Tuesday, February 17, 2009

အခန်းငယ်သို့

ကျွန်တော်ဒီမနက်အိပ်ရာနိုးတော့ ပထမဆုံးသတိပြုမိတာ အလင်းရောင်ပါ။
တရုတ်ကတ်မှန်တွေကြားက ၀င်လာတဲ့အလင်းရောင်ဟာ တစ်ဖက်တိုက်နဲ့နီးလွန်းတော့
အရောင်အားဖျော့လွန်းတယ်။ ခေါင်းအုံးဘေးထောင်ထားတဲ့ ချစ်သူဓါတ်ပုံက မှိန်ဖျော့ဖျော့...
ခြေရင်းကြိုးတန်းမှာလွှားထားတဲ့အ၀တ်က သုံးလေးထည်... လက်တစ်လှမ်းစာလောက်မှာ
ဖွင့်တချို့ပိတ်တချို့နဲ့ စာအုပ်တွေ.... ပက်လက်လှန်နေရင်း မျက်နှာကျက်ကိုလျောက်ကြည့်နေရင်း
မြင်ကွင်းဒေါင့်ချိုးမှာ တွဲလဲခိုနေတာက ပင့်ကူအိမ်ပိုးချည်ထွေး...။
အော်... ဒါကျွန်တော့် ၀ပ်ကျင်း ၊ ကျွန်တော့် အသိုက်လေးပါလား။
ဒါနဲ့ နေလို့ကောင်းရဲ့လားလို့ မေးကြည့်မိတယ်။ တစ်ပေတောင်မပြည့်တဲ့အကွာအဝေးမှာတဖက်တိုက်ရဲ့နံရံ..
အဲဒီနံရံရဲ့ တဖက်က ညတိုင်းညတိုင်း အော်ဟစ်ဆဲဆိုနေတဲ့ အရက်သမားတစ်ယောက်၊
အောက်ထပ်မှာ အသက် ၂၁ နှစ်အရွယ်သားကို ခဏခဏရိုက်တဲ့ ကြိမ်းမောင်းတဲ့အဒေါ်ကြီး...
ကျွန်တော်ပြုံးမိတယ် ။ ဘာပဲဖြစ်ဖြစ်လေ သေနတ်သံတွေ ဗုံးသံတွေလောက်တော့ မဆိုးဘူးပေါ့။
တန်းပေါ်က တဘက်ကိုဆွဲပြီး နောက်ဖေးခန်းဘက်ထွက်လာတော့ ခြေလှမ်း ၁၅ လှမ်းမပြည့်ခင်
နောက်ဖေးပြတင်းပေါက်ဆီရောက်ပြီလေ ။ ပြတင်းပေါက်ကိုတွန်းဖွင့်လိုက်တာနဲ့ ပထမဆုံးနှုတ်ဆက်တာ
အသံနက်နက်နဲ့ ကျီးကန်းနက်နက်လေးတွေ... မင်္ဂလာပါပေါ့ ။ တသွင်သွင်စီးနေတဲ့မြောင်းရေ နောက်နောက်မှာ
ရောင်စုံပလတ်စတစ်အိပ်ပါးတွေက စုန်ဆင်းလို့ .. ဘယ်ထိသွားကြမှာလဲ မသိ... ။သွားတိုက်ရင်းငေးကောင်း
ကောင်းနဲ့ ငေးနေမိတော့တာပါပဲ ။
ဂိုဒေါင်အိုကြီးနံရံမှာကပ်ပေါက်တဲ့ညောင်ပင်၊ ကျီးကန်းခုန်ဆွခုန်ဆွများ ၊ ရောင်စုံအိတ်တွေရဲ့ ရွက်လွင့်ခြင်း...
တော်တော်ဟုတ်တဲ့ မနက်ခင်းပါလားလို့ရေရွတ်မိတယ်... တိုးတိုးလေးပေါ့ ။
လွန်ခဲ့တဲ့နှစ်က ကျွန်တော်ဘယ်လိုနေရာကနေ ဘယ်လိုနိုးလာခဲ့လဲ...။လိုက်ကာစတွေကို တစ်ယောက်ယောက်ကမဆွဲတင်မချင်း၊ ကျွန်တော့်မျက်ခွံပါးပါးပေါ် နေရောင်နွေးနွေး မကျမချင်း၊ တစ်ယောက်က ကျွန်တော့်ကို လာမနိုးမချင်းကျွန်တော် အိပ်ရာကမထခဲ့ဘူး။ အိမ်မှာရှိတဲ့ ဘယ်ပြတင်းတံခါးကိုဖွင့်ဖွင့် မြင်လေရာရာအစိမ်း... မျက်နှာသစ်ပြီးအိမ်ပြင်ထွက်ခြံစည်းရိုးလိုစိုက်ထားတဲ့ ဗိုလ်ကတော်မျက်ခုံးပင်လေးတွေကို လက်နဲ့ထိလိုက်ရင် ညကကြွင်းတဲ့နှင်းဟာလက်မှာအေးလို့ ။ လေတိုက်တိုင်း သူတို့ရဲ့အရွက်တွေကို လေးတွဲ့တွဲ့ယိမ်းပြတဲ့ ငှက်ပျောရွက်ဖားဖားတွေ ၊ဇက်ရက်ငှက်တွေရဲ့ ခပ်စွာစွာအသံ ၊ စာကလေးတွေရဲ့ အသံသေးသေးလေးတွေ.... ။
ဖိနပ်မပါဘဲ မြေပေါ်နင်းမိတဲ့အခါတိုင်း ရှင်သန်နေတဲ့ ကမ္ဘာကိုခံစားရတယ် ။ အေးစက်စက်အသေကောင်လို
ကွန်ကရစ်ကြမ်းခင်းနဲ့ ဘယ်လိုမှမတူတဲ့ ခံစားမှု ....။
ကျွန်တော့်ကို အဲဒီနွေးထွေးတဲ့ နေရာလေးကဆွဲထုတ်ပြီး အခုဒီအေးစက်မှောင်မဲအခန်းထဲ ဘယ်သူပစ်ထည့်ခဲ့တာလဲ ။
ကျွန်တော် ခဏစိတ်ပျက်သွားတယ် ။ အမိုးရယ်၊ အခင်းရယ်၊ အကာရယ် ပြည့်စုံပေမယ့် အိမ်ရယ်မမြည်တဲ့
ဒီအခန်းလေးကို ကျွန်တော်မုန်းသင့်ရဲ့လား၊ စိတ်ပျက်သင့်ရဲ့လား...။ သူ့မှာလည်း သူဒီလိုဖြစ်ပျက်ရခြင်းရဲ့ အကြောင်းရှိပါလိမ့်မယ် ။
ကောင်းတာတွေနဲ့ယှဉ်မိတော့ သူမကောင်းဘူးပေါ့ ။ မကောင်းတာတွေနဲ့ယှဉ်မိရင် သူတော်တော်ကောင်းနေပါသေးတယ် ။ဘာပဲဖြစ်ဖြစ် ကျွန်တော်အလုပ်က ပင်ပင်ပန်းပန်းပြန်လာတိုင်း သူ့ရင်ဘတ်ညစ်ထေးထေးလေးနဲ့ ...ကျွန်တော့်ကို အခုထိသိမ်းထုပ်ပေးနေတာကိုပဲ ကျွန်တော်ကျေနပ် ကျေးဇူးတင်ရမှာပါ....... ။
အ၀တ်လဲဖို့ အခန်းလေးထဲဝင်တော့ တရုတ်ကတ်မှန်ကြားက ခပ်ဝါးဝါးအလင်းရောင်အောက်မှာ
ချစ်သူရဲ့ ဓါတ်ပုံလေးက ပြုံးလို့... ... ... ။

4 comments:

ဖိုးဂျယ် said...

ချစ်သူ ဓာတ်ပုံလေးက အမြဲ ပြုံးပြသလို
အပြင်မှာလဲ ပြုံးပြပါစေဗျာ

NangNyi said...

အခန်းငယ်လေး အေးစက်စက်မှာ ဓာတ်ပုံလေးကြောင့် မနွေးထွေးဘူးလား.. “အမိုးရယ်၊ အခင်းရယ်၊ အကာရယ် ပြည့်စုံပေမယ့် အိမ်ရယ်မမြည်တဲ့..” အနည်းဆုံးတော့ မိုးပေး ကာပေးနေသေးတယ်လေ.. မမုန်းသင့်ပါဘူး (ထင်တာပဲဝ

2mar said...

သူများတွေဆိုပြုံးပြမယ့်ချစ်သူတောင် မရှိဘူး

MANORHARY said...

စမ်းချောင်းကလေးစီးဆင်းလာတဲ့အရပ်ကိုလာကြည့်တော့
အခန်းငယ်လေးတစ်ခန်းတွေ့ရတယ်
ဒီလိုပါပဲ..ဘ၀ဆိုတာက...
နောက်တစ်ချိန်က အဲဒီအရာတွေကို အပရိကတွေအဖြစ်ရယ်မောသွားနိုင်
ချစ်သွားနိုင်ပါလိမ့်မယ်။