Showing posts with label tag. Show all posts
Showing posts with label tag. Show all posts

Sunday, May 2, 2010

တက်စာ

ဘယ်အချိန်ကတည်းက ထိုအက္ခရာများနှင့် ကျွန်တော်ရင်းနှီးခဲ့ပါသလဲ။ ယခုကဲ့သို့ အက္ခရာများမှ ဖွင့်ဆိုနိုင်သောအရာများအကြောင်းကိုကော ကျွန်တော်တွေးဖူးပါသလား။ ထိုအက္ခရာများနှင့် စတင်တွေ့ဆုံကာ
မေမေသင်ပေးသမျှ ရွတ်ဆိုခဲ့စဉ်က မေမေပြုံးနေပါလိမ့်မည်။ မေမေရေ .. ဒါက အေ၊ မေမေရေ ဒါက ဘီ။
သူများရေးထားတာလေးတွေဖတ်ရစဉ်က သဘောကျသလောက် ခုကျွန်တော် ထိုအရာများအကြောင်းရေးရမည်ဆိုတော့ ခေါင်းခြောက်သည်။ ဘာရေးရမည်လဲ။ ဘ၀တစ်လျှောက်လုံးစွဲလာတာကို သင်္ကေတပြုပြရမှာလား။ အချိန်ကာလတစ်ခုအတွက်လား။ ထိုအထဲမှာ ရှေ့ကာလတွေမှာပါ စွဲမြဲထင်မြင်နေတဲ့အိပ်မက်တွေကော ထည့်သွင်းလို့ရမရ .. ကျွန်တော့်ကို ပြောမပြသွားပါ။



A- art, artist

B- book,Brother

C- Communism and Capitalism, Chaos

D- Dog, Dust in the wind (Scorpion)

E- English, Existentialism, Ego,Ethic

F- freedom, friends

G- Government

H- hide

I- I

J- jealous

K- Kindness

L-love,life,law

M- money,Mum,

N- no, nope, not,

O- ordinary

P- :P, please,

Q- Question

R- Religion,Return to Innocence( Enigma)

S- Sorry..........

T- Think

U- U turn, Utopia

V- Victory

W- Window, Wind, Gone with the Wind, Worry, without, withdraw

X-

Y- Yangoon

Z- zer0


ကဲ ချက်ချင်းတွေးမိသမျှ ထွက်လာတဲ့ စကားလုံးတွေ မောင်ရင်ညိုကျေနပ်မယ်ထင်တယ်ကွာ .. မြန်မာအက္ခရာတွေကို ဘာကြောင့်မတဂ်ကြတာလည်း ခုရေးရင်းတွေးမိတယ် .. ကကြီး - ကချင်မချောချောလေး၊ ခ- ခိုနှစ်ကောင်နဲ့သောင်ပြင် (ကဗျာ)၊ ဂ- ကြက်ရိုးနဲ့ ဂွေးတောက်ရွက် ဟင်းချို၊ ဃ- ဒါရိုက်တာ ဃကြီး၊ င- ငါတရားစီရင်တော်မူခန်း (ထူးအိမ်သင်သီချင်း)၊ စ- စည်းကမ်းရှိပါ .. ကဲအဲ့လိုလေးဆို မကောင်းဘူးလား ဆ- ဆင်ပြောင်ကြီး အမြီးကျမှတစ်၊ ဇ- ဗလမရှိလည်း ဇတော့ရှိတယ်ကွ .. :)







Tuesday, November 3, 2009

တကယ်လို့သာ ကမ္ဘာကြီးပျက်ခဲ့မယ်ဆိုရင် ...



အကိုအောင်သာငယ် တဂ်လို့ရေးရတယ်။ ကမ္ဘာပျက်သွားပါစေဆိုတဲ့ စိတ်မျိုးမရှိဘူးဗျာ။ ဒီလိုပျက်များပျက်သွားခဲ့ရင်လို့ ဘယ်တော့မှ မတွေးဖူးဘူး။ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးရဲ့ အဆုံးသတ်
ကြီးမြတ်ခြင်း သိမ်ဖျင်းမှုအားလုံးရဲ့ အဆုံးသတ် ... ခုကျွန်တော် တွေးနေမိပြီ။

တကယ်လို့သာ ကမ္ဘာပျက်ခဲ့ရင် ကျွန်တော်တွေးမိတာ (တွေးမိတာဆိုပေမယ့် အကိုအောင်တွေးတဲ့ မေးခွန်းခေါင်းစဉ်တွေအောက်ကပဲ ကျွန်တော်တွေးလိုက်ပါတယ် )

၁။ ဘယ်သူတွေနဲ့ ရှိနေချင်လဲ

အဲ့အချိန် အဲ့ဒီကာလမှာ ကျွန်တော့်ကို လက်ခံစကားပြောနေဖို့ ဘယ်သူကကော တွေးပါ့မလဲ။ ကျွန်တော်ထင်တယ် လူတိုင်းက ကိုယ်လုပ်ချင်တာတွေကို အတောမသတ်လုပ်နေကြ။ ကာကွယ်နိုင်တယ်ထင်ပြီး ကာကွယ်ကြ။ ၀ရုန်းသုန်းကားဖြစ်နေကြမယ်ထင်တယ်။ C0de ဆိုတဲ့ ရုပ်ရှင်ကားထဲကလို နေရောင်ခြည်တွေ ကမ္ဘာ့လေထုထဲ အတွင်းပိုင်းထဲထိ ၀င်လာပြီး အကုန်လောင်ကျွမ်းပြီး ကမ္ဘာကပျက်မှာလား။ နှူလက်နက်တွေထပေါက်ပြီး တဖြေးဖြေးအဆိပ်သင့် လူတွေအချင်းချင်းသတ်ဖြတ်ရင်း ပျက်သွားမှာလား။ ပြင်ဆင်ခွင့် ဘာမှမရှိဘဲ ပျက်မယ်ဆို အလုံးစုံကြီးပျက်သုဉ်းသွားမယ်ဆို ကျွန်တော်ဘယ်သူနဲ့ရှိနေရမလဲ။

ကျွန်တော်တွေးကြည့်တယ် ဖြစ်ချင်တာကတော့ ဘယ်သူငိုနေလဲလိုက်ရှာပြီး ချော့မယ်ဗျာ။ စကားကြီးကြီးကျယ်ကျယ်တွေ ပြောစရာမလိုပါဘူး။ ရင်ဘတ်ထဲထည့်ပြီး ဖက်ထားလိုက်ရုံပါ။ ကျွန်တော့်ကို လိုအပ်မယ့်သူ ဘယ်သူ့ကိုမဆိုပေါ့။ ဒါ ကျွန်တော်လုပ်နိုင်တဲ့ နောက်ဆုံးအလုပ်ပဲနေမှာပါ။

၂။ဘာတွေခံစားနေရမလဲ ...

ဘာကိုခံစားနေရမလဲ။ ကျွန်တော် ကြောက်နေမယ်ထင်တယ်။ ကြောက်လွန်းလို့ ကြောက်စိတ်တွေကုန်သွားတဲ့အထိ ...။ ဒါပေမယ့် ဘာတတ်နိုင်မှာတုန်းဗျာ ကံဆိုးတာကိုယ်တစ်ယောက်တည်းမှ မဟုတ်။ နော် ... ဟုတ်တယ်မလားဗျ။ အဲ့တော့ ဒီလိုပဲတွေးလိုက်မယ် ရောက်လာတုန်းကလည်း ငါရွေးချယ်ခဲ့တာ မဟုတ်ဘူး ... ခုလည်း ငါကမရွေးချယ်ဘဲ ပြန်ရတော့မယ် .. အားလုံးတာ့တာပါလို့ ။

၃။ဘာတွေ ပြင်ဆင်ထားမလဲ... ...

ဘာတွေပြင်ဆင်ဖို့လိုလဲ။ ဘာသာတရားကြောင့်တော့ဖြင့် ပြင်ဆင်စရာမလိုပါဘူး။ ကျွန်တော်ထင်တယ် ကိုယ်ဘာလုပ်ထားတယ်ဆိုတာ ကိုယ်သိနေတဲ့ကိစ္စ။ ဘုရားသခင်ရှိရှိမရှိရှိ... ရှိလဲ သုံးမရဘူးထင်ပါတယ်။ ကိုယ့်ကိစ္စကိုယ်တာဝန်ခံရမှာ အဲ့ဘုရားသခင်က ဘာကိစ္စ၀င်ပါနေဦးမှာတုန်း။ ဘာပြင်ဆင်ရမလဲ.. ?။
မသေခင်ဆို ကျွန်တော်သေမယ့်နေရာကိုရွေးမယ်ဗျာ။ နဲနဲရှင်းရှင်းလင်းလင်းရှိတဲ့နေရာ။ ကောင်းကင်ကြီးကို မြင်ရမယ့်နေရာ။ နေရောင်ရယ်၊ သစ်ပင်တွေရဲ့ နောက်ဆုံးတီးတိုးစကားတွေကို ကြားရမယ့်နေရာ၊ အလင်းရဲ့ အထိအတွေ့ကို သိနေမယ့်နေရာ ... ကျွန်တော်အဲ့နေရာလေးကို သွားချင်တယ်။ နောက် အရက်ပျော့ပျော့တစ်ခွက်လောက် သောက်ချင်တယ်။

၎။ ၀မ်းနည်းမိတာက

ဘာကိုမှ ၀မ်းနည်းမနေတော့ဘူး။ နောက်ဆုံးအချိန်တွေမှာ ဘာအကြောင်းကြောင့်နဲ့မှ ကိုယ့်ကိုယ်ကို ထပ်အလောင်မကျွမ်းစေချင်တော့ဘူး။ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက် လိုချင်တာ လိုအပ်တာတွေကို
ထပ်လုပ်မနေတော့ဘူး။ အမေသာ အနားမှာရှိရင်တော့ အမေ့ရင်ထဲပြန်ဝင်အိပ်နေလိုက်မယ်။

၅။ ကြောက်နေမိတာ ... ...

ကြောက်စိတ်ကုန်သွားပြီထင်တယ် .. အဲ့အချိန်ဆိုလေ။

၆။ ဆောင်ထားချင်တာ ... ...

စီးကရက်နဲ့ မီးချစ်၊ ကော်ဖီလေး ဓါတ်ဘူးလေးနဲ့ထည့်ထားမယ်။ အမေအနားမှာရှိလဲ အဲ့အချိန် ကျွန်တော်ဆေးလိပ်သောက်လဲ တားတော့မယ်မထင်ဘူး။ စီးကရက်လေးမီးညှိပြီး မှုတ်ထုတ်လိုက် ကော်ဖီလေးသောက်လိုက် ... သေခါမှသေရောဗျာ လှလှပပပဲ။

ရ။ ဘာတွေရေးမိမလဲ .. .. ..

နှုတ်ဆက်ခဲ့ပါတယ် ကမ္ဘာမြေ ပေါ့ ... ဒါလောက်ပါပဲလေ။

၈။ တွေးမိတွေးရာ အတွေး ...

မနက်ဖြန်ဆိုတာ ရှိပါဦးမလား။ မနက်ဖြန်ဆိုတာရှိနေပြီး ငါဆိုတာပဲ မရှိတော့မှာလား။ ဘာလို့များ ငါကမ္ဘာကိုမျက်ကွယ်ပြုခဲ့မိပါလိမ့် ... ... ... များစွာပါပဲလေ။

၉။ ဂုဏ်ယူချင်တာ ... ...

ကျွန်တော် ရိုးရိုးလေးပဲတွေး ရိုးရိုးလေးပဲနေခဲ့တဲ့ အတွက်၊ သာမာန်လူလေးတစ်ယောက်ထက် ပိုပြီးမရိုးသား၊ မဆိုးသွမ်းခဲ့တဲ့အတွက်... ကျွန်တော် ဂုဏ်ယူချင်ပါတယ် ။

၁၀။ ရှာကြံဖြေသိမ့်မိတာ ... ...

ငါတော်တော် ကံကောင်းတဲ့ကောင်ပါလား ... မသေခင် စာအုပ်တွေကို ဖတ်ခဲ့တယ်၊ ဂီတကို ခံစားတယ်၊ ပန်းချီလည်း ဆွဲခဲ့တယ်၊ မိန်းမတွေကို ချစ်ခဲ့ဖူးတယ်၊ သူငယ်ချင်းတွေနဲ့ ရီခဲ့ဖူးတယ်၊ ကဗျာဖတ်ဖူး ခံစားခဲ့ဖူးတယ်၊
ငါ ... ကံကောင်းခဲ့တာပဲ။

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း ... ...

... ... .... .... .... ....

Saturday, October 3, 2009

အပြစ်ကင်းကင်း သီချင်းများနဲ့ ပျော်ရွင်ပါစေ

သီချင်း ... သီချင်းဆိုတော့ စဉ်းစားရတယ်။

နှစ်နဲ့ချီပြီး တစ်ပုဒ်တည်းသောသီချင်းကို နေ့တိုင်းလိုလို အားနဲ့မာန်နဲ့ အော်ဆိုခဲ့ဖူးတဲ့ သီချင်းကတော့
နိုင်ငံတော်သီချင်းပေါ့ .. ညီမလေးရ။
မိုးချုပ်ညနက်ကြီး အိမ်ပြန်လာတယ့်အခါ မီးတိုင်ဝါကျင့်ကျင့်လေးတွေအောက် ခေါင်းငိုက်လျောက်ရင်း
လေးဖြူရဲ့ ညလူသီချင်း ... ... ... လေလွင့်လူ သီချင်းလေးတွေ ညည်းလို့။
ခပ်ဆိုးဆိုးသူငယ်ချင်းတစ်ယောက်ယောက်နဲ့ဆုံရင် ပြုံးပြီး နှံကောင်လေးရဲ့ နွေဦးပုံပြင်ကိုဆိုပြ ...
ဧရာဝတီနားဖြတ်သွားရင် ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့သမီး ... အဲ့ဒီသတို့သမီးရဲ့ ရင်ခွင်မှာ သင်္ဘောကြီးတစ်စင်းနဲ့ စုန်လိုက်ဆန်လိုက် ... အမေ့အိမ်သီချင်းလေးညည်းရင်း အိမ်ကိုပြန်လိုက် အိမ်ကခွာလိုက်နဲ့ ..။

ယုံကြည်ချက်တွေပျောက်ပီး စိတ်ဖောက်ပြန်ချင်လာတယ့်အခါ ထူးအိမ်သင်ရဲ့ ညီလေးရေ ကိုခဏခဏရွတ်ပေး ... အဲ့လိုပေါ့။ သီချင်းတွေကို တစ်ပုဒ်လုံးထက် အပိုဒ်လေး တချို့စာကြောင်းလေးလောက်သာ မှတ်မိတယ့်အခါလည်းရှိရဲ့ ။ အနုပညာဆိုတဲ့စကားလုံးမှာ မှော်ဝင်နေရင် အလှရဲ့သစ္စာတရားကို အမြဲဆို ။
ထူးအိမ်သင်ရဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်းနဲ့ ကြေကြေကွဲကွဲ ကြယ်ပင်လယ်ထဲမျော။

အနုပညာဖန်တီးမှုတစ်ခုကို ခံစားပြီး နောက်မျိုးမတူတဲ့ အနုပညာလက်ရာတစ်ခုလည်း ပေါက်ဖွားလာတတ်တယ်။ ကိုကို ... အလုပ်ကပြန်တိုင်း ဘေလီတံတားကြီးပေါ်ကနေ ချက်ပလက်သစ်သားကားကြီးစီးပြီးပြန်ရတယ်လေ။ မီးရောင် ၀ါဝါအောက်မှာ တံတားကြီးပေါ် တလှိမ့်ချင်းဖြတ်တုန်း အမြဲမြင်ရတယ့် မြင်ကွင်းက ကောင်မလေးတစ်ယောက် စကပ်လေးနဲ့ ဆလင်းဘက်အိတ်လေးလွယ်လို့ ။ ရုပ်ကလည်းမချောပါဘူး .. ညပေါင်းများစွာ သူမီးရောင်နဲ့ မမှီမကမ်းအရပ်မှာ
ရပ်လို့ ...။ တချို့လူတွေရောက်လာ တချို့လူတွေပြန်ထွက်သွား ... ခေါင်းထဲရောက်လာတဲ့သီချင်း အပိုင်းအစက
အမှောင်ညထဲ ကွယ်ကာပျက် မလင်းလက်တော့တယ့် ကြယ်များအကြောင်း ... သိလား လေးဖြူရဲ့ မရေရာဘူးလေ ...။ အဲ့သီချင်းအကြောင်းအရာကို ဗီစီဒီရိုက်ရင် ကိုကိုသာဆို အဲ့ကောင်မလေးရဲ့အကြောင်းနဲ့
စဖွင့်မယ်... ။ အတ်ဒါရိုက်တာဖြစ်ချင်သားဟ ။

ညီမလေးရေ ... ... ... နောက်ဆုံးပိတ်ဆိုတဲ့ အချိန်မျိုးရောက်လာတိုင်း ဆိုဖြစ်တဲ့နောက်ဆုံးသီချင်းကတော့
ဘ၀အသစ်တစ်ခုရှိနေတယ် လျှို့ဝှက်ချက်တို့ ဆန်းကြယ်တယ် အတိအကျမသိနိုင်လည်း
ရည်ရွယ်ရာသို့သွားနိုင်တယ် ... ... ... ကဲ .. အားမရှိသွားဘူးလား။

သီချင်းဆိုပါ ညီမလေး။ သီချင်းတွေက လှပါတယ်။ အပြစ်လည်းကင်းပါတယ်။
ဖန်တီးသူရဲ့ စေတနာကို ခံစားတတ်ရင်မြင်မှာပေါ့။ စေတနာမကောင်းတဲ့ ဖန်တီးမှုမျိုးဆို မခံစားနဲ့။
ကိုယ့်စိတ်ပါညစ်ထေးစေတယ် ။ ဒါပါပဲ ညီမလေးရေ ...။

အပြစ်ကင်းကင်း သီချင်းများနဲ့ ပျော်ရွှင်ပါစေ ..
အိဖူးရဲ့ ကိုကို

(ဒါ ကျွန်တော့်ညီမလေး တဂ်ထားတဲ့ တဂ်ပို့စ်ပါ ခင်ဗျာ )

Monday, August 3, 2009

littlebrook ရဲ့ ခုတလောများ

နန်းညီတဂ်၍ ရေးရသော တဂ်ပို့စ်ပါခင်ဗျာ



ခုတလော

တွေးနေမိတာက
(၁) ကျွန်တော်ဟာ တွေးတောတာထက် စိတ်ကူးယဉ်တာကပိုများတဲ့ အကြောင်း
(၂) ကိုယ့်ကို နင့်နင့်နဲနဲ မတောင့်တတဲ့မိန်းမကို မက်မက်မောမောရှိနေဖို့မလိုဘူးဆိုတာ
(၃) ကျွန်တော့် ကောင်မလေးကိုလာလာထိတဲ့ တခြားကောင်တွေရဲ့လက်ကို ကျွန်တော်လုံးဝမကြိုက်ဘူး
(၄) ကြံစည်ထားတာလေး ဖြစ်လိုက်ပါတော့...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
လူတိုင်းကို မင်းလိုမတွက်နေနဲ့ မင်းတန်ဖိုးထားတဲ့အရာတွေက တကယ်ကောတန်ဖိုးရှိရဲ့လား
အရာအားလုံးအတွက် ဒါနောက်ဆုံးကြိုးပမ်းချက်ပဲ ..

ကျန်းမာရေး
ကောင်းသည်

ဖတ်ဖြစ်တဲ့စာအုပ်
ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ၊ ပင်လယ်ပြာနဲ့ တံငါအို

ရောက်ဖြစ်နေတာက
လက်ဖက်ရည်ဆိုင်

ရေးဖြစ်နေတာက
ပုံပဲဆွဲနေတာက များတယ်

နားထောင်ဖြစ်နေတာက
ဘာသီချင်းမှ နားမထောင်ချင်ဘူးဖြစ်နေတယ် အာရုံကိုလာလာလှည့်ဖျားလို့ ဖြစ်နိုင်ရင်တော့ လေးဖြူရဲ့ လွင်တီးခေါင် ကိုနားထောင်ချင်နေမိတယ်

ရွတ်နေမိတဲ့ ကဗျာက
ဘာမှကို ရွတ်မနေဘူးဗျ...

ဖြစ်ချင်နေတာ
အလုပ်အကိုင်အဆင်ပြေ .. ခြံလေးဝင်းလေးနဲ့ အိမ်လေးတော့ရချင်တယ် .. မိန်းမမရတော့လည်း
ရတဲ့မိန်းမယူလိုက်ရုံပဲ .. ဟာဟ

စားဖြစ်နေတာ
ရခိုင်ထမင်းဆိုင်ကရယ် ကိုယ့်ဟာကိုချက်တာရယ် တလှည့်စီ

သနားနေမိတာ
အမေ့ကို..

လွမ်းနေမိတာ
အခုငါ့ရည်းစားထက် ငါ့ကိုပိုချစ်ခဲ့တဲ့ကောင်မလေးတွေကို

ခါးသက်နေမိတာ
လူဆိုတာ စွန့်နိုင်ခဲတယ် မဟုတ်လား

တမ်းတနေမိတာက
စာအုပ်ကောင်းကောင်းတွေ ဖတ်ချင်တယ် ဖတ်ချင်တယ် ဖတ်ချင်တယ်

ကြိတ်ပြီးချီးကျူးတာက
တော်တော်ခံနိုင်ရည်ရှိတယ့်အမျိုးသမီး ဘ၀တစ်ခုလုံးနီးပါးနော်...

ကြိတ်ပြီးအထင်သေးတာက
ရွဲ့တတ်တဲ့ ကိုယ့်ကိုယ်ကို .. ခုထိဖွင့်မပြောပေမယ့် စိတ်ထဲကအထင်အမြင်သေးမှုတွေက ပျောက်မသွားဘူး ...

ဆန္ဒမရှိတဲ့နေရာ
ကျွန်တော်နေတယ့်နေရာကလွဲရင် ဘယ်မှမထွက်ချင်ဘူး

ဆန္ဒရှိတယ့်နေရာ
ရထားကြီးစီးပြီး စိတ်လွတ်ကိုယ်လွတ် တညင်ဖြစ်ဖြစ်သွားရရင်ကောင်းမယ်

မုန်းတီးမိနေတာက
ပိုက်ဆံလည်း မရှိဘူး... ဟီဟိ

ချစ်နေတာက
ခုလောလောဆယ် ကိုယ့်ချစ်သူတောင် ကိုယ်မချစ်ဘူး...

စိတ်ပျက်မိနေတာက
ပျင်းနေတယ့်စိတ်

လိုအပ်နေတာက
ခပ်ဝေးဝေးသွားလိုက်ဖို့

တောင်းနေမိတဲ့ဆု
အင်း ..ဆုတောင်းတဲ့ အလေ့အထမရှိဘူးကွယ်

ထပ်ပြန်တလဲလဲအော်ဟစ်မိနေတာ
အဲ့လောက်လည်း မရူးသေးဘူး ..

ဝန်ခံချက်
ဒီပို့စ်က ဒီလောက်ရှည်တာ ငါ့လေးဖြူပို့စ်လေး အောက်မှာကျန်ခဲ့ပြီ ..ဖတ်တယ့်လူကော ရှိပါဦးတော့မလား...



Friday, June 26, 2009

မောင်ရှင်းသန့်စစ်တမ်းအတွက်

မောင်ရှင်းသန့် စတဲ့ဇာတ်လမ်းပေါ့ဗျာ။ ဘာလုပ်မယ် မသိပေမယ့် ရေးရတာပေါ့။
(၁) နေထိုင်မှု - အိမ်ငှားပြီးနေကြတယ်ကွာ။ အိမ်ဆိုတာထက် တိုက်ခန်းပေါ့။ လခကများတော့ တစ်ယောက်တည်းမတတ်နိုင်တော့ တွဲလို့ရတဲ့ဘော်ဒါတွေနဲ့ အတူတူစုငှားကြတာပေါ့။ အားလုံးကောင်းတယ်။
ငါ့ကောင်မလေးလာတဲ့အခါသာ သူအနေကျပ်မှာစိုးတာလေးကလွဲရင် (ကြွားတယ်မှတ်)။
(၂) စားသောက်မှု- ငါကအပြင်မှာစားတာများတယ်။ အိမ်မှာလည်းစုချက်တဲ့အခါချက်တယ်။ အများအားဖြင့် ညစာကို စုချက်စားကြတယ်။ အကုန်လုံးက သင်တန်းရှိတဲ့သူ၊ အလုပ်သွားတဲ့သူတွေဆိုတော့ နေ့လည်စာကို
ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့။ အပြင်မှာ စားတာကငွေပိုကုန်တယ်။
(၃)သွားရေးလာရေး- တောင်ဒဂုံမှာနေတုန်းက အများဆုံးစီးဖြစ်တာက မီးရထား။ မြို့လည်ကိုရောက်တယ်လေ။
ဒါပေမယ့် သူကအချိန်ရှိတယ်။ သွားချင်တဲ့နေရာကို တိုက်ရိုက်ရောက်တာမှာ ဘတ်စ်ကားလောက်မနီးဘူး။
တက်ကစီကတော့ ပိုက်ဆံရှိနေမယ်.. ပင်ပန်းတာကိုလည်း မခံချင်တဲ့အချိန်.. ကောင်မလေးကိုအလုပ်ကပင်ပန်းလာပုံပေါက်ရင် စီးတာပေါ့။ အများအားဖြင့်တော့ အိမ်ပြင်ထွက်တာနည်းတဲ့အတွက် သိပ်မသိပါ။ စိတ်ညစ်ဖို့ကောင်းတာကတော့ ဘတ်စ်ကားကျပ်တာပေါ့။
တခါတလေ ကားအလွတ်တွေဖြတ်သွားတာမြင်ရင် အော်ဓါတ်ဆီကုန်မယ့်အတူတူ ရောက်သလောက်လေးခေါ်တင်သွားတော့ကော ဘာဖြစ်သွားမှာမို့တုန်းလို့တွေးမိတယ်။ ကျေးဇူးတောင်အကြိမ်တစ်ရာလောက်တင်ပစ်မိဦးမယ်ကွာ။
(၄)ဆက်သွယ်မှု- အများဆုံးအသုံးပြုတာ ပီစီအိုဖုန်းလေးတွေ။ အိမ်ရှေ့ဆန်ဆိုင်ကဖုန်း။ အင်တာနက်ကတဖက်လူရှိမနေရင် ကိုယ်ပြောချင်တာက အရေးကြီးနေတာဆို ခက်ပြီလေ။
(၅) ပညာရေး- ပညာရေးဆိုတာ အစိုးရကျောင်းသင်ပညာရေးကို ပြောတာလား။ အပြင်ကျောင်းတွေကို သင်တန်းတွေက သင်ပေးတာကိုပြောတာလား။ အစိုးရကျောင်းသင်ပညာရေးကတော့ ငါမပြောတော့ဘူး။
ပြောစရာဘာမှကိုမရှိဘူးလေ။ ရန်ကုန်က ကျန်နေရာအားလုံးထက် ပညာရေးလေ့လာလိုက်စားလို့ကောင်းတယ်။ စာအုပ်စာတန်းတွေပေါတယ်။ အချက်အလက်ရှာဖွေစုဆောင်းနိုင်တဲ့နေရာ ကျန်နေရာအားလုံးထက်ကောင်းတယ်။
(၆)လူမှုဆက်ဆံရေး- ငါအခုဒီတိုက်ခန်းမှာနေတာ တစ်နှစ်ကျော်ပြီ အပေါ်ထပ်ကဘယ်သူတွေ၊ အောက်ထပ်ကဘယ်သူတွေဆိုတာ ငါမသိဘူး။ တောင်ဒဂုံကျောင်းဘေးရပ်ကွက်မှာ နေတုန်းကလူတိုင်းက ငါတို့ကိုသိတယ် ခင်တယ်။ ငါတို့လည်း ခင်တယ် သိတယ်။ စရိုက်ကြမ်းတယ်လို့ထင်ရတဲ့အတန်းအစားတွေက
သီးသန့်မဆန်ဘူးကွ။ ဆဲစရာရှိ ဆဲလိုက်၊ ရန်ဖြစ်လိုက် နောက်အေးဆေးသွားလိုက်၊ ပျော်လိုက်နဲ့ ပျော်ဖို့ကောင်းတယ်ထင်တာပဲ။
(၇)ရန်ကုန်လူ့အဖွဲ့အစည်းအပေါ်အမြင်- ရေပေါ်ဆီလူတန်းစား ၁၀%၊ လူလတ်တန်းစား ၄၀%၊ ဆင်းရဲသား ၅၀%လောက် ရှိမယ်ထင်ရတယ်။ ငါ့ထင်မြင်မှန်းဆချက်သက်သက်နော်။ လူမှုဆက်ဆံရေးကျတော့ ငါနဲ့ဆက်ဆံပတ်သက်နေရတဲ့အတန်းအစားလောက်ဟာပဲ ငါသိနိုင်မယ်။ ၀င်ငွေကွာဟချက်ကအကြီးကြီး...
လူလတ်တန်းစားဆိုတာလည်း စီးပွားဖြစ်ဖို့ထက် ရှင်သန်နေနိုင်ရုံလုံးချာလည်နေတာများတယ်။ ငါ့မျက်စိမှာ အဲ့လူတန်းစားအလုံးကြီးက တဖြေးဖြေးနဲ့ပဲ ပိုပိုကြီးလာတာပဲ မြင်တယ်။ ကလပ်တွေမှာ ဖာတွေပိုများလာတယ်။
ရပ်ကွက်ထဲမှာ မယားငယ်တွေပိုများလာတယ်။ ချစ်ခြင်းတရားထက် ငွေကြေးကအရေးပါအရာရောက်နေတယ်လို့ သတ်မှတ်လို့ရနိုင်တဲ့ ဖြစ်ရပ်တွေ ပိုများလာတယ်။ ငါကအဆိုးမြင်လို့လားတော့မသိ ပြန်ကောင်းလာမယ်လို့ကို မမြင်တော့တာ။
(ဂ) သူတို့ရေးသလိုဆိုရင်တော့ ကောင်းပါသည်ပေါ့ကွာ။ ကိုယ့်အမြင်ဆိုရင်တော့ ငါလုပ်ချင်ရာလုပ်တာပေါ့ကွာ။ ရှိပီးသားအရာတစ်ခုကိုပဲ ထပ်တိုးချဲ့မြင့်တင်လိုက်သင့်တယ်ထင်တာပဲ ။
အားလုံးအစကနေပြန်လုပ်ရမှာထက်သက်သာမှာပဲ။ (ဒါမျိုးကို ဘလော့ခ်မှာလာမေးရလား ငတုံးရ)

Saturday, May 23, 2009

ဖိုးဂျဲတဂ်တဲ့ nick name

nick name.... ... ... ငယ်နာမည်တွေကတော့ အများကြီးပေါ့ဗျာ ငယ်ငယ်တုန်းကနာမည်တွေက ကိုယ်ကကြိုက်တာထက် ကိုယ့်မိဘတွေ အသိုင်းအ၀ိုင်းတွေက ပေးတာပေါ့။ ကျွန်တော်က သားအကြီးဆုံးမို့ အိမ်မှာသားကြီးလို့ခေါ်တယ်။ ညီတွေ ညီမတွေကလည်း ရှေ့မှာကိုလေးတပ်ပြီး ကိုသားကြီးလို့ခေါ်တာပါပဲ။
နာမည်ဆိုတာ အမည်နာမဆိုတာကို ကျွန်တော်ဘယ်တုန်းကမှ အလေးအနက်မထားတတ်ခဲ့ဘူး။
အထက်တန်းကျောင်းရောက်တော့ တွဲမိတဲ့သူငယ်ချင်းတွေထဲမှာ ကျွန်တော်ကအငယ်ဆုံးမို့ ကောင်လေးလို့ခေါ်တယ်။ ဒီနာမည်လည်း အပေါ်ကလိုပါပဲ ကိုယ့်ထက်အတန်းငယ်သူတွေ သူငယ်ချင်းရဲ့ ညီတွေကပါ ကိုကောင်လေးလို့ခေါ်ကြပြန်ရောဗျ။
တက္ကသိုလ်တက်တော့ သိတဲ့အတိုင်း ရှမ်းယောက်ျားလေး အယောက်၁၀၀ရှိရင် ၉၉ယောက်လောက်အခေါ်ခံရတတ်တဲ့အတိုင်း ကိုစိုင်းပေါ့ဗျာ။ ကျောင်းကင်တင်းက ဆိုင်ရှင်ကြီးကြီးတို့မိသားစုတစ်စုလုံးကတော့ ရှမ်းလေးလို့ခေါ်ကြတယ်။ ဒါရခဲ့ဖူးတဲ့ နာမည်လေးတွေပါ။
ဒီထူးဆန်းတယ်ဆိုတဲ့ little brook ဆိုတာလေးက အကောင့်လုပ်တော့မှ ကိုယ့်ဟာကိုယ်စိတ်ကြိုက်ရွေးပေးခဲ့တာပါ။ ဒါ ကဗျာလေးတစ်ပုဒ်ရဲ့ နာမည်ပါ။ ကျွန်တော် အဲ့ဒီအထဲကစာကြောင်းလေးရွတ်ပြလိုက်ရင် ချက်ချင်းသိကြမယ့် ကဗျာလေးပါ။
''man may come and man may go But i go on forever"
အမြဲတမ်းစိတ်ကူးထဲမှာ ကျွန်တော့်အမေဟာ ပင်လယ်ဖြစ်လိုက်၊ တောင်တန်းဖြစ်လိုက်နဲ့ ကျွန်တော်ဟာ အမေ့ဆီကို စီးတဲ့ချောင်းပေါက်စ ၊ မိခင်တောင်တန်းတွေကြားမှာ ကစားမြူးတူးနေတဲ့ ချောင်းပေါက်စ..
အမြဲတမ်း အဲ့လိုတွေးနေမိတယ်။ မြစ်မဖြစ်ချင်တာက ကျွန်တော်က ရည်ရွယ်ချက်မကြီးလို့ပါ။ ကျွန်တော်ကဗျာလေးထဲကလို မြေကမ္ဘာမှာ ကြည်ကြည်လင်လင်လေး စီးနေတဲ့ စမ်းချောင်းလေးပဲဖြစ်ချင်လို့ အဲ့ဒီနာမည်ကိုရွေးမိတာပါ။ နာမည်ရှေ့က revolution ကတော့ဗျာ .... အင်းအဲ့ဒါကတော့ ရှင်းမပြတော့ဘူး ။
ဒါ ရခဲ့ဖူးသမျှ နာမည်လေးတွေပါ။
(ကဲ ကိုဂျဲရေ ရပြီဟုတ်လား )

Tuesday, April 28, 2009

ညလေးက တဂ်သောကြောင့်

ညလေးကတဂ်ထားလို့သာရေးရပါတယ် ကျွန်တော်က ဘလော့ဂ်ကို စရေးတာမကြာသေးတာမို့ ဘလော့ဂ်ဂါတွေ အများကြီးကို မသိပါဘူး။ ဒီတော့ အတွေ့ချင်ဆုံး ၁၀ယောက်လို့ရေးခိုင်းရင် ၁၀ယောက်တောင်
ပြည့်ပါ့မလား တွေးမိပါတယ်။ တော်တော်ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ကောင်ပါခင်ဗျာ။
၁။ အရင်ဆုံးတွေ့ချင်နေတာ လောလောလတ်လတ်ပေါ့ဗျာ နန်းညီဆိုတဲ့ ငတိမလေးပါ။ တောင်ကြီးမှာ တစ်လတိတိသွားသဝေထိုးနေတဲ့ မိညီမလေးကို သိပ်တွေ့ချင်နေပါတယ်။ အကြာကြီးသွားနေရလား ဆူဖို့ပါ။
၂။ ကိုညီလင်းဆက်ပါ။ သူရေးထားတာတွေဖတ်ပြီး တစ်ခါတစ်လေ သူနဲ့စကားပြောကြည့်ချင်လာပါတယ်။
နားထောင်နေရလည်း ကောင်းပါတယ်။
၃။ မယ်ရာလို့ခေါ်တဲ့ ကျွန်တော့်သူငယ်ချင်းပါ။ ပျောက်သွားတာ တော်တော်ကြာသွားပါပြီ။ ဂျီတော့ခ်ဖွင့်တိုင်း
ဘယ်တော့ပေါ်လာမလဲစောင့်မိတဲ့ ရှားရှားပါးပါး သူငယ်ချင်းမလေးပါ။ သူကော စာဖတ်ဖို့အချိန်အားသေးလား တွေးမိပါရဲ့။
၎။ တီချမ်းလို့ခေါ်တဲ့ တီ.. သူကတော့ သတ္တိကောင်းလွန်းတဲ့ သူငယ်ချင်းပါ။ ခေါက်ဆွဲ၂ပွဲလောက်စားနေရင်း အသဲကွဲကဗျာရေးတာ နားထောင်ပြီးရီမိသေးတယ်။ သူ့ကိုလည်းတွေ့ချင်ပါတယ်။
၅။ ကျွန်တော့်ညီမလေး နီဝါ(အိဖူး) သူ့ကိုလည်းတွေ့ချင်ပါတယ်။ အင်း သူကတော့ အိမ်သွားလိုက်ရင် တွေ့တာပါပဲ။ သူစိတ်ဆိုးအောင်စပြီး သူ့ကိုမုန့်ဝယ်ကျွေးချော့ရတာက ပျော်စရာပါ။ သွားဦးမှ။
ညလေးရေ တွေ့ချင်သူတွေကုန်သွားပါပြီ။ ကျန်တဲ့ ခင်မင်သူတွေလည်း ရှိပါတယ်။ တွေ့ချင်လိုက်တာလို့ စိတ်ထဲက မဖြစ်တာရယ်၊ တွေ့ဖို့အကြောင်းရင်း သိပ်မရှိတာရယ်ကြောင့် မရေးမိလိုက်တဲ့သူတွေ ကျန်ပါသေးတယ်။ကဲ ညလေးရေ သူတို့ကိုတော့ ပြန်မတဂ်တော့ဘူး။ မတဂ်တတ်တာလည်း ပါတာပေါ့။