Wednesday, September 9, 2009

မိုးဦးနှင့် အတူ

တိုက်ခန်းဝရံတာမှရပ်လျက် အပြင်ကိုငေးမောကြည့်သောအခါ ကောင်းကင်က ဆွေးရိပ်လဲ့လဲ့သန်းကာ မှိုင်းမှိုင်းညို့ညို့။ တိမ်တိုက်တို့က အုံ့ဆိုင်းရစ်သိုင်းလျက် တိုက်နေသောလေထဲ၌ပင် မိုးရနံ့တို့ပါနေသည်။
မိုးတွေရွာစွေလျင် အိမ်နောက်ဖေးထိ မြစ်ရေ၀င်လာတတ်သော နယ်မြို့လေးကို အမှတ်ရမိသည်။
ဧရာဝတီမြစ်၏ စိုးရိမ်ရေမှတ်ကို သတင်းဌာနမှ မကြေငြာသေးပါ။

ငယ်စဉ်က ဧရာဝတီမြစ်ရေတက်လာလျင် ပျော်သည်မှလွဲ၍ ဘာကိုမှမသိသေးသည့် အရွယ်။
နှစ်စဉ် နှစ်စဉ် ဧရာဝတီမြစ်သည် ကမ်းကိုကျော်ကာ လူနေရပ်ကွက်များထိအောင် တိုးဝင်လာလေ့ရှိသည်။
မြို့၏ အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်များ၊ လမ်းများကို မြစ်ရေကဖုံးလွမ်းထားလေ့ရှိသည်။ ထိုကဲ့သို့ရေလွမ်းခံရသော ရပ်ကွက်များတွင် သွားရေးလာရေးအတွက် လှေများကိုသာ အသုံးချရတော့သည်။ ကျွန်တော်တို့ကျောင်းသားလေးများက ကျောင်းဆင်းလျင် ထိုရက်ကွက်များသို့သွားကာ အခပေးလျက်
လှေစီးလေ့ရှိကြသည်။ ပျော်သည်ကလွဲ၍ ဘာကိုမျှမသိသော အရွယ်လေ။

မိုးတအားကြီး၍ ရေတို့တက်သည်ထက် တက်လာလျှင် ကျွန်တော်တို့အိမ်နောက်နားထိ ရေရောက်လာလေ့ရှိပါသည်။ ကျွန်တော်တို့အိမ်သည် အမြင့်ပိုင်း၌ရှိရာ ရေမရောက်နိုင်သော်လည်း ၀င်းအဆုံးတွင် နိမ့်ဆင်းနေ၍ ထိုနေရာသို့ ရေ၀င်လေ့ရှိသည်။ တိုးဝင်လာသောမြစ်ရေနှင့်အတူ
ပါလာသည်က ငါးများပင်ဖြစ်သည်။

မိခင်ဖြစ်သူက ဘာသာရေးကိုင်းရှိုင်းပြီး မည်မျှတားမြစ်အပြစ်ဆိုစေကာမူ ကျွန်တော်တို့ညီအကိုတွေ လုပ်လေ့အမြဲရှိသောအရာက ငါးမျှားခြင်းပင်ဖြစ်သည်။ အကိုကြီးနှစ်ယောက်က ငါးမျှားသောအခါ ညီအငယ်ဆုံးက ရေထည့်ထားသော ယူပီဂျီအိမ်သုတ်ဆေးပုံးနားရပ်ကာ ကြည့်လေ့ရှိသည်။
မိလာသောငါးများကို ချိတ်မှဖြုတ်ကာ ရေပုံးထဲထည့်လျှင် ညီလေးသည် မျက်လုံးလေးပြူးကာ တအံ့တသြ
ကြည့်လေ့ရှိသည်။ မိခင်ဖြစ်သူက အိမ်နောက်မှ လွတ်နေသောကန်တစ်ခုကို ကျွန်တော်တို့အား အပိုင်စားပေးထားရာ မိလာသောငါးများကို ထိုကန်ထဲထည့်ထားကြပါသည်။

ကျွန်တော်တို့ အကြီးနှစ်ယောက်သည် နေ့တိုင်းငါးမျှားလေ့မရှိပါ။ အခြားသောဆော့ကစားနည်းများ ၊ အပေါင်းအသင်းများရှိသဖြင့် သွားလိုက် လာလိုက်။ တစ်နေ့သောအခါ စာအုပ်တစ်အုပ်ဖြင့် အိပ်ယာထက်ကွေးနေရင်း ပြူတင်းတံခါးကိုကျော်လျက် အပြင်ကိုကြည့်မိပါသည်။ မိုးမှုန်လေးများကျနေသော
ကောင်းကင်ကြီးအောက်တွင် ဂေါ့ဖ်ရိုက်ရာဆောင်းသောထီးကြီးဖြင့် ၇နှစ်အရွယ် ကျွန်တော့်ညီလေး တစ်ယောက်တည်း ငါးမျှားနေသည်ကို တွေ့ရပါသည်။ သူ့ဘေးနားတွင် ရေထည့်ထားသော အိမ်သုတ်ဆေးပုံးလေးထားလျက် ။ မိုးဖွဲလေးများအောက်တွင် ထီးအကြီးကြီးနှင့် ငါးမျှားတံသေးသေးကိုင်ထားသော ညီလေးကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားဖွယ်။ ငါးတစ်ကောင်မိသွားလျှင် အိမ်ဘက်သို့လှည့်၍ အော်တတ်သေးသည်။ သူ့အော်သံကြားသောအခါ အိမ်အကူအမကြီးက ပြေးသွား .. မိနေသာငါးကိုဖြုတ်ကာ ပုံးထဲထည့်ပေး၊ ငါးစာပြန်တပ်ပေး.. အိမ်ဘက်သို့ပြန်လာ အလုပ်လုပ်။ ညီလေးကငါးပြန်မျှား နောက်မိလျှင် အော်ခေါ် ... အမကြီးက အလုပ်လုပ်နေရာမှ သူ့ထံထပြေး။

ကျွန်တော်ထိုမြင်ကွင်းကို ငေးမောသဘောကျကာ ပြုံးမိပါသည်။ ညီငယ်လေးနှင့် အမကြီးကား ဇာတ်တိုက်ထားသလို မိုးမှုန်တွေကြား မျှားလိုက်၊ မိလိုက် ၊ အော်လိုက်၊ ပြေးလိုက်နှင့်။ ထိုနေ့မှစ၍ ကျွန်တော်ငါးမျှားခြင်းထက် ငါးမျှားနေသော ကျွန်တော့်ညီလေးကို စောင့်ကြည့်ရခြင်းအား ပိုနှစ်ခြိုက်လာပါသည်။
ငါးမျှားတံကို အာရုံစူးစိုက်ထားသည့်အခါ ညီလေး၏မျက်ခုံးလေးက တွန့်ကွေးလျက်၊ ဆွဲတင်လိုက်၍ ငါးပါလာလျှင် မျက်လုံးလေးပြူးဝိုင်းကာ အော်ခေါ်မည်။ သူ့အကို ကျွန်တော်ကြည့်နေမှန်းမြင်လျှင် ပါးချိုင့်လေးပေါ်အောင် ပြုံးပြတတ်သေးသည်။ ငါကွဆိုသော သဘောဖြစ်မည်ထင်သည်။ သူလုပ်နေပုံကို သဘောကျ၍ အမေ့အားခေါ်၍ပြသောအခါ အမေကပြုံးကြည့်နေပါသည်။

ယခုလည်း မိုးတို့ညို့မှိုင်းပုံက ထိုစဉ်အခါကများအတိုင်း။ သည်နှစ်ကော အိမ်နောက်ဖေးထိများ ရေ၀င်ဦးမည်လား။ ရေရောက်လျှင်လည်း ငါးမျှားမိသူရှိမည်မဟုတ်ပါ။ ညီငယ်လေး တက္ကသိုလ်တက်နေသည်။
ညီလတ်က တမြို့၊ ကျွန်တော်က တမြို့ ။ မိုးတအားရွာလျင် အိမ်နောက်ထဲထိ ရေ၀င်တတ်သောနေရာလေးတွင်
အမေသာကျန်တော့သည်။ အိမ်နောက်ဘက် ပြတင်းပေါက်နား အမေရောက်လျှင် မိုးမှုန်တွေကြား ထီးအကြီးကြီးဖြင့် ငါးမျှားရင်းပြုံးပြသော ညီငယ်လေးကို သတိရနေမည်လားမသိ။

ကျွန်တော်တော့ဖြင့် ... ... ... ... ... ... ... ... လွမ်းပါသည်။

19 comments:

jr.လွင်ဦး said...

ကျနော်တော့ဖြင့် မိုးစက်များကြည့်ပြီး ရည်းစားဟောင်းများကို လွမ်းပါသည်။
:P

ရွက်လွင့်ခြင်း said...

မိုးရွာတဲ့အခါ အလွမ်းဓါတ်ခ့ ရှိသူတွေက သူများထက်ပိုပြီး လွမ်းလွမ်းဆွေးဆွေး ရှိကြတယ်
အခုပိုစ့်လေးဟာ လွမ်းသလိုလိုပါပဲဗျာ

အောင်သာငယ် said...

လွမ်းစရာ အက်ဆေးလေးပါပဲ...

အနော် said...

ဟိုးငယ်ငယ်ကဆို မိုးရွာရင် ဘောင်းဘီတိုတိုနဲ့ ရွှံ့မြောင်းထဲ လူးခဲ့ရတာကို သတိရတယ်
ဂဏန်းကျင်းတွေထဲ တုတ်နဲ့လိုက်ထိုးပီး ဂဏန်းဖမ်းခဲ့တာကိုရော ပီးတော့ ဖားတစ်ပိုင်းငါးတစ်ပိုင်းလေးတွေကို ဖမ်းပီး ကော်ခွက်ထဲ ထည့်ခဲ့တာ
နောက် အိမ်အမိုးတံစက်မြိတ်က ရေတွေကို လက်နဲ့ခံပီး ဆော့တာ
မိုးရွာရင် ငယ်ဘဝကိုလွမ်းတယ်
မနေ့က မိုးအရမ်းရွာတယ် လျှပ်စီးတွေ တအားလက်တဲ့အချိန်မှာ ကဗျာဆန်မလားရယ်လို့ ဝရန်တာထွက်မိတာ ကံကောင်းလို့ မိုးကြိုးမပစ်တယ် အလန့်ထလျက် အိမ်ထဲ မြန်မြန်ပြန်ဝင်ရတယ် :(
စကားမစပ် ကို brook ညီလေးမှာ ပါးချိုင့်လေးရှိသေးလား :P

mirror said...

ပထမတခါမန့်ဖို့ရေးထားတာ အောက်ပရိုဖိုင်းမပါသေးလို့ ရီဖရက်လိုက်တော့ ပျောက်သွားတယ်။
တော်ပြီ။တွေ့မှပဲ ပြောတော့မယ်။

purplemay said...

လွမ်းစရာကြီး...ညီလေးငါးမျှားနေတာ မျက်လုံးထဲမြင်လာတယ်..
အမေတော့ သတိရနေတော့မှာပဲ..။

စိမ်း... said...

ညီငယ်လေးပုံကို မျက်လုံးထဲမြင်ယောင်မိတယ်... ကြည်နူးလွမ်းဆွတ်စရာလေးတွေပါလား... အမေ့ကိုလည်း သနားတယ်... တွေ့ချင်ရှာမှာပဲ... သားတွေ တစ်ယောက်တစ်နေရာစီဖြစ်နေတော့..

လင်းဒီပ said...

ခင်ဗျားကတော့ အခု ရန်ကုန်ရဲ့မိုးရနံ့တွေ ငေးကြည့်ရင်း အလွမ်းတွေ မျှားနေတယ်ထင်တယ်..အလွမ်းဘယ်နှကောင် ဖမ်းမိလဲဗျာ..။

revolution-littlebrook said...

အလွမ်းတွေက မျှားလို့မဆုံးပါဘူးဗျာ မျှားမယ်ဆို ငယ်ငယ်ကလို အိမ်သုတ်ဆေးပုံးလေးနဲ့ ဆန့်မယ်မထင် .. ခုလောလောဆယ်တော့ ကိုယ်က ငါးဖြစ်နေတယ်ဗျ .. အမျှားခံနေရတယ် :)
ကောမန့်ပေးသွားတဲ့ သူတွေ စာလာဖတ်တဲ့သူတွေကို ကျေးဇူးတင်တယ်ဗျာ ..

yangonthar said...

အေးဗျာ သွေးတွေနဲ့ ဝေးနေတာ တစ်ခါတစ်ရံ သိပ်အထီး ကျနေမိတယ် တစ်ချိန်လုံးအသားကျနေခဲ့တယ် ဆိုရင် တောင် ရာသီဥတုဖျားယောင်းရင် အသားမကျတဲ့ ရုပ်လုံးတွေ ကပြန်ပြန်ကြွလာပြန်တာကိုး အမေ လည်း သားတွေကို လွမ်း နေမှာပဲဗျာ .... အစ်ကိုတွေလည်း ညီတွေကို မြင်နေမိမှာပါ ........ ညီလေးတွေကလည်း အစ်ကိုကြီးရယ်လို့ ခေါ်နေမိကြ မှာပါ ....
ခင်မင်လေးစားလျှက်
ရန်ကုန်သား
အေးမြသာယာပါစေ :)

သီဟသစ် said...

ဖတ်ရတာ လွမ်းစရာ ကောင်းလိုက်တာဗျ
ကျွန်တော်တော့ ညီအစ်ကို မရှိတော့ အစ်မတွေနဲ့ စက္ကူလှေတွေ လွှတ်တာ သွားသတိရတယ်


ခင်မင်စွာဖြင့်
သီဟသစ်

တေလေ said...

ကျွန်တော်လည်း ၀င်လွမ်းသွားပါကြောင်း..........

နန်းညီ said...

အမေ့ဆီက ခွာလာကြတုန်းကတော့ အိပ်မက်ကြီးကြီး..
ခုတော့ အိမ်နောက်ဖေးမှာ ငါးမျှားတာကို လွမ်းနေ..
ဘယ်တော့ပြန်ဆုံကြမလဲ တွေး..
အဲ့ဒိလိုမျိုသားတွေ အမေတွေ ဘယ်နှစ်ယောက်လောက်ရှိနေလဲ..

tututha said...

ဟေး ငါ့မောင်လေး အရေးအသားက ကောင်းလိုက်တာဟာ။ ဘယ်လိုမန့်ရမှန်းတောင် မသိတော့ဘူး .. မောင်နှမတွေကို ချစ်တတ်တဲ့သူတွေက အဲ့လိုပဲဟ .. အစ်မလည်း အမေရယ် အစ်ကိုကြီးနဲ့ မောင်လေးကို လွမ်းမိတယ်။

Nyi Nyi said...

အက်ဆေး..အရေးသွက်ပါကြောင်း...ကြိုက်ပါတယ်ခင်ဗျာ။

အိဖူး said...

အဲ့နေရာလေးမှာ ငါးမိရင် အော်လိုက်တဲ့ ညီလေးရဲ့အသံကိုကြားလာသလိုပဲ ..

puluque said...

ကျတော်လည်း ငယ်ငယ်က ရွာမှာနေတုန်း ငါးမျှားဘူးတယ်..။ အခုတော့ စလုံးမှာ မိုးရွာရင် ဘာကို မှန်းမသိ လွမ်းတယ်။ ငယ်ငယ်တုန်းက မိုးရွာရင် ခြံထဲမှာ ဘောလုံးကန်လိုက် အိမ်တံစက်မြိတ်က ကျတဲ့မိုးရေတွေလိုက်ချိုးရင်း သရက်ပင်က ကြွေတဲ့ သရက်သီးလေးတွေ စားခဲ့ရတာကို လွမ်းသဗျ

myint said...

I just remember..
There were a lot of fish around the latrine...
were eating poo poo..:)

littlebrook said...

ha ha ha .. sis . u r right.
i m very miss u and your family.