Thursday, September 3, 2009

ကျွန်တော်ရုပ်ရှင်ကြည့်တယ် သိုးတွေအကြောင်း



ကျွန်တော် ခုခွေတစ်ခွေကြည့်နေတယ်။ ၀မ်းနည်းဆို့နင့်ဖွယ်၊
ကြေကွဲဖွယ် ဇာတ်ဝင်ခန်း ... ။ တခါတခါ လှုပ်ရှားတက်ကြွဖွယ်၊
ရင်တထိတ်ထိတ်စွန့်စားမှုများ ...။ ချစ်ခြင်းတရားပါတယ်ဆို
ဒီမှတ်တမ်းကားလေးမှာ မြင်ရသော ချစ်ခြင်းတရားက တော်တော်ကိုကြီးမြတ်ပါတယ်။

စိတ်ဝင်စားဖို့ မလိုပါဘူး... ဂျူ ။ ခံစားဖို့ပဲ လိုအပ်တာပါ..။
စိတ်ဝင်စားဖို့မလိုပါဘူး .. ခရမ်း။ ခံစားဖို့ပဲလိုအပ်တာပါ။ သိုးတွေဟာ
နုံအထိုင်းမှိုင်းတယ်တဲ့ ။ တစ်ကောင်က လမ်းပေါ်ကဖဲ့ဆင်းသွားရင် ဘာမှန်းမသိ
နောက်သိုးတွေကပါ လိုက်ဆင်းတဲ့အကြောင်း ဖတ်ဖူးမှာပေါ့။ ခရစ်တော်
ရင်ဘတ်ထဲမှာ သိုးလေးတစ်ကောင် ပွေ့ထားတာ
ကျွန်တော်အကြိမ်ကြိမ်မြင်ဖူးခဲ့တယ်။ သိုးတွေဟာ အုပ်လိုက် အုပ်လိုက်...
လမ်းမပေါ်မှာ .. ဘုရားသခင်ရဲ့ နိုင်ငံတော်သစ်ဆီသွားဖို့များလား ထွက်လာလိုက်တာ။

သိုးလေးတွေက ကြောက်တတ်တယ်... ဂျူ။ သိုးလေးတွေဟာ ကြောက်ကြောက်နဲ့ပဲ
ထွက်လာတာပါ ။ မီးခိုးတွေ အူထလာတယ်။ သွားရာလမ်းမှာလေ ... ။ ဂျူ .... အိုမင်းနေတယ့်
သိုးတွေက မထူးတော့ဘူးဆိုပြီးထွက်လာတယ် ။ ပျိုရွယ်တဲ့ သိုးတွေက
သိုးအိုကြီးတွေနောက်ကိုထပ်ချပ်မကွာလိုက်တယ် ။ သိုးပေါက်စလေးတွေက
ရှေ့လူတွေကို အားကျလို့ ... ဂုဏ်ယူလို့။ နိုင်ငံတော်သစ်ဆီ သွားရာလမ်းမှာ
... အုပ်လိုက် အုပ်လိုက် .. အဖြူရောင် အဆုပ်အဆုပ်လေးတွေက
တိမ်တိုက်လေးတွေလို ...။

ကြေကွဲဖွယ် ဇာတ်သိမ်းခန်းပါ ။ မှော်ဆန်ဆန်ပါပဲ ... မြွေတွေဟာ
အမြဲစိမ်းတယ်။ စေတန်ဟာ မြွေယောင်ဆောင်တယ် ။ လမ်းမထက်မှာပဲ သိုးတွေကို
ရစ်ပတ် ၊ အဆိပ်ငွေ့တွေနဲ့ မှုတ်ထုတ် ၊ သူ့အကြေးခွံတွေနဲ့ ဖိတွန်းပြီး ...
အမြီးနဲ့ တ၀ုန်းဝုန်းကို ရိုက်တော့တာပဲ။ သိုးတွေဟာ ကြောက်တတ်ပါတယ် ...
ဂျူ။ ဇာတ်လမ်းထဲက ကြည့်နေသူကို ကျွန်တော်ပြန်ကြည့်နေပါတယ်။

သိုးကလေးတွေမှာ အစွယ်မရှိဘူး။ သိုးလေးတွေဟာ ကြောက်တတ်တယ် ။
သိုးလေးတွေဟာ ဘုရားသခင်ရဲ့ ရင်ဘတ်ထဲမှာနေတယ် ။ သိုးလေးတွေဟာ
အပြစ်ကင်းတယ်။ တိမ်တိုက်ဖြူဖြူလေးတွေဟာ ဆည်းဆာမှာ ရဲရဲနီစွေးခဲ့ပြီ ။
ကျွန်တော် ခုခွေတစ်ခွေကို ကြည့်နေပါတယ်။

ဂျူ ... စိတ်ဝင်စားဖို့ မလိုအပ်ပါဘူး ။ ခရမ်းရေ ... စိတ်ဝင်စားဖို့မလိုအပ်ပါဘူး။
ခံစားနားလည်တတ်ဖို့ရယ် ခံစားတဲ့နောက်ကိုတစ်ခါလောက်
ရဲရဲရင့်ရင့်လိုက်ပေးဖို့ပဲလိုတာပါ။

12 comments:

jr.လွင်ဦး said...

ငါခုထက်ထိ အဲသိုးတွေထဲက တစ်ကောင်မဖြစ်နိုင်သေးဘူး ဘရွတ်..
သိရက်နဲ့ မလုပ်နိုင်တာက သိုးလေးကြောက်တဲ့ အကြောက်တရားထက် ပိုပြီးနာကျည်းမုန်းတီးဖို့ကောင်းတယ်နော်..
သိရက်နဲ့ အဲလိုဇာတ်လမ်းတွေ ထပ်မဖတ်ချင်ဘူး..
အဲလိုဇာတ်လမ်းတေတွ တကယ်ရှိနေတာတောင် ငါကတော့ မရှိဟန်ဆောင်လို့..
သိုးလေးတွေ ဘေးကင်းပါစေဟာ..

အနော် said...

ဖတ်ဖူးတဲ့ ကဗျာစာအုပ်တစ်ခုက
စာကြောင်းတချို့ သတိရမိတယ်

'မနှစ်ကတည်းက လွှင့်နေတဲ့ဇာတ်လမ်းမှာ
တစ်အိမ်လုံးလုံခြုံဖို့အမိုးထက်
တစ်ကိုယ်စာထီးရှာသူများအကြောင်း'

သိုးတွေကို အသိမှတ်မဲ့တဲ့စိတ်နဲ့ လိုက်ကြည့်နေမိတုန်းပဲ :(

yangonthar said...

အင်းတွေးစရာ ခံစားစရာတွေ ပြည်လို့ ပါလား ကိုစမ်းချောင်းငယ်ရေ ဖတ်လို့ အင်မတန်ကောင်းပါတယ်
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာပါစေ
:D

စိမ်း... said...

ကိုယ့်ဟာကိုယ် သိုးဖြစ်မှန်းတောင် မေ့လျော့ထားမိနေသလားမသိပါဘူး... ဦးနှောက်အကန်းကြီးတပ်ထားတော့ ကိုယ့်အတ္တပဲကိုယ်ပြန်မြင်နေရတယ်...
သတိပေးတာ ကျေးဇူးပဲရှင်...

တေလေ said...

ကျွန်တော်ရုပ်ရှင်ကြည့်တယ် သိုးတွေအကြောင်း.............

နန်းညီ said...

စိတ်မဝင်စားပဲနဲ့တော့ ခံစားနိုင်ပါ့မလား..
(ဘာရယ်မဟုတ် ကန့်လန့်တိုက်တတ်တဲ့ ထုံးစံအတိုင်း တွေးမိတာလေးပါ)

မယ်ကိုး said...

စာရေးတကယ်ကောင်းတယ်။ အတွးကောင်းလေးတွေနဲ့ ဖွဲ့ထားတဲ့ အက်ဆေးက တိုတိုလေးတွေဆိုတော့ ဖတ်ရတာ မဝသလိုပဲ။
အားပေးလျက်...

လင်းဒီပ said...

သိုးကလေးတွေက ရိုးအစွာ လည်စင်းပေးနေတဲ့ အကြောင်းလေး လှလှပပ ကြေကြေကွဲကွဲလေး တင်ပြထားတယ်လို့ ခံစားမိပါတယ်..။

purplemay said...

ခံစားတတ်ပါတယ်..အစ်ကို..
ခံစားတဲ့နောက်ကို လိုက်ရမှာကိုကြောက်တာထက်....
အင်းနော်..ဆင်ခြေတွေပါပဲလေ...***sigh***

mirror said...

ဟုတ်တယ်။ခံစားတတ်ဖို့ပဲ လိုတယ်။
လိုအပ်နေတာ အဲ့ဒါလေးတစ်ခုပဲ။

ငှက်ငယ်လေး said...

ခံစားတဲ့နောက်ကိုလိုက်ဖို့ ကိုပဲကြောက်နေတယ်

tututha said...

ခံစားတဲ့နောက်ကို တခါမက ရဲရဲရင့်ရင့် လိုက်သင့်တာ .. ဒါပေမယ့် အဲဒါက အပြောသက်သက်ပါ။ မြောင်းပေါက်စလို ရေးတတ်ချင်ပါ့ :)