Tuesday, September 1, 2009

ဒဏ္ဍာရီမြို့တော်သို့ အားသစ်ခရီး

နီယွန်မီးရောင် ၀ါကျင့်ကျင့်က ကတ္တရာလမ်းမပေါ် ဖိတ်ထင်စွန်းပေလျက်ရှိသည်။ တစ်ခုခုကို ငံ့လင့်နေသောမျက်နှာများက နေရာတော်တော်များများတွင် တွေ့နေရသည်။ တီရှပ်အဖြူရောင်ကိုယ်စီ
ဂျင်းပင်န်ကိုယ်စီနှင့် လူငယ်များက အ၀ါရောင်စွန်းထင်းနေသော မျက်နှာများနှင့်။ သူတို့မျက်နှာများတွင်
ပျော်ရွှင်မှု၊ တက်ကြွခြင်းနှင့် မျှော်လင့်ချက်က ထင်ထင်ရှားရှားကို မြင်တွေ့နေရသည်။ ခရီး ... ခရီးတစ်ခု
ဤနေရာမှ စတင်တော့မည်ဖြစ်သည်။

ကျွန်တော် သူတို့ကိုငေးနေမိပါသည်။ တချို့သူများကို ကျွန်တော်သိ၍ တချို့သူများကို မသိပါ။
မည်သို့ပင်ဖြစ်စေ ဤခရီးစဉ်က ကျွန်တော်တို့ကို ရင်းနှီးခင်မင်စေမည်ဖြစ်ကြောင်း ကျွန်တော်သိနေပါသည်။
တီရှပ်အဖြူရောင်က ဖွေးဆွတ်လျက် ... ဆွတ်ဆွတ်ဖြူထဲ အပြာရောင်ထင်းထင်းနှင့် စာတစ်ကြောင်း ...။

"we blog we unite"

ကျွန်တော်တို့ မည်သည်ကိုမျှော်လင့်ခရီးထွက်ကြသည်လဲ ။ ဤခရီးသည် ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်မှုကို အစပျိုးတည်ဆောက်ခြင်းဖြစ်သည်။ ဤခရီးသည် ကွဲပြားခြားနားမှုကို စတင်စုစည်းခြင်းဖြစ်သည်ဟု ကျွန်တော်ခံစားနေမိပါသည်။ မိုးစက်လေးများ ပေါင်းစည်း၍ ခရီးတစ်ခုကို အစပြုတော့မည်ဖြစ်သည်။ ကျွန်တော့်စိတ်ထဲတွင် စိုးစိတ် ရွှံ့စိတ် စိုးစိမျှရှိမနေတော့ပါ။ ကျွန်တော်တစ်ယောက်တည်း မဟုတ်တော့ပါ။

ကျွန်တော်တို့ ခရီးစဉ်စတင်ခဲ့ပါပြီ ။ ခရီး၏ဦးတည်ရာကား ဒဏ္ဍာရီဆန်သော သရေခေတ္တရာမြို့ဟောင်းဆီသို့။ ကျွန်တော်တို့ အားလုံး၏မျက်နှာဝယ် အပြုံးကိုယ်စီ ခုတွဲလျက်။ ကျွန်တော့်ခေါင်းထဲမှ အရာအားလုံးကို ထုတ်ပစ်လိုက်သည်။ အချိန်များ ဖိစီးမှုများ ကားနောက်ဝယ်ကျန်ခဲ့လေပြီ။

ညအမှောင်ထုထဲ ကားလေးက တဟုန်ထိုးပြေးလျက် ။ သီချင်းသံများက ဝေစည်လျက် ။ နီယွန်မီးရောင်များကို တရိပ်ရိပ်ဖြတ်ကျော်လျက် တိတ်ဆိတ်နေသောမြို့တော်က နောက်တွင်တဖြေးဖြေး ဝေးကျန်ခဲ့လေပြီ။
အမှောင်ထုတို့ ပါးလျလာချိန် ကားလမ်းနံဘေးသို့ ချဉ်းကပ်လာသောအရာက ဧရာဝတီ။ အဆက်ဆက်သော ရာဇ၀င်တို့၏ သတို့သမီး ဧရာဝတီ။ မှိုင်းပျပျအလင်းရောင်အောက်တွင် ညင်ညင်သာသာ စီးဆင်းလျက်ရှိသော ဧရာဝတီ။ ခမ်းနားလွန်းလှသော ဧရာဝတီ။ ဧရာဝတီမြစ်က ကျွန်တော်တို့အား နိုးထစေလိုက်သည်။ န၀ဒေးတံတားကြီးမှ မီးရောင်က မြစ်ပြင်ပေါ်ထိုးကျလျက် ။ တဖက်ကမ်းမှ စေတီဖြူဖြူလေးများ ။ ထိုမြင်ကွင်းကို အစဉ်တလျောက်လုံးမြင်နေရသည်မဟုတ်ပါ။ ကားလမ်းအကွေ့ သစ်ပင်တို့ ပါးလျချိန်ခဏတာလေးများတွင် ရုတ်ကနဲ ရုတ်ကနဲမြင်နေရခြင်းဖြစ်သည်။ ဧရာဝတီမြစ်၊ တောင်ကမ်းပါးတို့သည် ပူးတုံခွာတုံ။

တိတ်တိတ်ဆိတ်ဆိတ်နှင့် ပြည်မြို့သည် ကျွန်တော်တို့ကားလေးကို ကြိုဆိုနေပါတော့သည်။ မြို့တွင်းဝင်လိုက်ရာ မြင်ကွင်းထဲထိုးဝင်လာသောအရာကား ဗိုလ်ချုပ်ကြေးရုပ်ကြီးဖြစ်သည်။ စစ်မြင်းပေါ်တွင် ခန့်ခန့်ထည်ထည်ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်ပွားရုပ်တုက ကျွန်တော်တို့ကို မှင်သက်စေသည်။
ရွှေရောင်တောက်နေသော ဗိုလ်ချုပ်၏အဆင်းကို မည်သူ၊ မည်သည်နှင့်မျှ အစားထိုးနိုင်ခြင်းမရှိသေးပါ။

ကားလေးက မြို့ကိုကျော်လွန်လာခဲ့ပြီး ရွှေဆံတော်ဘုရားခြေတော်ရင်းတွင် ခတ္တရပ်နားလေသည်။
လင်းစပျိုးမနက်ခင်းတွင် ပန်းသည်လေးများက ပန်းကုံးလေးများကိုင်လျက် ပန်းဝယ်သူကိုမျှော်ကြ ၊ ခေါ်ကြနှင့်။
ကင်မရာကိုင်ထားသူများက ကင်မရာကိုယ်စီထုတ်ပြီး ရိုက်နေကြပြီ။ ကင်မရာအလင်းရောင်အောက် ပြသာဒ်၊ ပန်းစည်း ၊ ပန်းကုံးများ ၊ လူများ၊ အရောင်များကို ဖမ်းယူစုစည်းလျက်။ တန်ဆောင်းလေးမှ ခြေလျင်တက်ရင်း
ဘုရားရင်ပြင်တော်ပေါ်ရောက်လာခဲ့သည်။ ဘုရားရင်ပြင်တော်ပေါ်ဝယ် ၀တ်ရွတ်အသင်း၏ ၀တ်တက်သံက ညီညီညာညာ လေထဲလွင့်လျက်ရှိနေပါသည်။

ရင်ပြင်တော်ပေါ်မှကြည့်လိုက်လျင် မြို့လေးကိုစီးမိုးမြင်နေရပြီး အရာရာသည် မှိုင်းမှိုင်းမှုန်ဝေလျက် ဆွတ်ပျံ့ဖွယ်ကောင်းလှသည်။ မြင်လေရာရာ အစိမ်းရောင်ကလွှမ်းမိုးထားလျက် သစ်ပင်သစ်တောတို့ ဝေစည်နေသောမြို့။ ကျွန်တော်တို့အား ပင်ပန်းမှုပြေပျောက်ပျယ်လွင့်စေလောက်အောင် ရှုလေရာရာက စိမ်းစိုလတ်ဆတ်လျက်ရှိသည်။
ဘုရားပေါ်မှဆင်းလျှင် ဒုတိယအစီအစဉ်ဖြစ်သော မြစ်တစ်ဖက်ကမ်းသို့ ကူးလာခဲ့ကြသည်။ မြို့တွင်းဝင်လာစဉ်က မြင်လိုက်ရသော န၀ဒေးတံတားနှင့် ဧရာဝတီကိုဖြတ်ကျော်လာခဲ့ကြသည်။ မြစ်မင်းဧရာသည် ငြိမ်ငြိမ်သက်သက် ညင်ညင်သာသာရှိလွန်းပေစွ။ ကျွန်တော်တို့ထံမှ ကောင်းမြတ်သောဂုဏ်ပြုစကားတို့ကို လက်ခံပါ ဧရာဝတီ။

ထိုမှတဖန် ခရီး၏ ခေါင်းစဉ်ဖြစ်သော ဒဏ္ဍာရီမြို့တော် သရေခေတ္တရာ။ ဤနေရာတွင် ကျွန်တော်တို့ ဘိုးဘေးတို့ အစပြုတည်ထောင်ခဲ့သော ယဉ်ကျေးမှုရှိခဲ့သည်။ ရုပ်ဝတ္ထုပစ္စည်းတို့ ပျက်သုဉ်းပြိုလဲသွားသည့်တိုင်
တချိန်တခါက စည်ပင်ထွန်းကားခဲ့သော သမိုင်းကမည်သည့်အခါမျှ ပြိုလဲပျက်ဆီးသွားလိမ့်မည် မဟုတ်ပါ။
ဒဏ္ဍာရီထဲမှ မှော်ဆန်သောမြို့သည် ကျွန်တော်တို့ ရပ်နေသောမြေပြင်အောက်တွင် အိပ်မောကျလျက်။
တပိုင်းတစ ထိုးထွက်လာသောမြို့ရိုးထုထည်က တချိန်ကအဖြစ်အပျက်တို့ကို အရိပ်အမြွက်ပြောကြားနေသယောင်ရှိသည်။ ကျွန်တော်တို့ကော နှောင်းလူတို့မှတ်မှတ်ထင်ထင်ရှိစေမည့် အရာများကို ချန်ထားနိုင်ခဲ့မည်လား။

မြို့ဟောင်းတွင်း လှည့်လည်နေစဉ် နေရောင်ကစူးစူးရှရှကို တက်လာလေပြီ။ ကျွန်တော်တို့အရိပ်များက ကျွန်တော်တို့ကိုယ်အောက် ပြန်ခိုလျက်။ ချွေးစက်တို့က နဖူးပြင်မှခိုတွဲနေရာမှ မြေထက်သို့တပေါက်ပေါက် ယိုစီးကျကုန်ပြီ။ ပြန်ချိန်ရောက်လျှင် ပြန်ရပါတော့မည်။ နှုတ်ဆက်သည် သရေခေတ္တရာ ။

အပြန်ခရီးတွင် ကျွန်တော်တို့ အားသစ်ဝင်ခဲ့ကြပြီ။ တက်ကြွလန်းဆန်းလျက် နှုတ်ဆက်လိုက်သည် ဧရာဝတီ။ နှုတ်ဆက်လိုက်သည် သရေခတ္တရာ။ တောများတောင်များက နောက်တွင်ချန်ထားပြီး ကားလေးက ရန်ကုန်မြို့ဆီဦးတည်လျက်ရှိသည်။ ခရီးစတင်စဉ်ကကဲ့သို့ တစ်ယောက်ကို တစ်ယောက်အကဲခတ်နေခြင်းများ မရှိတော့။ ကျွန်တော်တို့ သံပြိုင်သီဆိုနေသော သီချင်းသံက ဖြတ်သန်းလာသောလမ်းတလျှောက် လွင်စီပျံ့လွှင့်လျက်။ ထိုထိုသောတေးသံတို့သည် နောင်အရှည်သဖြင့် တည်တံ့နေပါစေသတည်း။ ။

(ထူးထူးခြားခြား ဒီခရီးမှာ ကိုလင်းဒီပကို သတိရပါတယ် ... သူသာပါရင် သိပ်လှတဲ့ ကဗျာတစ်ပုဒ်ရမယ်ထင်ပါတယ် )

12 comments:

အနော် said...

ဓာတ်ပုံတွေ မြင်ကတည်းကိုက သိပ်ပျော်စရာကောင်းမယ့် ခရီးတစ်ခုဖြစ်မယ်လို့ ယုံကြည်နေမိတယ်
အခုလိုမျိုး တစ်စုတစ်ဝေးတည်း ခရီးထွက်ဖို့ စိတ်ကူးရတာ တကယ့်ကို ပျော်စရာပဲနော်
ရာဇဝင်များရဲ့ သတို့သမီး ဧရာဝတီ
ဒဏ္ဍာရီမြို့တော်ဟောင်း သရေခေတ္တရာ
အကို brook ရဲ့ စကားလုံးတွေနောက်မှာ မျောပါရင်း
ကိုလဲ ဒီခရီးထဲ အတူတူလိုက်ပါသလို ခံစားရတယ် :)
ပထမဆုံး လာမန့်တယ်နော် အကို brook ရေ :)

jr.lwinoo said...

ကိုယ့်အရိပ်က ကိုယ့်ပြန်ခိုတယ် ဆိုတဲ့ စကားလေး ငါသိပ်ကြိုက်တယ် ဘရွတ်ရေ..
နောက် ကိုလင်းဒီပ ပါရင် သိပ်လှတဲ့ ကဗျာတပုဒ်ရမယ် ဆိုတာလဲ ထောက်ခံတယ်..
ငါသိပ်ကြိုက်တဲ့ ဘလော့ ကဗျာဆရာကြီးပေါ့..
း)
တထိုင်တည်းရေးလို့ပဲ..ကောင်းလိုက်တာ..
အဲဒါမို့ပြောတာ နင်စာရေးကောင်းပါတယ်လို့..

မဗေဒါ said...

စာအရေးအသားနဲ့ တင်ပြပုံလေးက ဆွေးမြောမြောလေးပင်မဲ့ ကြည်နူးဖို့လဲကောင်းတယ်... အရေးအသားလှတယ်.. ဒါပေမဲ့ ဘာတွေ လုပ်ဖြစ်ကြသလဲဆိုတာ သိချင်တယ်လေ... အဲဒါလေး ဘယ်သူ့စီမှာ ဖတ်လို့ရမလဲမသိ... ဓာတ်ပုံတွေရော... ဘယ်မှာကြည့်လို့ရမလဲဟင်... အားလုံးသွားကြတာ... လိုက်ချင်လိုက်တာ... အဟင့်.. နာလိုဝူး..

မောင်ဂျဲဂျယ် said...

မြောင်းရေ .. ၀ီဘလော့ဂ်ရေးတာ အရမ်းမိုက်တယ် ငါကောမန့်ပေးလို့မရဘူးဟ ပထမရရမှာကို ..း(
( ဘာဖြစ်ဖြစ် မောင်ဂျဲလေးကို တစ်ပေးလိုက်တယ် ... ငါ့ညီမအနော်က နောက်ဆုတ် ဟိဟိ )

နန်းညီ said...

ကောင်းပါကြောင်း..
မဗေဒါရေ ဓာတ်ပုံတွေကို လောလောဆယ် http://radom.mmgenius.com/?p=599 မှာ ကြည့်လို့ရမယ်ထင်ပါတယ်.. သိပ်မကြာခင် ခရီးစဉ်အကြောင်း ဘလော့တော်တော်များများမှာ တက်တော့မှာပါ.. ခဏလေးစောင့်နော်း)

LYNN NE NYO said...

ကောင်းတယ်ဗျ အစ်ကိုရေ။

Kay said...

ဘောဘောကြီး တို့..ဘဲဘဲကြီးတို့..ရောက်ခဲ့သေးလား

2mar said...

အီနှောင်းရေ ဖတ်နေရင်းက ချစ်ဦးညိုလား အီနှောင်းလားတော်တော်စဉ်းစားနေရတယ်
ကောင်းတယ် စာသားတွေကပြောင်မြောက်လွန်းနေတယ် ပြည်မြိုလေးကချစ်စရာကောင်းနေတယ်နော်

မယ်ရာ said...

ဧရာဝတီ..ရာဇ၀င်များရဲ့ သတို့သမီး။ငါတို့ရဲ့မိခင် ဧရာဝတီ..
သရေခေတ္တရာ သည်သမိုင်းတွေကို တနင့်တပိုးထမ်းထားတဲ့မြို့..။
ခင်ဝမ်းတည်ရှိခဲ့ဖူးတဲ့မြို့၊ကဗျာဆရာ တိုးနှောင်မိုးတို့ နေတဲ့မြို့။အိုး ပြောရင်းသွားချင်လာပြီ။

ခင်ဗျားဗျာ..တော်တော်ရေးတတ်တာပဲ။မနာလိုဘူးကွ။ဒီအက်ဆေးကို။

အော် ..ဒါနဲ့ အစ်မကေ ရောက်ခဲ့တယ်တဲ့။အဲ့နေရာတွေကို။

MANORHARY said...

အမယ် လင်းဒီပတစ်ယောက်တည်း ကွက်သတိရသတဲ့... :D

လင်းဒီပ said...

ဒီပိုစ့်လေး ဖတ်ပြီးအတူတူ ခရီးသွားလိုက်ပါတယ်..
အတူတူ ပျော်ပါးလို့ပေါ့...(“ဘ” ဘလောဂ့်လှေကြီး ပျော်ပျော်စီးပြီး...)

သတိရတယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ..
ဒီလိုခရီးမျိုးတွေ တကယ် ပါဝင် ရင်ခုန်ချင်ပါတယ်..။

purplemay said...

မျက်လုံးထဲမြင်လာအောင်ရေးတတ်တယ်...
အပျော်တွေးကူးစက်သွားသလိုပဲ..
စကားမစပ်..ခွေနေတဲ့အကြောင်းလည်းမပါဝူး...:P