Tuesday, January 19, 2010

သတိ ... အပြောမတတ်ရင် ဆဲသလိုပဲ နာတတ်တယ်

ကျွန်တော်တို့ အားနည်းချက်များထဲမှ တိုက်ဆိုင်သောကြောင့် ပြောခွင့်ရမည့်တစ်ခု ကိုပြောချင်ပါသည်။ ဖေ့ဘွတ်ခ်တွင် ကောမန့်တစ်ခု မြင်လိုက်ရသောကြောင့်ဖြစ်သည်။ "လက်အားနေလား ... ဟင် အားနေရင် ဒီကိုလာခဲ့ ... ခိုင်းမလို့ပါနော် ဟီးဟီး " ဆိုသော ကောမန့်။ အထက်ပါ စာသားများသည် ခင်မင်သူအချင်းချင်း နောက်ရင်း ပြောင်ရင်းပြောဆိုခြင်းသာဖြစ်နိုင်သည်။ အထက်ပါ စကားမျိုးကို မိဘဖြစ်သူက ဆော့လွန်းသော သားသမီးတို့ကိုလည်း ပြောတတ်ပါသည်။ ထိုကဲ့သို့သော စာသားများနှင့်ပတ်သက်ပြီး စာဖတ်သူတွင် တွေးစရာ၊ ပြောဆိုစရာရှိပါသလား။ အထက်ပါစာသားများကို အသုံးပြုလေ့ရှိသူ အများစုမှာ ယောက်ျားလေးများသာဖြစ်သည်။ ယောက်ျားလေးအချင်းချင်းဖြစ်စေ၊ ယောက်ျားလေးမှ မိန်းကလေးများသို့ ဖြစ်စေ စနောက်ခြင်းသဘောဖြင့် ပြောဆိုတတ်ကြသည်။

အထက်ပါ စာသား၏ မူရင်းကို မပြောလည်း သင်သဘောပေါက်ကောင်းပေါက်နိုင်ပါသည်။ အထက်ပါ စာသား၏နောက်တွင် xxx ကိုင်ထားပါလားဆိုသည့်စကားစု၊တခါတရံ ကိုယ့်ဟာကိုယ် ကိုင်ထားဆိုသည့် စကားစု ပါသေးကြောင်းမသိခဲ့လျှင် ယခုသိအောင်မှတ်သွားနိုင်ပါသည်။ ပြောသူက ထိုကဲ့သို့မရည်ရွယ်သော်လည်း၊ ထိုစကားဆက်ရှိကြောင်းမသိသဖြင့်လည်းကောင်း ပြောတတ်နိုင်ပါသည်။ အပြောခံရသူကလည်း မသိသဖြင့်သော်လည်းကောင်း၊ သိသိဖြင့် ပြောသူကို ယုံကြည်သောကြောင့်လည်းကောင်း အပြစ်ဆိုချင်မှဆိုပါလိမ့်မည်။

ကိုယ်ကျင့်တရားအကြောင်း ကျွန်တော်မဆွေးနွေးလိုပါ။ ကိုယ်ချင်းစာစိတ်လေးအကြောင်း ပြောကြပါစို့။ ကျွန်တော့်မှာ ညီမအရင်းအချာမရှိပါ။ ၀မ်းကွဲညီမများတော့ ရှိသည်။ ကျွန်တော့်ညီမများကို လူငယ်သဘာဝ ရိသဲ့သဲ့လုပ်ခြင်း၊ စကားဖြင့်ချိတ်ခြင်းတို့သည် အထူးအဆန်းလည်းမဟုတ်။ ဒါကသဘာဝတရားဖြစ်သည်။ သို့သော်ယခုကဲ့သို့သော စကားမျိုးကို သဘာဝတရားစာရင်းထဲ ကျွန်တော်မသွင်းပါ။ ယခုကဲ့သို့သော စကားမျိုးကို ဆဲမနာ၊ဆိုမနာဟု ဆိုနိုင်သည့် အရင်းအချာများပြောသည့်တိုင် အများသုံးဖြစ်သော ဖေ့ဘွတ်ခ်ကဲ့သို့သောနေရာမျိုးတွင် ကောမန့်အနေဖြင့်မရေးသင့်ပါ။ အဖြစ်သည်းသည်ဟု ဆိုချင်ကလည်း ဆိုနိုင်ပါသည်။

(ဤနေရာတွင် လူပျက်တွေတောင် စင်ပေါ်မှာ ပြောနေဆိုနေတာပဲဟု ပြန်ပြောမည်ဆိုပါက ကျွန်တော်လည်း မတတ်နိုင်ပါ) အထူးသဖြင့် သူငယ်ချင်းများ ကိုယ့်သူငယ်ချင်းကိုယ် သတိမထားဘဲ
အထက်ပါစကားမျိုးဖြင့် သုံးနှုန်းပြောဆိုမိခြင်းအားဖြင့် အခြားသူများအမြင်တွင် ထိုအပြောခံရသူအပေါ်
အထင်အမြင်သေးသွားနိုင်ကြောင်းကိုကော ပြောသူများ သတိပြုမိပါရဲ့လား။ ထိုကောမန့်ကို လက်ခံသူကကော မိမိအပေါ်ထိုသို့ပြောဆိုလာသည်ကို လက်သင့်ခံထားသည်လား။ ဤကဲ့သို့သောဖြစ်ရပ်မျိုးသည် အလေ့အထဖြစ်သွား၍ ဘာမှပြောဆိုစရာအကြောင်းမရှိတော့ပြီလား။
ကျွန်တော့်မှာ မေးခွန်းများစွာမေးရန်ကျန်ရှိနေပါသည်။

မိမိကိုယ်မိမိ အလေးထားတတ်ရန် ကျွန်တော့်ညီမများကို သင်ပေးပါသည်။ ကိုယ့်ကိုယ်ကို အလေးမထားတတ်လျှင် မည်သူကမှ ကိုယ့်ကို အလေးမထားတတ်တော့။ အထက်ပါ စကားမျိုးကို ပြောသောကြောင့်၊ တစ်ခါတစ်ရံ ကိုယ်ထိလက်ရောက် ထိပါးသောကြောင့် ပြဿနာခနခန တက်ဖူးသည်။ ထိုအခါ ညီမများပြောလေ့ရှိသည်မှာ တော်လိုက်ပါတော့၊ ထားလိုက်ပါတော့ဆိုသည့်စကား။ ဘာအတွက် တော်လိုက်ရမှာလည်းဆိုသည်ကို ပြန်မေးချင်ပါသည်။

ဤကဲ့သို့ ပြောနေဆိုနေကြခြင်းက သမားရိုးကျအလေ့အထ ဖြစ်သွားပြီလား။ ဒီထက်ဆိုးရွားသော စကားများလည်း ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ရှိပါသေးသည်။ လူပျက်တွေပျက်သလို ရယ်စရာလောက်နှင့် ဆုံးသွားလျှင်တော့ ရယ်လိုက်ရုံသာ။

ဤအဖြစ်ကြောင့် ကျွန်တော်ရေးသားရခြင်းမဟုတ်၊ ရေးသူကိုကော လက်ခံသူကိုပါနစ်နာစေလိုသော ဆန္ဒလည်း မရှိ။ သို့သော် မိမိတို့အမှုမဲ့အမှတ်မဲ့ ရေးသားလိုက်ခြင်းအားဖြင့် မည်သည့်အကျိုးဆက်များ ဆင့်ပွားပေါ်ပေါက်တတ်သည်ကို သတိထားစေလို၍ ရေးခြင်းဖြစ်သည်။

14 comments:

black.pirate said...

အဲလိုပဲအကိုရေ.. တစ်ခါတစ်လေတော့ နောက်တာပဲ နေမှာပါ ဆိုပြီး ဖြည့်တွေးပေးလိုက်ရတယ်...။ x(

အိဖူး said...

အင်းးးးးးးးးးးးးးး (သက်ပြင်းရှည်ရှည်)

mirror said...

အဟေးဟေး ဟေး....ပေါက်ကွဲသံစဉ်တွေ.....

သာမာန်အားဖြင့်ကြည့်ရင်တော့ ဒါဟာ အသက်အရွယ်ကွာခြားမှုကြောင့်ဖြစ်တာလို့ ယူဆစရာရှိပါတယ်။ ဘာလို့ဆို ဒီဘက်ခေတ်လူတော်တော်များများ(အတော်များသောပမဏ) က ဒီလိုစကားလုံးတွေ၊ဒီလိုပတ်သက်မှုတွေနဲ့မှ ခင်မင်ရင်းနှီးမှုကို သက်သေပြချင်တဲ့ သဘောရှိသကိုး ကိုရင်ရဲ့...မှုတ်ပေဘူးလား။

သို့ပေတဲ့ ဒါခေတ်ကြောင့်မဟုတ်ဘူးလို့ ကျမရဲရဲကြီးယုံကြည်ပါရစေ...။ ကမ္ဘာကြီးပြားလာတာနဲ့ လူတွေရဲ့အမူအကျင့်နဲ့ လားလားမျှ မဆိုင်ပါဘူး။သူ့ဘာသာသူ ဘယ်လိုပဲခေတ်ရေစီးကြောင်းပြောင်းပြောင်း ကိုယ့်အမူအကျင့်နဲ့ကိုယ်ပဲ ...မလား။

ကိုရင်ဘယ်လောက်များပေါက်ကွဲနေမလဲဆိုတာ ဖဘမှာမြင်ထဲက သိလိုက်ပြီ....။

လေးစားခင်မင်စွာ
မယ်ရာ :)

ကိုရင်နော်ခင်လေးငယ် said...

ရေးသူတွေဟာ ညံ့ဖျင်းတဲ့ စိတ်နဲ့ ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာကို နားလည်ပါတယ်...
ဒါပေမဲ့... စာစုတစ်စုရဲ့ နောက်ကွယ်မှာ သွယ်ဝိုက်တွေးပြီး ကျန်ခဲ့နိုင်တဲ့ အဓိပါယ်တွေကို ထည့်စဉ်းစားသင့်တာ အမှန်ပါ..။
စကားတစ်ခွန်း စာတစ်စုရဲ့ ဇစ်မြစ်ကို လှန်ပြဖို့ တာဝန်သိပ်ကြီးလွန်းလို့ တစ်ခုခုကို ချမပြခင် သေချာစဉ်းစား ရွေးချယ်သင့်ပါတယ်..။.

အနော် said...

တချို့စကားလုံးတွေက သုံးနှုန်းလိုက်ကတည်းက ဘယ်ကို ရည်ရွယ်သလဲဆိုတာကို ရေးသူရော လက်ခံလိုက်ရသူပါ သိပီးသားပါ..
စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းချက်ဟု သတ်မှတ်လိုက်လျင် ပြောသူလဲ ထမင်းစားသလို အပြောခံရသူလဲ ထမင်းစားပါသည်. (ထိုနေရာတွင် ကပ်သပ်လို့လဲ ရပါသည်.)
အပြောင်အနောက် စကားလုံးသည် အပြောင်အနောက်သာဖြစ်၍
အမှန်တကယ် တစ်စုံတစ်ရာအတွက် ရည်ရွယ်ရေးသားခြင်းသည် ရည်ရွယ် ရေးသားခြင်းသာဖြစ်သည်.
ပြောလိုက်သူက စသည်ဟု ရည်စူးသော်လဲ အပြောခံလိုက်ရသူက အမှန်တကယ် နစ်နာလှသည်. ပြန်ပြောလျင်လဲ ဆတ်ဆတ်ထိမခံ ရန်လိုလှသည်ဟု ပြန်ပြောကြသည်.
အမှန်တော့ စနောက်ခြင်းနှင့် အတည်ပေါက်ပြောခြင်းသည် စကားလုံးအရကို ကွာခြားလှတယ် အကိုဘရွတ်ရေ

နေမိုးဝေ said...

စကားလုံးတွေ အကြောင်းတော့ မပြောချင်တော့ပါ။
မြန်မာ ရုပ်ရှင်(ဗွီဒီယို၊အငြိမ့်တွေပါ ပါတယ်) တွေမှာ အများကြီးတာဝန်ရှိပါတယ်။

ရယ်စရာပြက်လုံးဆို တာ အောက်ပိုင်းမှာပဲရှိတဲ့ သဘောကို ဆောင်သွားခဲ့ပါပြီ။

အဲဒီလို စကားမျိုးထက်မကတာတွေကိုပဲ ကျွန်တော်တို့ရဲ့ ရုပ်သံလိုင်း သုံးလိုင်းမှာကို ဟာသ ဆိုပြီး သူ့ထက်ငါ အလုအယက် လွှင့်နေတာ လည်းတွေကြည့်ရင် စိတ်မကောင်းစရာပါ။

ယဉ်ကျေးမှု ကိုယ်ခံအားဆိုတာ ဘယ်အဆင့်ရောက်နေပြီဆိုတာ ကျွန်တော်ဖြင့် မှန်းဆလို့ ကိုမရတော့ဘူး။

တခုဝန်ခံလိုတာကတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီစကားတွေ ကို ရှက်ရကောင်းမှန်းမသိ လွယ်လွယ်ကူကူ ပြောခဲ့ဖူးပါတယ်။

ကြားပါများတော့ ယဉ်ဆိုသလိုပေါ့ဗျာ။

လူတိုင်းမှာတာဝန်ရှိပါတယ်။

Anonymous said...

အဲဒါကျနော်များလား မသိ.... ကျနော်အဲလိုမျိုး ကွန်မန့်ပေးဖူးတယ်။ နန်းညီဆီမှာလားမသိဘူး။ ထားပါတော့ဗျာ.. ကျနော့်ကို ရည်ရွယ်တာဆိုရင်တော့... ဟီး.. တကယ်ပါ ဘာစိတ်နဲ့မှ ရေးတာ မဟုတ်ပါဘူး။ ကျနော် ဘာလော့တွေမှာ ဖေ့ဘွတ်မှာ မန့်ခဲ့တဲ့ ကွန်မန့် တော်တော်များများကို ကြည့်လိုက်ရင် လိုက်လေ့လာလိုက်ရင် တော်တော်များများက ရွဲ့တဲ့တဲ့ရေးခဲ့တာ သတိထားမိမှာပါ။ ဥပမာပေါ့ဗျာ ဘလော့ဂါတယောက်က သူ့ချစ်သူဘာလိုချင်လဲ လိုချင်တာ ဖြစ်အောင် လုပ်ပေးမယ်၊ ချစ်သူက ကားဆို ကိုယ်က ကားတာယာ ဖြစ်ချင်တယ် ဘာညာပေါ့ဗျာ အဲလိုရေးတော့ ကျနော်က အဲဒါဆို ချစ်သူက အီးပါချင်တယ် ဆိုရင်ရော ဘာများ ဖြစ်ချင်ပါသလဲ ဆိုပြီး ကွန်မန့်ပေးတတ်ပါတယ်။ ဆိုတော့ကာ အဟီးဟီး တကယ်ပါ ခင်မင်တဲ့စိတ် တခုထဲပါ သူများတွေလို သာမာန်ကာရှန်ကာဖတ်ပြီးလဲ ကဗျာလေးကောင်းတယ် ဘာညာလို့လဲ မပြောချင်ဘူး။ ပြီးတော့ သူများ မမြင်တဲ့ ဘက်က မြင်ပြီး ရေးလိုက်တာပါ။
ဘာဖြစ်ဖြစ်ပါ သတိထားစရာ အချက်ပါပဲ။ ကျေးဇူးပါဗျာ။

သီဟသစ် said...

အင်း ဟုတ်တော့ ဟုတ်တယ် ညီစမ်းချောင်းရ..
တစ်ချို့လူတွေက ၀သီပါနေတာ နေမှာ။ အပြောအဆို မဆင်ခြင်နိုင်ရင်တောင် နှုတ်တရာ စာတစ်လုံး စကားရှိလို့ အရေးအသား ဆင်ခြင်သင့်တယ်။

ခင်မင်စွာဖြင့်
သီဟသစ်

လင်းဒီပ said...

နှုတ်အမူအရာ စာအမူအရာ ယဉ်ကျေးကြစေချင်..။

purplemay said...

အဲ့လိုပဲအစ်ကိုရေ....ခေတ်ကာလကြောင့်များလားမသိပါ......။

little brook said...

ဟုတ်ပါတယ်ခင်ဗျာ ကျွန်တော် ကိုအိမ်ရဲ့ကောမန့်ကိုမြင်လို့ ဒီပို့စ်ကိုရေးမိတာပါ သို့သော် ကိုအိမ်တစ်ယောက်တည်းကို ရည်ရွယ်ပြီးရေးတာမျိုးတော့မဟုတ်ပါဘူး ပြီးတော့ဒီလိုစကားကို ပြောသူတိုင်းက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ပြောတာမဟုတ်မှန်းလည်း ကျွန်တော်နားလည်လက်ခံထားပါတယ် ... ကျွန်တော်ကိုယ်တိုင်လည်း သူငယ်ချင်းတွေကို ဒီလိုပြောဖူးပါတယ်... အဲ့လိုစကားလုံးတွေ သုံးနေကျအလေ့အထဖြစ်နေပြီလားဆိုတာပါ အဲ့လိုစကားတွေနဲ့ ခနခနပြောတာကို ကျွန်တော်ဘေးက သီးခံပြီးနားထောင်နေရတာ မနေတတ်လွန်းလို့ ရေးလိုက်တာပါခင်ဗျာ... ကျွန်တော် တစ်ဦးတစ်ယောက်ကိုမရည်ရွယ်ပါဘူး ခင်ဗျာ အဲ့ကောမန့်ကိုမြင်တော့မှ ကျွန်တော်ဒီအကြောင်းကို ရေးမယ်လို့ဆုံးဖြတ်ပြီး ရေးမိတာပါ ...

နန်းညီ said...

အီ !!!

hololodilolo said...

အင်း.. ဒီလူ ဒီလိုsensitiveဖြစ်မှန်းတော့ သိသား..
(sensitive ပဲသုံးလိုက်တော့မယ်)
မှန်တော့မှန်တယ်.. ရင်းနှီးတယ်ဆိုပြီး သုံးနှုန်းရင်း၊ ကျင့်သုံးရင်းကနေ... အကျင့်တွေပါ ဖြစ်ဖြစ်လာတယ်..
ပြင်သင့်တာတွေ ပြင်သင့်တာတွေ.. မှတ်သွားဦးမှပါ..

little brook said...

အနုပညာဖန်တီးသူများကို sensitive ဖြစ်တယ်လို့သုံးရင် အာရုံခံစားမှုအားကောင်းတာကို ပြောတယ် ဝေရဲ့ .. သာမာန်လူတွေကို သုံးရင်တော့ အကဲဆတ်တယ် အကဲပိုတယ်လို့ပြောမလား ... (နောက်တာနော် နင့်ကို တမင်နောက်ခြင်လို့ ပြန်ငေါ့တာ ..း) )