Showing posts with label ရည်းစားစာ. Show all posts
Showing posts with label ရည်းစားစာ. Show all posts

Sunday, May 10, 2009

မနာလိုခြင်းများနဲ့ ရည်းစားစာ

တိမ်တွေအောက်မှာ ဘာကြောင့်မှန်းမသိ ရပ်ပြီး ကောင်းကင်ကိုပြန်မော့ကြည့် ပြီးတော့ဆွေးတယ်... မက်ဆီ။ ငါ ဟာဘာကောင်လဲ။ ငါဟာ ပုံပြင်မဟုတ်ဘူး၊ ငါဟာ သူငယ်ချင်းမဟုတ်ဘူး။ ငါဟာ နင့်အကိုမဟုတ်ဘူး။ ငါဟာ အွန်လိုင်းပေါ်က အချဉ်ကောင်မဟုတ်ဘူး။ ငါဟာ နင့်ရဲ့ခပ်တုံးတုံး ချစ်သူကလွဲရင် ငါဟာ ငါ့အထီးကျန်မှုတွေဖြေဖျောက်ဖို့ နင့်ကိုသုံးနေတဲ့ကောင်လည်း မဟုတ်ဘူး။ ငါ့ကိုယ်ငါ တွင်းဆုံးကျနေတဲ့ကောင်လို့ စိတ်ဓါတ်ကျပြီး နင့် ကရုဏာတွေ ချူစားနေတဲ့ကောင်လည်း မဟုတ်ဘူး။ နင်ကလည်း လူရွေးပြီး သနားတတ်လိုက်တာ။
သတိတော့ရပါတယ်လို့ မပြောနဲ့။ သတိရလိုက်တာလို့ပြောသံ ကြားချင်ခဲ့တာဟ။
တိမ်တွေ ... ပေါင်းသွားလိုက် ခွာထွက်သွားလိုက်၊ ဖွဲ့စည်းလိုက် ပြိုကွဲလိုက်နဲ့ ငါ့ခေါင်းပေါ်မှာ။
ငါက ငါ့ရဲ့အကြောင်းတရားဟာ နင်ဆိုတော့ နင်က ကြိုးတွေကိုမုန်းတယ်လို့အော်တယ်။
မျောလွင့်နေတဲ့လူတစ်ယောက်အတွက် ဒီကမ္ဘာနဲ့ဆက်စပ်ထားနိုင်တဲ့ လူဟာနင်ပါလို့ သူကဆိုတော့ နင်ကဂုဏ်ယူလို့။
တိမ်တွေမှာကော ကြိုးတွေရှိလား။ နင်ကကော တိမ်တိုက်တွေလိုလား။ ဘယ်တော့မှ ဖွဲ့စည်းပုံ ပုံမှန်မရှိတဲ့တိမ်တွေလိုလား။ ငါက အမြဲမော့မော့ငေးရင်း ကြေကွဲ။ တိမ်တိုက်တွေက ဖွဲ့တည်လိုက် ပြိုလဲလိုက်နဲ့
ငါလည်း ပြိုလဲသွားတဲ့ တိမ်တွေလိုချစ်ခြင်းကို အဖန်ဖန်ပြန်ဖွဲ့တည်ခဲ့ရ။ ကျေးဇူးပြုပြီး ခဏလေးလာတဲ့ ရာသီလေနဲ့ လိုက်လိုက်မသွားပါနဲ့လား အချစ်ရယ်။