Sunday, June 13, 2010

မိုးရွာသောနေ့တွင် စာအုပ်များကို စီခြင်း

္ခတနင်္ဂနွေအားလပ်ရက်နှင့် မိုးအေးအေးရာသီဥတုက တွဲဖက်ပင်ညီနေရော့သလား မသိပါ။ အိပ်ယာထက်တွင် သွေးလေးလေးနှင့်ကွေးရင်း လုပ်စရာဘာများရှိသလဲလေလို့ တွေးမိတော့ စာအုပ်များကိုရှင်းဖို့ သတိရသည်။
ခြောက်လတစ်ကြိမ်လောက် အခန်းပြောင်းနေရသော ဘ၀တွင် စာအုပ်များကို စင်ဖြင့်စံနစ်တကျ ထားဖို့မှာ စိတ်တွင်းကသာရှိသည်။ လက်တွေ့တွင်တော့ စက္ကူဂျတ်ပုံးထဲထည့်ပြီး ထားလိုက်ရသည်။

ကိုယ်လက်သုတ်သင်ပြီး ကော်ဖီခွက်လေးကိုင် ရှေ့ခန်းကိုထွက်လာတော့ ရှင်းလင်းရမည့် စာအုပ်ပုံက နေရာတိုင်းမှာလိုလိုပင်။ တချို့က ခုံပေါ်မှာ၊ တချို့က ခုံအောက်နားမှာ၊ အိပ်ခန်းခေါင်းအုံးနားတွင်က သုံးလေးငါးအုပ်။ ဘုရားစင်ပေါ်တွင်တောင် ရောက်နေသော စာအုပ်တွေကရှိသေး။ ဘာအတွက်ကြောင့်များ စာအုပ်တွေကို ဖတ်ခဲ့၊ ဖတ်နေ၊ ဖတ်ရှုရဦးမည်လဲလို့ တွေးမိတော့ အဖြေမရှိပါ။ ဘာအတွက်နဲ့များ ဒီစာအုပ်တွေကို ဖတ်နေတာလဲ ကောင်လေး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ မေးခွန်းတစ်ခု။ ဖတ်သောစာအုပ်တွေကလည်း အကြောင်းအရာပေါင်းစုံ။ တချို့စာအုပ်လေးတွေက ၀ယ်ထားတာ၊ တချို့စာအုပ်တွေက လက်ဆောင်ရထားခြင်းဖြစ်ပြီး၊ တချို့က ငှားထားပြီး ပြန်မပေးဖြစ်သေးသောစာအုပ်များ။ တခါတရံ ဘယ်သူ့ဆီက ငှားထားမှန်းပင် မမှတ်မိတော့ပါ။

အကြောင်းအရာပေါင်းစုံဆိုသည်မှာ ရူပဗေဒပညာရှင် ရစ်ချတ်ဖိုင်းမန်းနှင့် စတီဖင်ဟော့ဖ်ကင်း။ သူတို့က တွဲဖက်ညီသည်။ သခင်ကိုယ်တော်မှိုင်းအကြောင်းစာအုပ်နှင့် သခင်တင်မြ၏ ဘုံဘ၀လိုစာအုပ်က ကိုယ့်အမျိုးသားရေးအကြောင်းများ။ ဘောင်းဘီဝတ်မိုးတိမ်လို ကဗျာဘာသာပြန်နှင့် မြင့်သန်း၏ ဘာသာစကားနောက်ကွယ်မှက အဆက်အစပ်ရှိသေးသည်။ ထိုထဲတွင် မြန်မာအက်ဆေးတစ်ရာ၊ နွယ်နီအဟောင်းလေး။ ဆရာကျော်ဝင်း၏ လှိုင်းမဂ္ဂဇင်းနှင့် ကိုတာ၏ စတိုင်သစ်။ ဆရာစံဇာနည်ဘို၏ ဗေဒင်စာအုပ်ကိုမြင်တော့ ပြုံးမိသေးသည်။ သူတို့တွေသာ စကားပြောတတ်လျှင် သခင်ကိုယ်တော်မှိုင်းနှင့် ရစ်ချတ်ဖိုင်းမန်းတို့က နှူကလီးယားအကြောင်းဆွေးနွေးကြမည်လား။ နှုတ်ခမ်းမွေးကားကားနှင့် ဆရာကြီးက ပရအနုမြူအကြောင်း ပြောလျှင် အာဖရိကဗုံတီးသော သိပ္ပံဆရာက သေချာနားထောင်ပါ့မလား။ လက္ခဏာဆရာကြီးပြောသော နက္ခအကြောင်းများကိုကော စတီဖင်ဟော့ကင်းက တွင်းနက်ကြီးများဖြင့် စုပ်မျိုချလိုက်မလား။ တကယ်လို့များ သူတို့ပြောကြလျှင် ကျွန်တော်တော့ နားထောင်ချင်ပါသေးသည်။

စာအုပ်များကို အမျိုးအစားခွဲစီရင်း ကျွန်တော့်မှာ အရှားပါးဆုံး စာအုပ်အမျိုးအစားကို သိလိုက်ရသည်။ ကဗျာစာအုပ်။ ကဗျာစာအုပ်အကြောင်းတွေးမိတော့ ကျွန်တော်နှင့် ရင်းနှီးခဲ့သောကဗျာက ဘာပါလဲ။
ရှစ်တန်းကျောင်းသားအရွယ် သင်ခန်းစာစာအုပ်ထဲ ကူးထည့်ခဲ့သောကဗျာလေးကို လွမ်းမိသည်။ သောကခြေရာ ရတနာကဗျာများ... ထိုစဉ်က သောကဆိုတာဘာဆိုသည်ကိုပင် အနက်သိနိုင်ဦးမည်မထင်ပါလေ။
ဘာကြောင့်များစာအုပ်တွေဖတ်သလဲ မေးလျှင်ကော။ မဖတ်ရမနေနိုင်လို့ ဖတ်သည်ဟုပင် ဖြေရမည်ထင်ပါသည်။ ဘာတွေရလို့လဲလို့ မေးလာလျှင်တော့ ရစရာရှိမလားလို့ ဖတ်သည်မှမဟုတ်ဘဲ။

ဖတ်ပြီးသော စာအုပ်မှန်သမျှကို မြို့ကသူငယ်ချင်းဆီ ပို့ပေးရသည်။ သူငယ်ချင်းပြောဖူးသည်က မင်းစာအုပ်တွေငါလည်းဖတ်ထားတော့ မင်းပြန်လာတော့ မင်းနဲ့ဝေးမနေတော့ဘူးပေါ့ကွာ တဲ့။ လွမ်းပါသည်။ သစ်ပင်အိုအိုကြီးတွေအောက်က လက်ဖက်ရည်ဆိုင်တွင် နှုတ်ခမ်းပဲ့နေသော ပန်းကန်မှရေနွေးကို မော့သောက်ရင်း ဂျေရုဆလမ်လည်းရောက်ခဲ့ကြသည်။ ဟားဘတ်တက္ကသိုလ်လည်း ရောက်ခဲ့သည်။ ကျူးဘားတော်လှန်ရေးလည်း ဆင်နွဲခဲ့ကြသည်။ ပိုက်ဆံတစ်ထောင့်နှစ်ရာနဲ့ ဟားဘတ်တက္ကသိုလ်ရောက်ဖူးတာ နည်းလားကွဆိုသော အသံကိုလွမ်းမိသည်။ ခုဆို ဘယ်ဘ၀ရောက်နေပါလိမ့်။

စာအုပ်လေးများကို သေချာကြည့်တော့ တချို့ကပိုးကိုက်ရာလေးများနှင့်။ တချို့က ၀ါကျင့်ကျင့်အရောင်သမ်းလျက်။ ကျွန်တော့်အသိဥာဏ်တွေ၊ခံစားမှုတွေကော ပိုးကိုက်ကုန်ပြီလား၊ အ၀ါရောင်သမ်းနေပြီလား ကျွန်တော်မတွေးတတ်တော့ပါ။ တစ်အုပ်ချင်းစီဖုန်သုတ်ကာ စက္ကူပုံးထဲထည့်ရင်း တိုးတိုးညည်းနေမိသောသီချင်းက မသိတဲ့အမှားအမှန်ကို မပြည့်တဲ့အသိဥာဏ်နဲ့ ကိုယ်လေသုံးသပ်မိခဲ့ ဆိုသော မျိုးကျော့မြိုင်၏ ရိုးသားမှုများသို့ သီချင်းလေး။ တကယ်ပဲ ထိုအတိုင်းလားမသိတော့ပါ။ ခံစားမှုများ၊ အသိဥာဏ်ပညာများကို ဖတ်ရှုသိမ်းဆည်းထားသော သူငယ်ချင်းကတော့ ပိုးပေါက်ရာဗရပွနှင့် ဘ၀ကို လက်လျော့သွားလေပြီ။

အပြင်မှာ မိုးတွေတစိမ့်စိမ့်ရွာနေတုန်း ကျွန်တော်က စာအုပ်ဟောင်းလေးတွေကို ပုံးလေးထဲ စီထည့်နေပါသည်။ ခဏတာလေးပဲဖြစ်ဖြစ် သပ်ရပ်သွားနေချင်သောစိတ်ကြောင့် ကျွန်တော် စာအုပ်ဟောင်းလေးတွေကို စက္ကူပုံးလေးထဲ စီစီရီရီထည့်နေခြင်းသာ ဖြစ်ပါသည်။

12 comments:

ကြည်ဖြူပိုင် said...

တချို့က ငှားထားပြီး ပြန်မပေးဖြစ်သေးသောစာအုပ်များ။ တခါတရံ ဘယ်သူ့ဆီက ငှားထားမှန်းပင် မမှတ်မိတော့ပါ။
@ @ အဟမ်း.....ဒါတော့.....ဒါတော့
လွန်ပြီထင်တယ်နော်..
စာအုပ်မငှားရဲတော့ဘူး :P

mirror said...

ခု ကိုစိုင်းဆီမှာရှိနေတဲ့ သခင်ကိုယ်တော်မှိုင်းက အီဖေကိုယ့်ဟာများလား။ ဘာမှဟုတ်ဘူး။ ၀င်ပြီး ပဋာယူကြည့်တာ။ ဟားဟား။ ကဗျာစာအုပ်ဘယ်ရှိမလဲ။
ကဗျာဖတ်ရတာ စိတ်ပင်ပန်းလို့ဆို..။

jr said...

မိုးရွာတဲ့နေ့ စာအုပ်ကလေးဖတ်ပြီး ကွေးရမှာဟ။
အေးလေ.. နင်စာအုပ်စီဖြစ်တော့လဲ ငါတို့ပို့စ်အသစ် ဖတ်ရတာပေါ့။
း)))

မောင်မျိုး said...

ဒီတစ်ခါ အခွင့်ရရင် ကိုစိုင်းရဲ့ စာအုပ်ပုံတွေကြား ခဏတော့ ၀င်နှောက်ကြည့်ချင်သေးး =)

Anonymous said...

@ mirror မှန်ပါတယ်ခင်ဗျ သခင်ကိုယ်တော်မှိုင်းစာအုပ်က ညီမလေးမယ်ရာဟာ သို့သော်ရှင်းသန့်က သူတောင်းထားပီးသားစာအုပ်မို့ သူ့စာအုပ်ဖြစ်သွားပြီတဲ့
@ကြည်ဖြူပိုင် .. ဟားဟား ကျွန်တော့်စာအုပ်လည်း ကျွန်တော်က ပေးပြစ်ပါတယ်ဗျာ အယူချည်းပဲမဟုတ်ပါဘူး
@Jr မမအပျင်းထူ :P
@မောင်မျိုး ကိုမျိုးရေ ၀င်နှောက်ရင်တော့ ဖုန်တွေတသောသောပဲနေမှာ :)
အားလုံးကိုကျေးဇူးတင်လျက် - little brook

လင်းဒီပ said...

စာအုပ်တွေကို ဘာလို့ဖတ်မိပါလိမ့်ဆိုတာ တခါတခါ ကိုယ့်ဘာသာ မေးနေကျ မေးခွန်းတစ်ခုပဲ..။
စာဖတ်ရတာပျော်လို့ ဆက်တွေးရတာ ဝါသနာပါလို့ သိချင်တာတွေ စာအုပ်တွေထဲမှာ ရှိမယ်ထင်လို့... ဆက်ဖြေရင်တော့ အများကြီးပါပဲ..။

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် မျိုးကျော့မြိုင်ရဲ့ ရိုးသားမှုများသို့ ကို ပြန်နားထောင်ဖြစ်ရင်း ဘာလို့ “အဝါရောင်မြက်ခင်းပြင်” လို့ သုံးထားပါလိမ့်ဆိုတာ ဆက် စဉ်းစားနေမိတယ် ။

littlebrook said...

ငယ်ငယ်က ကစားတဲ့အ၀ါရောင်မြက်ခင်းပြင်
ငယ်ဘ၀က နွေးထွေးတယ်ဆိုတဲ့အဓိပ္ပာယ် သို့မဟုတ် ရွှေရောင်တောက်နေတဲ့ အချိန်ကို ကိုယ်စားပြူလားမှမသိတာ ( အ၀ါရောင်က အခြားတစ်ဖက်မှာ သစ္စာမဲ့ခြင်းကိုလည်း ရည်ညွှန်းတယ် :P) အဲ့သီချင်းက လွှမ်းမိုးရဲ့ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံရဲ့ အဆက်လို့ပြောချင်လည်းပြောလို့ရတယ်နော် ကိုလင်း ..

purplemay said...

အစ်ကိုရေ...မိုးရွာတဲ့နေ့လေးမှာ ခရမ်းတော့ ကော်ဖီတစ်ခွက်နဲ့ အရှုပ်တွေလုပ်နေမိပေါ့ ။ အခန်းထဲမှာ များများလာတဲ့ စာအုပ်တွေ စီမယ်လို့လုပ်နေတာ လွန်ခဲ့တဲ့ ၃ လ လောက်ကတည်းကပဲ ...။ ♫♪ ပြန်လည်ရချင်တယ် ♫♪ ဟောင်းနွမ်းခဲ့ပေမယ့် ♫♪ အပြစ်တို့ကင်းစင်ခဲ့ ♫♪ ကိုယ်ဟာမကောင်းတော့ဘူး အချစ်ရယ် ♫♪

အန်တီချမ်း said...

ဒီပိုစ့်လေး ကိုကြိုတယ်

ငှားထားတဲ့ စာအုပ်တွေ ပြန်မပေးသေးဘူးနော်

Moe Cho Thinn said...

အက်ဆေးဆရာပဲ။ အတွေးအရေး လှတယ်။
တို့တောင် သူ့ဘေးမှာ စာအုပ်ကူစီ မိနေတယ်။ :)

little brook said...

တီချမ်း>> စာအုပ်ကို ပြန်မပေးဖို့ဆုံးဖြတ်လိုက်ပီ ခွိခွိ

အမမိုးချိုသင်း>> ကျေးဇူးပါ အမရေ

နေမိုးဝေ said...

သူငယ်ချင်းပြောဖူးသည်က မင်းစာအုပ်တွေငါလည်းဖတ်ထားတော့ မင်းပြန်လာတော့ မင်းနဲ့ဝေးမနေတော့ဘူးပေါ့ကွာ တဲ့

အတွေးအခေါ်လေးက လှလိုက်တာ