Thursday, December 10, 2009

ရဲဘော်ကိုသန်း ...

ရဲဘော်ကိုသန်း .... သူ့နာမည် ရဲဘော်ကိုသန်း။ သူ့ပုံပန်းက ၀၀ပုပု၊ မျက်နှာက ခွေးဘီလူးနှင့်တူပြီး မြင်သူကြည့်သူတိုင်းက သူကြပ်မပြည့်ကြောင်း သိနိုင်သောရုပ်ဖြစ်သည်။ သူနာမည်တွင် ရဲဘော်ဟု အမည်တပ်ထားသော်လည်း စစ်တိုက်ဖူးသည်ဝေးစွ သူသည်ရဲဘော်မဟုတ်မှန်း ရွာကသိကြသည်။ ငယ်စဉ်ကလေးဘ၀က ရွာသို့ပြဇာတ်လာကသည်ကို ကြည့်ပြီးမှ သူ့မိခင်ပေးသောနာမည်ရှေ့တွင် ရဲဘော်တိုးလာခြင်းဖြစ်သည်။

မနက်လင်းလျှင် ရဲဘော်ကိုသန်းတစ်ယောက် အိမ်မှမိခင်အိုကြီး ကျွေးတာစားကာ လမ်းတကာထွက်ပြီ။အိမ်တကာလည်လွန်း၍ ရွာမှခွေးတွေကလည်း မှတ်မိနေပြီ။ ဘယ်အိမ်ကခွေးကမျှ ရဲဘော်ကိုသန်းကို မဟောင်။ ရဲဘော်ကိုသန်းကို ရွာမှလည်း ဂရုမပြုမိကြ။ ရဲဘော်ကိုသန်းကလည်း ရွာကိုသိပ်ဂရုစိုက်သည်မဟုတ်ချေ။

အဖြစ်က မနှစ်ကနှင့် မတူဆိုသည့်အတိုင်း မနှစ်ကရွာထိပ် ဦးအောင်အေးတို့ မြို့မှ တီဗီဆိုသည့်အရာဝယ်လာရာမှ ဇာတ်လမ်းက စလေသည်။ ရွာတွင် တီဗီဆိုသည်မှာ ဝေးလို့ စာအုပ်စာပေဆိုသည်ကလည်း ရွာဦးကျောင်းမှ ဘုန်းတော်ကြီး၏ ဘီရိုတိုက်တွင်းထားသည်များကိုသာ မြင်ဖူးသည့်ရွာ ဂျင်ကလယ်လေးတွင် တီဗီဆိုတာ ဘာများပါလဲဟရို့။ ရွာရှိအိမ်တိုင်းက ဦးအောင်အေးအိမ်ရှေ့တရုန်းရုန်း။ တီဗီဆိုတာ လေးထောင့်သေတ္တာပုံးမဲမဲသာဟု တစ်ယောက်က ပြောလျှင် ဦးအောင်အေးက ပြုံးပြုံး၊ ပြုံးပြုံးဖြင့် ညကျ လာကြည့်ကြလကွယ်ဟု ဆိုလေသည်။

မြို့မှပါလာသော ဦးအောင်အေးတူက ၀ါးလုံးထိပ်တွင် သံငါးရိုးကို ချည်၊ အိမ်ရှေ့တွင်ထူ။ တီဗီကိုဖွင့်ကာ ဟိုချိန်ဒီချိန်လုပ်နေစဉ်ကို လူတွေက တရုန်းရုန်း။ ထိုတရုန်းရုန်းကလေးအုပ်စုထဲတွင် ရဲဘော်ကိုသန်းကပါ မားမား၊ မားမားနှင့်။ တီဗီတန်ခိုးများ တယ်ကြီးသကိုး။ တီဗီပိုင်ရှင်ဦးအောင်အေးက အိမ်ဦးခန်းတွင် ခန့်ခန့်စန့်စန့်၊ တီဗီပိုင်ရှင်ကြီးကတော် ဒေါ်မယ်က ကလေးမျာကို ဟန့်။

ထို့နောက်တွင်တော့ ကျွန်ုပ်တို့ ရွာကလေးတွင် ညစဉ်ညတိုင်း ဦးအောင်အေးအိမ်မှ တီဗီကို အဖော်ပြုကြရလေသတည်းပေါ့။ ထိုသို့တီဗီကြည့်ရာတွင် ကျန်လူများက သတင်းအစီအစဉ်ဆို ပျင်း၍မကြည့်ကြ။ ကလေးများက ရွာလည်လမ်းပြန်ထွက်ကစား။ ဇာတ်လမ်းနှင့် ကြော်ငြာများလာလျှင်ပြန်လာကြည့်ကြ။ ထူးဆန်းသည်က ရဲဘော်ကိုသန်း၊ သူက တီဗီဖွင့်လျှင် ဖွင့်သည်မှစ၍ ဆုံးသည်အထိကြည့်တတ်သူ။ တစ်နေ့ ရဲဘော်ကိုသန်းက ရွာသို့ကြေငြာချက်တစ်ရပ်ထုတ်သည်။ သူ့ကို ယနေ့မှစ၍ ရဲဘော်ကိုသန်းဟု မခေါ်ရန်။ သူနာမည်တွင် ဗိုလ်ချုပ်တပ်၍ ဗိုလ်ချုပ်ကိုသန်းဟုခေါ်ရမည်တဲ့။ ရွာရှိလူအပေါင်းက ရီကြသော်လည်း ကိုသန်းရဲဘော်ဖြစ်ဖြစ် ဗိုလ်ချုပ်ဖြစ်ဖြစ် သူတို့လယ်တောမှ စပါးအထွက်လျော့သွားမည်မဟုတ်၍ ထိုနေ့မှစကာ ရဲဘော်ကိုသန်းကို ဗိုလ်ချုပ်ကိုသန်းဟု ခေါ်ကြလေသည်။

ရွာကလေးဂျင်ကလယ်မှာ တစ်ယောက်တည်းသာရှိသော ဗိုလ်ချုပ်က မနက်လင်းလျှင် တုတ်တစ်ချောင်းကိုင်ကာ ရွာရိုးတလျှောက်လှည့်ပြီ။ အိမ်ဝင်းတစ်ကာဝင၊် မောင်းထောင်းသည်ကို လိုက်ကြည့်၊ ဗိုင်းငင်သည်ကို လိုက်ကြည့်။ မီးဖိုခန်းထဲ ၀င်ကြည့်။ တစ်ခါက မုဆိုးမဒေါ်ရုံ ရေချိုးနေသည်ကို သွားကြည့်သောကြောင့် အဆဲခံလိုက်ရသေးသည်။ ဗိုလ်ချုပ်ကိုသန်းကား ထိုမျှနှင့်အားမရ ရွာပြင်ထွက်ကာ လယ်ထဲဆင်း ကန်သင်းပေါ်မှ ခန့်ခန့်ကြီးလက်ပိုက်ရပ်ကာ ကောက်စိုက်သမများ ကောက်စိုက်သည်ကိုလည်း ကြည့်သည်ဟူသတတ်။ ဗိုလ်ချုပ်သန်းမရောက်သည့်နေရာမရှိ။ ဟိုကြည့်ဒီကြည့် ကြည့်လွန်းရာ ထန်းတောထဲဝင်ပြီး ထန်းရည်ဝိုင်းဘေး ထုံးစံအတိုင်း လက်ပိုက်ကြည့်မိရာ ထန်းရည်သမားသံခဲက ဒီသောက်ရူးဟာ နကန်းတစ်လုံးမှ မသိဘဲ ဟိုကြည့်ဒီကြည့်နဲ့ _ီးလုပ်နေတာလားဟု ဆဲတာလည်း ခံရဖူးသည်။

တစ်နေ့ ဗိုလ်ချုပ်ကိုသန်းတစ်ယောက် မျက်စိလည်လမ်းမှားကာ ရွာဦးကျောင်းရောက်သွားသည်။ ရောက်လျှင်လည်း ထုံးစံအတိုင်းအငြိမ်နေမိလျှင် ဗိုလ်ချုပ်ထုံးစံပျက်မည်မို့ ကျောင်းဝင်းထဲပတ် ဟိုဟာကြည့်၊ ဒီဟာကြည့်။ တုတ်တစ်ချောင်းဖြင့် ဟိုဟာထိုး၊ ဒီဟာထိုး လျှောက်ထိုးလေသည်။ ကျောင်းအောက်တွင် စိတ်တိုင်းကျလှည့်ပတ်ကြည့်ရှုပြီး ကျောင်းပေါ်တက်ရာ ကျောင်းပေါ်ထိုင်နေသော ဆရာတော်က မျက်တောင်သာလှန်၍ ကြည့်သည်။ ကိုသန်းကား ကျောင်းတိုင်ကြီးများကို သူ့လက်ထဲမှတုတ်ဖြင့် တဒေါက်ဒေါက်ခေါက်၊ စာအုပ်ဘီရိုကြီးများကို တဒေါက်ဒေါက်ခေါက် ...သတိလက်လွတ်ပင် လက်ထဲမှ တုတ်ဖြင့် နီးရာပစ္စည်းများကို လိုက်ခေါက်သွားသည်။ ဆရာတော်၏ မျက်တောင်လှန်ကြည့်ရာမှ မျက်မှောင်ကုတ်သော အဆင့်သို့ရောက်ဆဲသကာလ ဗိုလ်ချုပ်ကိုသန်း၏ လက်ထဲမှ တုတ်သည် ဆရာတော်၏ ဦးပျည်းပြောင်ပြောင်ပေါ်သို့ကျရာ ဆရာတော်၏ ဒေါသတို့ကား ဘုရားရှင်ကြွ၍ တရားချလျှင်သော်မှ ငြိမ်းနိုင်မည်မထင်။ ဗိုလ်ချုပ်ကြီးကိုသန်းလည်း အတိုင်းအဆကို သိ၏။ ငါ့လက်က တုတ်ကိုချလိုက်လျှင် ဤတုတ်နှင့်ပင် ငါ့အသက်ပျောက်အံ့ဟု တွေးမျှော်မြင်လျက် တုတ်ကိုလက်ကမချဘဲ ခပ်ပြင်းပြင်းနောက်တစ်ချက်နှက်ရာ ဆရာတော်လည်း ထိပ်ကွဲ၍လဲလေသည်။ ပြီးသည်နှင့် ကျောင်းလှေခါးမှ ၀ရုန်းသုန်းကားဆင်းပြေးသွားရာ ထိုမှစ၍ဗိုလ်ချုပ်ကြီးကိုသန်းတစ်ယောက် ဘယ်ပျောက်သွားမှန်းကို မသိကြတော့ချေ။

ကျွနှုပ်တို့ ရွာသားများမှာကား မနက်ဆွမ်းခံကြွလာသော ဆရာတော်၏ ဦးပျည်းမှ အမာရွတ်ကိုမြင်တိုင်း ဗိုလ်ချုပ်ကိုသန်းကို ဒေါမနဿပွားရသည်။ ဗိုလ်ချုပ်ကိုသန်းကား ထုံးစံအတိုင်း ဘယ်နေရာဝယ် လက်ကြီးပိုက်ကာ ဟိုကြည့်ဒီကြည့် လမ်းသလားနေဦးမည်မသိ။

14 comments:

တေလေ said...

နိုင်ငံတော် လျှို.၀ှက်ချက်ပေါက်ကြားမှု

JulyDream said...

ဗိုလ်ချုပ်ကိုသန်း လက်ချက်က ပြင်းလှတယ်ဗျာ။ နောက်ဆို ကိုသန်းတို့ကို သတင်း သိပ်မကြည့်မိစေနဲ့တော့။

အောင်ဒီကန် said...

:| <<< ဘာမှမမန့်တတ်သဖြင့် လက်ပိုက်ကာရပ်ကြည့်နေပုံ

black.pirate said...

အဟဲဟဲ.. တစ်မျိုးလေးပဲဗျ

purplemay said...

ဟား....မိုက်တယ်ဗျို့ ...ရေလည်ကို ခိုက်တာ....ဒီပိုစ်ကို အရမ်းသဘောကျပါသည်...။

littlebrook said...

အဟား ... ငါရေးထားတာ တကယ်မဟုတ်ဘူးနော် .. စိတ်ကူးယဉ်ပြီးရေးထားတာ ... (ထားဝယ်က လူတွေကမေးတယ် ငါ့ကို ... ဘယ်ကလာ .. တဲ့ .. ဟိဟိ)

မြစ်ကျိုးအင်း said...

ဒီဗိုလ်ချုပ်ကလည်း ဆရာတော်ကို တီးတာပါပဲလားး(

SDL said...

ကြိုက်တယ်..။

လင်းဒီပ said...

ဒီလိုမျိုးလေးတွေလည်း ရေးတတ်တယ်ပေါ့...:)

K said...

ရဲဘော်ကိုသန်း ၀တ္ထုဖတ်ပြီး ဟိုး၉၀ကျော်ကာလတွေက ဗမာ့မဂ္ဂဇင်းတော်တော်များများမှာ ရေးခဲ့ကြတယ့် ၀တ္ထုဟန်လေးတွေကို သတိရသွားတယ် ၀င်းဖေတို့ ညီပုလေးတို့ အများဆုံးလက်စွမ်းပြခဲ့တာတွေလေး)

myint said...

အရမ်းမိုက်တယ်...
အဲဒီအရူးကိုအရူးထောင်ပို့လိုက်ပါလား....

နန်းညီ said...

ရေးပုံအဆန်း.. ...

အိမ် said...

ဘယ်သူ့ကို ရည်ရွယ်တာလဲဟင်... တထုထုတော့ တထုထုပဲ. အဟားဟား... အရူးက အရူးပါးနော်.. သူခံရမှာတော့ သိသားဗျ...။

နေမိုးဝေ said...

ရှင်းသန့်လက်တို့လိုက်လို့ ရဲဘော်ကိုသန်းကို လာဖတ်သွားတယ်
လက်ခုပ် အကျယ်ကြီးတီးသွားတယ်ဗျို့