Wednesday, January 20, 2010

မိုးတိမ်အကြောင်း အပိုင်း(၆)

လေးဘက်လေးတန် ၀ိုင်းရံထားသော အုတ်ရိုးအမြင့်ကြီးကို သူကြည့်ကာ ဤနေရာသည် လောကတွင် အမှောင်မိုက်ဆုံး နေရာဟုသူတွေးထင်မိသည်။ သူ ဒီနေရာသည် သူနှင့်မဆက်စပ်၊ မသက်ဆိုင်သူ ဖြစ်သည်ဟုလည်း သူထင်နေသည်။

ညဘက်အိပ်စင်ထက်တွင် လှဲလျောင်းရင်း အိပ်ဆောင်သစ်သားတန်းများကြားမှ ၀င်လာသောလရောင်ကို ကြည့်ကာ သူနွယ့်ကိုလွမ်းသည်။ အမေ့ကိုလွမ်းသည်။ ကလပ်တွင် သူအလုပ်လုပ်ခဲ့သည်များကို ပြန်သတိရသည်။ ကလပ်တွင်ရှိစဉ်တုန်းက ကလပ်မှထွက်ချင်သလောက် ယခုထောင်ထဲသို့ရောက်သောအခါ သူကလပ်တွင် နေထိုင်လှုပ်ရှားခဲ့သည်များက ဘာမှမဆိုးဟု သူထင်လာသည်။

ဘ၀တက္ကသိုလ်ကြီးအတွင်းသူနေရစဉ် သူရိုရိုကျိုးကျိုး ရိုးရိုးကုပ်ကုပ်နေသဖြင့် ပထမနှစ်ကုန်စဉ်မှာပင် သက်သာသောအလုပ်ကို ပြောင်းရသည်။ ထောင်စိုက်ခင်းများတွင် တာဝန်ကျခြင်းဖြစ်သည်။ ထိုစိုက်ခင်းတွင်ပင် သူ့ကိုစိတ်ဝင်စားစရာ အကြောင်းများပြောပြမည့်သူတစ်ဦးနှင့် ဆုံဖြစ်ခြင်းပင်ဖြစ်သည်။ ထောင်စိုက်ခင်းများတွင် တာဝန်ကျသူများသည် အပြင်သို့ထွက်ခွင့်ရသည်။ မနက်မှ စထွက်ပြီး ညနေမှ ထောင်တွင်းသို့ပြန်ဝင်ရသည့်အလုပ်မျိုးဖြစ်သည်။ ထိုနေ့တစ်ရက်တာ တာဝန်ကိုပြီးအောင်လုပ်ပြီးသည်ဆို ကျန်အချိန်များတွင် သစ်တစ်ပင်အောက် နားနားနေနေထိုင်နေလို့လည်း ရသည်။ သူတို့ကို စောင့်ကြပ်သည့် ထောင်ဝန်ထမ်းများကလည်း ဘာမှမပြော။

ကိုကျော်သည် သူတို့အဆောင်မှမဟုတ်။ ကိုကျော်က နိုင်ငံရေးမှုဖြင့်ကျလာခြင်းဖြစ်သည်။ သူတို့နှင့် ကိုကျော်တို့အဆောင်ခြင်းမတူသလို လူပုံများလည်း မတူပါ။ ကိုကျော်တို့အဆောင်မှ ထောင်သားများသည် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ရှိသည်။ နိုင်ငံရေးကို သူနားမလည်ပါ။ သိလည်းမသိ၊ စိတ်လည်းမ၀င်စားပါ။ သို့သော် ကိုကျော့်ကိုတော့ သူစိတ်ဝင်စားသည်။ ကိုကျော်သည် အသားညိုညို ဆံပင်တိုတိုထောင်ထောင်နှင့် စကားကိုပြတ်ပြတ်ပြောတတ်သော်လည်း တစ်စုံတစ်ရာနားမလည်သည်ကို ရှင်းပြလျှင်တော့ လေအေးလေးနှင့် ပြောတတ်သူလည်းဖြစ်သည်။

တစ်ရက်သူ တာဝန်ပြီး၍ သစ်ရိပ်အောက်ထိုင်နေစဉ် ကိုကျော်ရောက်လာခြင်းဖြစ်သည်။ သစ်ပင်အောက်သို့ သူလည်းအရိပ်လာခိုခြင်းဖြစ်သည်။ စတွေ့တွေ့ခြင်း မည်သူမျှစကားပြောဆိုခြင်းလည်းမရှိသေး၊ ထို့နောက်တွင်မှ ကိုကျော်က အိတ်ထဲမှ ဆေးပေါ့လိပ်နှစ်လိပ်ထုတ်လိုက်ရင်း ဆေးလိပ်သောက်ပါဦးဆိုကာ တစ်လိပ်လှမ်းပေးသည်။ သူက ကျေးဇူးအကိုဟု ပြန်ပြောရင်း ဆေးလိပ်ကိုယူလိုက်သည်။

ထောင်ထဲတွင် တစ်ယောက်ကို တစ်ယောက်စတွေ့ပြီး မေးမြန်းလျှင်ပထမဆုံးမေးလေ့ရှိသော မေးခွန်းမှာ ဘာမှုနဲ့လဲဆိုသည်ပင်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ သူ့ကို ကိုကျော်ကလည်း ထိုသို့ပင်မေးခဲ့သည်။ လူသတ်မှုဆိုတော့ ကိုကျော်က အင်းဟုသာ ဖြေပါသည်။ အံ့သြဟန်လည်းမပြပါ။
ဤမှအစပြုကာ သူ့ဘ၀တွင်မမေးဖူးသော မေးခွန်းများကိုယ့်ကိုယ်ကို မေးရန်၊ သူနားမလည်သော အတွေးများကို တွေးမိရန် အကြောင်းဖန်လာခြင်းပင်ဖြစ်သည်။

ကိုကျော်ကို ဘာမှုနဲ့လည်းဟုမေးတော့ ကိုကျော့်အမှုက သူ့ထက်ပင်ကြီးမားသယောင်။ နိုင်ငံတော်အေးချမ်းသာယာရေးကို ထိပါးနှောက်ယှက်သော စည်းရုံးလှုံဆော်မှု။ ကိုကျော်ကတော့ ပြောသည် " ဒီခေတ်မှာ တပ်ချင်တဲ့ပုဒ်မတပ်ပြီး လူတစ်ယောက်ကို ထောင်ထဲသွင်းလိုက်လို့ အလွယ်လေးတဲ့။ "
သူ မေးကြည့်သည်။ ဘာကြောင့်နိုင်ငံရေးလုပ်တာတုန်း။ ကိုယ့်ဟာကိုယ် အေးအေးနေပါလားလို့။
သူရန်ကုန်လာတော့ အမေကမှာသည် ရုတ်ရုတ်သဲသဲထဲ ကိုယ်ဝင်မပါနဲ့။ အလုပ်ဝင်တော့လည်း ကိုယ့်အလုပ်ကိုယ်လုပ်ကွ မဆိုင်တာတွေထဲ ၀င်မပါနဲ့ဟု မန်နေဂျာက ပြောသည်။ သူတို့ပြောသော ရုတ်ရုတ်သဲသဲတို့၊ ကိုယ်နှင့်မဆိုင်တာတို့ ဆိုသည်မှာ နိုင်ငံရေးကိုပြောခြင်းဖြစ်သည်ကို သူသဘောပေါက်သည်။ တက္ကသိုလ်တက်တော့ ကိုယ်ရေးရာဇ၀င်ဖြည့်ရာတွင် နိုင်ငံရေးကင်းရှင်းပါသည်ဟူသော ခံဝန်ချက်လက်မှတ်ထိုးရသည်။ နိုင်ငံရေးဆိုသည်မှာ အစိုးရနှင့် အစိုးရကိုဆန့်ကျင်သူများ၏ အလုပ်သာဟု မှတ်ယူလျက် သူနှင့်ဝေးနေခဲ့သည်။

" နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးကိစ္စကို လုပ်ဆောင်တာ" ဟု ကိုကျော်ကပြောသည်။ "နိုင်ငံရဲ့အရေးကိစ္စကို အစိုးရကလုပ်မှာပေါ့။ ပြည်သူကလုပ်စရာမှ မလိုတာ" ဟု သူပြောတော့ "အစိုးရက ကောင်းကောင်းမစွမ်းဆောင်နိုင်ရင် ပြည်သူက ကန့်ကွက်ရမယ်။ အစိုးရက ပြည်သူအကျိုးစီးပွားအတွက် ပြည်သူကရွေးချယ်ခန့်အပ်ထားတာဖြစ်ပြီး သူ့အလုပ်က ပြည်သူတွေသက်သာချောင်ချိအောင် ပြည်သူတွေဘ၀တိုးတက်လာအောင်လုပ်ပေးရမှာ... ... ၊
တကယ်လို့ အုပ်ချုပ်သူအစိုးရက သူ့အလုပ်ကိုပျက်ကွက်ရင် ပြည်သူကသူ့ကို သတိပေးရမယ်၊ ကန့်ကွက်ရမယ်၊မရရင် ဆန့်ကျင်တော်လှန်ရမယ်" ဟု ကိုကျော်ကပြောသည်။

" ပြီးတော့မင်းကိုမေးမယ်... ခုအစိုးရက မင်းခန့်ထားတာလား" တဲ့ .. ကျွန်တော်က "ဘယ်လိုခန့်မှာတုန်း ကျွန်တော့်အဖေတို့လက်ထက်ကတည်းက ရှိနေတာမဟုတ်လား"ဆိုတော့
ကိုကျော်က "အေးကိုယ့်ဟာကိုယ် ခန့်ထားတဲ့အစိုးရ။ နောက်တစ်ခုက မင်းနဲ့မင်းပတ်ဝန်းကျင်က လူတွေအဆင်ပြေလား မင်းကြည့်" လို့ ပြောသည်။ "အင်း... ကျွန်တော့်ပတ်ဝန်းကျင်ကတော့ ဘယ်အဆင်ပြေမှာတုန်း အကိုရ။" " နောက်တစ်ခု မင်းတို့ကလပ်မှာ အရာရှိကြီးသားသမီးတွေ လာမသောင်းကျန်းဘူးလား။" " ဟာ သူတို့ဆို ကျွန်တော်တို့ကလည်း ဘာမှမတတ်နိုင်ဘူး ရဲတွေကလည်း ဘာမှမတတ်နိုင်ဘူး သူတို့လုပ်ချင်ရာလုပ်တာပဲ" ဆိုတော့ "မင်းအဲ့လိုလုပ်ရင် ဘာဖြစ်မလဲ ထောင်ကျမယ်၊ အချုပ်ကျမယ်။ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေက သူတို့အတွက်မဟုတ်ဘဲ မင်းတို့အတွက်ပဲရှိတာလား။ မင်းနေတဲ့အိမ်အလုပ်ကို မင်းလုပ်တာ၊ မင်းနေတဲ့အိမ်ကောင်းအောင် မင်းလုပ်တာ နိုင်ငံရေးပါပဲကွာ၊ မင်း ပြန်စဉ်းစားကြည့်ကွ" ဟု သူ့ကို ကိုကျော်က လေအေးအေးလေးဖြင့် မေးခွန်းများစွာမေးလည်းမေးခဲ့၊ ပြောလည်းပြောခဲ့သည်။

သူကျောင်းနေစဉ်က သူ့အတန်းဖော်များနှင့်လည်း ထိုအကြောင်းအရာများကို မဆွေးနွေးမိ။ သူ့အတန်းဖော်များကလည်း ထိုသို့သောအကြောင်းအရာများကို စိတ်ဝင်စားလေ့မရှိပါ။ ကိုကျော်ပြောပြတော့မှ တက္ကသိုလ်ကျောင်းသားများသည် ခေတ်အဆက်ဆက် တော်လှန်ရေးသမားကောင်းများ ဖြစ်ကြောင်းသူသိရသည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂဖွဲ့စည်းထားခြင်းများ ယခင်ကရှိခဲ့ဖူးသည်တဲ့။ ကျွန်တော်တို့ခေတ်တွင်တော့ မည်သည့်အဖွဲ့မျိုးကိုမှ တည်ထောင်ခွင့်မပေးထား။ ရှစ်တန်းကျောင်းသားဘ၀တုန်းကတော့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းလျှောက်လွှာ ဆရာ၊ဆရာမများကလာပေးသေးသည်။ ထိုအသင်းအဖွဲ့ထဲလည်း သူမ၀င်မိ။ သူတို့မြို့လေးမှ ထိုအသင်းအတွင်းရေးမှူးသည် ဓါတ်ဆီမှောင်ခိုရောင်းရင်း ချမ်းသာသွားသည်ကို သူယခုမှပြန်တွေးမိသည်။

အဝေးသို့ငေးရီရီကြည့်ကာ ကိုကျော်မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးများနှင့်အတူ သူ့အတွေးများ ရှုပ်ထွေးနောက်ကျိလျက်။ သူ နွယ့်ကိုသာသတိရချင်သည်။ ကိုကျော့်ကို နွယ့်အကြောင်းမပြောပြရသေး။ နွယ့်အကြောင်းကို မသိစေချင်။ အမေကကော အမေသူ့အကြောင်းကြားပြီး ထိုနေ့ကတစ်ချိန်လုံးငိုနေခဲ့သည်ဟု သူ့မြို့မှလူကြုံထောင်ဝင်စာလာပေးစဉ်က သူသိခဲ့ရသည်။ အပြင်စိုက်ခင်းထဲမှ ထောင်အုတ်ရိုးကြီးကိုလှမ်းကြည့်ပြီး သူအထဲကိုပြန်မ၀င်ချင်။ ကိုကျော်မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးများလို ကောင်းကင်ဆီ လွင့်ပျံတက်သွားချင်လိုက်တာဟု သူတမ်းတမိသည်။


ဆက်ရန် .. ... ...

9 comments:

အိမ် said...

ဟင်... အချစ်ကနေ နိုင်ငံရေးဘက်လှည့်သွားပါလား.. လုပ်ပါဦး နိုင်ငံရေးအကြောင်းလေးတွေ စိတ်ဝင်စားတယ်ဗျ။

အနော် said...

အုတ်ရိုးအတွင်း သံတိုင်တွေကြားက ဘဝတက္ကသိုလ်မှာ ကောင်လေး ဘယ်လိုပညာတွေ သင်ယူနိုင်ခဲ့မလဲ စဉ်းစားရင်း တွေးနေမိတယ်.. ရှေ့ဆက်ပါ အကိုဘရွတ်ခ်ရ ...

တေလေ said...

ကိုကြီးရေ စွတ်ရေး မနေနဲ.ဦး ၀တ္တုက ပြောင်းသွားသလို.. ကိုကြီး ဘ၀ပါ ပြောင်းသွားဦးမယ်ဗျ......... :(

နန်းညီ said...

အေးနော် တေလေ.. ရုတ်တရက် အမြန်စွတ်ပြောင်းသွားသလို ခံစားရတယ်

purplemay said...

အစ်ကို ....ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါ...။ ရက်သိပ်မကြာပါဘူး ။ အ၀တ်အစား အပို တစ်စုံ ၊ နှစ်စုံတော့ထည့်ခဲ့ပေါ့....။
ဂွိဂွိ

Anonymous said...

တိန် ... ငါ့ကိုခြောက်ကြတယ်... (LB)

Anonymous said...

amen LB

(TT)

နေမိုးဝေ said...

ချိုးချလိုက်တာကလည်း အကြီးကြီးပဲ
ဒါပေမဲ့ အဲဒါကလည်း ခေတ်ကို ထင်ဟပ်နေတာပါပဲ
“သူတိုပြောသော ရုတ်ရုတ်သဲသဲတို့၊ကိုယ်နဲ့မဆိုင်တာတို့ ဆိုသည်မှာ
နိုင်ငံရေးကိုပြောခြင်းဖြစ်သည်” ဆိုတဲ့ အယူအဆ က
ကျွန်တော်တို့ မြန်မာလူ့အဖွဲအစည်းမှာ အမြစ်တွယ်ကိန်းအောင်းသွားပြီဗျနော်။

မြစ်ကျိုးအင်း said...

ဂရုစိုက်ပါသူငယ်ချင်း
မိုးတိမ်တွေ ဘယ်အထိ ဆက်လွင့်မလဲ စောင့်ဖတ်နေပါတယ်