာတော့ အမေကမှာသည် ရုတ်ရုတ်သဲသဲထဲ ကိုယ်ဝင်မပါနဲ့။ အလုပ်ဝင်တော့လည်း ကိုယ့်အလုပ်ကိုယ်လုပ်ကွ မဆိုင်တာတွေထဲ ၀င်မပါနဲ့ဟု မန်နေဂျာက ပြောသည်။ သူတို့ပြောသော ရုတ်ရုတ်သဲသဲတို့၊ ကိုယ်နှင့်မဆိုင်တာတို့ ဆိုသည်မှာ နိုင်ငံရေးကိုပြောခြင်းဖြစ်သည်ကို သူသဘောပေါက်သည်။ တက္ကသိုလ်တက်တော့ ကိုယ်ရေးရာဇ၀င်ဖြည့်ရာတွင် နိုင်ငံရေးကင်းရှင်းပါသည်ဟူသော ခံဝန်ချက်လက်မှတ်ထိုးရသည်။ နိုင်ငံရေးဆိုသည်မှာ အစိုးရနှင့် အစိုးရကိုဆန့်ကျင်သူများ၏ အလုပ်သာဟု မှတ်ယူလျက် သူနှင့်ဝေးနေခဲ့သည်။

" နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးကိစ္စကို လုပ်ဆောင်တာ" ဟု ကိုကျော်ကပြောသည်။ "နိုင်ငံရဲ့အရေးကိစ္စကို အစိုးရကလုပ်မှာပေါ့။ ပြည်သူကလုပ်စရာမှ မလိုတာ" ဟု သူပြောတော့ "အစိုးရက ကောင်းကောင်းမစွမ်းဆောင်နိုင်ရင် ပြည်သူက ကန့်ကွက်ရမယ်။ အစိုးရက ပြည်သူအကျိုးစီးပွားအတွက် ပြည်သူကရွေးချယ်ခန့်အပ်ထားတာဖြစ်ပြီး သူ့အလုပ်က ပြည်သူတွေသက်သာချောင်ချိအောင် ပြည်သူတွေဘ၀တိုးတက်လာအောင်လုပ်ပေးရမှာ... ... ၊
တကယ်လို့ အုပ်ချုပ်သူအစိုးရက သူ့အလုပ်ကိုပျက်ကွက်ရင် ပြည်သူကသူ့ကို သတိပေးရမယ်၊ ကန့်ကွက်ရမယ်၊မရရင် ဆန့်ကျင်တော်လှန်ရမယ်" ဟု ကိုကျော်ကပြောသည်။

" ပြီးတော့မင်းကိုမေးမယ်... ခုအစိုးရက မင်းခန့်ထားတာလား" တဲ့ .. ကျွန်တော်က "ဘယ်လိုခန့်မှာတုန်း ကျွန်တော့်အဖေတို့လက်ထက်ကတည်းက ရှိနေတာမဟုတ်လား"ဆိုတော့
ကိုကျော်က "အေးကိုယ့်ဟာကိုယ် ခန့်ထားတဲ့အစိုးရ။ နောက်တစ်ခုက မင်းနဲ့မင်းပတ်ဝန်းကျင်က လူတွေအဆင်ပြေလား မင်းကြည့်" လို့ ပြောသည်။ "အင်း... ကျွန်တော့်ပတ်ဝန်းကျင်ကတော့ ဘယ်အဆင်ပြေမှာတုန်း အကိုရ။" " နောက်တစ်ခု မင်းတို့ကလပ်မှာ အရာရှိကြီးသားသမီးတွေ လာမသောင်းကျန်းဘူးလား။" " ဟာ သူတို့ဆို ကျွန်တော်တို့ကလည်း ဘာမှမတတ်နိုင်ဘူး ရဲတွေကလည်း ဘာမှမတတ်နိုင်ဘူး သူတို့လုပ်ချင်ရာလုပ်တာပဲ" ဆိုတော့ "မင်းအဲ့လိုလုပ်ရင် ဘာဖြစ်မလဲ ထောင်ကျမယ်၊ အချုပ်ကျမယ်။ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေက သူတို့အတွက်မဟုတ်ဘဲ မင်းတို့အတွက်ပဲရှိတာလား။ မင်းနေတဲ့အိမ်အလုပ်ကို မင်းလုပ်တာ၊ မင်းနေတဲ့အိမ်ကောင်းအောင် မင်းလုပ်တာ နိုင်ငံရေးပါပဲကွာ၊ မင်း ပြန်စဉ်းစားကြည့်ကွ" ဟု သူ့ကို ကိုကျော်က လေအေးအေးလေးဖြင့် မေးခွန်းများစွာမေးလည်းမေးခဲ့၊ ပြောလည်းပြောခဲ့သည်။

သူကျောင်းနေစဉ်က သူ့အတန်းဖော်များနှင့်လည်း ထိုအကြောင်းအရာများကို မဆွေးနွေးမိ။ သူ့အတန်းဖော်များကလည်း ထိုသို့သောအကြောင်းအရာများကို စိတ်ဝင်စားလေ့မရှိပါ။ ကိုကျော်ပြောပြတော့မှ တက္ကသိုလ်ကျောင်းသားများသည် ခေတ်အဆက်ဆက် တော်လှန်ရေးသမားကောင်းများ ဖြစ်ကြောင်းသူသိရသည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဖွဲ့စည်းထားခြင်းများ ယခင်ကရှိခဲ့ဖူးသည်တဲ့။ ကျွန်တော်တို့ခေတ်တွင်တော့ မည်သည့်အဖွဲ့မျိုးကိုမှ တည်ထောင်ခွင့်မပေးထား။ ရှစ်တန်းကျောင်းသားဘ၀တုန်းကတော့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းလျှောက်လွှာ ဆရာ၊ဆရာမများကလာပေးသေးသည်။ ထိုအသင်းအဖွဲ့ထဲလည်း သူမ၀င်မိ။ သူတို့မြို့လေးမှ ထိုအသင်းအတွင်းရေးမှူးသည် ဓါတ်ဆီမှောင်ခိုရောင်းရင်း ချမ်းသာသွားသည်ကို သူယခုမှပြန်တွေးမိသည်။

အဝေးသို့ငေးရီရီကြည့်ကာ ကိုကျော်မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးများနှင့်အတူ သူ့အတွေးများ ရှုပ်ထွေးနောက်ကျိလျက်။ သူ နွယ့်ကိုသာသတိရချင်သည်။ ကိုကျော့်ကို နွယ့်အကြောင်းမပြောပြရသေး။ နွယ့်အကြောင်းကို မသိစေချင်။ အမေကကော အမေသူ့အကြောင်းကြားပြီး ထိုနေ့ကတစ်ချိန်လုံးငိုနေခဲ့သည်ဟု သူ့မြို့မှလူကြုံထောင်ဝင်စာလာပေးစဉ်က သူသိခဲ့ရသည်။ အပြင်စိုက်ခင်းထဲမှ ထောင်အုတ်ရိုးကြီးကိုလှမ်းကြည့်ပြီး သူအထဲကိုပြန်မ၀င်ချင်။ ကိုကျော်မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးများလို ကောင်းကင်ဆီ လွင့်ပျံတက်သွားချင်လိုက်တာဟု သူတမ်းတမိသည်။


ဆက်ရန် .. ... ...

Saturday, January 2, 2010

မိုးတိမ်အကြောင်း (၅)

မနေ့က ကလပ်ကို နွယ်မရောက်လာ။ ဒီနေ့လည်း နွယ်ရောက်မလာပါ။ သူ ကလပ်မှ မိန်းကလေးများကိုမေးကြည့်လည်း မည်သူမျှ မသိကြ။ ဆုကို မေးတော့ ဆုကလည်း မသိကြောင်းပြောသည်။ သူစိတ်ပူသည် ဘာကြောင့်များ မလာပါလိမ့်။ တွေ့နေမြင်နေသည့်ပုံစံလေး မမြင်ရတော့ ရင်ထဲဟာတာတာ။ နွယ်နေမကောင်းဘူးလား။ သူ နွယ့်အိမ်သို့လိုက်သွားမှနှင့်တူသည်။
ညပိုင်း ကလပ်ဆင်းကာနီးတွင်မှ မိန်းကလေးတစ်ယောက်က လာပြောသည်။ မန်နေဂျာထံမှ သိလာသည်တဲ့။ ရွာမှာကျန်သော နွယ့်မိခင်ဆုံးသွား၍ နွယ်ရွာသို့လိုက်သွားကြောင်း မန်နေဂျာထံ ခွင့်တိုင်သွားသည်တဲ့။ အင်း ... နွယ်တော့သနားပါတယ်။ သူ စိတ်မကောင်းပါ။ နွယ် ဘယ်လိုများနေရှာမလဲ။

မန်နေဂျာက ဦးစီး၍ ကလပ်မှဝန်ထမ်းများဆီမှ တတ်နိုင်သလောက် စု၍နွယ့်ကို ကူငွေသဘောမျိုး ပေးလိုက်ကြသည်။ နွယ်ပြန်ရောက်လာသောအခါ မျက်နှာများချောင်ကျပြီး ပိန်သွားသည်။ "နွယ် တော်တော်ပင်ပန်းခဲ့လား" ဟုသူမေးတော့ နွယ်က "ဒီလိုပါပဲ" ဟုဖြေသည်။ နွယ်သည် အမြဲလိုလို ဒီလိုပါပဲဟူသော စကားကိုသုံးလေ့ရှိသည်။ "နင်ကော ကျောင်းတက်နေပြီ မဟုတ်လား"။ "အင်း တက်နေပေမယ့်ကွာ ကျောင်းခန်းထဲ ငိုက်နေတာကပိုများပါတယ်။" " အေး နင်စာတွေကောလိုက်နိုင်လား။"
"စာတွေကတော့ မသိလည်းကိစ္စမရှိပါဘူးဟာ။ စာမေးပွဲနီးတော့ အနီးကပ်သင်တန်းတွေဖွင့်တယ်လေ။ အဲ့ကျမှ သင်တာတွေကို ကျက်တော့မယ်။ မကျက်နိုင်တာတွေကိုတော့ သူများလိုပဲ ကူးတာပေါ့ဟာ။" "ဟင် နင်တို့တက္ကသိုလ်ကလည်း ခိုးချတာပဲလား။" " အင်း အကုန်လုံးနီးပါးလောက်ခိုးတာပဲ။" "ဆရာတွေကကော မဖမ်းဘူးလား။" " အော် ဖမ်းရင်လည်း အကုန်မိတာချည်းပဲလေ သူတို့လည်း အညောင်းခံပြီးဖမ်းမနေတော့ဘူး။" " ကောင်းပါ့ဟယ်" ဟု နွယ်ပြောတော့ သူက "ဒီလိုပါပဲ" ဟု ဖြေလိုက်ရာ နွယ်က အားရပါးရရီလေသည်။ အင်း အဲ့လိုလေး ရီလိုက်ပါဦး နွယ်ရယ်။

နယူးရီးယားည။ နှစ်သစ်သို့ကူးလေပြီ။ ကလပ်မှာ ဒီလိုနေ့မျိုးက လူသိပ်စည်သည်။ ဘယ်သူမှ အအားမနေနိုင်။ နွယ်တို့တွေလည်း တစ်ဝိုင်းမှ တစ်ဝိုင်းကူးလျက်။ သူနွယ့်ကိုတောင် ယခင်ကလို ထိုင်ငေးနေချိန်မရှိပါ။ ကလပ်ထဲမှ လူတိုင်းကလည်း မူးနေကြပြီ။ ကလပ်အလည်ကွင်းပြင်တွင် ကနေသူများကလည်း ကလို့။ ကလပ်လုံခြုံရေးဝန်ထမ်းများကလည်း မျက်စိဒေါက်ထောက်ကာကြည့်နေရသည်။ ဒီလိုနေ့မျိုးက စည်ကားသလောက် အန္တရာယ်လည်းများသည်။
လူတွေက မူးပြီးစိတ်တက်ကြွနေချိန်ဖြစ်ရာ နဲနဲလေးပြဿနာဖြစ်လည်း သည်းခံနိုင်ကြသည်မဟုတ်။ အထူးသဖြင့် လူငယ်များမှာ ကရင်းခုန်ရင်း ထိမိသည်ကပင် စ၍ရန်ဖြစ်ဖို့ တာဆူနေတတ်သောကြောင့် အဖွဲ့လိုက်ဝင်လာလျှင် လုံခြုံရေးများက သတိထားကြည့်နေရသည်။

တွေးနေခြင်းကနောက်ကျနေပါသည်။ ကပွဲကွက်လပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို လုံခြုံရေးဝန်ထမ်းများက လူစုခွဲပြီး ပြဿနာရှာသော ငတိနှစ်ယောက်ကို ဆွဲထုတ်သွားသည်။ ကိုစိုးကြီးကို မေးကြည့်ရာ ကောင်မလေးကြောင့်တဲ့။ အင်း ဒါကလည်း ထုံးစံပါပဲ။ သူခနနားချိန်ရောက်တော့ ဆေးလိပ်သောက်ရန် အောက်ဖက်ဆင်းလာခဲ့သည်။ လှေကားထောင့်ချိုးတွင်ရပ်လိုက်ရင်း မီးခြစ်ကိုထုတ်မည်ပြုစဉ် "လွတ် နင်လွတ် လွတ်... " ဆိုသောအသံနှင့် ဆဲသံကို ကြားလိုက်ရသည်။ အင်း ညှိကြရင်း စကားများသည်လား... သူနားစွင့်နေမိပြန်သည်။ "ကောင်မ" " __မ" ဆဲဆိုသံများနှင့်အတူ "ဟေ့ကောင်မင်းလွတ်စမ်း" ဟူသောအသံများ ထိုးသံကြိတ်သံများကြားလိုက်ရသည်။ ကလပ်အောက်မှာဖြစ်သောပြဿနာသည် ကလပ်နှင့်မဆိုင်ပါ သို့သော် ဘာဖြစ်သည်ကို သိချင်စိတ်နှင့် အပြင်သို့ထွက်ကြည့်လိုက်ရာ ... ဆု ... ဆု ။ ဆုသည် ရန်ပွဲအလည်မှာ။ ဆုသည် သူ့လက်ကိုင်အိတ်ဖြင့် လုတစ်ယောက်ကို လွဲရိုက်နေသည်။ ထိုသူက ကားဘက်သို့ပြန်ဆုတ်သွားပြီး ကားထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်ကို သူတွေ့လိုက်သည်။ ဆုက ရိုက်နေဆဲ၊ "ဆု ... ဆု " သူအော်ခေါ်ရင်း ပြေးသွားလိုက်သည်။

ဆုလက်ကို ဆွဲလိုက်ရင်း နောက်ဖက်သို့ ဆွဲလိုက်ချိန်မှာပင် ထိုသူက လက်ကိုလွဲပြီးရိုက်လာရာ သူလက်ဖြင့်ခံလိုက်သည်။ သူ့လက်တစ်ဖက်လုံး နာကျင်သွားသည်။ သူနောက်သို့ဆုတ်လာသလို ထိုသူကလည်း ဆက်ပြီးဆက်ပြီး ထပ်ဆင့်ရိုက်လာသည်။ သူနောက်သို့ယိုင်လဲသွားရာမှ ဖမ်းဆွဲမိရာ လက်ထဲပါလာသည်က သံပိုက်လုံးတစ်လုံး။ သူအလျင်အမြန်ထလိုက်ရင်း ထိုသူ့ကိုပြန်ရိုက်လိုက်သည်။ သူ့တွင်လည်း လက်နက်ရှိသွားပြီဖြစ်ရာ သူလည်းသွေးကြွသွားလေပြီ။ မည်သို့ဖြစ်သည်ကို သူမသိတော့ သူတပြန်ကိုယ်တပြန်ရိုက်ရင်း တဖက်လူလဲကျသွားသည်ကို သူဆက်ရိုက်နေမိသည်။ သူသတိထားမိချိန် ရန်ပွဲလည်းပြီးသွားပြီ။ သူ့ရှေမှာ ခွေလဲနေသောလူတစ်ယောက်။ သူ့ပတ်ဝန်းကျင်တွင် လူများက၀ိုင်းလျက်ကြည့်နေကြသည်။

သူ့လက်ထဲမှ သံပိုက်ကို တစ်ယောက်ယောက်က ဆွဲယူသွားသည်။ ထို့နောက် ရဲများရောက်လာ သူ့ကိုလက်ထိတ်ခတ်ကာ ခေါ်သွားသည်။ သူအာရုံတွင် အရာအားလုံးသည် မှုန်ဝါးနောက်ကျိလျက်။ သူသည် ထိုအဖြစ်ကို တကယ်မဟုတ်ဟု ထင်နေမိသည်။ သူ့ကိုဆွဲခေါ်သွားချိန် သူမြင်နေသည်မှာ နွယ်၊ ထို့နောက် အမေ၊ သူ့စာမေးပွဲ အားလုံးသည် ပေါ်လာလိုက် ပျောက်သွားလိုက်။

သူအား လူသတ်မှုဖြင့် စွဲချက်တင်သည်။ သူ့ဘက်မှ ထွက်ဆိုပေးသောသက်သေပြချက်များ ထုခြေရှင်းလင်းချက်များက သူသည်ကာကွယ်ရင်း လက်လွန်သွားသည်။ သေသူကို သေစေလိုသောရည်ရွယ်ချက်လည်းမရှိ၊ ပြဿနာစတင်ဖြစ်ပွားရာတွင်လည်းမပါဝင်ကြောင်း ပြဆိုနိုင်သော်လည်း သူ့ကို အပြစ်မှ လုံးဝကင်းလွတ်စေနိုင်သည်မဟုတ်ပါ။ သူ အလုပ်ကြမ်းဖြင့် ထောင် (၅) နှစ်ကျသွားသည်။ သူ့ကို ရုံးထုတ်စဉ်တိုင်း နွယ်နှင့်ဆုတို့ လာတွေ့သည်။ ကိုစိုးကြီးတို့ နိုင်လင်းတို့ကလည်း လာတွေ့မည်တဲ့။ လက်ထိပ်ခတ်ထားသော လက်ကိုကြည့်ပြီး နွယ်သည်မျက်ရည်ကျသည်။ သူလည်း မျက်ရည်ဝဲလာသည်။ အချုပ်ကားပေါ်သို့တက်ချိန်အထိ နွယ်သည်ထိုအနားမှာ တရစ်ဝဲ၀ဲ။ "နင်ဘာမှာမလဲ နင်ဘာမှာဦးမလဲဟင်" ဟု နွယ်မေးနေသည်ကို သူပြန်မဖြေနိုင်။ သူဘာမှာရမလဲ ... သူဘာမှာရမလဲ ... သူဘာမှာရဦးမလဲ ။ အချုပ်ကားအပြာရောင်ထဲ သူတို့ကို သွင်းလိုက်သည်အထိ သူငိုင်လျက်။ အချုပ်ကားထဲမှာ မှောင်လို့ပါလား။ သူနောက်ကို ပြန်လှည့်လိုက်စဉ်မှာပင် ကားတံခါးက "ဂျိုင်း" ကနဲ ပိတ်သွားသည်။ သူ တံခါး၌ဖောက်ထားသော အပေါက်လေးဆီကပ်သွားရင်း သံတိုင်ကိုကိုင်ကာ အပြင်သို့လှမ်းကြည့်လိုက်တော့ နွယ် ... နွယ်သည် ဆုကိုဖက်ရင်း ရှိက်ငိုလျက် ... ... ... ...။

ဆက်ရန် ... ... ... ...

Saturday, December 26, 2009

မိုးတိမ်အကြောင်း (၄)

သူနှင့်နွယ်ချစ်သူတွေဖြစ်သွားသည်ကို သိပ်မကြာမီပင် ကလပ်မှလူများ အားလုံးသိသွားကြသည်။ မိန်းကလေးများကတော့ ၀မ်းသာအားရ အားပေးကြသည်။ ကိုစိုးကြီးကတော့ သူ့ပခုံးကိုဖက်ရင်း "တော်တော်သတ္တိကောင်းတဲ့ကောင်တဲ့။" တားလို့မရခဲ့သော်လည်း ကိုယ့်လူကတကယ်ချစ်ပြီဆိုတော့ ဘာမှမကောင်းမပြောတော့။

စားပွဲများကို စောင့်ကြည့်နေရင်းပင် နွယ့်ကိုလှမ်းကြည့်မိပြန်သည်။ ဧည့်သည်ဝိုင်းတွင် အရက်ငှဲ့ပေးနေသောနွယ်က သူ့ဘက်လှည့်လာပြီး မျက်စိတစ်ဖက်မှိတ်ကာ ပြောင်ပြသည်။ သူပြုံးမိသည်။ နွယ်သည် ထူးဆန်းပါသည်။ ဧည့်သည်များမရှိဘူးဆို သူအနားသို့နွယ်ရောက်လာတတ်သည်။ "ဟေ့ရောင်" ဟုခေါ်ပြီး စကားတွေပြော၊ တခါတရံ သူ့ကိုတိတ်တိတ်ခိုးနမ်း၍ ပြေးသွားတတ်သည်။ သူလား ... သူကတော့ ထိုကဲ့သို့သောအချိန်တွင်ပျော်သည်ပေါ့။

ထီကလည်းမပေါက်တတ်ဟု သူတွေးနေမိသည်။ ထီပေါက်ရင် အိမ်လေးဝယ်ပြီး သူတို့နှစ်ဦးနေကြမည်။
မွေးမြူရေးလုပ်ငန်းသေးသေးလေး သို့မဟုတ် အိမ်ဆိုင်လေးဖွင့်ပြီး နွယ်ကဈေးရောင်း သူကတခြားမည်သည့်အလုပ်မဆိုလုပ်ကာ နေနိုင်သည်ဟု သူတွေးမိသည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် တစ်ကိုယ်ရည်တစ်ကာယသမားများမဟုတ်ကြပါလား။

နွယ်လာပြီး ပခုံးကိုပုတ်ရင်းပြောသည်။ "နွယ် ဒီည အလုပ်ရှိတယ် ..." နွယ်သည် သူ့မျက်နှာကို တည့်တည့်ပင်ကြည့်၍ ပြောသည်။ သူလည်း ဘာစကားမှမဆို နွယ့်ကိုသာကြည့်နေမိသည်။ "အင်း .. ဘယ်ဝိုင်းကလဲ။" ဧည့်သည်ပုံစံတွေက မူးပြီးသောင်းကျန်းလား။ နွယ့်ကို ရစ်နေမလား။ အကြမ်းပတမ်းဆက်ဆံမလား။ ဤအလုပ်တွင် ဧည့်သည်က မည်သို့ပင်ရမ်းကားပါစေ။ အောက်တန်းကျ ယုတ်မာပါစေ။ နွယ်တို့လို အလုပ်သမားတွေက မည်သို့မျှ ပြန်လှန်တုန့်ပြန်ခွင့်မရ။ ဤအလုပ်သည် တရားဝင်လည်းမဟုတ်။ ကိုယ်ကျင့်တရားအရ အောက်တန်းကျသည်ဆိုသော်ငြား ဤအလုပ်လောက် ရှေးကျသောအလုပ်လည်းမရှိပေ။ သူသည် များများမတွေးတတ်။ သူများအတွက်လည်းမတွေးတတ်။ သူ့ချစ်သူ နွယ်၊ သူ့သူငယ်ချင်း ငယ်ငယ်နှင့် ဆုအတွက်သာ သူတွေးသည်။ သူတို့ကို သူထိုသို့မမြင်ချင်ပါ။

"ဟေ့ကောင်လေး ကြမ်းပေါ်ကျနေတယ့် တစ်ရှူးစတွေ ကောက်လိုက်ဦး။" ကိုစိုးက သူ့ကိုပြောသည်။
ဟုတ်တယ် တစ်ခါသုံး တစ်ရှူးစတွေလိုပါပဲ။ တစ်ခါသုံးတစ်ရှူးစတွေလိုပဲ။

နွယ်က သူလည်းကူကောက်ပေးရင်း ဖြေသည်။ "နံပတ်တစ်ဆယ့်နှစ်က နင်ဒီကနေကြည့် ဟိုရုပ်ဖြောင့်ဖြောင့်နဲ့လူ မျက်မှန်နဲ့လေ။" " အင်း... ... ...။" နွယ်သည်သူ့မျက်နှာကို ကြည့်နေဆဲ။ "နွယ်ရာ ငါ့ကိုမကြည့်စမ်းပါနဲ့" သူပြောလိုက်သည်။ နွယ်က ... "နင်စိတ်ဆင်းရဲနေလားဟင်။" " ဟင့်အင်း ... ။" သူညာလိုက်ပါသည်။ သူညာမှန်း နွယ်လည်းသိသည်ကို သူသိပါသည်။ "နွယ် ... ငါ့ကိုတမျိုးမထင်ရင် ငါတစ်ခုမှာမယ် ရမလား။" " နွယ်က အင်း ... ဘာလဲ ... ပြော .. ရတယ်။" အင်း ... ဒါချစ်သူတစ်ယောက်ကမှာတာ သဘာဝမှကျမှ ကျရဲ့လားမသိဘူး။ "ဟိုလေ ... နင် ဧည့်သည်လက်ခံရင် ကွန်ဒုံးတော့သုံးနော်။" နွယ်သည် သူ့ကိုဘာမှမပြော ... သူ့ပါးပြင်ကို လက်ဖ၀ါးလေးဖြင့်လာထိလိုက်ရင်း "စိတ်ချပါ ငါ ဂရုစိုက်ပါတယ်။" ကလပ်ကို WHO မှ HIV စီမံချက်ဖြင့်လိုက်လံ ဟောပြောစဉ်က သူကောနွယ်ပါ နားထောင်ခဲ့သည်။

သူ နွယ့်ကို ရောဂါမရစေချင်ပါ။ သူနွယ့်ကို ချစ်ပါသည်။ ရောဂါရနေခဲ့လျှင်သော်မှ သူနွယ့်ကို ချစ်ပါသည်။ "နင်က အဲ့ဒါငါ့ကို သတိပေးတော့ နင်က အဲ့ကိစ္စတွေကို စိတ်ဝင်စားလို့လား" ဟု နွယ်က ရယ်ကျဲကျဲမေးတော့ သူဖြေရခက်နေသည်။ "တော်ဟာ ... ၊" သူအော်လိုက်တော့ နွယ်ကရယ်သည်။ "ကောင်လေးတစ်ယောက် ရှက်နေတယ်ဟဲ့" ဟုအော်လိုက်ရာ အနားမှာရှိသောမိန်းကလေးများ ၀ိုင်းလာပြီး သူ့ကို တစ်ယောက်တစ်ခွန်းစတော့သည်။

သူရှက်ပြီး အရက်စပ်သောနေရာဖက်လျှောက်သွားရာ ကိုစိုးက "မင်းကိုဘာနောက်နေကြတာလဲဟုမေးသည်။" " သည်လိုပါပဲ ကိုစိုးရယ် ...။" သူ နွယ့်ကိုလှမ်းကြည့်တော့ နွယ်က ၀ိုင်း တစ်ဆယ့်နှစ်သို့ သွားနေပြီ။ နွယ့်ကို နောက်ဖက်မြင်ကွင်းမှ ငေးကြည့်ရင်း သူ သူ့ကိုယ်သူမေးသည်။ မင်းနွယ့်ကို ဟိုလိုလို ဒီလိုလိုဖြစ်လား။ အင်း ... သူသေချာမသိ။ သူနွယ့်ကို ချစ်တုန်းက သူထိုစိတ်များမရှိ။ နွယ့်နှင့်ချစ်သွားတော့လည်း နွယ်သည် တစ်ချိန်လုံး သူစိမ်းယောက်ျားများ၏ အဖြည့်ဆည်းခံသာ။ သူကို ထိုသို့သော ယောက်ျားများလို ထင်သွားမည်ကို သူစိုးရိမ်သဖြင့် နွယ့်ကို သူ နမ်းတောင်မနမ်းမိခဲ့။ ခု နွယ်က သူ့ကိုမေးပြီ။

"စားပွဲ တစ်ဆယ့်နှစ်က ခေါ်တယ်။" သူအလန့်တကြားဖြစ်သွားသည်။ ထို့နောက် သူလှမ်းသွားလိုက်သည်။
သူ စားပွဲရှေ့၌ ရပ်လိုက်သည်အထိ စားပွဲဝိုင်းမှလူများက သူ့ကိုဂရုမပြုနိုင်သေးပါ။ မျက်မှန်နှင့်ပုဂ္ဂိုလ်သည် နွယ့်ကိုရင်ခွင်ထဲ ထည့်ဖက်ထားရင်း ဘာတွေတတွတ်တွတ်ပြောနေမှန်းမသိ။ "အကို ကျွန်တော့်ကို ဘာမှာမလို့လဲ ခင်ဗျာ ... "သူမေးလိုက်သည်။ နွယ်က "အကို .. ဟိုမှာမေးနေတယ်" လို့ သတိပေးမှ ထိုသူက .. "အင်း ... နောက်ထပ် ၀ီစကီ၊ ဆော်ဒါနဲ့ နှစ်ခွက်စပ်ပေးကွာ" ဟုမှာသည်။ "အို ... နွယ်မသောက်ပါဘူး .." ဟုနွယ်က ငြင်းရာ ထိုသူက "မရဘူး သောက်ရမယ"်ဟုဆိုကာ ဇွတ်မှာသည်။ နွယ်သူ့ကို မျက်စိမှိတ်ပြလိုက်မှ သူထွက်လာခဲ့သည်။ "နိုင်လင်းရေ နွယ့်အတွက် အချဉ်တစ်ခွက်၊ ဧည့်သည်အတွက် အချိုဟ" ဟုသူမှာလိုက်ရာ နိုင်လင်းက တဟားဟားရယ်သည်။ ပြီးတော့ "မင်းပုဂ္ဂိုလ်ခြေတွေလက်တွေတောင်မလှုပ်နိုင်အောင် စပ်ပေးလိုက်ရမလား" ဟု မေးသည်။ သူက "နေပါကွာ" ဟုပြောရင်း ခွက်များကို သယ်လာကာ ချပေးလိုက်သည်။ ဧည့်သည်ခွက်ကို ဧည့်သည်ရှေ့ချပေးလိုက်ရင်း နွယ့်ခွက်ကို နွယ့်ဘက်တိုးပေးလိုက်သည်။

ဆက်ရန် .... .... ....

Tuesday, December 22, 2009

မိုးတိမ်အကြောင်း (၃)

အိမ်အတွင်း၌မှောင်နေရာ နွယ်က ဘုရားစင်မှ ဖယောင်းတိုင်ကို ထွန်းညှိလိုက်သည်။ "နင် ဘာစားခဲ့သေးလဲ ကောင်လေး။" " အင်း ကလပ်က ထမင်းကြော်ကျွေးလိုက်တယ်။" " အင်း... အင်း။ ခနစောင့်ဟ ... ငါအ၀တ်လဲလိုက်ဦးမယ်။" နွယ် အခန်းထဲဝင်သွားသည်။ သူ့ရင်ထဲဝယ် မည်သို့ပြောရမည်မှန်းမသိ။ ခုအိမ်မှာ နွယ်တစ်ယောက်တည်း၊ သူ့အဒေါ်ဘယ်သွားပါလိမ့်။ ဘုရားပုံတော်လေးရှေ့မှ မီးတိုင်က လှုပ်ရှားနေသည်။ အို ... ငြိမ်းသွားမှဖြင့် ...။

ခြင်ဆေးခွေတစ်ခွေကို မီးညှိရင်း နွယ်ထွက်လာသည်။ "လာ ကောင်လေး ရှေ့နားမှာ သွားထိုင်ရအောင်။" " အင်း နွယ့် ... အဒေါ်ကော။" " ရွာပြန်သွားတယ်ဟ။" တိတ်ဆိတ်သွားပြန်သည်။ "နွယ် ... နင်ကလပ်မှာလုပ်တာ အဒေါ်သိလား။" " သိတယ်။ ... ... ... .... ။"
" ဘာမှမပြောဘူးလားလို့ နင်ဘာလို့မမေးတာလဲ။" သူတိုးတိတ်စွာ သက်ပြင်းချလိုက်သည်။ "ငါ ဆက်မမေးတတ်တော့လို့ ။ "
နီးကပ်စွာ ယှဉ်တွဲထိုင်နေသောကြောင့် နွယ့်ကိုယ်နံ့ကို ရနေသည်။ သူ့ညာဘက်ခြမ်းမှာ နွယ့်ကိုယ်နှင့်နီးနေသောကြောင့်လည်း နွေးနေသည်။ နွယ်က ..." နင်ဒီနေ့ ငါ့ကိုကြည့်နေတယ် မဟုတ်လား။" " အင်း .... ။" " ငါ... နင့်မျက်လုံးထဲကို မြင်ရတယ်။" နွယ်ထိုသို့ပြောသောအခါ သူ့ရင်ထဲ ဆို့နင့်လာသည်။ "အင်း ... ငါနင့်ကို သိပ်ချစ်တယ်နွယ်ရယ်။" နွယ်သည် တိတ်တိတ်ဆိတ်ဆိတ်ပင် ရှိနေသောကြောင့် သူလှည့်ကြည့်လိုက်ရာ နွယ်မျက်ဝန်းမှာ မျက်ရည်တို့တွဲခိုလျက်... ...။ "ငါလည်း နင့်ကိုချစ်တယ်။" သူထိုစကားကိုကြားပြှီးနောက် အတွေးက ဟိုးအဝေးသို့ ပြေးသွားသည်။ နွယ်လည်း တွေးနေပေလိမ့်မည်။ သူ့ပခုံးစွန်းကို နွယ်မှီလိုက်ချိန် သူနွယ့်ပခုံးကို ဖက်ထားလိုက်သည်။

ကောင်းကင်တွင် ကြယ်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်နှင့် ပုစင်းရင်ကွဲလေးများ၏ အသံမှတပါး ဘာသံမှ မရှိ။ အသာအယာတိုးဝှေ့နေသောလေနုအေး ... အိမ်တံစက်မြိတ်အမှောင်ရိပ်အောက်ဝယ် တစ်ယောက်ကိုတစ်ယောက်မှီတွဲထားသော သူတို့နှစ်ဦး။ သူ့မျက်လုံးများကို မှိတ်၍သာထားလိုက်သည်။
သူနားမှာ ရှိနေသောနွယ်ကို သိနေသည့် အသိမှတပါး အခြားမရှိ၊ မသိချင်တော့ပါ။

"ကောင်လေးရေ ... အိပ်ကြစို့။" " အင်း ... ။" နွယ်က သူ့အတွက် ခေါင်းဦးနှင့်စောင် ထုတ်လာပေးသည်။ သူလှမ်းယူလိုက်ကာ ဘုရားစင်အောက်၌ နေရာယူလိုက်သည်။ "နေဦးလေ ... ငါဘုရားရှိခိုးရဦးမယ်။"
"အော် ...အေး။" နွယ်ဘုရားရှိခိုးပြီး သူ့ဘက်လှည့်ကာ .." ငါဘာလုပ်လုပ် ဘုရားတော့ရှိခိုးသေးတယ်ဟယ်" ဟုပြောရာ သူဝမ်းနည်းသွားသည်။ "နွယ်ရယ် ... ငါနားလည်ပါတယ်" ဟုသာ တိုးတိုးပြောလိုက်သည်။ တိတ်ဆိတ်နေပြီးမှ ..." အိပ်တော့နော်" ဟု ပြောကာနွယ်ထွက်သွားသည်။

ညသည် တာရှည်လွန်းလှသည်။ သူ အိပ်မပျော်ပါ။ သူ သူ့ကိုယ်သူ အကြိမ်ကြိမ်သာရေရွတ်နေမိသည်။ ငါ နွယ့်ကိုချစ်တယ်။ ငါ ... နွယ့်ကိုတကယ်ချစ်ခဲ့တာ။ ရှေ့ဘယ်လိုဆက်မလဲ။ နွယ့်ကို ထိုအလုပ်မလုပ်ခိုင်းဖို့။ ဒါက စိတ်ကူးယဉ်တာပဲ။ နွယ် အလုပ်မလုပ်ရင် ရွာကိုပိုက်ဆံဘယ်လိုပြန်ထောက်မလဲ။ တခြားအလုပ်လုပ်ခိုင်းရင်ကော။ ကိုယ့်ဟာကိုယ်ပြန်တွက်ကြည့်တာတောင် ကိုယ်ရသည့်လခရယ် ဘောက်ဆူးရတာရယ်နဲ့မှ နေနိုင်ရုံ။ နွယ်လည်း တူတူပင်။ ကာထားသော ပျဉ်တန်းများကြားမှ အပြင်သို့လှမ်းကြည့်လိုက်ရာ မှောင်လွန်းလှသည်ကော။ သူတို့နှစ်ဦးသားအတွက်ကော ထိုကဲ့သို့ပင် ရှိလေမလား။

ဆက်ရန်... ... ...

Friday, December 18, 2009

မိုးတိမ်အကြောင်း (၂ )

နွယ်ဖိတ်သောကြောင့် နွယ်တို့အိမ်ကို သူတို့လာကြသည်။ သူတို့ဆိုသည်မှာ သူရယ်၊ ငယ်ငယ်ရယ်၊ နောက် နွယ်ကခေါ်ချင်ခေါ်လာခဲ့ဟု ဆိုသဖြင့်ခေါ်လာသည့် ဆု။ "ဝေး... ရောက်လာကြပြီကော။" ငယ်ငယ်က "မမနွယ် အဝေးကြီးကနေလာခဲ့တာ မုန့်အများကြီးကျွေးရမယ်" ဟု ပြောသည်။ "ကျွေးမယ်၊ ကျွေးမယ် .. အိမ်ပေါ်ရောက်မှ အ၀စား"ဟု နွယ်ကပြန်ပြောနေသည်။ သူကတော့ နွယ်တို့ အိမ်ကလေးကို အကဲခတ်နေမိသည်။ အိမ်ရှေ့တွင် ရေစည်ပိုင်းနှင့် ရေချိုးကျောက်ပြားနှင့်။ ရေများက အိုင်နေသည်ကို အုတ်ခဲလေး သုံးလေးလုံးချထားပြီး လမ်းလုပ်ထားသည်။

အိမ်တံစက်မြိတ်အိုအိုလေးအောက်မှ ခေါင်းငုံ့ဝင်လိုက်ရာ အလင်းထဲမှ ရုတ်တရက်ဝင်လိုက်ရ၍ ရုတ်တရက်မျက်စိပြာသွားသည်။ အတန်ကြာမှ မြင်ကွင်းကပြန်ကြည်လာရာ အိမ်လေး၏ အတွင်းပိုင်းကို သဲသဲကွဲကွဲမြင်ရတော့သည်။ အိမ်လေးမှာ အခန်းသုံးခန်းသာရှိပြီး ကျဉ်းကျဉ်းရှည်ရှည်လေးဖြစ်သည်။ သူက နောက်ကျောနံရံကို မှီလိုက်ရာ အိပ်ခန်းဖြစ်ဟန်တူသော အခန်းကိုမြင်လိုက်ရသည်။ အော် ... ဒါနွယ်အိပ်တဲ့ အခန်းလေးကိုး။ အိပ်ရာကိုလိပ်ပြီး ခေါင်းရင်း၌ ကပ်ထားသည်ကို သူမြင်နေရသည်။ ဆုနဲ့တောင် မိတ်မဆက်ပေးရသေးဘူး ဆိုသည့်အတွေးတွေးမိချိန် အိမ်ရှေ့ခန်းတွင် သူတစ်ယောက်တည်း။ နောက်ဖေးဘက်မှ အသံကြားရတော့မှ ဆုနှင့် ငယ်ငယ်ပါ နောက်ဖေးဘက်ဝင်သွားမှန်းသိလိုက်သည်။ ဘာသွားလုပ်ပါလိမ့်။ သူ နွယ့်ကိုတောင် သေချာမကြည့်လိုက်ရသေး။ ခနအကြာ ရော့ လာပါပြီ စားကြသောက်ကြမယ် ဆိုသည့်အသံနှင့် သုံးယောက်သား အိုးများပန်းကန်များမကာ ထွက်လာကြသည်ကိုတွေ့ရသည်။

"နွယ်ရေ ... ဘာအတွက် ဖိတ်ကျွေးတာလဲ ပြောပါဦး"ဟု ဆုကမေးရာ သူ တအံ့တသြ ဆုကိုသာငေးကြည့်နေမိသည်။ မိန်းကလေးတွေက တွေ့တာမှမကြာသေး ခင်ခင်မင်မင်ရှိသွားကြပြီကော။
နွယ်က ... "အင်း ... ငါ့အသက် ၂၅ နှစ်ပြည့်မွေးနေ့လေ ... အဲ့ဒါကြောင့် ငါ့အခင်ဆုံးတွေကို ထမင်းဖိတ်ကျွေးတာ။" " အော ... လက်ဆောင်လည်း မပါဘူး အဟီး..." ဟု ငယ်ငယ်က ရီရင်း ပြောသည်။
သူကတော့ နွယ့်ကိုသာ ငေးကြည့်နေမိသည်။ နွယ့်ပါးပြင်ပေါ်မှာ သနပ်ခါးသာပါးပါးလေးလူးထားသည်။ ဘာမှပြင်ဆင်ချယ်သမထား။ ပိတ်ပါးအင်္ကျီလေးနှင့် ထဘီအနက်ပြောင်လေးဝတ်ထားသောနွယ်က လှလွန်းနေသည်လေ။ ကလပ်ထဲမှာဆိုလျှင် နွယ်သည် မီးတောက်လေးနှင့်တူသည်။ ယခုကတော့ အေးအေးငြိမ့်ငြိမ့်စီးနေသော နွယ်။ "ဟကောင် ... နင်ဘာငေးနေတာလဲ စားလေ စကားလည်းမပြော ငုတ်တုတ်ထိုင်နေတယ် ...။" " နင်က ဒီနေ့ တော်တော်လှလို့ ...။" " အံမှာ အရင်နေ့တွေကတော့ မလှဘူးပေါ့ ... ဟုတ်လား။" " ဟုတ်တယ် ... ဟုတ်တယ်အမ မခံနဲ့ပြန်ပြော" ဟု ဆုနှင့် ငယ်ငယ်က ကြပ်သည်။ "အဲ့လို မဟုတ်ပါဘူးဟာ ... နင်က အရင်နေ့တွေထက် ဒီနေ့ပိုလှတယ်လို့ ငါကပြောချင်တာ။" "အမယ် ကိုကောင်လေးက ဒါမျိုးတော့ တတ်သား" ဟု ဆုက စသည်။ ငယ်ငယ်က "အမလေး မဆုရ သူတတ်တာရှိပါ့။"
"ကဲကဲ .. စားသောက်ပြီးရင် ဘုရားသွားကြရအောင်လေ။ ဒီထိပ်နားမှာ ဘုရားရှိတယ်။ ဘုရားပေါ်တက်ပြီး နောက်ဖက်က အအေးဆိုင်လေးမှာ သွားထိုင်ကြတာပေါ့။ အဲ့မှာ အေးတယ်ဟ" ဟုနွယ်ကခေါ်သည်။

ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ မိန်းကလေးတွေ ဘုရားရှိခိုးကြသည်။ သူကတော့ နွယ့်ကိုသာ ငေးနေမိသည်။ ရုတ်တရက် နွယ်ဘာတွေ ဆုတောင်းလဲဟင်လို့ သိချင်စိတ်ဖြစ်လာသည်က ပြင်းပြင်းပြပြ။
အေးငြိမ်းလွန်းလှသည်ကောလေ။ဤလိုနေ့မျိုး ဘာကြောင့်များ ရှားပါးလွန်းရသည်လဲနော်။

ထုံးစံအတိုင်း ကံပစ်ချရာ ကျခဲ့ရသော ဘ၀ကိုပြန်စရပြန်ပြီပေါ့။ လူတွေကို အံ့သြသည်။ မူးမူးရူးရူးနှင့် သူတို့တစ်ညဖြုန်းတီးပစ်သော ပိုက်ဆံသည် သူတို့တစ်လစာ၊ တစ်ခါတစ်ခါ ထို့ထက်ပိုသောအခါ သူအံ့အားသင့်မိသည်။ သူတို့က အပန်းဖြေသည်ဆိုသည်ပဲ။ အော် ထိုသို့သော လူမျိုးများရှိနေ၍လည်း မိမိတို့ အလုပ်ရှိနေသည်ပဲ။ သူနွယ့်ကို လှမ်းကြည့်လိုက်သည်။ နွယ်က စားပွဲတစ်ခုမှ ဧည့်သည်များကို ရီလိုက်မောလိုက်နှင့် ဧည့်ခံနေသည်။ ဆလိုက်မီးရောင် တချက်တချက်ထိုးသွားသည့်ကြားမှ နွယ့်ကို တချက်တချက် မြင်နေရသည်။ ဧည့်သည်က စကားလည်းပြော၊ လက်ကလည်း အငြိမ်နေသည်မဟုတ်ပါ။ ရံဖန်ရံခါ နွယ့်ပုခုံးပေါ်မှာ၊ ရံဖန်ရံခါ စကပ်တိုလေးအောက်မှ နွယ့်ပေါင်ပေါ်မှာ၊... သူမည်မျှအကြာကြီးကြည့်နေမိသည်မသိ ... သူသတိထားမိချိန်တွင် နွယ့်မျက်လုံးနှင့် အကြည့်ချင်းဆိုင်မိပြီ။
နွယ်မျက်နှာလွဲသွားပြီး ဧည့်သည်၏လက်ကို အသာတွန်းလိုက်တာ သူမြင်လိုက်သည်။ သူသက်ပြင်းချလိုက်ရင်း တခြားဘက်သို့ လျှောက်သွားလိုက်တော့သည်။

ကလပ်ပိတ်ပြီမို့ သူသိမ်းဆည်းစရာရှိသည်များသိမ်းဆည်းကာ အောက်ကိုဆင်းလာခဲ့သည်။ လှေကားတစ်ဆစ်ချိုးလေးကို ကွေ့လိုက်ချိန် ထောင့်နားတွင်ရပ်နေသည်က နွယ် ... ။ "နွယ် ... ကားပေါ်မတက်သေးဘူးလား ။" " နင့်ကို စောင့်နေတာ။" " အော ... ။" " ဒီနေ့ အလုပ်မရှိဘူးပေါ့။" "မဟုတ်ဘူး ... နင်နဲ့တွေ့ချင်လို့ ငါဘယ်မှလိုက်မသွားတာ။" " သူ အံ့အားသင့်နေသည်။" " နင် ... ငါ့အိမ်လိုက်ခဲ့ ... အဆောင်ပြန်မအိပ်နဲ့တော့။" " အ... င်း ...။" စိတ်ထဲ ဇဝေဇ၀ါနှင့် ကားပေါ်သို့ နွယ်နှင့်တူတူတက်ခဲ့သည်။ သူဆင်းရမည့်နေရာတွင် မဆင်းဘဲ နွယ်နှင့်အတူလိုက်ဆင်းသွားသောသူ့ကို ကားပေါ်မှ ကျန်နေသူများက မည်သို့ထင်မည်နည်း။ "အော် ... နွယ်တောင်မတွေးတာ ... ငါကဘာတွေးနေတာတုန်း။" သူနွယ့်ကို ချစ်တာပဲသိသည်။

နွယ့်အိမ်လေးသို့ သွားရာလမ်းသည်မှောင်မဲနေသည်။ နွယ်ကတော့ သွားနေကျမို့ တန်းတန်းမတ်မတ်သွားနိုင်သော်လည်း သူကတော့ နွယ့်နောက်နားခပ်ခွာခွာမှ ဖြေးဖြေးချင်းစမ်းသွားနေရသည်။ နွယ်က ငါ့လက်ကို တွဲထား။ သူ ... ရင်တထိတ်ထိတ်နှင့် နွယ့်လက်ကိုလမ်းဆွဲလိုက်သည်။ နွယ်လက်ကိုသာသာတွဲရင်း အိမ်သို့သွားစဉ် အိမ်သို့ရောက်လျှင် ဒီလက်ကလေးကို ဖြုတ်လိုက်ရမှာ နှမျောတွန့်တိုနေမိသည်။ ... ... ... ...

ဆက်ရန် ... ... ... ... ...

Wednesday, December 16, 2009

မိုးတိမ်အကြောင်း

အယ်နောင်း၏ အသံက ကြေကြေကွဲကွဲ ... " မျော်လင့်သောညတွေအလယ် ကြယ်တံခွန်လေး မင်းလေးပဲ ငါပိုင်ဆိုင်တာ အားလုံးလဲ နင်ဖန်ဆင်းသိမ်းပိုက်တယ် " ... သူ့နတ်သမီးကတော့ စင်ပေါ်က ကြောင်လျှောက်လမ်းမပေါ်မှာ။ "ဟေ့ကောင်လေး ... ဟိုဝိုင်းက မင်းကိုခေါ်နေတာ သွားလိုက်ဦးလေ" ဟု ကိုစိုးက သတိပေးမှ သူ့အတွေးစတို့ ပြတ်တောက်ကုန်သည်။ သူရောက်သွားတော့ ..." ညီလေး မင်းအကိုကြီးတွေကို လုပ်စမ်းပါဦးကွ" ဟု တစ်ယောက်က လှမ်းပြောသည်။" မမစုရှိတယ်လေ အကိုရ။ အကိုတို့ သိပြီးသားတွေပဲ။"
"တော်ပြီကွ ရိုးနေပြီ ... သဘောကောင်းကောင်း လှလည်းလှရမယ့် သူမျိုးလိုချင်တယ် ... မင်း ဟို အ၀ါလေးကို သိလား ... " ရင်ထဲမှ ကျိတ်၍တောင်းနေသော ဆုမပြည့်ခဲ့ပါ။ နွယ်ကလည်း လှလွန်းနေသည်ကိုး။
"ဟုတ် .. သိတယ်အကို။"
"ခေါ်ပေးကွာ ... ။"" အကိုကလည်း ထုံးစံသိသားနဲ့ ပန်းကုန်း ၂၀၀၀၀ ဖိုးဆုချမှ အကိုတို့ဝိုင်းကို သူလာခွင့်ရှိတယ်လေ အကိုရ။ ဒါမှမဟုတ် ဒီလိုလုပ်ပါလား ... အကိုခုမခေါ်သေးနဲ့ ... ကလပ်ဆင်းတော့မှ သူ့ကိုခေါ်လေ... ပန်းကုံးဖိုးပေးမယ့်အစား သူ့ကိုပဲပိုပေးလိုက်တာက ပိုကောင်းတာပေါ့။" " အေး ... အင်းအကြံမဆိုးဘူး သွားပြောထားကွာ
ပြန်ရင် ကလပ်ကားနဲ့ မပြန်ဘဲ အောက်မှာစောင့်နေလို့။ " "ဟုတ် ... အကို။"

သူ စင်အနောက်ဘက်ရှိ အ၀တ်လဲခန်းသို့ လေးပင်စွာ လျှောက်လာခဲ့သည်။ အခန်းထဲမ၀င်ခင် မျက်နှာကို ပြင်လိုက်ပြီး ၀င်သွားလိုက်သည်။ အခန်းထဲတွင် အ၀တ်လဲနေသူလဲ ထိုင်နေသူထိုင်နေနှင့်ကောင်မလေး ငါးယောက်ခန့်ရှိရာ တစ်ယောက်က မေးဆတ်လိုက်သည်ကို ...
"နွယ့်ကို လာရှာတာ"ဟု ဖြေလိုက်သည်။ "အနောက်သွားနေတယ် ကိုကောင်လေးရ"ဟု ငယ်ငယ်ကဖြေသည်။ "ဘာတုန်း အော်ဒါလား"ဟု သူကပင် ပြန်မေးရာ ... "တိုးတိုးပြောစမ်းပါ ငယ်ငယ်ရာ ... ပန်းကုန်းဖိုးမရလို့ဆိုပြီး ငါအလုပ်ပြုတ်နေမယ်ဟ။" မိန်းကလေးများ အကုန်ရီနေကြစဉ်မှာပင် နွယ်ရောက်လာသည်။ "ဟဲ့အကောင် နင်ဘာလာလုပ်။"
"နင့်ကို ညကျတွေ့ချင်တဲ့ လူရှိတယ် နင်လိုက်မလားမေးခိုင်းလို့ ငါလာမေးတာ... ။" " အင်း ... လိုက်မယ်လေ ... အဲ့ဒါမှမလိုက်ရရင်လည်း ပိုက်ဆံကမရှိတော့ဘူးဟ။" နွယ်က သူမေးသည်ကို ပြန်ဖြေရင်း မှန်ရှေ့တွင် နှုတ်ခမ်းနီပြန်ဆိုးနေသည်။ သူ ဘယ်အချိန်ထိ ငေးကြည့်နေမိသည်မသိ ... နွယ်က " ဟဲ့အကောင် နင်ဘာလုပ်နေတာတုန်း မြန်မြန်ပြန်လေ ... ၀ိတ်တာခေါင်း ရှာမတွေ့ရင် နင်အဆူခံထိဦးမယ် "ဟုသောအသံကြားမှ..." အင်း... အင်း... နင်လိုက်မယ်လို့ ငါပြောလိုက်မယ်နော်။"

"ဝေး ... ကိုကောင်လေး တစ်ခွက်လောက်တိုက်ပါလား။ ကိုကောင်လေး တစ်ပ်တွေရနေတာ မြင်တယ်။" " ငါ အဆောင်လခပေးရဦးမယ် ဆုရယ်။ နင်တို့ကော အလုပ်မဖြစ်ဘူးလား။" "ဘယ်ကလာ ဒီနေ့မှ မဖြစ်ရင် ကလပ်ပေါ်မတက်နိုင်တော့ဘူး။" " အာ ... အဲ့လိုတော့မလုပ်နဲ့ ... နင်ဒီနေ့အလုပ်မဖြစ်ရင် ပြန်တဲ့အခါငါ့ဆီက ၀င်ကြေးတော့ယူသွားဟာ။ အောက်ကဟာတွေကို ၀င်ဆွဲနေတာ သိရဲ့သားနဲ့။" " အင်း အင်း ... ပြန်တဲ့အခါပေါ့။"
ဒီဂျေသံကတော့ ဆူညံပွက်လောရိုက်နေသည်။ အင်း ... ဒီဂီတသံနဲ့ အရက်နဲ့ဆိုတော့ မမြူးရင်လည်း ခံနိုင်ရိုးလားနော်။

ခုတလော စီမံချက်ရှိ၍လားမသိ။ လမ်းပေါ်တွင် အဖမ်းအဆီးများသည်။ နယ်မြေခံရဲများကို လိုင်းကြေးပေးထား၍ ကလပ်ပေါ်တက်၍တော့ မဖမ်း။ ကလပ်အောက်ခြေတွင် ၀င်ကြေးမပေးနိုင်သဖြင့် အပြင်မှာဖောက်သည်ရှာသော ကောင်မလေးများကိုတော့ ၀င်ဆွဲသွားသည်။ ဆုကိုတော့ သူခင်သည်။ ဆုနှင့်က တစ်ရပ်ကွက်တည်းသားတွေ။
ဆုကတော့ လူရမရမသိ ကတာတော့ကွေးလို့ပင်။ သူ့ဆံပင်တိုလေးတွေကို ခါခါထုတ်ရင်း ခေါင်းထဲက စိတ်ညစ်စရာတွေကိုပါ ခါထုတ်နေလားမသိ။ ထို့နောက်တွင်တော့ သူလည်းမအားမလပ်တော့ပါ။ ဟိုဝိုင်းကခေါ်လိုက် ဒီဝိုင်းကခေါ်လိုက်နှင့် အလုပ်ရှုပ်နေရပါတော့သည်။

"ကောင်လေးရေ ဟိုဝိုင်း၁၂ကို ဘီယာသွားချပေးလိုက်ဟ။ မူးနေပြီလားလည်း ကြည့်ခဲ့ဦး။" အင်း ... နိုင်လင်းတို့တော့ ဇာတ်လမ်းစတော့မည်ထင်သည်။ မူးနေလားကြည့်ခိုင်းခြင်းမှာ အကောင်းမဟုတ်ပါ။ ဘီယာခွက်ကျန်များကို ဒီကောင်က သွန်မပစ်ဘဲ စုထားတတ်သည်။ ၀ိုင်းထဲမှ မူးနေသူက ဘီယာမှာချိန်နှင့် ခွက်ပြည့်ချိန်တိုက်ဆိုင်ပါက ထိုဘီယာအကျန်များကို ဘောပင်နှင့်အမြုပ်ထအောင် မွေကာသွားချပေးတတ်သည်။ ထိုခွက်ဖိုးက စာရင်းထဲတွင်မပါ ...သူ့အိတ်ထဲရောက်လေသည်။ သောက်သူလား သိမှာ...
ဘယ်ကလာ သိမှာတုန်း မူးကလည်း မူးနေ ... ဘေးနားက ကောင်မလေးထံလည်း ဇောကပ်နေ ... ဘာများသိမှာမို့တုန်း။

သူ အဝေးသင်တက်နေတာ ဒုတိယနှစ်ရှိပြီ။ အမေစိတ်ချမ်းသာအောင် ဘွဲ့လက်မှတ်လေးတော့ပြချင်သေးသည်။ အမေ့အကြောင်းတွေးနေရင်းမှ နွယ့်ကိုသတိရသွားသည်။ နွယ့်ကို သူချစ်တာနွယ်မှသိပါလေစ။ သူကကော နွယ့်ကိုယူနိုင်ပါသည်လား။ စိတ်ရှုပ်တယ်ကွာ ... ထပ်မစဉ်းစားချင်တော့။ သူ နွယ့်ကို ရည်းစားစကားတောင်မပြောရသေး။ သူသာ နွယ့်ကိုရည်းစားစကားသွားပြောလျှင် နွယ်တော့ခွက်ထိုးခွက်လှန် ရီမလားမသိ။ သူက ထိုသို့ရီတတ်သူ။

အင်း ... ဒီနေ့နွယ်လည်း ပေါ်မလာသေးဘူး။ "ငယ်ငယ်ရေ နွယ်ပြန်လာသေးလား။" " အာ ကိုကောင်လေးကလည်း အော်ဒါပါသွားတာ ဘယ်လိုပြန်အိပ်မှာတုန်း။" " အေး ... ဟုတ်သားပဲ" ဟု သူဆိုသောအခါ ငယ်ငယ်က ပြုံးသည်။
"ဟေး ... ဘော်ဘော်နှစ်ယောက် ... " လူကိုမမြင်ရသေး အသံကိုကြားရသည်။ ငယ်ငယ်က "မနွယ်ကို မမြင်မချင်းမေးနေတာ တချိန်လုံး"ဟု ပြောရာ နွယ်က " သူ့မှာရစရာရှိလို့ဟ" ဟုဆိုပြီး ပိုက်ဆံရှစ်ထောင်ထုတ်ပေးသည်။ "ဘာတုန်း ... ။" " ရော့လေ ... နင်ဆက်သွယ်ပေးလို့ ကော်မရှင်ခက ငါးထောင်၊ ပြီးတော့ မုန့်ဖိုးထပ်ရခဲ့သေးတော့ ထပ်ပိုပေးတာ ... ယူလေ "ဟုပြောသည်။ "နေပါဟာ ... ငါဘာမှမလုပ်ဘူး ... မယူဘူးဟ။" " မရဘူး ယူရမယ်။ နင်က ငတုံး၊ ငအ။ နိုင်လင်းလို လူလည်လည်းမကျတတ်တော့ ပိုက်ဆံဘယ်ရမလဲ။ ကျူရှင်ဖိုးတွေလိုသေးတယ်မဟုတ်လား။" " ငါ့ကို ဧည့်သည်တွေပေးပါတယ်။" " အမလေးဟယ် သူတို့ပေးတဲ့ တစ်ပ်မန်းနီးများ တော်တော်မူးမှ တစ်ရာ၊ နှစ်ရာထွက်တာ။ ရော့ ... ဟကောင် နင်ယူမလား မယူဘူးလား။" နွယ်စိတ်ဆိုးတော့မည်မှန်း သူသိသည်။ "အေးအေး ... ငါယူမယ် ... ပေး။" " အဟိ " ... ရယ်သံကြားသဖြင့် လှည့်ကြည့်ရာ ငယ်ငယ်။ "ကိုကောင်လေးမယူရင် မီးက ယူမလို့ပါဆို" ဟု စသေးသည်။ " ကိုကောင်လေး ငယ့်ကိုမုန့်ဝယ်ကျွေးမလား" ဟု ပြုးပြုံးကြီးမေးနေသော ငယ်ငယ့်ကို " အေး ... ကျွေးမယ်ဟ နင် .. ငါ့ကိုမစရင် ကျွေးမယ်" ဟု ပြန်ပြောလိုက်ရင်း အခန်းထဲမှ ထွက်လာလိုက်သည်။

"ဟေ့ကောင်လေး ... မင်းနွယ့်ကိုကြိုက်နေတယ"်ဆို ဟုကိုစိုးကြီးကမေးရာ "မဟုတ်ပါဘူး အကိုရာ။ ၀ိုင်းနောက်နေကြတာပါ...။" " အေး ... ငါတော့ ဘာမှမပြောလိုဘူး ... သူတို့တွေ ဘယ်လိုထမင်းရှာစားတယ်ဆိုတာ မင်းလည်းအသိ ငါလည်းအသိ။" " ဟုတ်ကဲ့ ... အဲ့ဒါဘာဖြစ်တုန်း အကိုရ။"
"အင်း ... ဘာဖြစ်မလဲဆိုတော့ မင်းသာသူနဲ့ကြိုက်ရင် ဟိုသီချင်းနေ့တိုင်းဆိုနေရမယ်။" " ဘယ်သီချင်းတုန်းအကိုရ ။" " အိုးလေးကွဲသွားပြီ... အိုးလေးကွဲသွားပြီ ဆိုတဲ့သီချင်းလေ။" " အာ ... အကိုက လာနောက်နေတယ်။" " မနောက်ဘူးမောင် ... မင်းတွေးကြည့် ... သူက အပေါ်ကမော်ဒယ်လျှောက် မင်းက ၀ိတ်တာ၊ ... သူများက သူ့ကိုကြိုက်လို့အော်ဒါခေါ်တော့ မင်းခံရခက်တယ်မဟုတ်လား။" သူက ငိုင်လျှက်. သူလည်း ဒီဟာကို တစ်သက်လုံးမလုပ်သလို ကျွန်တော်လည်း မလုပ်ပါဘူးဗျာ။ "မင်း ... စာတွေဖတ်ဖတ်ပြီး စိတ်ကူးက တယ်ယဉ်ကိုး" ဟု ကိုစိုးက ညည်းသည်။ သူစိတ်ကူးယဉ်မိသည်လား ... သူလည်းဘာကောင်မှ ဟုတ်လှသည်မဟုတ်ပေ။ အမှိုက်တောထဲက အမှိုက်တစ်စမျှသာ။ သူမကော၊ ကိုစိုးကော၊ အားလုံး.. အားလုံး၊ ဘာကောင်မှမဟုတ်။ ဘာကို ဂရုစိုက်နေရဦးမည်နည်း။ နွယ်သာ သူ့ကိုချစ်ပြီး ကောင်းကောင်းနေသွားလျှင် အကုန်လုံးကို သူရင်ဆိုင်နိုင်သည်ဟု သူထင်သည်။ ကိုစိုးကြီး ဘယ်အချိန်ထွက်သွားသည်မသိ၊ သူကတော့ ကိုစိုးကြီးချန်ထားခဲ့သော အမှိုက်စများနှင့် လုံးထွေးရစ်ပတ်ကာ ကျန်နေတော့သည်။


ဆက်ရန် ... ... .... ...