Saturday, December 26, 2009

မိုးတိမ်အကြောင်း (၄)

သူနှင့်နွယ်ချစ်သူတွေဖြစ်သွားသည်ကို သိပ်မကြာမီပင် ကလပ်မှလူများ အားလုံးသိသွားကြသည်။ မိန်းကလေးများကတော့ ၀မ်းသာအားရ အားပေးကြသည်။ ကိုစိုးကြီးကတော့ သူ့ပခုံးကိုဖက်ရင်း "တော်တော်သတ္တိကောင်းတဲ့ကောင်တဲ့။" တားလို့မရခဲ့သော်လည်း ကိုယ့်လူကတကယ်ချစ်ပြီဆိုတော့ ဘာမှမကောင်းမပြောတော့။

စားပွဲများကို စောင့်ကြည့်နေရင်းပင် နွယ့်ကိုလှမ်းကြည့်မိပြန်သည်။ ဧည့်သည်ဝိုင်းတွင် အရက်ငှဲ့ပေးနေသောနွယ်က သူ့ဘက်လှည့်လာပြီး မျက်စိတစ်ဖက်မှိတ်ကာ ပြောင်ပြသည်။ သူပြုံးမိသည်။ နွယ်သည် ထူးဆန်းပါသည်။ ဧည့်သည်များမရှိဘူးဆို သူအနားသို့နွယ်ရောက်လာတတ်သည်။ "ဟေ့ရောင်" ဟုခေါ်ပြီး စကားတွေပြော၊ တခါတရံ သူ့ကိုတိတ်တိတ်ခိုးနမ်း၍ ပြေးသွားတတ်သည်။ သူလား ... သူကတော့ ထိုကဲ့သို့သောအချိန်တွင်ပျော်သည်ပေါ့။

ထီကလည်းမပေါက်တတ်ဟု သူတွေးနေမိသည်။ ထီပေါက်ရင် အိမ်လေးဝယ်ပြီး သူတို့နှစ်ဦးနေကြမည်။
မွေးမြူရေးလုပ်ငန်းသေးသေးလေး သို့မဟုတ် အိမ်ဆိုင်လေးဖွင့်ပြီး နွယ်ကဈေးရောင်း သူကတခြားမည်သည့်အလုပ်မဆိုလုပ်ကာ နေနိုင်သည်ဟု သူတွေးမိသည်။ သို့သော် သူတို့နှစ်ဦးစလုံးသည် တစ်ကိုယ်ရည်တစ်ကာယသမားများမဟုတ်ကြပါလား။

နွယ်လာပြီး ပခုံးကိုပုတ်ရင်းပြောသည်။ "နွယ် ဒီည အလုပ်ရှိတယ် ..." နွယ်သည် သူ့မျက်နှာကို တည့်တည့်ပင်ကြည့်၍ ပြောသည်။ သူလည်း ဘာစကားမှမဆို နွယ့်ကိုသာကြည့်နေမိသည်။ "အင်း .. ဘယ်ဝိုင်းကလဲ။" ဧည့်သည်ပုံစံတွေက မူးပြီးသောင်းကျန်းလား။ နွယ့်ကို ရစ်နေမလား။ အကြမ်းပတမ်းဆက်ဆံမလား။ ဤအလုပ်တွင် ဧည့်သည်က မည်သို့ပင်ရမ်းကားပါစေ။ အောက်တန်းကျ ယုတ်မာပါစေ။ နွယ်တို့လို အလုပ်သမားတွေက မည်သို့မျှ ပြန်လှန်တုန့်ပြန်ခွင့်မရ။ ဤအလုပ်သည် တရားဝင်လည်းမဟုတ်။ ကိုယ်ကျင့်တရားအရ အောက်တန်းကျသည်ဆိုသော်ငြား ဤအလုပ်လောက် ရှေးကျသောအလုပ်လည်းမရှိပေ။ သူသည် များများမတွေးတတ်။ သူများအတွက်လည်းမတွေးတတ်။ သူ့ချစ်သူ နွယ်၊ သူ့သူငယ်ချင်း ငယ်ငယ်နှင့် ဆုအတွက်သာ သူတွေးသည်။ သူတို့ကို သူထိုသို့မမြင်ချင်ပါ။

"ဟေ့ကောင်လေး ကြမ်းပေါ်ကျနေတယ့် တစ်ရှူးစတွေ ကောက်လိုက်ဦး။" ကိုစိုးက သူ့ကိုပြောသည်။
ဟုတ်တယ် တစ်ခါသုံး တစ်ရှူးစတွေလိုပါပဲ။ တစ်ခါသုံးတစ်ရှူးစတွေလိုပဲ။

နွယ်က သူလည်းကူကောက်ပေးရင်း ဖြေသည်။ "နံပတ်တစ်ဆယ့်နှစ်က နင်ဒီကနေကြည့် ဟိုရုပ်ဖြောင့်ဖြောင့်နဲ့လူ မျက်မှန်နဲ့လေ။" " အင်း... ... ...။" နွယ်သည်သူ့မျက်နှာကို ကြည့်နေဆဲ။ "နွယ်ရာ ငါ့ကိုမကြည့်စမ်းပါနဲ့" သူပြောလိုက်သည်။ နွယ်က ... "နင်စိတ်ဆင်းရဲနေလားဟင်။" " ဟင့်အင်း ... ။" သူညာလိုက်ပါသည်။ သူညာမှန်း နွယ်လည်းသိသည်ကို သူသိပါသည်။ "နွယ် ... ငါ့ကိုတမျိုးမထင်ရင် ငါတစ်ခုမှာမယ် ရမလား။" " နွယ်က အင်း ... ဘာလဲ ... ပြော .. ရတယ်။" အင်း ... ဒါချစ်သူတစ်ယောက်ကမှာတာ သဘာဝမှကျမှ ကျရဲ့လားမသိဘူး။ "ဟိုလေ ... နင် ဧည့်သည်လက်ခံရင် ကွန်ဒုံးတော့သုံးနော်။" နွယ်သည် သူ့ကိုဘာမှမပြော ... သူ့ပါးပြင်ကို လက်ဖ၀ါးလေးဖြင့်လာထိလိုက်ရင်း "စိတ်ချပါ ငါ ဂရုစိုက်ပါတယ်။" ကလပ်ကို WHO မှ HIV စီမံချက်ဖြင့်လိုက်လံ ဟောပြောစဉ်က သူကောနွယ်ပါ နားထောင်ခဲ့သည်။

သူ နွယ့်ကို ရောဂါမရစေချင်ပါ။ သူနွယ့်ကို ချစ်ပါသည်။ ရောဂါရနေခဲ့လျှင်သော်မှ သူနွယ့်ကို ချစ်ပါသည်။ "နင်က အဲ့ဒါငါ့ကို သတိပေးတော့ နင်က အဲ့ကိစ္စတွေကို စိတ်ဝင်စားလို့လား" ဟု နွယ်က ရယ်ကျဲကျဲမေးတော့ သူဖြေရခက်နေသည်။ "တော်ဟာ ... ၊" သူအော်လိုက်တော့ နွယ်ကရယ်သည်။ "ကောင်လေးတစ်ယောက် ရှက်နေတယ်ဟဲ့" ဟုအော်လိုက်ရာ အနားမှာရှိသောမိန်းကလေးများ ၀ိုင်းလာပြီး သူ့ကို တစ်ယောက်တစ်ခွန်းစတော့သည်။

သူရှက်ပြီး အရက်စပ်သောနေရာဖက်လျှောက်သွားရာ ကိုစိုးက "မင်းကိုဘာနောက်နေကြတာလဲဟုမေးသည်။" " သည်လိုပါပဲ ကိုစိုးရယ် ...။" သူ နွယ့်ကိုလှမ်းကြည့်တော့ နွယ်က ၀ိုင်း တစ်ဆယ့်နှစ်သို့ သွားနေပြီ။ နွယ့်ကို နောက်ဖက်မြင်ကွင်းမှ ငေးကြည့်ရင်း သူ သူ့ကိုယ်သူမေးသည်။ မင်းနွယ့်ကို ဟိုလိုလို ဒီလိုလိုဖြစ်လား။ အင်း ... သူသေချာမသိ။ သူနွယ့်ကို ချစ်တုန်းက သူထိုစိတ်များမရှိ။ နွယ့်နှင့်ချစ်သွားတော့လည်း နွယ်သည် တစ်ချိန်လုံး သူစိမ်းယောက်ျားများ၏ အဖြည့်ဆည်းခံသာ။ သူကို ထိုသို့သော ယောက်ျားများလို ထင်သွားမည်ကို သူစိုးရိမ်သဖြင့် နွယ့်ကို သူ နမ်းတောင်မနမ်းမိခဲ့။ ခု နွယ်က သူ့ကိုမေးပြီ။

"စားပွဲ တစ်ဆယ့်နှစ်က ခေါ်တယ်။" သူအလန့်တကြားဖြစ်သွားသည်။ ထို့နောက် သူလှမ်းသွားလိုက်သည်။
သူ စားပွဲရှေ့၌ ရပ်လိုက်သည်အထိ စားပွဲဝိုင်းမှလူများက သူ့ကိုဂရုမပြုနိုင်သေးပါ။ မျက်မှန်နှင့်ပုဂ္ဂိုလ်သည် နွယ့်ကိုရင်ခွင်ထဲ ထည့်ဖက်ထားရင်း ဘာတွေတတွတ်တွတ်ပြောနေမှန်းမသိ။ "အကို ကျွန်တော့်ကို ဘာမှာမလို့လဲ ခင်ဗျာ ... "သူမေးလိုက်သည်။ နွယ်က "အကို .. ဟိုမှာမေးနေတယ်" လို့ သတိပေးမှ ထိုသူက .. "အင်း ... နောက်ထပ် ၀ီစကီ၊ ဆော်ဒါနဲ့ နှစ်ခွက်စပ်ပေးကွာ" ဟုမှာသည်။ "အို ... နွယ်မသောက်ပါဘူး .." ဟုနွယ်က ငြင်းရာ ထိုသူက "မရဘူး သောက်ရမယ"်ဟုဆိုကာ ဇွတ်မှာသည်။ နွယ်သူ့ကို မျက်စိမှိတ်ပြလိုက်မှ သူထွက်လာခဲ့သည်။ "နိုင်လင်းရေ နွယ့်အတွက် အချဉ်တစ်ခွက်၊ ဧည့်သည်အတွက် အချိုဟ" ဟုသူမှာလိုက်ရာ နိုင်လင်းက တဟားဟားရယ်သည်။ ပြီးတော့ "မင်းပုဂ္ဂိုလ်ခြေတွေလက်တွေတောင်မလှုပ်နိုင်အောင် စပ်ပေးလိုက်ရမလား" ဟု မေးသည်။ သူက "နေပါကွာ" ဟုပြောရင်း ခွက်များကို သယ်လာကာ ချပေးလိုက်သည်။ ဧည့်သည်ခွက်ကို ဧည့်သည်ရှေ့ချပေးလိုက်ရင်း နွယ့်ခွက်ကို နွယ့်ဘက်တိုးပေးလိုက်သည်။

ဆက်ရန် .... .... ....

10 comments:

ကြည်ဖြူပိုင် said...

ခွက်မှားသောက်မိရင်တော့
နွယ်မူးသွားမှာပဲနော်

တူးမာ said...

အဲဖတ်ကောင်းနေမှ တန်းလန်းကြီး... သစ်စေ့တော့မလုပ်နဲ့နော် အီစိုင်း စောင့်ဖတ်မယ်....

အနော် said...

တိန် ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး...
အဆုံးသတ်ကိုသာ မရဲတရဲ မျှော်နေမိတော့တယ် ဟူးးးးးးးးးးးးးးးးးးးး

အိမ် said...

စိတ်ကမရှည်တော့ဘူးနော်... တင်းလာပြီ.. လုပ်ပါဗျ ဖတ်ရတာ ဖီးပျက်တယ်။

အိမ် said...

ဇာတ်လမ်းကို တော်တော်လေး စိတိဝင်စားနေလို့နော်... ဒီလောက်သည်းခံနေတာ နို့မို့ဆိုလို့ကတော့ ဖိလေတဲ့ငပုတ် ဖုတ်တယ်တောင် မထင်ဘူး။

littlebrook said...

သီးခံကြပါခင်ဗျာ သီးခံတော်မူကြပါခင်ဗျာ ...း)
ကျွန်တော့်မှာလည်း အလုပ်လုပ်ရင်းတောင် ဒီအကြောင်းတွေပဲတွေးနေမိပါရဲ့ ... အဲ့လောက်လေးတွေကိုတောင် ကြိုးစားရေးနေရတာကြောင့် ဆန့်တငံ့ငံ့ဖြစ်သွားရင် ခွင့်လွှတ်ကြပါဗျ
ကြည်ဖြူ - စိတ်ချ ခွက်မမှားအောင် သေချာပေးလိုက်တယ်း)
မတူးမာ - အမနော် အဟောင်းတွေပြန်မပြောကြေး ရှူး တိုးတိုး
အနော်လေး - တိန် .. အဆုံးသတ်လား .. ဟီဟိ
အိမ် - အမလေးဗျာ .. အားပေးသူကြီးကလည်း ..း)

နန်းညီ said...

တစ်ခုတော့ အထွန့်တက်ချင်လို့

SDL said...

အားလုံးပြီးမှ ဖတ်လိုက်ရ တော်သား...။ :(

purplemay said...

ချစ်တတ်ကြတော့လည်း...အင်း...ကောင်းပါသည်ပေါ့လေ....:)
(ကျန်တဲ့အပိုင်းတွေ မြန်မြန်ရေး...ဟီး)

မြစ်ကျိုးအင်း said...

ဖတ်ရင်းနဲ့ မွန်းကျပ်လာတယ်ဗျ ဝင်ခံစားပေးလို့ မရလောက် အောင်ပါပဲ။ စာရေးသူရဲ့ လက်စွမ်းပါပဲဗျာ။
အားလုံးပြီးရင် တစုတစည်းတည်း ပြန်တင်ပေးဗျာ