Sunday, November 1, 2009

ချောင်းကလေး စီးနေတယ်(၃)

ဒီနေ့ မီးပုံးပျံကွင်းထဲကို ရောက်ပီဗျ။ အချိန်က ကွက်တိ ... ကွင်းထဲကိုခြေစချမိချိန်လောက်မှာပဲ ဖွင့်ပွဲအထိမ်းအမှတ်
မီးပန်းတွေ ကောင်းကင်ကို ထိုးတက်သွားတာ။ ကျွန်တော်တို့ကိုပဲ ကြိုနေသလိုပေါ့ဗျာ။ ကောင်းကင်ကကြယ်တွေ ကြွေတာ
မြင်ဖူးတယ်ဟုတ်... မြေပြင်ကနေ ကြယ်တွေထိုးတက်သွားတဲ့ မြင်ကွင်း ခု... ကျွန်တော်ကြည့်နေတယ်။
ခု ဒီခရီးကိုလာတာ ကျွန်တော်တစုံတရာကို လိုချင်နေလို့ လာရှာတာများလားလို့ ကျွန်တော်တွေးနေတယ်။
ရှမ်းအိုးစည်သံ တဒုံဒုံက ကျွန်တော့်ရင်ကို ခုန်စေတယ်။ ဗီဇမှာပါလာတဲ့ရှမ်းသွေးက အိုးစည်သံတညံညံမှာ တ၀ုန်းဝုန်းခုန်လို့။ ကျွန်တော်ပျောက်ဆုံးနေတာ ဆူပွက်နေတယ့်အိုးထဲမှာ ... ခုကျွန်တော် သီးသန့်အစုလေးထဲပြန်ရောက်သွားပြီပေါ့။

မီးပုံးပျံက အမျိုးအစားနှစ်မျိုးရှိတာကိုး။
ိစိန်နားပန်ဆိုတဲ့ မီးပုံးပျံရယ်၊ ညမီးကျီးဆိုတာရယ်။ စိန်နားပန်က အလှပေါ့ဗျာ။ အသက်နဲ့နီးနီး အန္တရာယ်ကြီးတာက
ညမီးကျီးဆိုတဲ့ မီးပုံးပျံအမျိုးအစားကိုး။ ညမီးကျီးအမျိုးအစားက မီးပုံးပျံအောက်ခြေမှာ မီးရှူးတွေ ဒုန်းတွေ မီးပန်းတွေထည့်တွဲထားပြီး လွတ်တင်ရတယ်။ ကောင်းကင်ပေါ်ရောက်တော့မှ မီးပန်းတွေထပေါက် မီးရှူးတွေဖြာထွက်နဲ့ သိပ်ကိုလှတာပေါ့ဗျာ။ အကြောင်းကြောင်းကြောင့် အောက်မှာသာ ထပေါက်ခဲ့ရင် လူတွေကိုထိမှန်နိုင်တယ်။ သေလောက်တယ့်ကစားနည်းပေါ့ဗျာ။
မီးပုံးတွေ မတော်တဆကွဲတာမြင်ရင် စပိန်တွေနွားရိုင်းသတ်တာမြင်ယောင်တယ်။

ကွင်းထဲဟိုငေးဒီငေးရင်းနဲ့ မီးပုံးပျံတစ်လုံးတက်သွားတာ မြင်လိုက်ရတယ်။ ညမီးကျီးအမျိုးအစားပေါ့။ တက်သွားကတည်းကကို ယိုင်ထိုးနေတာမို့ သတိထားပြီးလိုက်ကြည့်နေမိတယ်။ ရင်ခုန်နေလား စိုးထိတ်နေလားမမေးနဲ့နော်။ ကျွန်တော်လည်းကြောက်တတ်တာပဲ။
စိုးရိမ်သလိုပါပဲ အန္တရာယ်ကင်းတဲ့ သတ်မှတ်အမြင့်ပေ မရောက်ခင်ကို မီးပန်းတွေထပေါက်တော့တာပဲ။ ယမ်းပိဿာချိန် ၃၀ကျော်တဲ့ မီးပန်းမီးရှူးအစုအဝေးဟာ အမှန်တကယ်ဆို ဗုံးအသေးစားလေးပါပဲ။ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ လူတွေကလည်း ဝေးရာကိုပြေးကြတယ်။
မီးပုံးပျံက လေတိုက်ရာဘက်ကို တိမ်းရင်း တောင်ကုန်းတွေဘက်ကိုရောက်သွားတယ်။ တောင်ကုန်းပေါ်က လူတွေအကုန်ထွက်ပြေးကုန်တယ်။ မပြေးဘဲကျန်နေတယ့်သူလည်း ရှိတယ်ခင်ဗျ။ ကောင်လေးက ဂျင်းဂျက်ကက်လေးနဲ့ ကောင်မလေးကို တင်းတင်းဖက်ပြီး ရပ်ကျန်နေခဲ့တာ။ မီးပန်းတွေက တ၀ုန်းဝုန်း မီးကျည်တွေက တဒိုင်းဒိုင်းနဲ့ သူတို့အပေါ်မှာ။ တောင်ကုန်းလေးထိပ်က ပေါက်ကွဲနေတဲ့မီးပန်းတွေအောက်မှာ ချစ်သူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်လို့။

ကျွန်တော် အဲ့မြင်ကွင်းလေးကို ငေးကြည့်နေမိတယ်။ ဘာရယ်မဟုတ်ပါဘူး... သဘောကျလို့ပါ။ လှလည်းလှတယ်ဗျာ။ ဒီနေ့မီးပုံးပွဲလာတာ အဲ့မြင်ကွင်းလေးနဲ့တင် တန်သွားတယ်ထင်ပါတယ်။ နောက်ဆုံးမီးပုံးပျံလွတ်တင်ပြီးတဲ့ အချိန်ဟာ မနက်သုံးနာရီလောက်ကိုရှိပြီဗျ။ လူစီးကြောင်းထဲ ကျွန်တော်လည်း ရောပြီးပြန်လာခဲ့တယ်။ ရိုးရာမပျက်တဲ့ မြေပါဆိုတဲ့ သီချင်းစာသားလေးကို သတိရတယ်ဗျာ။ ခုကွင်းထဲမှာ မူးရူးနေတယ့်ကောင်လေးတွေဟာ မနက်ကထိန်လှည့်တဲ့အခါ သပ်သပ်ရပ်ရပ်နဲ့ လိမ္မာရိုကျိုးသော ကောင်လေးတွေဖြစ်သွားရော။ တောင်ပေါ်ဘုရားကို လှူဖွယ်ပစ္စည်းတွေနဲ့ အိုးစည်သံနဲ့ တက်ကြလိမ့်ဦးမယ်။
ပျောက်ဆုံးနေတဲ့ အမှတ်လက္ခဏာကို ကျွန်တော်ပြန်ရှာတွေ့တယ်ပေါ့။ ငါ တောင်ပေါ်ကရှမ်းလေးတစ်ယောက်ပါ... ငါ သူတို့လိုရှမ်းကလေးတစ်ယောက်ပါလို့။ အိုးစည်သံ တဒုံဒုံကြားမှာ ကျွန်တော့်သွေးက တခုန်ခုန်နဲ့ ခြေလေးလက်လေးလှုပ်ရင်း ပြုံးရင်း အိမ်ကိုပြန်လာပါတော့တယ်။

8 comments:

နန်းညီ said...
This comment has been removed by a blog administrator.
little brook said...
This comment has been removed by the author.
Khinmarlaraung said...

သူငယ်ချင်းရေ...ရောက်တယ်။
ဖတ်သွားတယ်။ တောင်ပေါ်ကရှမ်းလေးလို့ 
ကြားရတာနဲ့ တင်...ဘာမှမဆိုင်ပေမဲ့
တောင်ပေါ်မြို့ လေးကိုလွမ်းမိတယ်ဟာ။။
:)..ငါကလဲတောင်ပေါ်သူလေ....
..ခင်မင်လျှက်.....ခင်မာလာအောင်..:)

လင်းဒီပ said...

တောင်ပေါ်သားမဟုတ်ပေမယ့် မြန်မာ့ရိုးရာဓလေ့စရိုက်တွေ အကုန်လုံး မြန်မာပြည်အနှံက တိုင်းရင်းသားတွေအကုန်လုံးကို ကျွန်တော်ချစ်တယ်..ရိုးရာပွဲတော်တစ်ခုအကြောင်း ကြားမိဖတ်မိတိုင်း ရင်ခုန်ကြည်နူး မြန်မာဖြစ်ရတာ ဂုဏ်ယူတဲ့စိတ်က သွေးတွေထဲမှာ ဟုန်းကနဲပဲ...။
ပျော်ရွှင်ခဲ့တယ်ဟုတ်..။

jr.လွင်ဦး said...

မူးရုးနေတဲ့ ကလေးတွေ မနက်ကျ သပ်သပ်ရပ်ရပ်နဲ့ ကောင်လေးတွေဖြစ်သွားရောတဲ့လား..
ယဉ်ကျေးမှုတွေ စီးဆင်းနေတုန်းပဲဆိုတာ နင့်စာထဲမှာ မြင်ရတယ်။း)

အန်တီချမ်းပါ said...

ခုလိုကျတော့လဲ လူကြီး ကြီးလိုပါပဲလား

purplemay said...

ဟေး...အစ်ကိုရေ...ပျော်စရာကြီးပါလားဟရို့....:)
I hope u've had a gr8 time loll

ချစ်သမီး said...

“ခုကွင်းထဲမှာ မူးရူးနေတယ့်ကောင်လေးတွေဟာ မနက်ကထိန်လှည့်တဲ့အခါ သပ်သပ်ရပ်ရပ်နဲ့ လိမ္မာရိုကျိုးသော ကောင်လေးတွေဖြစ်သွားရော။ ”

အရမ်းချစ်ဖို့ ကောင်းတဲ့ ကလေးတွေ..

“ငါ တောင်ပေါ်ကရှမ်းလေးတစ်ယောက်ပါ... အိုးစည်သံ တဒုံဒုံကြားမှာ ကျွန်တော့်သွေးက တခုန်ခုန်နဲ့ ခြေလေးလက်လေးလှုပ်ရင်း ပြုံးရင်း အိမ်ကိုပြန်လာပါတော့တယ်”

ဖတ်ရင်းနဲ့  ပြုံးနေမိတယ်.
အဲဒီကျေနပ်မှုကို ရလိုက်တယ်.

လစ်တဲ့ ဘရွတ် ဟာ တောင်ပေါ်က ရှမ်းလေးတယောက်ပါ။ ။