Tuesday, November 3, 2009

တကယ်လို့သာ ကမ္ဘာကြီးပျက်ခဲ့မယ်ဆိုရင် ...



အကိုအောင်သာငယ် တဂ်လို့ရေးရတယ်။ ကမ္ဘာပျက်သွားပါစေဆိုတဲ့ စိတ်မျိုးမရှိဘူးဗျာ။ ဒီလိုပျက်များပျက်သွားခဲ့ရင်လို့ ဘယ်တော့မှ မတွေးဖူးဘူး။ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးရဲ့ အဆုံးသတ်
ကြီးမြတ်ခြင်း သိမ်ဖျင်းမှုအားလုံးရဲ့ အဆုံးသတ် ... ခုကျွန်တော် တွေးနေမိပြီ။

တကယ်လို့သာ ကမ္ဘာပျက်ခဲ့ရင် ကျွန်တော်တွေးမိတာ (တွေးမိတာဆိုပေမယ့် အကိုအောင်တွေးတဲ့ မေးခွန်းခေါင်းစဉ်တွေအောက်ကပဲ ကျွန်တော်တွေးလိုက်ပါတယ် )

၁။ ဘယ်သူတွေနဲ့ ရှိနေချင်လဲ

အဲ့အချိန် အဲ့ဒီကာလမှာ ကျွန်တော့်ကို လက်ခံစကားပြောနေဖို့ ဘယ်သူကကော တွေးပါ့မလဲ။ ကျွန်တော်ထင်တယ် လူတိုင်းက ကိုယ်လုပ်ချင်တာတွေကို အတောမသတ်လုပ်နေကြ။ ကာကွယ်နိုင်တယ်ထင်ပြီး ကာကွယ်ကြ။ ၀ရုန်းသုန်းကားဖြစ်နေကြမယ်ထင်တယ်။ C0de ဆိုတဲ့ ရုပ်ရှင်ကားထဲကလို နေရောင်ခြည်တွေ ကမ္ဘာ့လေထုထဲ အတွင်းပိုင်းထဲထိ ၀င်လာပြီး အကုန်လောင်ကျွမ်းပြီး ကမ္ဘာကပျက်မှာလား။ နှူလက်နက်တွေထပေါက်ပြီး တဖြေးဖြေးအဆိပ်သင့် လူတွေအချင်းချင်းသတ်ဖြတ်ရင်း ပျက်သွားမှာလား။ ပြင်ဆင်ခွင့် ဘာမှမရှိဘဲ ပျက်မယ်ဆို အလုံးစုံကြီးပျက်သုဉ်းသွားမယ်ဆို ကျွန်တော်ဘယ်သူနဲ့ရှိနေရမလဲ။

ကျွန်တော်တွေးကြည့်တယ် ဖြစ်ချင်တာကတော့ ဘယ်သူငိုနေလဲလိုက်ရှာပြီး ချော့မယ်ဗျာ။ စကားကြီးကြီးကျယ်ကျယ်တွေ ပြောစရာမလိုပါဘူး။ ရင်ဘတ်ထဲထည့်ပြီး ဖက်ထားလိုက်ရုံပါ။ ကျွန်တော့်ကို လိုအပ်မယ့်သူ ဘယ်သူ့ကိုမဆိုပေါ့။ ဒါ ကျွန်တော်လုပ်နိုင်တဲ့ နောက်ဆုံးအလုပ်ပဲနေမှာပါ။

၂။ဘာတွေခံစားနေရမလဲ ...

ဘာကိုခံစားနေရမလဲ။ ကျွန်တော် ကြောက်နေမယ်ထင်တယ်။ ကြောက်လွန်းလို့ ကြောက်စိတ်တွေကုန်သွားတဲ့အထိ ...။ ဒါပေမယ့် ဘာတတ်နိုင်မှာတုန်းဗျာ ကံဆိုးတာကိုယ်တစ်ယောက်တည်းမှ မဟုတ်။ နော် ... ဟုတ်တယ်မလားဗျ။ အဲ့တော့ ဒီလိုပဲတွေးလိုက်မယ် ရောက်လာတုန်းကလည်း ငါရွေးချယ်ခဲ့တာ မဟုတ်ဘူး ... ခုလည်း ငါကမရွေးချယ်ဘဲ ပြန်ရတော့မယ် .. အားလုံးတာ့တာပါလို့ ။

၃။ဘာတွေ ပြင်ဆင်ထားမလဲ... ...

ဘာတွေပြင်ဆင်ဖို့လိုလဲ။ ဘာသာတရားကြောင့်တော့ဖြင့် ပြင်ဆင်စရာမလိုပါဘူး။ ကျွန်တော်ထင်တယ် ကိုယ်ဘာလုပ်ထားတယ်ဆိုတာ ကိုယ်သိနေတဲ့ကိစ္စ။ ဘုရားသခင်ရှိရှိမရှိရှိ... ရှိလဲ သုံးမရဘူးထင်ပါတယ်။ ကိုယ့်ကိစ္စကိုယ်တာဝန်ခံရမှာ အဲ့ဘုရားသခင်က ဘာကိစ္စ၀င်ပါနေဦးမှာတုန်း။ ဘာပြင်ဆင်ရမလဲ.. ?။
မသေခင်ဆို ကျွန်တော်သေမယ့်နေရာကိုရွေးမယ်ဗျာ။ နဲနဲရှင်းရှင်းလင်းလင်းရှိတဲ့နေရာ။ ကောင်းကင်ကြီးကို မြင်ရမယ့်နေရာ။ နေရောင်ရယ်၊ သစ်ပင်တွေရဲ့ နောက်ဆုံးတီးတိုးစကားတွေကို ကြားရမယ့်နေရာ၊ အလင်းရဲ့ အထိအတွေ့ကို သိနေမယ့်နေရာ ... ကျွန်တော်အဲ့နေရာလေးကို သွားချင်တယ်။ နောက် အရက်ပျော့ပျော့တစ်ခွက်လောက် သောက်ချင်တယ်။

၎။ ၀မ်းနည်းမိတာက

ဘာကိုမှ ၀မ်းနည်းမနေတော့ဘူး။ နောက်ဆုံးအချိန်တွေမှာ ဘာအကြောင်းကြောင့်နဲ့မှ ကိုယ့်ကိုယ်ကို ထပ်အလောင်မကျွမ်းစေချင်တော့ဘူး။ တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက် လိုချင်တာ လိုအပ်တာတွေကို
ထပ်လုပ်မနေတော့ဘူး။ အမေသာ အနားမှာရှိရင်တော့ အမေ့ရင်ထဲပြန်ဝင်အိပ်နေလိုက်မယ်။

၅။ ကြောက်နေမိတာ ... ...

ကြောက်စိတ်ကုန်သွားပြီထင်တယ် .. အဲ့အချိန်ဆိုလေ။

၆။ ဆောင်ထားချင်တာ ... ...

စီးကရက်နဲ့ မီးချစ်၊ ကော်ဖီလေး ဓါတ်ဘူးလေးနဲ့ထည့်ထားမယ်။ အမေအနားမှာရှိလဲ အဲ့အချိန် ကျွန်တော်ဆေးလိပ်သောက်လဲ တားတော့မယ်မထင်ဘူး။ စီးကရက်လေးမီးညှိပြီး မှုတ်ထုတ်လိုက် ကော်ဖီလေးသောက်လိုက် ... သေခါမှသေရောဗျာ လှလှပပပဲ။

ရ။ ဘာတွေရေးမိမလဲ .. .. ..

နှုတ်ဆက်ခဲ့ပါတယ် ကမ္ဘာမြေ ပေါ့ ... ဒါလောက်ပါပဲလေ။

၈။ တွေးမိတွေးရာ အတွေး ...

မနက်ဖြန်ဆိုတာ ရှိပါဦးမလား။ မနက်ဖြန်ဆိုတာရှိနေပြီး ငါဆိုတာပဲ မရှိတော့မှာလား။ ဘာလို့များ ငါကမ္ဘာကိုမျက်ကွယ်ပြုခဲ့မိပါလိမ့် ... ... ... များစွာပါပဲလေ။

၉။ ဂုဏ်ယူချင်တာ ... ...

ကျွန်တော် ရိုးရိုးလေးပဲတွေး ရိုးရိုးလေးပဲနေခဲ့တဲ့ အတွက်၊ သာမာန်လူလေးတစ်ယောက်ထက် ပိုပြီးမရိုးသား၊ မဆိုးသွမ်းခဲ့တဲ့အတွက်... ကျွန်တော် ဂုဏ်ယူချင်ပါတယ် ။

၁၀။ ရှာကြံဖြေသိမ့်မိတာ ... ...

ငါတော်တော် ကံကောင်းတဲ့ကောင်ပါလား ... မသေခင် စာအုပ်တွေကို ဖတ်ခဲ့တယ်၊ ဂီတကို ခံစားတယ်၊ ပန်းချီလည်း ဆွဲခဲ့တယ်၊ မိန်းမတွေကို ချစ်ခဲ့ဖူးတယ်၊ သူငယ်ချင်းတွေနဲ့ ရီခဲ့ဖူးတယ်၊ ကဗျာဖတ်ဖူး ခံစားခဲ့ဖူးတယ်၊
ငါ ... ကံကောင်းခဲ့တာပဲ။

၁၁။ ကျူးရင့်ချင်တဲ့ ဥဒါန်း ... ...

... ... .... .... .... ....

13 comments:

jr.လွင်ဦး said...

ကံကောင်းချက်တော့ ကြွားမနေပါနဲ့တော့ဟာ။း)

အောင်သာငယ် said...

ရေးပေးတာကျေးဇူးပါ ညီလေး...
အဲလောက်လည်း မကြောက်နဲ့လေကွာ...း)
တချိန်ကျရင် လူမှန်ရင် သေကြရမှာပဲဟာ...

နန်းညီ said...

ငိုနေသူကို ရင်ဘတ်ထဲထည့်ဖက်ပြီး ချော့မယ်တဲ့လား.. အတွေးတွေကတော့ အမြဲတမ်းချစ်စရာကောင်းနေတာပဲနော်

အန်တီချမ်းပါ said...
This comment has been removed by the author.
အန်တီချမ်းပါ said...

အရက်တခွက်သောက်ပြီး
“အားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်”လို့ပြောသေသွားတဲ့
ကိုတာရာ့ ဝတ္ထုထဲက ဂျပန်ဘုန်းတော်ကြီးကိုသတိရမိသေးသာပဲ

ဒနည ပြောတာ ကိုထောက်ခံပါတယ်
အတွေးတွေက အမြဲချစ်စရာကောင်းနေတော့သာပဲ

littlebrook said...

ဂျူ - နင်သိရင် တိတ်တိတ်နေ ..လာမဖွနဲ့လေ

အကိုအောင်- ဟီးဟီး တနေ့သေရမယ်မှန်းသိပေမယ့် ကြောက်တယ်ဗျ

နန်းညီ - ဟုတ် .. ကျွန်တော့်ကို တကယ်လိုအပ်တဲ့သူကိုပြောတာ ကျွန်တော့်ကို မလိုအပ်တဲ့သူအတွက် နဲနဲလေးသာကျန်တဲ့ အချိန်ကို ဘာလို့ အကုန်ခံမလဲဗျာ နေရာရယ် အချိန်ရယ်မှားပြီးနေမိလို့ ကိုယ်အပယ်ခံဖြစ်သွားရတာ ကိုယ်သိခဲ့ပြီပဲ

တီချမ်း - အမုန်းတွေနဲ့ မခွဲခွာကြေးလေ အတွေးနဲ့လက်တွေ့ တူအောင်နေချင်ပါတယ်ဗျာ ... ခက်တာကး)

အနော် said...

၂၀၁၂ မှာ ကမ္ဘာကြီးတကယ်ပျက်မယ်ဆိုရင်တော့
ကိုယ်လုပ်ချင်တာ အကုန်မဟုတ်တောင် တော်တော်များများ လုပ်ခဲ့ပီးပီလား စဉ်းစားလိုက်ဦးမယ်

Nge Naing said...

littlebrook ရေ လာဖတ်သွားပါတယ်။ ကမ္ဘာကြီးမပျက်သေးပါဘူး။ စိတ်မပူပါနဲ့။

mirror said...

ဟေ့လူ....ရေးပုံနဲနဲပြောင်းနေသလားပဲ။သုံးပုဒ်ရှိပြီ သတိထားမိတာ။
သဘောကျတယ်။ဒါမျိုးကို ပိုပြီး။လွတ်လပ်စွာပေါက်ပြဲနေသော စမ်းချောင်း
တခုပေါ့..ဟဲဟဲ

လက်နာနေလို့ မနည်းရိုက်ရတယ် :(

purplemay said...

ဟာဟ...ကိုဘွတ်ကြီး...ခရမ်းလည်းခုမှ ကိုယ့်ဟာကို ကံအရမ်းကောင်းမှန်းသိတော့တယ်...ဟေးဟေး

Mr.Guiter said...

ငါတော်တော် ကံကောင်းတဲ့ကောင်ပါလား ... မသေခင် စာအုပ်တွေကို ဖတ်ခဲ့တယ်၊ ဂီတကို ခံစားတယ်၊ ပန်းချီလည်း ဆွဲခဲ့တယ်၊ မိန်းမတွေကို ချစ်ခဲ့ဖူးတယ်၊ သူငယ်ချင်းတွေနဲ့ ရီခဲ့ဖူးတယ်၊ ကဗျာဖတ်ဖူး ခံစားခဲ့ဖူးတယ်၊
ငါ ... ကံကောင်းခဲ့တာပဲ။

tututha said...

ညည်းစာတွေဖတ်လိုက်ရင် လူက လေးပြီး လွမ်းလွမ်းသွားတယ်။

little brook said...

အင်း ... ငါ့အမကတော့ ပြောတတ်တယ်း)