Tuesday, December 22, 2009

မိုးတိမ်အကြောင်း (၃)

အိမ်အတွင်း၌မှောင်နေရာ နွယ်က ဘုရားစင်မှ ဖယောင်းတိုင်ကို ထွန်းညှိလိုက်သည်။ "နင် ဘာစားခဲ့သေးလဲ ကောင်လေး။" " အင်း ကလပ်က ထမင်းကြော်ကျွေးလိုက်တယ်။" " အင်း... အင်း။ ခနစောင့်ဟ ... ငါအ၀တ်လဲလိုက်ဦးမယ်။" နွယ် အခန်းထဲဝင်သွားသည်။ သူ့ရင်ထဲဝယ် မည်သို့ပြောရမည်မှန်းမသိ။ ခုအိမ်မှာ နွယ်တစ်ယောက်တည်း၊ သူ့အဒေါ်ဘယ်သွားပါလိမ့်။ ဘုရားပုံတော်လေးရှေ့မှ မီးတိုင်က လှုပ်ရှားနေသည်။ အို ... ငြိမ်းသွားမှဖြင့် ...။

ခြင်ဆေးခွေတစ်ခွေကို မီးညှိရင်း နွယ်ထွက်လာသည်။ "လာ ကောင်လေး ရှေ့နားမှာ သွားထိုင်ရအောင်။" " အင်း နွယ့် ... အဒေါ်ကော။" " ရွာပြန်သွားတယ်ဟ။" တိတ်ဆိတ်သွားပြန်သည်။ "နွယ် ... နင်ကလပ်မှာလုပ်တာ အဒေါ်သိလား။" " သိတယ်။ ... ... ... .... ။"
" ဘာမှမပြောဘူးလားလို့ နင်ဘာလို့မမေးတာလဲ။" သူတိုးတိတ်စွာ သက်ပြင်းချလိုက်သည်။ "ငါ ဆက်မမေးတတ်တော့လို့ ။ "
နီးကပ်စွာ ယှဉ်တွဲထိုင်နေသောကြောင့် နွယ့်ကိုယ်နံ့ကို ရနေသည်။ သူ့ညာဘက်ခြမ်းမှာ နွယ့်ကိုယ်နှင့်နီးနေသောကြောင့်လည်း နွေးနေသည်။ နွယ်က ..." နင်ဒီနေ့ ငါ့ကိုကြည့်နေတယ် မဟုတ်လား။" " အင်း .... ။" " ငါ... နင့်မျက်လုံးထဲကို မြင်ရတယ်။" နွယ်ထိုသို့ပြောသောအခါ သူ့ရင်ထဲ ဆို့နင့်လာသည်။ "အင်း ... ငါနင့်ကို သိပ်ချစ်တယ်နွယ်ရယ်။" နွယ်သည် တိတ်တိတ်ဆိတ်ဆိတ်ပင် ရှိနေသောကြောင့် သူလှည့်ကြည့်လိုက်ရာ နွယ်မျက်ဝန်းမှာ မျက်ရည်တို့တွဲခိုလျက်... ...။ "ငါလည်း နင့်ကိုချစ်တယ်။" သူထိုစကားကိုကြားပြှီးနောက် အတွေးက ဟိုးအဝေးသို့ ပြေးသွားသည်။ နွယ်လည်း တွေးနေပေလိမ့်မည်။ သူ့ပခုံးစွန်းကို နွယ်မှီလိုက်ချိန် သူနွယ့်ပခုံးကို ဖက်ထားလိုက်သည်။

ကောင်းကင်တွင် ကြယ်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်နှင့် ပုစင်းရင်ကွဲလေးများ၏ အသံမှတပါး ဘာသံမှ မရှိ။ အသာအယာတိုးဝှေ့နေသောလေနုအေး ... အိမ်တံစက်မြိတ်အမှောင်ရိပ်အောက်ဝယ် တစ်ယောက်ကိုတစ်ယောက်မှီတွဲထားသော သူတို့နှစ်ဦး။ သူ့မျက်လုံးများကို မှိတ်၍သာထားလိုက်သည်။
သူနားမှာ ရှိနေသောနွယ်ကို သိနေသည့် အသိမှတပါး အခြားမရှိ၊ မသိချင်တော့ပါ။

"ကောင်လေးရေ ... အိပ်ကြစို့။" " အင်း ... ။" နွယ်က သူ့အတွက် ခေါင်းဦးနှင့်စောင် ထုတ်လာပေးသည်။ သူလှမ်းယူလိုက်ကာ ဘုရားစင်အောက်၌ နေရာယူလိုက်သည်။ "နေဦးလေ ... ငါဘုရားရှိခိုးရဦးမယ်။"
"အော် ...အေး။" နွယ်ဘုရားရှိခိုးပြီး သူ့ဘက်လှည့်ကာ .." ငါဘာလုပ်လုပ် ဘုရားတော့ရှိခိုးသေးတယ်ဟယ်" ဟုပြောရာ သူဝမ်းနည်းသွားသည်။ "နွယ်ရယ် ... ငါနားလည်ပါတယ်" ဟုသာ တိုးတိုးပြောလိုက်သည်။ တိတ်ဆိတ်နေပြီးမှ ..." အိပ်တော့နော်" ဟု ပြောကာနွယ်ထွက်သွားသည်။

ညသည် တာရှည်လွန်းလှသည်။ သူ အိပ်မပျော်ပါ။ သူ သူ့ကိုယ်သူ အကြိမ်ကြိမ်သာရေရွတ်နေမိသည်။ ငါ နွယ့်ကိုချစ်တယ်။ ငါ ... နွယ့်ကိုတကယ်ချစ်ခဲ့တာ။ ရှေ့ဘယ်လိုဆက်မလဲ။ နွယ့်ကို ထိုအလုပ်မလုပ်ခိုင်းဖို့။ ဒါက စိတ်ကူးယဉ်တာပဲ။ နွယ် အလုပ်မလုပ်ရင် ရွာကိုပိုက်ဆံဘယ်လိုပြန်ထောက်မလဲ။ တခြားအလုပ်လုပ်ခိုင်းရင်ကော။ ကိုယ့်ဟာကိုယ်ပြန်တွက်ကြည့်တာတောင် ကိုယ်ရသည့်လခရယ် ဘောက်ဆူးရတာရယ်နဲ့မှ နေနိုင်ရုံ။ နွယ်လည်း တူတူပင်။ ကာထားသော ပျဉ်တန်းများကြားမှ အပြင်သို့လှမ်းကြည့်လိုက်ရာ မှောင်လွန်းလှသည်ကော။ သူတို့နှစ်ဦးသားအတွက်ကော ထိုကဲ့သို့ပင် ရှိလေမလား။

ဆက်ရန်... ... ...

10 comments:

အနော် said...

စဉ်းစားနေရင်း စဉ်းစားနေရင်းနဲ့ပဲ စိတ်ကူးတွေ မိုးလင်းခဲ့ရတဲ့ အကြိမ်ရေတွေ များခဲ့တာ များပီ..
တခါတလေတော့လဲ Do or Die လုပ်ကြည့်လိုက် သူ့ဘာသာသူ အချိန်တန် ဖြစ်သွားလိမ့်မယ် ထင်တာပဲ :P

Anonymous said...

လွန်ပါစေ အလွမ်းညတွေ လွန်ပါစေ ... လွန်ပါစေ အလွမ်းညတွေ လွန်ပါစေ ( အပိုင်း -၃ က တအားတိုသွားတာ တင်ပြီးမှ သတိထားမိတယ် ခွင့်လွတ်တော်မူကြပါကုန် ) littlebrook

နန်းညီ said...

တိုတယ်အော်မလို့.. သူက ကြိုတင် တောင်းပန်ထားတော့ ဘာအော်ရပါ့မလဲ..

" ငါဘာလုပ်လုပ် ဘုရားတော့ရှိခိုးသေးတယ်ဟယ်" ဆိုတာကို နည်းနည်းတွေ သွားတယ်.. ဘုရားရှိခိုးတာ မခိုးတာဟာ ကောင်းမှုကုသိုလ်ရတာ မရတာနဲ့တော့ မဆိုင်ဘူးထင်တာပဲ နွယ်ရယ်..

Anonymous said...

ဝေးပါ့ ... ကောင်းမှုကုသိုလ်အကြောင်းကို ပြောတာမဟုတ်ဘူး .. ပြီးတော့ထပ်တွေး သူက သာမာန်ရိုးရှိုးမိန်းကလေး .. သာမန်ရိုးရိုးပဲတွေးတတ်ခေါ်တတ်တဲ့မိန်းကလေး ... အမှန်တရားအကြောင်းထက် ပိုက်ဆံနဲ့ ရှင်သန်မှုကိုပဲတွေးတယ် ... ဇာတ်ကောင်ကို သတိပြုမိညီမ .. သူ သူ့ကောင်လေးက သူ့ကိုနေ့တိုင်းမြင်နေပြီး အထင်များသေးနေမလားဆိုတဲ့ အတွေးလေးပဲရှိတယ် .. အဝေးကြီးလိုက်မတွေးနဲ့လေ .. ခုထိစာမဖတ်တတ်သေးဘူး ...းP (littlebrook)

ကြည်ဖြူပိုင် said...

တို့ကတော့ ကြိုတောင်းပန်လဲ ပြောမှာပဲ.. အပိုင်း၃တိုလွန်းတယ်
သို့ပေသည့် ဖတ်လို့ကောင်းပေ၏

အိမ် said...

အာဗျာ.. ဆန့်တငံ့ငံ့နဲ့ ကိုးရီးယားဇာတ်လမ်းတွဲ ကျနေတာပဲ၊ ဖတ်ရတာ ဇိမ်ပျက်တယ်ဗျာ.. လုပ်ပါဗျ။ ဇာတ်လမ်းကို အရမ်း စိတ်ဝင်စားနေတယ်၊ ကြေကွဲစွာနဲ့ အဆုံးသတ်မယ်လို့ ထင်ထားတယ် ဒါပေမဲ့ စာရေးသူရဲ့ လှည့်ကွက်ကလေးကို စောင့်နေတယ်။

မြစ်ကျိုးအင်း said...

ဘာပြောရမှန်းတောင်မသိတော့ဘူး
ဇာတ်လမ်းက စိတ်မကောင်းတာကတမျိုး
သူကတိုတာ (ဇာတ်လမ်းကိုပြောတာ) ကတမျိုး နဲ့
ကိုယ့်လူ ရှီရှီလေး အဲ ရှည်ရှည်လေး လုပ်ပါဗျ အရှိန်လည်း ရရော ဆက်ရောတဲ့ ဟတ်ကော့ရော ကွာတားကော့ရော ဖြစ်သွားရတယ် ဟဲဟဲ

နန်းညီ said...

ဆရာကြီးသိပ်မလုပ်ပါနှင့်.. ဇာတ်ကောင်ကို ကြည့်တတ်ပါသည်.. ကိုယ့်အတွေးနှင့်ကိုယ် ငြင်းသွားခြင်းသာဖြစ်သည်.. (နည်းနည်းအမြင်ကပ်သွားပြီ)

purplemay said...

ဘ၀တွေကလည်း ဆိုးပါတယ်....။
ဒါနဲ့...ဒီဇာတ်လမ်းကို ဘာလို့ မိုးတိမ်အကြောင်း လို့ပေးထားတာလဲ...?

Anonymous said...

မိုးတိမ်တွေနဲ့ တူလို့ ... ကြည့်ရင်းပဲ တဖြေးဖြေးလွင့်ပါးပျောက်ကွယ်သွားမလားပေါ့ .. ပြီးတော့အဲ့သီချင်းကို ကြိုက်တာလဲ ပါတယ် (littlebrook)