Saturday, January 2, 2010

မိုးတိမ်အကြောင်း (၅)

မနေ့က ကလပ်ကို နွယ်မရောက်လာ။ ဒီနေ့လည်း နွယ်ရောက်မလာပါ။ သူ ကလပ်မှ မိန်းကလေးများကိုမေးကြည့်လည်း မည်သူမျှ မသိကြ။ ဆုကို မေးတော့ ဆုကလည်း မသိကြောင်းပြောသည်။ သူစိတ်ပူသည် ဘာကြောင့်များ မလာပါလိမ့်။ တွေ့နေမြင်နေသည့်ပုံစံလေး မမြင်ရတော့ ရင်ထဲဟာတာတာ။ နွယ်နေမကောင်းဘူးလား။ သူ နွယ့်အိမ်သို့လိုက်သွားမှနှင့်တူသည်။
ညပိုင်း ကလပ်ဆင်းကာနီးတွင်မှ မိန်းကလေးတစ်ယောက်က လာပြောသည်။ မန်နေဂျာထံမှ သိလာသည်တဲ့။ ရွာမှာကျန်သော နွယ့်မိခင်ဆုံးသွား၍ နွယ်ရွာသို့လိုက်သွားကြောင်း မန်နေဂျာထံ ခွင့်တိုင်သွားသည်တဲ့။ အင်း ... နွယ်တော့သနားပါတယ်။ သူ စိတ်မကောင်းပါ။ နွယ် ဘယ်လိုများနေရှာမလဲ။

မန်နေဂျာက ဦးစီး၍ ကလပ်မှဝန်ထမ်းများဆီမှ တတ်နိုင်သလောက် စု၍နွယ့်ကို ကူငွေသဘောမျိုး ပေးလိုက်ကြသည်။ နွယ်ပြန်ရောက်လာသောအခါ မျက်နှာများချောင်ကျပြီး ပိန်သွားသည်။ "နွယ် တော်တော်ပင်ပန်းခဲ့လား" ဟုသူမေးတော့ နွယ်က "ဒီလိုပါပဲ" ဟုဖြေသည်။ နွယ်သည် အမြဲလိုလို ဒီလိုပါပဲဟူသော စကားကိုသုံးလေ့ရှိသည်။ "နင်ကော ကျောင်းတက်နေပြီ မဟုတ်လား"။ "အင်း တက်နေပေမယ့်ကွာ ကျောင်းခန်းထဲ ငိုက်နေတာကပိုများပါတယ်။" " အေး နင်စာတွေကောလိုက်နိုင်လား။"
"စာတွေကတော့ မသိလည်းကိစ္စမရှိပါဘူးဟာ။ စာမေးပွဲနီးတော့ အနီးကပ်သင်တန်းတွေဖွင့်တယ်လေ။ အဲ့ကျမှ သင်တာတွေကို ကျက်တော့မယ်။ မကျက်နိုင်တာတွေကိုတော့ သူများလိုပဲ ကူးတာပေါ့ဟာ။" "ဟင် နင်တို့တက္ကသိုလ်ကလည်း ခိုးချတာပဲလား။" " အင်း အကုန်လုံးနီးပါးလောက်ခိုးတာပဲ။" "ဆရာတွေကကော မဖမ်းဘူးလား။" " အော် ဖမ်းရင်လည်း အကုန်မိတာချည်းပဲလေ သူတို့လည်း အညောင်းခံပြီးဖမ်းမနေတော့ဘူး။" " ကောင်းပါ့ဟယ်" ဟု နွယ်ပြောတော့ သူက "ဒီလိုပါပဲ" ဟု ဖြေလိုက်ရာ နွယ်က အားရပါးရရီလေသည်။ အင်း အဲ့လိုလေး ရီလိုက်ပါဦး နွယ်ရယ်။

နယူးရီးယားည။ နှစ်သစ်သို့ကူးလေပြီ။ ကလပ်မှာ ဒီလိုနေ့မျိုးက လူသိပ်စည်သည်။ ဘယ်သူမှ အအားမနေနိုင်။ နွယ်တို့တွေလည်း တစ်ဝိုင်းမှ တစ်ဝိုင်းကူးလျက်။ သူနွယ့်ကိုတောင် ယခင်ကလို ထိုင်ငေးနေချိန်မရှိပါ။ ကလပ်ထဲမှ လူတိုင်းကလည်း မူးနေကြပြီ။ ကလပ်အလည်ကွင်းပြင်တွင် ကနေသူများကလည်း ကလို့။ ကလပ်လုံခြုံရေးဝန်ထမ်းများကလည်း မျက်စိဒေါက်ထောက်ကာကြည့်နေရသည်။ ဒီလိုနေ့မျိုးက စည်ကားသလောက် အန္တရာယ်လည်းများသည်။
လူတွေက မူးပြီးစိတ်တက်ကြွနေချိန်ဖြစ်ရာ နဲနဲလေးပြဿနာဖြစ်လည်း သည်းခံနိုင်ကြသည်မဟုတ်။ အထူးသဖြင့် လူငယ်များမှာ ကရင်းခုန်ရင်း ထိမိသည်ကပင် စ၍ရန်ဖြစ်ဖို့ တာဆူနေတတ်သောကြောင့် အဖွဲ့လိုက်ဝင်လာလျှင် လုံခြုံရေးများက သတိထားကြည့်နေရသည်။

တွေးနေခြင်းကနောက်ကျနေပါသည်။ ကပွဲကွက်လပ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို လုံခြုံရေးဝန်ထမ်းများက လူစုခွဲပြီး ပြဿနာရှာသော ငတိနှစ်ယောက်ကို ဆွဲထုတ်သွားသည်။ ကိုစိုးကြီးကို မေးကြည့်ရာ ကောင်မလေးကြောင့်တဲ့။ အင်း ဒါကလည်း ထုံးစံပါပဲ။ သူခနနားချိန်ရောက်တော့ ဆေးလိပ်သောက်ရန် အောက်ဖက်ဆင်းလာခဲ့သည်။ လှေကားထောင့်ချိုးတွင်ရပ်လိုက်ရင်း မီးခြစ်ကိုထုတ်မည်ပြုစဉ် "လွတ် နင်လွတ် လွတ်... " ဆိုသောအသံနှင့် ဆဲသံကို ကြားလိုက်ရသည်။ အင်း ညှိကြရင်း စကားများသည်လား... သူနားစွင့်နေမိပြန်သည်။ "ကောင်မ" " __မ" ဆဲဆိုသံများနှင့်အတူ "ဟေ့ကောင်မင်းလွတ်စမ်း" ဟူသောအသံများ ထိုးသံကြိတ်သံများကြားလိုက်ရသည်။ ကလပ်အောက်မှာဖြစ်သောပြဿနာသည် ကလပ်နှင့်မဆိုင်ပါ သို့သော် ဘာဖြစ်သည်ကို သိချင်စိတ်နှင့် အပြင်သို့ထွက်ကြည့်လိုက်ရာ ... ဆု ... ဆု ။ ဆုသည် ရန်ပွဲအလည်မှာ။ ဆုသည် သူ့လက်ကိုင်အိတ်ဖြင့် လုတစ်ယောက်ကို လွဲရိုက်နေသည်။ ထိုသူက ကားဘက်သို့ပြန်ဆုတ်သွားပြီး ကားထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်သည်ကို သူတွေ့လိုက်သည်။ ဆုက ရိုက်နေဆဲ၊ "ဆု ... ဆု " သူအော်ခေါ်ရင်း ပြေးသွားလိုက်သည်။

ဆုလက်ကို ဆွဲလိုက်ရင်း နောက်ဖက်သို့ ဆွဲလိုက်ချိန်မှာပင် ထိုသူက လက်ကိုလွဲပြီးရိုက်လာရာ သူလက်ဖြင့်ခံလိုက်သည်။ သူ့လက်တစ်ဖက်လုံး နာကျင်သွားသည်။ သူနောက်သို့ဆုတ်လာသလို ထိုသူကလည်း ဆက်ပြီးဆက်ပြီး ထပ်ဆင့်ရိုက်လာသည်။ သူနောက်သို့ယိုင်လဲသွားရာမှ ဖမ်းဆွဲမိရာ လက်ထဲပါလာသည်က သံပိုက်လုံးတစ်လုံး။ သူအလျင်အမြန်ထလိုက်ရင်း ထိုသူ့ကိုပြန်ရိုက်လိုက်သည်။ သူ့တွင်လည်း လက်နက်ရှိသွားပြီဖြစ်ရာ သူလည်းသွေးကြွသွားလေပြီ။ မည်သို့ဖြစ်သည်ကို သူမသိတော့ သူတပြန်ကိုယ်တပြန်ရိုက်ရင်း တဖက်လူလဲကျသွားသည်ကို သူဆက်ရိုက်နေမိသည်။ သူသတိထားမိချိန် ရန်ပွဲလည်းပြီးသွားပြီ။ သူ့ရှေမှာ ခွေလဲနေသောလူတစ်ယောက်။ သူ့ပတ်ဝန်းကျင်တွင် လူများက၀ိုင်းလျက်ကြည့်နေကြသည်။

သူ့လက်ထဲမှ သံပိုက်ကို တစ်ယောက်ယောက်က ဆွဲယူသွားသည်။ ထို့နောက် ရဲများရောက်လာ သူ့ကိုလက်ထိတ်ခတ်ကာ ခေါ်သွားသည်။ သူအာရုံတွင် အရာအားလုံးသည် မှုန်ဝါးနောက်ကျိလျက်။ သူသည် ထိုအဖြစ်ကို တကယ်မဟုတ်ဟု ထင်နေမိသည်။ သူ့ကိုဆွဲခေါ်သွားချိန် သူမြင်နေသည်မှာ နွယ်၊ ထို့နောက် အမေ၊ သူ့စာမေးပွဲ အားလုံးသည် ပေါ်လာလိုက် ပျောက်သွားလိုက်။

သူအား လူသတ်မှုဖြင့် စွဲချက်တင်သည်။ သူ့ဘက်မှ ထွက်ဆိုပေးသောသက်သေပြချက်များ ထုခြေရှင်းလင်းချက်များက သူသည်ကာကွယ်ရင်း လက်လွန်သွားသည်။ သေသူကို သေစေလိုသောရည်ရွယ်ချက်လည်းမရှိ၊ ပြဿနာစတင်ဖြစ်ပွားရာတွင်လည်းမပါဝင်ကြောင်း ပြဆိုနိုင်သော်လည်း သူ့ကို အပြစ်မှ လုံးဝကင်းလွတ်စေနိုင်သည်မဟုတ်ပါ။ သူ အလုပ်ကြမ်းဖြင့် ထောင် (၅) နှစ်ကျသွားသည်။ သူ့ကို ရုံးထုတ်စဉ်တိုင်း နွယ်နှင့်ဆုတို့ လာတွေ့သည်။ ကိုစိုးကြီးတို့ နိုင်လင်းတို့ကလည်း လာတွေ့မည်တဲ့။ လက်ထိပ်ခတ်ထားသော လက်ကိုကြည့်ပြီး နွယ်သည်မျက်ရည်ကျသည်။ သူလည်း မျက်ရည်ဝဲလာသည်။ အချုပ်ကားပေါ်သို့တက်ချိန်အထိ နွယ်သည်ထိုအနားမှာ တရစ်ဝဲ၀ဲ။ "နင်ဘာမှာမလဲ နင်ဘာမှာဦးမလဲဟင်" ဟု နွယ်မေးနေသည်ကို သူပြန်မဖြေနိုင်။ သူဘာမှာရမလဲ ... သူဘာမှာရမလဲ ... သူဘာမှာရဦးမလဲ ။ အချုပ်ကားအပြာရောင်ထဲ သူတို့ကို သွင်းလိုက်သည်အထိ သူငိုင်လျက်။ အချုပ်ကားထဲမှာ မှောင်လို့ပါလား။ သူနောက်ကို ပြန်လှည့်လိုက်စဉ်မှာပင် ကားတံခါးက "ဂျိုင်း" ကနဲ ပိတ်သွားသည်။ သူ တံခါး၌ဖောက်ထားသော အပေါက်လေးဆီကပ်သွားရင်း သံတိုင်ကိုကိုင်ကာ အပြင်သို့လှမ်းကြည့်လိုက်တော့ နွယ် ... နွယ်သည် ဆုကိုဖက်ရင်း ရှိက်ငိုလျက် ... ... ... ...။

ဆက်ရန် ... ... ... ...

13 comments:

toomar said...

pee thar tar lar?
set yan so myanm myan lay.....

toomar said...

mg lay yayy
post 6 ko tueday tin pay lay naw
kyeikhteo ka mont wal khe mal naw naw naw ......

khin oo may said...
This comment has been removed by the author.
khin oo may said...

လာဖတ်တယ်။ စိပုံဲးထဲ စာထည့်တာမဝင်ဘူး။

မြစ်ကျိုးအင်း said...

စာရေးဆရာတော့ လွန်ပြီနော်
အဆိုးဆုံးတွေချည်းပဲ ပေးတွေ့နေတာပါပဲလားဗျ
၅ နှစ်ဆိုတာ မနည်းဘူးဗျ ဘယ်လိုဆက်လုပ်ကြမတုန်း
ဆက်ရန်မျှော်နေပါပြီ

အိမ် said...

အသေသာ သတ်လိုက်ပါတော့ဗျာ.............

အနော် said...

ထောင်ထဲရောက်သွားပီ ငါးနှစ်တောင် :( တိန်

အောင်ဒီကန် said...

တဖြည်းဖြည်း ရှိတ်စပီးယားဆန်လာပြီ ဆရာသမားရေ့... :{

မိဂျူ said...

ကျော်ထူး မြွေပေါက်တဲ့ ဇာတ်လမ်းဖြစ်နေဘီ။
ဇာတ်လမ်းကို မကြိုက်ပါ။ အရေးအသားကိုတော့ သဘောကျ၏။

နန်းညီ said...

ဆိုးချက်ကြီးပါလားနော်..

ရွှေပြည်သူ said...

မိုးတိမ်အကြောင်း(၁)ကနေ ပြန်စဖတ်မိပါတယ်။ အရေးအသားတွေက ရိုးရိုးရှင်းရှင်းနဲ့ စာဖတ်သူကို ဆွဲခေါ်သွားပါတယ်။ နောင်လာမယ့် အပိုင်းတွေကိုလည်း စောင့်ဖတ်နေပါ့မယ် ကို Brook...

ကြည်ဖြူပိုင် said...

ရက်စက်လိုက်တာ ထောင်ထဲထည့်တာ ၅နှစ်တောင်
လွန်တယ်
မသကာ ၂နှစ်ဆိုတော်ရောပေါ့
ဟင်းး...ဇာတ်ဆရာအလိုကျပေါ့လေ..တတ်နိုင်ပါဘူး :P
သူများမင်းသမီးဖြစ်တော့တောင်အရီခံရသေးတာပဲ..ဟိဟိတဲ့
လုပ်သာလုပ်ပါ ဇာတ်ဆရာ....
ထောင်ထဲက ပြန်ထွက်လာရင်တော့ ဇာတ်ကောင်မင်းသားကို ရောဂါကင်းတဲ့ ဇာတ်ကောင်မင်းသမီးနဲ့ပေါင်းပေးလိုက်ပါနော် :D

purplemay said...

လုပ်ရက်လိုက်တာဗျာ....၀မ်းနည်းပက်လက်နဲ့ဖတ်သွားတယ်...
ဘာပြောရမှန်းတောင် မသိတော့ဘူး....