Saturday, January 31, 2009

လေလေလွှင့်လွှင့်

အေးစက်စက်လေက ကတ္တရာလမ်းနက်နက်ပေါ် လွန့်လူးလျက်
ကျွန်တော့်ထံပြေးဝင်လာသည်..။အင်္ကျီကို တင်းတင်းဆွဲစေ့ပြီး ၀ါကျင့်ကျင့်မီးရောင်အောက်မှ
ဖြတ်လျှောက်တော့ သူငယ်ချင်းmirror ပြောဖူးသလို အထီးကျန်ခြင်းကို မုန်းလိုက်တာဟု
တွေးမိသည် ။ အိမ်ပြန်ဖို့ အရေးတကြီးမဖြစ်မိပါ..။ ကြိုနေမယ့်သူ..ကိုယ်ပြန်လာမှာကို
မျှော်နေမယ့်သူမှမရှိတာဟု တွေးမိတော့ ငါအားငယ်နေတာလားလို့ ပြန်မေးမိပြန်သည်..။
အရာအားလုံးကို စိတ်ပျက်လက်ပျက်ဖြစ်နေခြင်းထက် အားကုန်တိုက်ခိုက်နေရတာက
ပိုကောင်းတယ်ဟု စဉ်းစားမိတော့ ငါအားငယ်မနေပါဘူးဟု ကိုယ့်ကိုယ်ကို အတည်ပြုနေမိပါသည် ။
အမှောင်ရိပ်ထဲ ခေါင်းငိုက်စိုက်ချရင်း လမ်းကိုဖြေးဖြေးလျှောက်ရင်း ကျွန်တော်လိုချင်နေ
လိုအပ်နေသည်များကို ပြန်စဉ်းစားနေမိသည်.။
ကတ္တရာလမ်းဘေးမှောင်ရိပ်ထဲ ဖြတ်ဖြတ်ပြေးသွားသော ကြွက်များသာ အဖော်ရှိနေသလိုခံစားရသည် ။
ငါလိုချင်တာတွေ ငါပြောချင်တာတွေ ငါ့စိတ်ကူးတွေကို နားထောင်ပေးမလား အနဲဆုံးငါသက်သာသွားမှာပေါ့ဟု
စိတ်ကူးယဉ်ကြည့်နေမိသည် ။ အထီးကျန်ခြင်းသည် အေးစက်စက်တိုက်တတ်သော လေနှင့်များပါလာခဲ့သည်လား ။
ချစ်သူအကြောင်းတွေးမိတော့ အိပ်နေမလား...ချစ်သူအိပ်စက်နေပုံကိုကြိမ်ဖန်များစွာစောင့်ကြည့်ခဲ့သူ
ကျွန်တော်ပြုံးမိသည် ။ ရင်ထဲနွေးလာသည် ။ တစ်စုံတစ်ခုကိုတွေးမိတော့ ကျွန်တော့်နှုတ်ခမ်းထောင့်စွန်းများ
အောက်စိုက်ကျသွားသည် ။ အရူးမ...။ အေးစက်စက်လေ...တိုက်လာပြန်ပြီ ။
အကြိမ်ကြိမ်ယမ်းခါမိနေသည့်တိုင် တွေးလက်စအရာများ ခေါင်းမှထွက်မသွားပါ ။
သူ ငယ်ငယ်က ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်သည်ကို ဘာကြောင့်သူများကို
သိနားလည်သည်ထင်နေရသလဲ ဟုမေးဖူးပါသည် ။ ကျွန်တော်ကကော ဘာကြောင့် သူမကိုနားလည်ပေးနိုင်ဖို့
အမြဲတွေးနေရတာလဲ ။ ကောင်းကင်ကိုမော့ကြည့်တော့ ကြယ်တွေကြယ်တွေ.... ... ...
နာနာကြည်းကြည်း လွမ်းလိုက်တာ... ... ...။
လမ်းထိပ်ရောက်တော့ အခန်းကိုခေါင်းမော့ငေးရင်း ကျွန်တော်ပြန်လာပုံကို စောင့်ကြည့်တတ်သော
အခန်းဖော်များရှေ့မှဖြတ်ရန် ခွေခေါက်ထားသောကျောရိုးကို ဖြောင့်လိုက်မိသည် ။
အနဲဆုံးတော့ ကျွန်တော့်ကိုဂရုတစိုက် ရှိနေသော သူငယ်ချင်းအခန်းဖော်များရှိနေသေးသည်ပဲလေ ။

No comments: