Wednesday, December 2, 2009

အရင်အတိုင်း

နွေလေက ဟူးဟူးရားရားထအောင် တိုက်ခတ်လျက် လေထုတစ်ခုလုံး ကြွတ်ဆတ်နေသည်ဟုပင် ထင်မိလေသည်။
မန္တလေးကားကွင်းများစွာထံမှ သပိတ်ကျင်း၊ ကျောက်မြောင်း၊ ရွှေကူ၊ ဗန်းမော်ဘက်သို့ သွားမည့်ကားများ ရပ်နားရာ ကားဝင်းသို့ သူရောက်နေခြင်းဖြစ်သည်။ ခရီးသည်များ၊ ဈေးသည်များ၊ ရွှေကြိုဟု ခေါ်ရမည်လား ခရီးသည်ကို အော်ခေါ်နေသော သူများ၊ ထိုထိုသော သူတို့၏ အသံစုံက နွေလေထဲတွင် ရုန်းကြွပြန့်လွင့်နေသည်။ သူက ငေးမိငေးရာ ငေးနေမိသည်။ ' ထိုးမုန့်ဝယ်သွားပါဦး အကိုကြီးရဲ့၊ ရောင်းချင်လို့ပါ ' ဟုဆိုသည့် မုန့်သည်မလေးအသံကို သူသဘောကျနေမိသည်။ ' မ၀ယ်တော့ပါဘူး ညီမလေး ဆေးလိပ်ရှိရင်တော့ ၀ယ်မယ်လေ' ဟုသူဆိုလိုက်ရာ ကောင်မလေးက
'ခနအကို' ဟု ဆိုကာ ပြေးထွက်သွားသည်။ ခနအကြာ ဆေးလိပ်ဘူးနှင့် ကောင်မလေးပြန်ရောက်လာပြီး 'ရော့ ...အကိုကြီး' ဟု ပေးပါသည်။ သူခပ်ဝေးဝေးမှ ပြေးဝယ်ပေးခြင်းဖြစ်နိုင်သည်။

ကားဝင်းအတွင်း ကားများကစီတန်းလျက်၊ ခရီးသည်များကို လာပို့သူများ လာကြိုသူများနှင့် စည်ကားလျက်ရှိသည်။ ခရီးသည်စီးကားများဟု ဆိုသော်လည်း လူစီးခမျှနှင့် မလုံလောက်၍ ကုန်များလည်းတင်သဖြင့်
ကုန်တင်ကုန်ချ အလုပ်သမားများက ကုန်များထမ်းပိုး သယ်ချနေကြသည်။ ကားအကူကောင်လေးက ပစ္စည်းများကို ဟိုနေရာချ၊ ဒီနေရာချဖြင့် ညွှန်ကြားစီစဉ်နေသည်။ ဂိတ်မှူး၏ ၀ီစီသံတရွှီးရွှီးကလည်း အသံများထဲမှ ထိုးထိုးထွက်ပေါ်လာတတ်သေးသည်။ သူကတော့ ကားတစ်စင်း၏ ဘေးနား စီးကရက်တစ်လိပ်မီးညှိပြီး ကားအရိပ်ဖြင့် နေရောင်ကို ရှောင်နေမိသည်။

သည်နေရာ သည်မြင်ကွင်းကို သူအကြိမ်ကြိမ်မြင်ခဲ့ပြီးပြီ။ ဘယ်အခါမှ ပြောင်းလဲသွားသည်မရှိတော့ဟု ထင်ရလောက်အောင်ပင် အမြဲထိုအတိုင်း လှုပ်ရှားသက်ဝင်နေမြဲ။ ထိုမြင်ကွင်းကို ကြည့်ငေးရင်း သူတွေးမိသွားသည်က
ငါကော ... ငါဘာတွေ ပြောင်းလဲသွားပြီလဲ။ သူ ထိုမေးခွန်းကို သူမဖြေတတ်ပါ။ သူ့အမေကတော့ သူ့ကို 'သားကြီးဟာ အရင်က အတိုင်းပဲ' ဟု ပြန်တွေ့တိုင်း ဆိုလေ့ရှိသည်။

သူ မြို့ကလေးမှ ထွက်ခွာခဲ့စဉ်က သူ့သူငယ်ချင်းများ၊ သူ့မိဘ၊ သူ့ဆရာဆရာမများ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ကျန်ရစ်ခဲ့သည်။ သူ့ဖခင်ရှိစဉ်က မပေါင်းသင်းနဲ့ဟု တားမြစ်ထားသော သူငယ်ချင်းများလည်း ကျန်ရစ်ခဲ့သည်။
မတူညီသော ပတ်ဝန်းကျင်အသစ်တွင် သူနေထိုင်ကျင်လည်ခဲ့ရာမှ သူပြောင်းလဲကောင်း ပြောင်းလဲလာလိမ့်မည်ဟု ကျန်ရစ်ခဲ့သော အသိုင်းအ၀ိုင်းတစ်ခုလုံးက ယူဆသတ်မှတ်ထားကြသည်လား မသိ။

သူ မြို့လေးသို့ပြန်တိုင်း အမေ့ကိုနှုတ်ဆက်၊ အထုပ်အပိုးများချပြီးသည်နှင့် အပေါင်းအသင်းများဆီသို့ ထွက်ပြီ။
တစ်ယောက်ထံသို့ ရောက်လျှင် တစ်မြို့လုံးမှ သူငယ်ချင်းအားလုံး၏ သတင်းကိုကြားပြီးသား ဖြစ်ပြီ။ သူထိုအကြောင်းတွေးမိသည်နှင့် ပြုံးမိသည်။ ဘယ်ကောင်က မိန်းမရသွားပြီ၊ ဘယ်သူတော့ဖြင့် နံပတ်ဖိုးသုံးရင်း သေသွားပြီ၊ ဘယ်တစ်ယောက်က ဆေးဖြတ်နေတယ်... ဘာများကြားရဦးမည်လဲ ... ဒီတစ်ခါလေ။

မြို့လေးသို့ သူပြန်ရောက်လျှင် သူသည်မြို့ထဲလမ်းမပေါ်မှ ပြန်ဆင်းတတ်သူမဟုတ်တော့။ ဆရာ၊ ဆရာမများနှင့်တွေ့၍ မြို့ကြီးမှာ ဘာလုပ်နေလဲ မေးသောအခါ သူပြန်ဖြေရမှာ ရှက်နေတတ်သည်။ ဆရာမတို့ တပည့်ဘာမှ လုပ်မနေကြောင်း မသိစေချင်ပါ။ သို့သော် ဆရာမတိုင်းက သူတို့တပည့်ဟောင်းကို အနေခက်အောင် ဘယ်သောအခါမျှ မေးခွန်းများနှင့် ညှင်းဆဲမနေပါ။ ဆရာမကတော့ သူ့ကို ' ငါ့တပည့်ဟာ အရင်အတိုင်းပဲ' ဟုဆိုလေ့ရှိသည်။

သူမြို့လေးသို့ရောက်လျှင် ကျောင်းသားဘ၀က ထိုင်ခဲ့ဖူးသော လက်ဖက်ရည်ဆိုင်လေးသို့ သွားလေ့ရှိသည်။ ထိုဆိုင်ရှင်ဦးလေးကြီးတွင် သမီးသုံးယောက်ရှိသည်။ ယခုတစ်ခေါက်ပြန်ရောက်လျှင် ဘယ်သမီးအိမ်ထောင်ပြုသွားပြီ ကြားရမည်လဲ သူမသိပါ။ သူပြန်ရောက်၍ ထိုဆိုင်သွားလျှင် ဆိုင်ရှင်အဒေါ်ကြီးက မလိုင်များများနှင့် လက်ဖက်ရည်ချိုစိမ့်ကို ဖျော်ပေးမည်။ ထို့နောက် ယခုထက်တိုင်တွဲနေကြသော သူငယ်ချင်းများကို ပြုံးရင်းကြည့်မည်။ သူတို့တစ်စုထဲမှ မည်သူမျှ လက်ဖက်ရည်ဆိုင်ရှင် ဖြစ်မလာကြသည်ကို သူတခါတခါ အံ့အားသင့်မိသည်။

သူပြန်ရောက်သွားသည့်အခါ ရန်ဖြစ်နေကြသည့် သူငယ်ချင်းများလည်း ခေတ္တပြေငြိမ်းကာ လက်ဖက်ရည်ဆိုင် အတူတူထိုင်လေ့ရှိကြသည်။ ထိုသို့ထိုင်သည့်အခါ မျက်နှာချင်းဆိုင်ထိုင်နေသည့်တိုင် ထိုသူငယ်ချင်းနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စကားပြောလေ့မရှိ။ သူ့ကိုသာ ပင်တိုင်ထား၍ ပြောနေလေ့ရှိသည်။ ဟိုတစ်ဖက်သားကို ပြောချင်လည်း သူ့ကိုသာဦးတည်သလိုလို တစ်ယောက်တည်းရေရွတ်သလိုလို ပြောလေ့ရှိကြသည်။ ထိုအခါမျိုးတွင် သူကရင်ထဲကြိတ်ပြုံးပြီး မသိဟန်ဆောင်ရသည်။ လက်ဖက်ရည်ဆိုင်မှထ၍ ညနေဘက်အရက်ဆိုင်ထိုင်ကြလျှင်တော့
ထိုနှစ်ယောက်ပြေလည်ရန် ရာနှုန်းပြည့်သေချာသွားလေပြီ။ သူ့ကို သူ့သူငယ်ချင်းများကတော့ ' ကောင်လေး မင်းဟာ အရင်အတိုင်းပဲ' ဟု ဆိုလေ့ရှိသည်။

' ခရီးသည်များ ကားပေါ်တက်လို့ ရပါပြီ' ဟူသောအသံကြားမှ သူ့အတွေးစတို့ ပြန်ရုတ်သိမ်းမိသည်။ သူ မြေပေါ်ချထားသော သူ့ကျောပိုးအိတ်ကို ကောက်မလိုက်သည်။ ကျောပိုးအိတ်လေးသည် အရောင်လွင့်ကာ တစ်ချို့နေရာများတွင် ရိကာချည်မျှင်များပင်ထွက်နေသည်။ သူအိတ်ကို ကျောဘက်လွဲ၍ တင်လိုက်စဉ် တစ်စုံတစ်ခု ထွက်ကျသွားသည်ကို သူသိလိုက်သည်။ သူပြန်လှည့်၍ ထိုအရာကိုကောက်မည်ပြုလိုက်စဉ် ကောင်မလေးတစ်ယောက်က ကောက်ပြီးသူ့ကိုကမ်းပေးလိုက်သည်။ ထိုးမုန့်ရောင်းသော ကောင်မလေး။ သူကျေးဇူးတင်ကြောင်းပြောမည်ပြုစဉ် ကောင်မလေးက ပြုံးပြီး 'အကိုက မြို့လေးတစ်ခုလုံး ကျောပိုးအိတ်ထဲ ထည့်သိမ်းထားတာကိုး 'ဟုပြောလိုက်လေသည်။

9 comments:

နန်းညီ said...

ပြောင်းလဲသွားပါတယ်.. :{

လင်းဒီပ said...

အက်ဆေး အရေးလေးတွေ သွက်လာတယ် ကောင်းတယ်ဗျာ အားပေးတယ်..မရေးဖြစ်တုန်း သူများရေးတာလေးတွေပဲ လိုက်ဖတ်နေတယ်...။

purplemay said...

ကားဝင်းလေးကို မျက်စိထဲမြင်သွားတယ်...။
ပြီးတော့ငယ်ဘ၀ကို တွေးနေတဲ့ မြို့လေးကို ကျောပိုးအိတ်ထဲထည့်ထားတဲ့ ကောင်လေးတစ်ယောက်ကိုလည်းမြင်သွားတယ်...။
အစ်ကို စာတွေများများရေးနိုင်ပါစေ....:)

SDL said...

အရင်အတိုင်းလှတယ်.. ခုအတိုင်းလှတယ်
ဘာမှ မပြုပြင်စမ်းပါနဲ့...

Khinmarlaraung said...

:).......သူများတွေကပြောတယ်ဟုတ်တယ်ဟုတ်။
မပြောင်းလဲဘူးဆိုပြီး။
Brook ကိုယ်တိုင်ကကော....
ပြောင်းလဲသွားလား။။။။။ဒါမှမဟုတ်..
အရင်အတိုင်းပဲလား...
ခင်မင်လျှက်...ခင်မာလာအောင်...:)

အနော် said...

မြို့လေးကို ကျောပိုးအိတ်ထဲ ထည့်လွယ်ပီး အိမ်ကိုပြန်နေတဲ့ သားဆိုးလေးတစ်ယောက်ကို မျက်စိထဲ မြင်သွားတယ် ဟိဟိ

littlebrook said...

မကြီး ဆင်းဒလား> ဖက်ရှင်သစ်တွေ မလိုဘူး အရင်လိုချစ်သွားမှာပါကွာ အဲ့လိုလားး)
နန်းညီ> ပြောင်းလဲသွားတယ်ဆိုတာ တုံ့ပြန်မှုပေါ်ဆိုင်တယ်ထင်တာပဲ
ကိုလင်းဒီပ> ကဗျာဆရာကြီးက မရေးသေးလို့ပါ ရေးရင်လည်း
သဘောကျစရာတွေချည်းပဲ
ခရမ်း> ခရမ်းပေးတဲ့ ဆုနဲ့ ပြည့်ရပါလို၏
ခင်မာလာအောင်> သူငယ်ချင်းရေ စိတ်ကတော့ မပြောင်းလဲဘူး ကိုယ့်အပေါ်သက်ရောက်လာတာကို တုံ့ပြန်တာတော့ ပြောင်းသွားတယ်
အခု အားလျော့တယ် လက်လျော့တတ်လာတယ် တွန်းတွန်းတိုက်တိုက် ဘာမှမလုပ်ချင်တော့ဘူး ... အရာအားလုံးပေါ်မှာပေါ့

jr.လွင်ဦး said...

ငါဆို ဘယ်ပြန်ပေးမလဲ။ ရောင်းစားပစ်လိုက်မယ်။ မြို့တမြို့လုံး ရောင်းရင် ငါသူဌေးဖြစ်ပြီ .. နော် ..း)

ဇော် said...

နောက်ဆုံးမှာ ပဟေဠိလေးနဲ့ နိဂုံးချုပ်ထားတဲ့ အက်ဆေးလေးက အတော်ကိုအသက်ဝင်တယ် .. =)