Wednesday, December 16, 2009

မိုးတိမ်အကြောင်း

အယ်နောင်း၏ အသံက ကြေကြေကွဲကွဲ ... " မျော်လင့်သောညတွေအလယ် ကြယ်တံခွန်လေး မင်းလေးပဲ ငါပိုင်ဆိုင်တာ အားလုံးလဲ နင်ဖန်ဆင်းသိမ်းပိုက်တယ် " ... သူ့နတ်သမီးကတော့ စင်ပေါ်က ကြောင်လျှောက်လမ်းမပေါ်မှာ။ "ဟေ့ကောင်လေး ... ဟိုဝိုင်းက မင်းကိုခေါ်နေတာ သွားလိုက်ဦးလေ" ဟု ကိုစိုးက သတိပေးမှ သူ့အတွေးစတို့ ပြတ်တောက်ကုန်သည်။ သူရောက်သွားတော့ ..." ညီလေး မင်းအကိုကြီးတွေကို လုပ်စမ်းပါဦးကွ" ဟု တစ်ယောက်က လှမ်းပြောသည်။" မမစုရှိတယ်လေ အကိုရ။ အကိုတို့ သိပြီးသားတွေပဲ။"
"တော်ပြီကွ ရိုးနေပြီ ... သဘောကောင်းကောင်း လှလည်းလှရမယ့် သူမျိုးလိုချင်တယ် ... မင်း ဟို အ၀ါလေးကို သိလား ... " ရင်ထဲမှ ကျိတ်၍တောင်းနေသော ဆုမပြည့်ခဲ့ပါ။ နွယ်ကလည်း လှလွန်းနေသည်ကိုး။
"ဟုတ် .. သိတယ်အကို။"
"ခေါ်ပေးကွာ ... ။"" အကိုကလည်း ထုံးစံသိသားနဲ့ ပန်းကုန်း ၂၀၀၀၀ ဖိုးဆုချမှ အကိုတို့ဝိုင်းကို သူလာခွင့်ရှိတယ်လေ အကိုရ။ ဒါမှမဟုတ် ဒီလိုလုပ်ပါလား ... အကိုခုမခေါ်သေးနဲ့ ... ကလပ်ဆင်းတော့မှ သူ့ကိုခေါ်လေ... ပန်းကုံးဖိုးပေးမယ့်အစား သူ့ကိုပဲပိုပေးလိုက်တာက ပိုကောင်းတာပေါ့။" " အေး ... အင်းအကြံမဆိုးဘူး သွားပြောထားကွာ
ပြန်ရင် ကလပ်ကားနဲ့ မပြန်ဘဲ အောက်မှာစောင့်နေလို့။ " "ဟုတ် ... အကို။"

သူ စင်အနောက်ဘက်ရှိ အ၀တ်လဲခန်းသို့ လေးပင်စွာ လျှောက်လာခဲ့သည်။ အခန်းထဲမ၀င်ခင် မျက်နှာကို ပြင်လိုက်ပြီး ၀င်သွားလိုက်သည်။ အခန်းထဲတွင် အ၀တ်လဲနေသူလဲ ထိုင်နေသူထိုင်နေနှင့်ကောင်မလေး ငါးယောက်ခန့်ရှိရာ တစ်ယောက်က မေးဆတ်လိုက်သည်ကို ...
"နွယ့်ကို လာရှာတာ"ဟု ဖြေလိုက်သည်။ "အနောက်သွားနေတယ် ကိုကောင်လေးရ"ဟု ငယ်ငယ်ကဖြေသည်။ "ဘာတုန်း အော်ဒါလား"ဟု သူကပင် ပြန်မေးရာ ... "တိုးတိုးပြောစမ်းပါ ငယ်ငယ်ရာ ... ပန်းကုန်းဖိုးမရလို့ဆိုပြီး ငါအလုပ်ပြုတ်နေမယ်ဟ။" မိန်းကလေးများ အကုန်ရီနေကြစဉ်မှာပင် နွယ်ရောက်လာသည်။ "ဟဲ့အကောင် နင်ဘာလာလုပ်။"
"နင့်ကို ညကျတွေ့ချင်တဲ့ လူရှိတယ် နင်လိုက်မလားမေးခိုင်းလို့ ငါလာမေးတာ... ။" " အင်း ... လိုက်မယ်လေ ... အဲ့ဒါမှမလိုက်ရရင်လည်း ပိုက်ဆံကမရှိတော့ဘူးဟ။" နွယ်က သူမေးသည်ကို ပြန်ဖြေရင်း မှန်ရှေ့တွင် နှုတ်ခမ်းနီပြန်ဆိုးနေသည်။ သူ ဘယ်အချိန်ထိ ငေးကြည့်နေမိသည်မသိ ... နွယ်က " ဟဲ့အကောင် နင်ဘာလုပ်နေတာတုန်း မြန်မြန်ပြန်လေ ... ၀ိတ်တာခေါင်း ရှာမတွေ့ရင် နင်အဆူခံထိဦးမယ် "ဟုသောအသံကြားမှ..." အင်း... အင်း... နင်လိုက်မယ်လို့ ငါပြောလိုက်မယ်နော်။"

"ဝေး ... ကိုကောင်လေး တစ်ခွက်လောက်တိုက်ပါလား။ ကိုကောင်လေး တစ်ပ်တွေရနေတာ မြင်တယ်။" " ငါ အဆောင်လခပေးရဦးမယ် ဆုရယ်။ နင်တို့ကော အလုပ်မဖြစ်ဘူးလား။" "ဘယ်ကလာ ဒီနေ့မှ မဖြစ်ရင် ကလပ်ပေါ်မတက်နိုင်တော့ဘူး။" " အာ ... အဲ့လိုတော့မလုပ်နဲ့ ... နင်ဒီနေ့အလုပ်မဖြစ်ရင် ပြန်တဲ့အခါငါ့ဆီက ၀င်ကြေးတော့ယူသွားဟာ။ အောက်ကဟာတွေကို ၀င်ဆွဲနေတာ သိရဲ့သားနဲ့။" " အင်း အင်း ... ပြန်တဲ့အခါပေါ့။"
ဒီဂျေသံကတော့ ဆူညံပွက်လောရိုက်နေသည်။ အင်း ... ဒီဂီတသံနဲ့ အရက်နဲ့ဆိုတော့ မမြူးရင်လည်း ခံနိုင်ရိုးလားနော်။

ခုတလော စီမံချက်ရှိ၍လားမသိ။ လမ်းပေါ်တွင် အဖမ်းအဆီးများသည်။ နယ်မြေခံရဲများကို လိုင်းကြေးပေးထား၍ ကလပ်ပေါ်တက်၍တော့ မဖမ်း။ ကလပ်အောက်ခြေတွင် ၀င်ကြေးမပေးနိုင်သဖြင့် အပြင်မှာဖောက်သည်ရှာသော ကောင်မလေးများကိုတော့ ၀င်ဆွဲသွားသည်။ ဆုကိုတော့ သူခင်သည်။ ဆုနှင့်က တစ်ရပ်ကွက်တည်းသားတွေ။
ဆုကတော့ လူရမရမသိ ကတာတော့ကွေးလို့ပင်။ သူ့ဆံပင်တိုလေးတွေကို ခါခါထုတ်ရင်း ခေါင်းထဲက စိတ်ညစ်စရာတွေကိုပါ ခါထုတ်နေလားမသိ။ ထို့နောက်တွင်တော့ သူလည်းမအားမလပ်တော့ပါ။ ဟိုဝိုင်းကခေါ်လိုက် ဒီဝိုင်းကခေါ်လိုက်နှင့် အလုပ်ရှုပ်နေရပါတော့သည်။

"ကောင်လေးရေ ဟိုဝိုင်း၁၂ကို ဘီယာသွားချပေးလိုက်ဟ။ မူးနေပြီလားလည်း ကြည့်ခဲ့ဦး။" အင်း ... နိုင်လင်းတို့တော့ ဇာတ်လမ်းစတော့မည်ထင်သည်။ မူးနေလားကြည့်ခိုင်းခြင်းမှာ အကောင်းမဟုတ်ပါ။ ဘီယာခွက်ကျန်များကို ဒီကောင်က သွန်မပစ်ဘဲ စုထားတတ်သည်။ ၀ိုင်းထဲမှ မူးနေသူက ဘီယာမှာချိန်နှင့် ခွက်ပြည့်ချိန်တိုက်ဆိုင်ပါက ထိုဘီယာအကျန်များကို ဘောပင်နှင့်အမြုပ်ထအောင် မွေကာသွားချပေးတတ်သည်။ ထိုခွက်ဖိုးက စာရင်းထဲတွင်မပါ ...သူ့အိတ်ထဲရောက်လေသည်။ သောက်သူလား သိမှာ...
ဘယ်ကလာ သိမှာတုန်း မူးကလည်း မူးနေ ... ဘေးနားက ကောင်မလေးထံလည်း ဇောကပ်နေ ... ဘာများသိမှာမို့တုန်း။

သူ အဝေးသင်တက်နေတာ ဒုတိယနှစ်ရှိပြီ။ အမေစိတ်ချမ်းသာအောင် ဘွဲ့လက်မှတ်လေးတော့ပြချင်သေးသည်။ အမေ့အကြောင်းတွေးနေရင်းမှ နွယ့်ကိုသတိရသွားသည်။ နွယ့်ကို သူချစ်တာနွယ်မှသိပါလေစ။ သူကကော နွယ့်ကိုယူနိုင်ပါသည်လား။ စိတ်ရှုပ်တယ်ကွာ ... ထပ်မစဉ်းစားချင်တော့။ သူ နွယ့်ကို ရည်းစားစကားတောင်မပြောရသေး။ သူသာ နွယ့်ကိုရည်းစားစကားသွားပြောလျှင် နွယ်တော့ခွက်ထိုးခွက်လှန် ရီမလားမသိ။ သူက ထိုသို့ရီတတ်သူ။

အင်း ... ဒီနေ့နွယ်လည်း ပေါ်မလာသေးဘူး။ "ငယ်ငယ်ရေ နွယ်ပြန်လာသေးလား။" " အာ ကိုကောင်လေးကလည်း အော်ဒါပါသွားတာ ဘယ်လိုပြန်အိပ်မှာတုန်း။" " အေး ... ဟုတ်သားပဲ" ဟု သူဆိုသောအခါ ငယ်ငယ်က ပြုံးသည်။
"ဟေး ... ဘော်ဘော်နှစ်ယောက် ... " လူကိုမမြင်ရသေး အသံကိုကြားရသည်။ ငယ်ငယ်က "မနွယ်ကို မမြင်မချင်းမေးနေတာ တချိန်လုံး"ဟု ပြောရာ နွယ်က " သူ့မှာရစရာရှိလို့ဟ" ဟုဆိုပြီး ပိုက်ဆံရှစ်ထောင်ထုတ်ပေးသည်။ "ဘာတုန်း ... ။" " ရော့လေ ... နင်ဆက်သွယ်ပေးလို့ ကော်မရှင်ခက ငါးထောင်၊ ပြီးတော့ မုန့်ဖိုးထပ်ရခဲ့သေးတော့ ထပ်ပိုပေးတာ ... ယူလေ "ဟုပြောသည်။ "နေပါဟာ ... ငါဘာမှမလုပ်ဘူး ... မယူဘူးဟ။" " မရဘူး ယူရမယ်။ နင်က ငတုံး၊ ငအ။ နိုင်လင်းလို လူလည်လည်းမကျတတ်တော့ ပိုက်ဆံဘယ်ရမလဲ။ ကျူရှင်ဖိုးတွေလိုသေးတယ်မဟုတ်လား။" " ငါ့ကို ဧည့်သည်တွေပေးပါတယ်။" " အမလေးဟယ် သူတို့ပေးတဲ့ တစ်ပ်မန်းနီးများ တော်တော်မူးမှ တစ်ရာ၊ နှစ်ရာထွက်တာ။ ရော့ ... ဟကောင် နင်ယူမလား မယူဘူးလား။" နွယ်စိတ်ဆိုးတော့မည်မှန်း သူသိသည်။ "အေးအေး ... ငါယူမယ် ... ပေး။" " အဟိ " ... ရယ်သံကြားသဖြင့် လှည့်ကြည့်ရာ ငယ်ငယ်။ "ကိုကောင်လေးမယူရင် မီးက ယူမလို့ပါဆို" ဟု စသေးသည်။ " ကိုကောင်လေး ငယ့်ကိုမုန့်ဝယ်ကျွေးမလား" ဟု ပြုးပြုံးကြီးမေးနေသော ငယ်ငယ့်ကို " အေး ... ကျွေးမယ်ဟ နင် .. ငါ့ကိုမစရင် ကျွေးမယ်" ဟု ပြန်ပြောလိုက်ရင်း အခန်းထဲမှ ထွက်လာလိုက်သည်။

"ဟေ့ကောင်လေး ... မင်းနွယ့်ကိုကြိုက်နေတယ"်ဆို ဟုကိုစိုးကြီးကမေးရာ "မဟုတ်ပါဘူး အကိုရာ။ ၀ိုင်းနောက်နေကြတာပါ...။" " အေး ... ငါတော့ ဘာမှမပြောလိုဘူး ... သူတို့တွေ ဘယ်လိုထမင်းရှာစားတယ်ဆိုတာ မင်းလည်းအသိ ငါလည်းအသိ။" " ဟုတ်ကဲ့ ... အဲ့ဒါဘာဖြစ်တုန်း အကိုရ။"
"အင်း ... ဘာဖြစ်မလဲဆိုတော့ မင်းသာသူနဲ့ကြိုက်ရင် ဟိုသီချင်းနေ့တိုင်းဆိုနေရမယ်။" " ဘယ်သီချင်းတုန်းအကိုရ ။" " အိုးလေးကွဲသွားပြီ... အိုးလေးကွဲသွားပြီ ဆိုတဲ့သီချင်းလေ။" " အာ ... အကိုက လာနောက်နေတယ်။" " မနောက်ဘူးမောင် ... မင်းတွေးကြည့် ... သူက အပေါ်ကမော်ဒယ်လျှောက် မင်းက ၀ိတ်တာ၊ ... သူများက သူ့ကိုကြိုက်လို့အော်ဒါခေါ်တော့ မင်းခံရခက်တယ်မဟုတ်လား။" သူက ငိုင်လျှက်. သူလည်း ဒီဟာကို တစ်သက်လုံးမလုပ်သလို ကျွန်တော်လည်း မလုပ်ပါဘူးဗျာ။ "မင်း ... စာတွေဖတ်ဖတ်ပြီး စိတ်ကူးက တယ်ယဉ်ကိုး" ဟု ကိုစိုးက ညည်းသည်။ သူစိတ်ကူးယဉ်မိသည်လား ... သူလည်းဘာကောင်မှ ဟုတ်လှသည်မဟုတ်ပေ။ အမှိုက်တောထဲက အမှိုက်တစ်စမျှသာ။ သူမကော၊ ကိုစိုးကော၊ အားလုံး.. အားလုံး၊ ဘာကောင်မှမဟုတ်။ ဘာကို ဂရုစိုက်နေရဦးမည်နည်း။ နွယ်သာ သူ့ကိုချစ်ပြီး ကောင်းကောင်းနေသွားလျှင် အကုန်လုံးကို သူရင်ဆိုင်နိုင်သည်ဟု သူထင်သည်။ ကိုစိုးကြီး ဘယ်အချိန်ထွက်သွားသည်မသိ၊ သူကတော့ ကိုစိုးကြီးချန်ထားခဲ့သော အမှိုက်စများနှင့် လုံးထွေးရစ်ပတ်ကာ ကျန်နေတော့သည်။


ဆက်ရန် ... ... .... ...

11 comments:

နန်းညီ said...

စာရေးထားတဲ့ စတိုင်ကလည်း..း( .. ဖတ်ရတာ ခေါင်းမူးတယ်..

အဲ့သည် မဟုတ်.. ဧည့်သည်ပါ..

အနော် said...

လက်တွေ့ဘဝဖြစ်ရပ်တွေက ဇာတ်လမ်းပမာ နားဆင်စရာလို ပြန်ပြောင်းပြောပြရင် နားထောင်မကောင်းလှပေမဲ့ နာကျင်စရာတော့ ကောင်းလှတယ်...
မျှော်လင့်ချက်မဲ့တဲ့ ဘဝတွေနဲ့ ပြန်လည်ပြင်ဆင်ခွင့်မရတော့တဲ့ ဘဝတွေအတွက် မျက်နှာလွှဲပီးပဲ ဆုတောင်းနေမိတယ်... :(

little brook said...

သိတယ် နန်းညီရယ် . ဧ ကို လက်ကွက်မှာ မေ့နေလို့ ခနရိုက်ထည့်ထားတာ ... နင်အဲ့လို ထိပ်ဆုံးကနေ ခေါင်းမူးနေ .. ငါကို စိတ်ဓါတ်ကျရော ... ဆက်တောင်မရေးချင်လောက်အောင် ချာတူးလန်နေလား မသိ

ကြည်ဖြူပိုင် said...

ထူးဆန်းတဲ့ဇာတ်လမ်းလေးအဖြစ်စိတ်ဝင်စားမိတယ်..
ဒါမျိုးဇာတ်လမ်းမျိုးကို မတွေ့ဖူးတော့စိတ်ဝင်စားမိတယ.်
နောက်နေ့တွေဆက်လာဖတ်မယ်..ဆက်ေ၇းပါကိုယ်တော်

ဂျဲဂျယ် said...

နင့် ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတယ် ဆက်ရေး

black.pirate said...

စိတ်ဝင်စားတယ်ခင်ဗျ...။ မြန်မြန်ဆက်ရေးဗျို့

အိမ် said...
This comment has been removed by the author.
အိမ် said...

အေးဗျာ.... စာဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..။ တကယ်တော့ဗျာ... ဝမ်းရေးဗျ၊ ဝမ်းရေး.....။ သမုဒ္ဒရာ ဝမ်းတထွာ ကြောင့် ဒီလိုဘဝတွေ မရောက်ချင်ပဲ ရောက်ခဲ့တာတွေ၊ မမြင်ချင်မှအဆုံးပါဗျာ။ ဝိတ်တာလေးရဲ့ နေရာ ဝင်ခံစားကြည့်တာ.. အသည်းကို မီးမြိုက်သလိုခံစားရတယ်ဗျာ။ သူ့ရဲ့ အဖြစ်က မစားရ အညေုာ်ခံ ဆိုတာထက်၊ ပိုက်ဆံဆိုတဲ့ တံတိုင်းကြီး တခုကြောင့် ဘာမှမတတ်နိုင်ပဲ လက်ပိုက်ကြည့်နေရတဲ့ အဖြစ်ပါ။ ဒီပို့လေး အရမ်းသဘောကျတယ်ဗျာ.. ရင်ထဲထိ ရောက်ပြီး ငါသာ အဲဒီ ဝိတ်တာလေးသာဆိုရင် ဆိုတဲ့ အတွေး တခုနဲ့တင်၊ ရင်ကိုလှုတ်ခတ်သွားစေတယ်ဗျာ။
ဆက်ရန်ကိုမျှော်နေပါတယ်..

မြစ်ကျိုးအင်း said...

ဘဝ စစ်စစ်တွေပဲဗျာ ....။ ဇာတ်လမ်းက နာကျင်ရမယ့် ဇာတ်လမ်းများလားထင်မိပေမယ့် ဆက်ရန်ကိုတွေ့တော့ အားမရဘူး ဖြစ်သွားတယ်။ ထပ်ဖတ်ချင်နေသေးတယ်။
စာရေးကောင်းတာတော့ ထည့်ပြောမနေတော့ပါဘူးလေ

purplemay said...

ဒီလိုမိန်းကလေးတွေရဲ့ဘ၀ကို ကြားဖူးနေခဲ့တာတော့ကြာပြီ...။
ဇာတ်လမ်းလေးစိတ်ဝင်စားစရာကောင်းပါတယ်...။
ဆက်ရေးပါ .... စောင့်ဖတ်နေပါသည်...။

SDL said...

နည ခေါင်းမူးတာက စာနဲ့ စကားပြောရောနေလို့ ထင်ပါတယ်လေ..
ဆက်ဖတ်လိုက်ဦးမယ်.. စိတ်ဝင်စားသွားပြီ