Friday, December 18, 2009

မိုးတိမ်အကြောင်း (၂ )

နွယ်ဖိတ်သောကြောင့် နွယ်တို့အိမ်ကို သူတို့လာကြသည်။ သူတို့ဆိုသည်မှာ သူရယ်၊ ငယ်ငယ်ရယ်၊ နောက် နွယ်ကခေါ်ချင်ခေါ်လာခဲ့ဟု ဆိုသဖြင့်ခေါ်လာသည့် ဆု။ "ဝေး... ရောက်လာကြပြီကော။" ငယ်ငယ်က "မမနွယ် အဝေးကြီးကနေလာခဲ့တာ မုန့်အများကြီးကျွေးရမယ်" ဟု ပြောသည်။ "ကျွေးမယ်၊ ကျွေးမယ် .. အိမ်ပေါ်ရောက်မှ အ၀စား"ဟု နွယ်ကပြန်ပြောနေသည်။ သူကတော့ နွယ်တို့ အိမ်ကလေးကို အကဲခတ်နေမိသည်။ အိမ်ရှေ့တွင် ရေစည်ပိုင်းနှင့် ရေချိုးကျောက်ပြားနှင့်။ ရေများက အိုင်နေသည်ကို အုတ်ခဲလေး သုံးလေးလုံးချထားပြီး လမ်းလုပ်ထားသည်။

အိမ်တံစက်မြိတ်အိုအိုလေးအောက်မှ ခေါင်းငုံ့ဝင်လိုက်ရာ အလင်းထဲမှ ရုတ်တရက်ဝင်လိုက်ရ၍ ရုတ်တရက်မျက်စိပြာသွားသည်။ အတန်ကြာမှ မြင်ကွင်းကပြန်ကြည်လာရာ အိမ်လေး၏ အတွင်းပိုင်းကို သဲသဲကွဲကွဲမြင်ရတော့သည်။ အိမ်လေးမှာ အခန်းသုံးခန်းသာရှိပြီး ကျဉ်းကျဉ်းရှည်ရှည်လေးဖြစ်သည်။ သူက နောက်ကျောနံရံကို မှီလိုက်ရာ အိပ်ခန်းဖြစ်ဟန်တူသော အခန်းကိုမြင်လိုက်ရသည်။ အော် ... ဒါနွယ်အိပ်တဲ့ အခန်းလေးကိုး။ အိပ်ရာကိုလိပ်ပြီး ခေါင်းရင်း၌ ကပ်ထားသည်ကို သူမြင်နေရသည်။ ဆုနဲ့တောင် မိတ်မဆက်ပေးရသေးဘူး ဆိုသည့်အတွေးတွေးမိချိန် အိမ်ရှေ့ခန်းတွင် သူတစ်ယောက်တည်း။ နောက်ဖေးဘက်မှ အသံကြားရတော့မှ ဆုနှင့် ငယ်ငယ်ပါ နောက်ဖေးဘက်ဝင်သွားမှန်းသိလိုက်သည်။ ဘာသွားလုပ်ပါလိမ့်။ သူ နွယ့်ကိုတောင် သေချာမကြည့်လိုက်ရသေး။ ခနအကြာ ရော့ လာပါပြီ စားကြသောက်ကြမယ် ဆိုသည့်အသံနှင့် သုံးယောက်သား အိုးများပန်းကန်များမကာ ထွက်လာကြသည်ကိုတွေ့ရသည်။

"နွယ်ရေ ... ဘာအတွက် ဖိတ်ကျွေးတာလဲ ပြောပါဦး"ဟု ဆုကမေးရာ သူ တအံ့တသြ ဆုကိုသာငေးကြည့်နေမိသည်။ မိန်းကလေးတွေက တွေ့တာမှမကြာသေး ခင်ခင်မင်မင်ရှိသွားကြပြီကော။
နွယ်က ... "အင်း ... ငါ့အသက် ၂၅ နှစ်ပြည့်မွေးနေ့လေ ... အဲ့ဒါကြောင့် ငါ့အခင်ဆုံးတွေကို ထမင်းဖိတ်ကျွေးတာ။" " အော ... လက်ဆောင်လည်း မပါဘူး အဟီး..." ဟု ငယ်ငယ်က ရီရင်း ပြောသည်။
သူကတော့ နွယ့်ကိုသာ ငေးကြည့်နေမိသည်။ နွယ့်ပါးပြင်ပေါ်မှာ သနပ်ခါးသာပါးပါးလေးလူးထားသည်။ ဘာမှပြင်ဆင်ချယ်သမထား။ ပိတ်ပါးအင်္ကျီလေးနှင့် ထဘီအနက်ပြောင်လေးဝတ်ထားသောနွယ်က လှလွန်းနေသည်လေ။ ကလပ်ထဲမှာဆိုလျှင် နွယ်သည် မီးတောက်လေးနှင့်တူသည်။ ယခုကတော့ အေးအေးငြိမ့်ငြိမ့်စီးနေသော နွယ်။ "ဟကောင် ... နင်ဘာငေးနေတာလဲ စားလေ စကားလည်းမပြော ငုတ်တုတ်ထိုင်နေတယ် ...။" " နင်က ဒီနေ့ တော်တော်လှလို့ ...။" " အံမှာ အရင်နေ့တွေကတော့ မလှဘူးပေါ့ ... ဟုတ်လား။" " ဟုတ်တယ် ... ဟုတ်တယ်အမ မခံနဲ့ပြန်ပြော" ဟု ဆုနှင့် ငယ်ငယ်က ကြပ်သည်။ "အဲ့လို မဟုတ်ပါဘူးဟာ ... နင်က အရင်နေ့တွေထက် ဒီနေ့ပိုလှတယ်လို့ ငါကပြောချင်တာ။" "အမယ် ကိုကောင်လေးက ဒါမျိုးတော့ တတ်သား" ဟု ဆုက စသည်။ ငယ်ငယ်က "အမလေး မဆုရ သူတတ်တာရှိပါ့။"
"ကဲကဲ .. စားသောက်ပြီးရင် ဘုရားသွားကြရအောင်လေ။ ဒီထိပ်နားမှာ ဘုရားရှိတယ်။ ဘုရားပေါ်တက်ပြီး နောက်ဖက်က အအေးဆိုင်လေးမှာ သွားထိုင်ကြတာပေါ့။ အဲ့မှာ အေးတယ်ဟ" ဟုနွယ်ကခေါ်သည်။

ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ မိန်းကလေးတွေ ဘုရားရှိခိုးကြသည်။ သူကတော့ နွယ့်ကိုသာ ငေးနေမိသည်။ ရုတ်တရက် နွယ်ဘာတွေ ဆုတောင်းလဲဟင်လို့ သိချင်စိတ်ဖြစ်လာသည်က ပြင်းပြင်းပြပြ။
အေးငြိမ်းလွန်းလှသည်ကောလေ။ဤလိုနေ့မျိုး ဘာကြောင့်များ ရှားပါးလွန်းရသည်လဲနော်။

ထုံးစံအတိုင်း ကံပစ်ချရာ ကျခဲ့ရသော ဘ၀ကိုပြန်စရပြန်ပြီပေါ့။ လူတွေကို အံ့သြသည်။ မူးမူးရူးရူးနှင့် သူတို့တစ်ညဖြုန်းတီးပစ်သော ပိုက်ဆံသည် သူတို့တစ်လစာ၊ တစ်ခါတစ်ခါ ထို့ထက်ပိုသောအခါ သူအံ့အားသင့်မိသည်။ သူတို့က အပန်းဖြေသည်ဆိုသည်ပဲ။ အော် ထိုသို့သော လူမျိုးများရှိနေ၍လည်း မိမိတို့ အလုပ်ရှိနေသည်ပဲ။ သူနွယ့်ကို လှမ်းကြည့်လိုက်သည်။ နွယ်က စားပွဲတစ်ခုမှ ဧည့်သည်များကို ရီလိုက်မောလိုက်နှင့် ဧည့်ခံနေသည်။ ဆလိုက်မီးရောင် တချက်တချက်ထိုးသွားသည့်ကြားမှ နွယ့်ကို တချက်တချက် မြင်နေရသည်။ ဧည့်သည်က စကားလည်းပြော၊ လက်ကလည်း အငြိမ်နေသည်မဟုတ်ပါ။ ရံဖန်ရံခါ နွယ့်ပုခုံးပေါ်မှာ၊ ရံဖန်ရံခါ စကပ်တိုလေးအောက်မှ နွယ့်ပေါင်ပေါ်မှာ၊... သူမည်မျှအကြာကြီးကြည့်နေမိသည်မသိ ... သူသတိထားမိချိန်တွင် နွယ့်မျက်လုံးနှင့် အကြည့်ချင်းဆိုင်မိပြီ။
နွယ်မျက်နှာလွဲသွားပြီး ဧည့်သည်၏လက်ကို အသာတွန်းလိုက်တာ သူမြင်လိုက်သည်။ သူသက်ပြင်းချလိုက်ရင်း တခြားဘက်သို့ လျှောက်သွားလိုက်တော့သည်။

ကလပ်ပိတ်ပြီမို့ သူသိမ်းဆည်းစရာရှိသည်များသိမ်းဆည်းကာ အောက်ကိုဆင်းလာခဲ့သည်။ လှေကားတစ်ဆစ်ချိုးလေးကို ကွေ့လိုက်ချိန် ထောင့်နားတွင်ရပ်နေသည်က နွယ် ... ။ "နွယ် ... ကားပေါ်မတက်သေးဘူးလား ။" " နင့်ကို စောင့်နေတာ။" " အော ... ။" " ဒီနေ့ အလုပ်မရှိဘူးပေါ့။" "မဟုတ်ဘူး ... နင်နဲ့တွေ့ချင်လို့ ငါဘယ်မှလိုက်မသွားတာ။" " သူ အံ့အားသင့်နေသည်။" " နင် ... ငါ့အိမ်လိုက်ခဲ့ ... အဆောင်ပြန်မအိပ်နဲ့တော့။" " အ... င်း ...။" စိတ်ထဲ ဇဝေဇ၀ါနှင့် ကားပေါ်သို့ နွယ်နှင့်တူတူတက်ခဲ့သည်။ သူဆင်းရမည့်နေရာတွင် မဆင်းဘဲ နွယ်နှင့်အတူလိုက်ဆင်းသွားသောသူ့ကို ကားပေါ်မှ ကျန်နေသူများက မည်သို့ထင်မည်နည်း။ "အော် ... နွယ်တောင်မတွေးတာ ... ငါကဘာတွေးနေတာတုန်း။" သူနွယ့်ကို ချစ်တာပဲသိသည်။

နွယ့်အိမ်လေးသို့ သွားရာလမ်းသည်မှောင်မဲနေသည်။ နွယ်ကတော့ သွားနေကျမို့ တန်းတန်းမတ်မတ်သွားနိုင်သော်လည်း သူကတော့ နွယ့်နောက်နားခပ်ခွာခွာမှ ဖြေးဖြေးချင်းစမ်းသွားနေရသည်။ နွယ်က ငါ့လက်ကို တွဲထား။ သူ ... ရင်တထိတ်ထိတ်နှင့် နွယ့်လက်ကိုလမ်းဆွဲလိုက်သည်။ နွယ်လက်ကိုသာသာတွဲရင်း အိမ်သို့သွားစဉ် အိမ်သို့ရောက်လျှင် ဒီလက်ကလေးကို ဖြုတ်လိုက်ရမှာ နှမျောတွန့်တိုနေမိသည်။ ... ... ... ...

ဆက်ရန် ... ... ... ... ...

12 comments:

purplemay said...

ဘုရားရင်ပြင်ပေါ်မှာ ဘုရားရှိခိုးနေတဲ့ သူတို့အတွက် အဲ့လို အေးချမ်းတဲ့နေ့လေးတွေ ဘာလို့များရှားပါးနေပါလိမ့်...။
အင်း...ဖြတ်လိုက်တဲ့ နေရာကတော့ တကယ့်ကိုရီးယားကားပဲ ....။
အပိုင်း (၃) မျှော်.....

ကြည်ဖြူပိုင် said...

ဂွတ်တယ်ကိုယ်တော်........တမ်ပိုမြင့်လာတဲ့အချိန်မှာဖြတ်ချလိုက်တာတော့ ဆိုးတယ်ကိုယ်တော်
:P

အိမ် said...

လုပ်ပါဟ ဇာတ်ရှိန်မြင့်လာမှ.... အဟီးဟီး .. တမျိုးမထင်ပါနဲ့ ကျနော်ပြောတာက အဟီး.... ဇာတ်ရဲ့ ကျောရိုးကိုပြောတာပါ .ဟိဟိ .... ။
စောင့်နေပါတယ်ဗျို့ အဆုံးသတ်ကို ကြိုတွေးမိပေမဲ့ အဲဒီလို အဆုံးမသတ်ပါစေနဲ့လို့ ဆုတောင်းနေမိတယ်ဗျာ။ ကောင်လေးကိုလဲ ကံကောင်းစေချင်သလို၊ ကောင်မလေးကိုလဲ အဲဒီဘဝထဲက ဆွဲထုတ်လိုက်စေချင်တာပါ။

အနော် said...

မိုးတိမ်အကြောင်းသီချင်းလေးကိုပဲ
ခန ခန နားထောင်ဖြစ်နေတယ် အကိုရ

black.pirate said...

ဆက်နေတာချည့်ပဲ......

မြစ်ကျိုးအင်း said...

ဇာတ်အိမ်ကဖတ်နေကြမျိုး မဟုတ်လို့ သဘောကျမိတယ်။

အဖြတ်အတောက်ကလည်း ကျွမ်းပါ့ဗျာ
အရှိန်လည်းရရော ဆက်ရန်တဲ့

ဘယ်တတ်နိင်မလဲဗျာ စောင့်ဖတ်ရမှာပေါ့ နော့

မြစ်ကျိုးအင်း said...

အချိန်ရရင်တော့ များများရေးစေချင်တာပါပဲ
ဖတ်ရတာ ပို အားရအောင် (ကိုယ်ချင်းမစာဘဲ လောဘ ကြီးမိတာ စာဖတ်ချင်စိတ်ကြောင့်ပါဗျာ)

နေမိုးဝေ said...

တော်ပြီဗျာ လာမဖတ်တော့ဘူး
:)
ဟဲဟဲ နောက်တာ ဖတ်ရတာအားမရလို့
အပြင်မှာ အဆုံးထိရေးပြီးသားရှိနေရင်
ချက်ချင်းလာယူဖတ်ချင်တယ် တကယ်။

ပြီး-ပြီးရောပြောတာမဟုတ်. . မြန်မြန်ဆက်တင်ပါခင်ဗျာ။

Anonymous said...

ဒေါသများ အလိပ်လိုက်နှင့် ပြန်သွားပါသသည်။ ကောင်းခန်းရောက်မှ ဆက်ရန်လုပ်တဲ့အတွက် ကိုယ် ကိုယ်တိုင်လည်း ကောင်းခန်းရောက်ရင် ဆက်ရန် ကြုံပါစေ။း) ခင်မင်စွာနှင့် စ သွားပါသည်။

jeujeu

littlebrook said...

လာအားပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ် ... ဒါပထမဆုံးရေးဖူးတဲ့ ၀တ္ထုမို့ အမှားပါလည်း ခွင့်လွတ်ကြပါ ...
ဆက်ရန်တွေဖြစ်နေတာက အရှည်ကြီးတင်ရင် အီသွားမှာစိုးလို့ အပိုင်းလေးတွေ ဖြတ်တင်တာပါ ... ကိုနေမိုးဝေရေ အပိုင်းတစ်တင်ချိန် နှစ်က ရေးပြီးသား၊ နှစ်တင်တော့လည်း သုံးကပြီးပြီး) .. ခုလေးအတွက် တွေးနေတုန်း ...

jr.လွင်ဦး said...

ခေါင်းစဉ်ကတော့ စိတ်ကူးယဉ်ဆန်ပေမယ့် အထဲက အကြောင်းအရာက လက်တွေ့ဆန်တယ်။
မှတ်ချက်။ အပိုင်း ၂ ဖတ်ပြီး ကော့မန့်သာဖြစ်ပါ၏။း)

နန်းညီ said...

အင်း .............