Thursday, November 5, 2009

လမ်းရေ ... .... ...

ငယ်စဉ်ဘ၀ကို ပြန်စဉ်းစားတော့ အရိပ်လိုဝေေ၀၀ါးဝါး မပီမပြင်ရှိလွန်းလှသည်။ ဖြတ်ကနဲ ဖြတ်ကနဲအကွက်ပြောင်းသွားသော ရုပ်ရှင်ဖလင်ကားချပ်များကဲ့သို့ ပြောင်းလဲမှုကမြန်ဆန်လွန်းသည်ဟု စိတ်ထဲမှထင်မှတ်နေမိသည်။

ငယ်တုန်းက ကစားဖော်လေး ဘယ်ရောက်သွားခဲ့ပြီလဲ ။ ကျွန်တော့်ရှေ့တွင်ရှိနေသည်မှာ လွန်ခဲ့သော၁၈ နှစ်က ကျွန်တော့်ငယ်သူငယ်ချင်းမလေးဟု ကျွန်တော်မယုံကြည်နိုင်ပါ။ သူမမျက်နှာမှာ ကြည်ကြည်လင်လင်ပင်ရှိနေပါသည်။ ထိုကြည်လင်နေသော မျက်ဝန်းများ ၊ ကော့ညွတ်၍ ထာဝစဉ်ပြုံးယောင်သန်းနေသော နှုတ်ခမ်းများသည် ကျွန်တော်မစဉ်းစား မတွေးတောမိသော ခရီးကြမ်းကိုဖြတ်သန်းလာသည်ကို ကျွန်တော်မယုံကြည်နိုင်ပါ။

ကျွန်တော်တို့ ငယ်စဉ်က ကျောင်းရှေ့ခရေပင်တန်းဝယ် ကျောင်းမတက်ခင် ခရေပန်းများ အတူတကွကောက်ခဲ့ကြဖူးသည်။ သနပ်ခါးပါးကွက်ကြားလေးနှင့် ဆံထောက်လေးတစ်ခါခါနှင့် သူမသည်
ကျွန်တော့်ငယ်ဘ၀၏ တွဲဘက်ဖြစ်ခဲ့ဖူးသည်။ ခရေပန်းများကို နှီးကြိုးလေးနှင့်သီ ဆရာမကို မျက်နှာပေးချိုချိုနှင့်
သွားပေးတုန်းကလည်း အတူတူ ။ ကျောင်းနောက်ဖက် ခြံစည်းရိုးအောက်မှ လျှိုလျက်တစ်ဖက်ခြံထဲ ခိုးဝင်တာမိသောကြောင့် ဒဏ်ပေးခံရတုန်းကလည်း အတူတူ ။ ကျွန်တော်တို့ တွဲဘက်ညီညီ ...။
သူမနာမည်နှင့် ကျွန်တော့်နာမည်ကြား အပေါင်းလက္ခဏာလေးခံကာ ရေးခဲ့ရတာကိုက ကျွန်တော်တို့အတွက်
ပျော်စရာကမ္ဘာကြီး..။

ယခု... ထိုကောင်မလေး ကျွန်တော့်ရှေ့ရောက်နေပြီ။
" နင် ခုဘယ်မှာနေနေတာလဲဟ " ၊ " နင် ဘာလုပ်နေတုန်း " .." နင့်ယောက်ျား ဟိုအကောင်ကော"
ကျွန်တော်သည် ကျွန်တော့်ငယ်အိပ်မက်လေးလုသွားသော သူမအမျိုးသားကို ဘယ်လိုမှယဉ်ကျေးလိုစိတ်မရှိပါ။
ထို့ကြောင့် တမင်ပင်ဟိုအကောင်ဟု သုံးနှုန်းကာမေးသော်လည်း သူမမျက်နှာအမူအရာမှာ ဘာမှပြောင်းလဲခြင်းမရှိ။ သူမမျက်လုံးများသည် ငယ်စဉ်ကအတိုင်းပင် လင်းလက်ဆဲ ကြည်လင်ဆဲပင်ဖြစ်ပါသည်။

" မသိဘူးဟ .. ငါနဲ့ကွဲသွားတာ နှစ်နှစ်လောက်ရှိပြီ .. အဆင်မပြေဘူးဟ " ဟုသူမပြန်ဖြေပါသည်။ ကျွန်တော်သိပါသည် ။ သူမ ထိုသူနှင့်လက်ထပ်စဉ်ကတည်းက အဆင်ပြေလိမ့်မည်မဟုတ်ဟု ကျွန်တော်တွေးထင်မှုသည် မှန်ကန်သည်။
" ဘာဖြစ်ကြတာတုန်း " ဟုကျွန်တော်မေးလိုက်ရာ ပြန်ဖြေသောသူမအဖြေက "အဘိုးကြီးဟာ ငါနဲ့ကီးမကိုက်တော့လို့ " ဟူ၍ဖြစ်သည်။ ကျွန်တော်ရီချင်မိသွားပါသည်။ "ဟဲ့ နင်နဲ့စရကတည်းက အဲ့လူကနင့်ထက်အသက်ကြီးတာပဲလေ .. နင်သိလျက်သားနဲ့ "
သူမအသက် ၁၈ နှစ်လောက်ရှိချိန်တွင် သူမယခုအဘိုးကြီးဟု ခေါ်သူနှင့်လိုက်ပြေးသွားခဲ့တာ ကျွန်တော်မမေ့သေးပါ ။
"အေးဟ... စစခြင်းတော့ ငါလည်းစိတ်ကူးထားတာကတမျိုးပေါ့ .. ငါ့ကိုအလိုလိုက်..ငါလိုချင်တာ ဘာမှဆိုဖြစ် ..အဲ့လိုပေါ့ဟာ ... စယူယူခြင်း တစ်လလောက်ထိတော့ အလိုလိုက်ပါသေးတယ် နောက်ကြာလာလေလေ
ငါကရတာထက် ငါ့ကိုပိုခိုင်းတာ ငါ့ကပိုလုပ်ပေးရတာတွေက များများလာတယ်။ ငါ့ကို သူဌေးကတော်လို ... အဲ့လိုတောင် ငါသူနဲ့ယူတုန်းက စဉ်းစားပြီးယူခဲ့တာမျိုးမဟုတ်ပါဘူးဟာ... ခုက အိမ်မှငါ့ကိုပစ်ထားပြီး တခါတခါလှည့်ကိုမကြည့်တာ...။" သူမမျက်ဝန်းများသည် ဟိုးအဝေးကြီးကို လှမ်းကြည့်နေသည်လား ကျွန်တော်မသိပါ။

သူမပြောနေပုံမှာ ကျွန်တော့်ကိုပြောပြနေသည်ထက် သူမဖာသာ တကိုယ်တည်းရေရွတ်နေပုံမျိုး။ နွေလေရူးကကျီစယ်သွားသောကြောင့် ၀ဲလှည့်သွားသောရွက်ခြောက်များကို ကတ္တရာလမ်းမထက်တွင် မြင်နေရသည်။ တချက်တချက် အာလိုက်သော ကျီးသံမှလွ္ဂဲ၍ တိတ်ဆိတ်ခြင်းက ကျွန်တော်နှင့် သူမပတ်ဝန်းကျင်နား ၀ဲလှည့်နေသည်။
"နင်ခုကော ... ဘယ်သူနဲ့နေနေလဲ " ဟု ကျွန်တော်မေးသောအခါ "ငါ့သားလေးနဲ့ ၂ယောက်ပဲနေတယ် "လို့ သူမပြန်ဖြေသည်။" ခုကောဘာလုပ်နေတုန်း ...။ " "သံချောင်းတွေ ထုတ်ရောင်းတယ်ဟာ ။ ငါ .. အကောင်တစ်ကောင်နဲ့ ငြိနေတယ် ... သူကလမ်းတံတားတွေ တာဝန်ခံလေ သံချောင်းတွေထုတ်ပြီး အပြင်မှာရောင်းတယ် ... ။" ကျွန်တော်သက်ပြင်းသာချမိတော့သည်။ သူမကို ထိုအလုပ်များသည် မလုပ်သင့် မလုပ်အပ်သော အလုပ်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဘဏ္ဍာများကို ခိုးခြင်း .. ဘာကိုပြောပြရမည်နည်း။
အလကား ... သောက်သုံးမကျတဲ့ဟာတွေဟု ကျွန်တော်စိတ်အတွင်းမှ ရေရွတ်မိသည်။

"နင့်ကို သူယူမယ်တဲ့လား ။" ထိုမေးခွန်းကို ကျွန်တော်ဘယ်လိုမေးမိလိမ့်ပါလိမ့် ..။
"ဟင့်အင်း ... သူ့မှာ မယားကြီးရှိတယ်ဟ သူ့သားတောင် ငါ့ထက်နဲနဲပဲ ငယ်တာ ...။" ဘယ်နှစ်ကြိမ်မြောက်ချမိသော သက်ပြင်းမှန်း ကျွန်တော်မတွေးမိပါ။ သူမ မျက်ဝန်းများက လမ်းပေါ်တွင် လေရူးကြောင့် ၀ဲလှည့်နေသော ရွက်ခြောက်များဆီ။ လမ်းဘေး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆီမှ ပျံ့လွင့်လာသော သီချင်းအပိုင်းအစကို ကျွန်တော်ကြားနေရသည်။ အချစ်ဆိုသော စကားလုံးများကလွဲ၍ ဘာမှသိပ်မသဲကွဲပါ။

"ငါ့အကြောင်းပဲ နင်မေးနေတယ် .. နင်ကောဘယ်လိုတုန်း ... အိမ်ထောင်ကျနေပြီလား ..။"
ကျွန်တာ် ပထမဦးဆုံးအကြိမ် ပြုံးမိလိုက်သည်။ "မကျသေးပါဘူးဟာ ... မလွယ်ဘူးကွယ် အိမ်ထောင်ပြုဖို့ဟာ ..။"
"အမယ် ... နင်ကျောင်းတုန်းက ကောင်မလေးတွေ ၀ိုင်းနေတုန်းက စာအုပ်တွေပဲဖတ်နေတာကိုး .... ။"
"အင်း .... ငါလည်း တကယ်တစ်ယောက်ယောက်ကို ချစ်မယ်ဆိုပြီး စာအုပ်ကနေ မျက်နှာလည်းခွာလိုက်ရော ...
ဘယ်ကောင်မလေးမှ ငါ့အတွက်မရှိတော့ဘူးဟ ...။" ကျွန်တော် ထိုသို့ဖြေရင်း နှစ်ယောက်သား အားရပါးရရယ်မောမိလိုက်ကြသည်။ "အေး... တခုခုသွားစားရအောင်ဟာ"ဟု သူမပြောသောအခါ "အင်း..." ဟု ကျွန်တော်ထောက်ခံလိုက်သည်။

ကျွန်တော်တို့ နှစ်ယောက်သားတွဲ၍ ရွက်ကြွေများခင်းထားသောလမ်းအတိုင်း လက်ဖက်ရည်ဆိုင်တန်းလေးဆီ ထွက်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်သို့သွားရာလမ်းတွင် ကျွန်တော်သူမလက်ကို ဆုပ်ကိုင်ထားလိုက်ချင်သော်လည်း ကျွန်တော်ထိုသို့မလုပ်ဖြစ်ခဲ့ပါ။
လမ်းတွင် သူမအတွေ့အကြုံတချို့ကို ပြောပြနေပါသည်။ နာမည်ကြီး ဟာသစာရေးဆရာတစ်ယောက်နှင့် သူမအကြောင်း၊ ဘယ်သူနှင့် သူ့အကြောင်း၊ ... ... ... အခြားသူများ ကွဲလွဲချင်ကွဲလွဲမည်။ သူမက သူမ၏ဇာတ်တွင် ပင်တိုင်မင်းသမီး။ ကျွန်တော် သူမစကားများကို နားထောင်ရင်း ဆရာဇော်ဂျီ၏ ဗေဒါလမ်းကို သတိရနေတော့သည်။ နွေလေရူးက ဆော့ကစားသောအခါ ရွက်ကြွေလေးများက လမ်းပေါ်ဒလိမ့်ခေါက်ခွေး လွင့်စင်လျက် ... သည်လမ်းပေါ်မှာလေ... ။ ။

6 comments:

အန်တီချမ်းပါ said...

မြောင်းမောင်မောင်
ဘယ်မလဲ
တီ့အတွက်
ဗေဒါတွေ
အမြန်လာပေးပါ

နန်းညီ said...

ဒီကမ္ဘာမြေကို နောက်သို့ လှည့်ခိုင်းပြီး အရာရာအစက ပြန်စလို့ရရင်.. အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်.. ဒီလိုမျိုးအဆုံးသတ်မှုကိုလည်း ကြိုပြီးတော့မသိချင်..

jr.လွင်ဦး said...

ဟေ့ရောင် .. မင်းတော့ ခုတလော ကဗျာတွေ ဆန်လွန်းနေပါလားကွ။
ဟေး)

ဟိုလိုလိုဒီလိုလို said...

ငယ်ငယ်က အပေါင်းလက္ခဏာလေးတွေကိုတောင် သတိရလာပီ ...
ခုဆို သူတို့လည်း ... ... ... ...

purplemay said...

အင်း ... နာမည်နှစ်ခုကို အပေါင်းလက္ခဏာလေးနဲ့ ရေးနေရုံလေးပဲ ကျေနပ်ပါတယ်..။
ဇာတ်လိုက်ကို လက်ကလေးတော့ ကိုင်ခွင့်ပေးလိုက်ပါဗျာ...။
မိုက်တယ်ဟေ့ ငါ့အစ်ကိုကြီးအရမ်း romantic တွေဖြစ်နေတယ်...:)

MANORHARY said...

ငယ်ငယ်တုန်းက သူငယ်ချင်း အရမ်းချစ်ဖို့ကောင်းတယ်
အိမ်အပြန်ကျောင်းအဆင်းမှာ သီချင်းလေးဆိုး))