Monday, July 12, 2010

သမီးနဲ့ စကားစမြည်

မျက်နှာကို ရှုံ့မဲ့ကာ လက်ကိုဝှေ့ယမ်းလျက် သူ့မျက်နှာကိုကာကွယ်နေသော သမီးကိုကြည့်ရင်း
" သမီးရယ် နေပြောက်လေးတွေက သမီးကို ချစ်လို့စတာပါ" ဟု ဆိုရင်း နေရောင်ကို သူ့ကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည်။ မျက်ခုံးတန်းတန်း၊ နဖူးရှင်းရှင်းလေးက ဖေ့ဖေ့လို၊ နှာတံဖြောင့်ဖြောင့်လေးနှင့် နှုတ်ခမ်းက မေမေ့လိုနော် သမီး ။ သမီးက အဖေ့ကို သိတယ်လား။ ပါးဖောင်းဖောင်းလေးချိုင့်ခွက်ဝင်အောင် ပြုံးပြီး ကိုယ်ထောင်ထားတဲ့ လက်ညိုးကို ဖမ်းဆုပ်သည်။ သမီးလက်လေးသေးသေးလေး နူးနူးညံ့ညံ့ လက်ဖ၀ါးလေးမှာ ဖေ့ဖေ့လက်ကြမ်းကြမ်းကို ဆုပ်ထားရင်း ပျော်သတဲ့လား သမီးရယ်။

ဆံပင်အခွေအလိပ်လေးတွေက လှိုင်းလေးတွေနဲ့တူတယ်။ မျက်တောင်ကော့ကော့လေးအောက်မှာ ဘယ်ကောင်လေးတွေ ကျဆုံးကုန်ဦးမလဲဟင်.. သမီး။ ဗိုက်ပူပူလေးပေါ် ဘူးကနဲနေအောင်မှုတ်တော့ သမီးက လွန့်လူးရင်း တခစ်ခစ်ကို အားရပါးရရယ်တယ်။ သမီးရယ်သံက စမ်းရေစီးသလိုပါ။ သမီးရယ်သံက ယူကလစ်ရွက်တွေထဲ ဖြတ်လာတဲ့လေလိုပါ။ ကြည်လင်အေးချမ်းပြီး သင်းသင်းလေးမွေးနေတယ် .. ဖေဖေ့ရင်ထဲမှာလေ။

ခြေကားယား လက်ကလေးကားယားနဲ့ သမီးရေ ဖေဖေ့အသံကို ကြားရဲ့လား။ သမီးမျက်လုံးတောက်တောက်လေးတွေထဲမှာ ဘာတွှေရှိနေတုန်း။ ဖေဖေ့ကိုပဲ ပြုံးပြုံးပြီးကြည့်နေတာ။
သမီးရယ် ... တခါတလေ ဖေဖေတွေးတယ်။ အနာဂတ်မှာ ကြုံဆုံလာမယ့်အရာတွေကြောင့် သမီးမျက်ဝန်းတောက်တောက်လေး မှေးမှိန်သွားမှာ ဖေဖေစိုးကြောက်မိတယ်။ အိမ်ပြင် လမ်းထောင့်ချိုးတွေမှာ
လေတွေ ၀ူးဝူးဝါးဝါးတိုက်တိုင်း သမီးက ငိုတယ်လေ။ ခုသေးသေးလေးမှာ ဖေဖေ့ရင်ဘတ်ထဲထည့်ဖွက်ထားပေးနိုင်ပေမယ့် နောင်တစ်ချိန် သမီးကို မကာကွယ်ပေးနိုင်မှာလည်း ဖေဖေစိုးတယ်ကွယ့်။

ကောင်းခြင်း၊ဆိုးခြင်းတွေ အမှားအမှန်တွေကြားမှာ သမီးမျက်ခုံလေးတွေ တွန့်ကွေးနေမှာလား။ ဒီနှုတ်ခမ်းလေးတွေက ဖေဖေ့လိုပဲ မထိတထိလှောင်ရယ်တတ်မှာလား။ ဖေဖေ သိချင်စမ်းလှတယ်။ သိလည်းမသိချင်ဘူး။ ဖေဖေ့စိတ်ထဲမှာ သမီးကို ကြီးပြင်းလာတယ်လို့ မြင်လိုက်တာနဲ့ သမီးက ဝေးဝေးသွားမှာလို့
နှမျောမိတယ်။ အဲ့ဒါကြောင့် သိကိုမသိချင်တာ။

သမီးရေ သမီးက ပန်းလေးလား၊ သမီးက သစ်ပင်တစ်ပင်လား၊ သမီးက ချိုးငှက်လေးလား၊ သမီးက လိပ်ပြာလေးလား။ သမီးကို ဖေဖေ့သမီးဆိုတာထက် ဟောဒီသဘာဝလောကကြီးရဲ့ သမီးလေးဖြစ်စေချင်တယ်။
ကမ္ဘာကြီးရဲ့ သမီးလေးဖြစ်စေချင်ပါတယ်။ ဖေဖေ လောဘကြီးပြန်ပြီ။ သမီးနဲ့ပတ်သက်ရင် ဖေဖေကော မေမေကော လောဘမကြီးဖို့ ဆုံးဖြတ်ထားတယ် သမီးရဲ့။ အော် .. ရီနေပြန်ပြီ။ မယုံဘူးလား ဟားဟား ။
မေမေ့ကို ဖေဖေပြောပြတယ် သိလား သမီး။ သမီးဟာ ဘယ်တော့မှ မျော်လင့်ချက်တနင့်တပိုးဖိထားခံရတဲ့ ကလေးမဖြစ်စေရဘူးလို့။ သမီးဟာ တကယ်ကို လွတ်လပ်တဲ့ ပန်းကလေး .. ဟုတ်လား။
ဘေးက လူမှုအသိုင်းအ၀ိုင်းက ဖိစီးမှုတွေက ကင်းလွတ်တဲ့ ပန်းကလေးလည်း ဖြစ်ရမယ်။
ကန့်ကွက်တာလား ၀ူးဝူးဝါးဝါးနဲ့ ..။ သမီးရယ် မှန်ပါတယ် ဖေဖေက စိတ်ကူးယဉ်တာဖြစ်မယ် ။

သမီးနည်းနည်းကြီးရင် အိမ်နံဘေးခြုံစပ်က သပိတ်လွယ်ငှက်လေးတွေ အသံကို သွားနားထောင်ကြမယ်။
မြက်ခင်းထဲမှာ ပုစင်းလေးတွေပျံနေတာ ပြမယ်။ ကြက်ပေါက်စလေးတွေ ပြေးဆော့နေတာမြင်ရင်
သမီးပြုံးဦးမှာ၊ ရယ်ဦးမှာ။ သမီးဖို့ ခွေးကလေးတစ်ကောင်လည်း မွေးဦးမယ်။ ခုလောလောဆယ်တော့ ဖေဖေ့ရင်ဘတ်ထဲမှာပဲ နေဦး။ မေမေ့ရင်ဘတ်ထဲမှာပဲနေဦး။
နားလည်တယ်လား ... ချစ်လိုက်တာ .. အာဘွားကွယ်။

မီးပူတိုက်နေတဲ့ သမီးမေမေက ဖေဖေ့ကိုလေ "ရှင်ဟာလေ တော်တော်ကို ရူး " တဲ့။

20 comments:

အနော် said...

ဖေဖေကြီးရဲ့ သမီးကလေး..
ဖေဖေကြီး ဖေဖေကြီး... ဟီးဟီး :P
စိတ်ကူးတွေ အမြန်ဆုံး အကောင်အထည်ပေါ်ပါစေဗျ.. ဆုတောင်းသွားပါတယ် ဟိဟိ :)

Anonymous said...

ဟားဟားဟား .. ဟားဟား
ငါ့ညီမနှယ် အော် ဟားဟား
ရီပဲရီချင်တော့တယ် .. စိတ်ကူးကြည့်တာပါကွ :P
(little brook)

:P said...

စိတ်ကူးကြည့်တာ တကယ်လိုပဲ .. :D

jr said...

အိုး..အကုန်လုံးပြောင်းကုန်ပါလား..ရေးပုံတွေ..

နင်နဲ့တူရင်တော့နဖူးပြောင်မှာ :P

purplemay said...

ဖတ်ကောင်းတယ်ငါ့အစ်ကိုရေ...
အတွေးလေးကောပဲ....။
အဖေတွေက သမီးတွေဆိုပိုချစ်တတ်ကြတယ်နော်...။
သမီးဖို့ ခွေးလေးတစ်ကောင်မွေးပေးမယ့် ဖေဖေရေ...ဖေဖေ့ ရင်ဘတ်ထဲက သမီးလေးကို မြင်မိအောင်မြင်သွားပါတယ်....:)

Anonymous said...

ဒီစာဖတ်ပီး အိမ်ထောင်ပြု သမီးမွေးချင်စိတ်ပေါက်လာတယ်ဗျာ ..ကျနော်လဲ သမီးချစ်တတ်တယ်... သမီးလေးက ကြီးလာရင် တော့ ယောင်္ကျားလေးဖြစ်သွားရင်ကောင်းမှာ .ဟီးဟီး သူများပိုးသွားတာ ခံနိုင်မှာဟုတ်ဘူး ...ကိုယ်ကသာ သူများကို ပိုးတာ ... ကိုယ့်သမီးတော့ မပေးချင်ဘူး ။း)

မြစ်ကျိုးအင်း said...

ပြောတော့ လူပျိုဆို..။

ကြိုတင်စိတ်ကူးတာတောင် ဒီလောက်ကြည်မွေ့ နေရင် တကယ်သာဆို...။

Anonymous said...

ကျွန်တော် လစ်တဲဘရွတ်ခ်သည် ရည်းစားတစ်ယောက်ပီးတစ်ယောက် စွန့်ပစ်သွားခြင်းကို ခံရသည့် အသုံးမကျသော လူပျိုတစ်ဦးဖြစ်ပါသည်။
ဤသစ္စာစကားမှန်ကန်ပါက ဤတသက် မိန်းမရပြီးမှ သေပါရစေဗျား :P

mirror said...

း)) ထူးဆန်းထှာ.။

tartar said...

လူတိုင်းက ရူးကြတာပါပဲ။ ရူးတာတောင် ဒီလောက်စိတ်ကူးပုံဖော် အနုစိပ်ရင် ...
တကယ်ဆိုရင်တော့ ...
ဖေဖေကြီး
ဖေဖေကြီး
း)

ကဗျာဦး said...

အော် ဂယ်ကြီးအောက်မေ့ပါတယ် စိတ်ကူးယဉ်ဖေဖေကြီးကို
ကောင်းလှောင့်တေး ကောင်းလှောင့်တေး။..

နန်းညီ said...

ဟ ! ဟ !
မိုက်လှချည်လား
စိတ်ထဲမှာ ထိထိခိုက်ခိုက်ကြီး
ဖေကြီးကို လွမ်းသွားလိုက်တာ

ywartharlay-ytu said...

်မနက်ဖြန် အကြောင်းကို ကျနော်တို့ တစ်ထစ်ချ မပြောနိုင်ဘူးလေ ကိုစမ်းချောင်းငယ်

တနေ့ ဒီလိုသမီးလေး မရှိလာဘူးလို့ ဘယ်သူပြောနိုင်မလဲ

ကျနော်တို့ အိပ်မက် မက်ခွင့်တော့ ရှိပါတယ်ဗျ

Cheer!!!

နေမိုးဝေ said...

ဟေ့လူကြီး ခင်းဗျားရေးတာဖတ်ပြီး
မိန်းမ ခိုးတော့မယ်ဗျာ
စရိတ်တွေ တာဝန်ယူ ဒါပဲ။

:))

mabaydar said...

ရိုးရိုး လေးပေမဲ့ ထိထိမိမိနဲ့ ရသမြောက်အောက်ရေးတတ်တယ်... ကောင်းတယ်...

လင်းဒီပ said...

ကျွန်တော်တို့ ယောက်ျားလေးတွေက များသောအားဖြင့် အိမ်ထောင်သည်ဘဝကို ကြိုစိတ်ကူးမိတဲ့အခါ သမီးကလေးတွေ လိုချင်တတ်ကြတယ် ။

ကျွန်တော်လည်း သမီးနဲ့ ပတ်သက်တဲ့ သီချင်းကလေးတွေ ဥပမာ သံသရာစမ်းရေ ၊ အရူးအမူးသမီးလေး လို သီချင်းမျိုးတွေကို ခုံခုံမင်မင် နားထောင်ဖြစ်တယ် ။

မောင်ရှင်းသန့် said...

မြင့်မိုးအောင် ရဲ့ တုနှိုင်းမဲ့ရတနာပြီး ရင်
ကိုစိုင်း ရဲ့ သမီးနဲ့ စကားစမြည်

ဖိုးဂျယ် said...

မြောင်းရေ ကြိုးစားလိုက်စမ်းပါ
သမီးလေး တယောက်လောက်ရ
အရင်ဆုံး ချစ်သူတယောက်လောက် ဖြစ်ဖြစ်ပါ့း)

Anonymous said...

အမောင်ဂျဲဂျယ် သင်သည် ငါ့အား လာ၍ လှောင်ပြောင်ခြင်းပင်ဖြစ်သည်တော့ သကိုး
(LB)

ကြည်ဖြူပိုင် said...

ဖေဖေဂျီးက တယ်လဲစိတ်ကူးယဉ်ကောင်းသကိုး
မီးလေးက ဖေဖေဂျီး ဖေဖေဂျီး ဖေဖေဂျီးကို ချစ်တယ် တဲ့

ဟဟ ကိုဘရွခ်တို့ သမီးလေးမွေးလာရင်တော့
ကိုဘရွခ်ကြီးတယောက်
ငုံထားမတတ် ချစ်မှာကိုတော့မြင်ယောင်သေးသပေါ့