Sunday, May 2, 2010

တက်စာ

ဘယ်အချိန်ကတည်းက ထိုအက္ခရာများနှင့် ကျွန်တော်ရင်းနှီးခဲ့ပါသလဲ။ ယခုကဲ့သို့ အက္ခရာများမှ ဖွင့်ဆိုနိုင်သောအရာများအကြောင်းကိုကော ကျွန်တော်တွေးဖူးပါသလား။ ထိုအက္ခရာများနှင့် စတင်တွေ့ဆုံကာ
မေမေသင်ပေးသမျှ ရွတ်ဆိုခဲ့စဉ်က မေမေပြုံးနေပါလိမ့်မည်။ မေမေရေ .. ဒါက အေ၊ မေမေရေ ဒါက ဘီ။
သူများရေးထားတာလေးတွေဖတ်ရစဉ်က သဘောကျသလောက် ခုကျွန်တော် ထိုအရာများအကြောင်းရေးရမည်ဆိုတော့ ခေါင်းခြောက်သည်။ ဘာရေးရမည်လဲ။ ဘ၀တစ်လျှောက်လုံးစွဲလာတာကို သင်္ကေတပြုပြရမှာလား။ အချိန်ကာလတစ်ခုအတွက်လား။ ထိုအထဲမှာ ရှေ့ကာလတွေမှာပါ စွဲမြဲထင်မြင်နေတဲ့အိပ်မက်တွေကော ထည့်သွင်းလို့ရမရ .. ကျွန်တော့်ကို ပြောမပြသွားပါ။



A- art, artist

B- book,Brother

C- Communism and Capitalism, Chaos

D- Dog, Dust in the wind (Scorpion)

E- English, Existentialism, Ego,Ethic

F- freedom, friends

G- Government

H- hide

I- I

J- jealous

K- Kindness

L-love,life,law

M- money,Mum,

N- no, nope, not,

O- ordinary

P- :P, please,

Q- Question

R- Religion,Return to Innocence( Enigma)

S- Sorry..........

T- Think

U- U turn, Utopia

V- Victory

W- Window, Wind, Gone with the Wind, Worry, without, withdraw

X-

Y- Yangoon

Z- zer0


ကဲ ချက်ချင်းတွေးမိသမျှ ထွက်လာတဲ့ စကားလုံးတွေ မောင်ရင်ညိုကျေနပ်မယ်ထင်တယ်ကွာ .. မြန်မာအက္ခရာတွေကို ဘာကြောင့်မတဂ်ကြတာလည်း ခုရေးရင်းတွေးမိတယ် .. ကကြီး - ကချင်မချောချောလေး၊ ခ- ခိုနှစ်ကောင်နဲ့သောင်ပြင် (ကဗျာ)၊ ဂ- ကြက်ရိုးနဲ့ ဂွေးတောက်ရွက် ဟင်းချို၊ ဃ- ဒါရိုက်တာ ဃကြီး၊ င- ငါတရားစီရင်တော်မူခန်း (ထူးအိမ်သင်သီချင်း)၊ စ- စည်းကမ်းရှိပါ .. ကဲအဲ့လိုလေးဆို မကောင်းဘူးလား ဆ- ဆင်ပြောင်ကြီး အမြီးကျမှတစ်၊ ဇ- ဗလမရှိလည်း ဇတော့ရှိတယ်ကွ .. :)







Tuesday, April 27, 2010

အကောင်းမြင်သမား

နေအပူချိန် ဒီကရီမည်မျှ ရှိသည်လဲမမှန်းဆတတ်ပါ။ သဲပြင်ပေါ်ထားလည်း ပူနေသောကြောင့် ခြေထောက်များကို သဲထဲထိုးနစ်လိုက်သည်။ သဲပွင့်တို့ကလည်း စိုစွတ်မနေပါ။ ပူပြင်းလှသောနေရှိန်နှင့်
ခြောက်သွေ့နေသည်။ သဲပွင့်တို့သည် အစိုဓါတ်ကုန်သောကြောင့် တစ်ချပ်ချင်း ဖွာလန်ကြဲလျက်။
ဘ၀ဆိုတာကော ဒီလိုပဲ နေမှာလား ။ ခု ငါ့ဘ၀က ဒီသဲတွေလိုပဲလားလို့ သူတွေးနေမိသည်။

စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ လတစ်လပဲ ... သူအသံထွက်ပင် ရေရွတ်ပစ်သည်။ ဒီဇိုင်းများထုတ်ရလွန်းသဖြင့်
သူ့ဦးနှောက်တွင် ခြောက်သွေ့ကာ အသစ်အဆန်းမရှိတော့။ သူ ဖန်တီးထားသောအရာများက ထပ်တလဲလဲဖြစ်လာနေပြီ။ အလေအလွင့်ဆန်သောသူ့အနားမှချစ်သူကလည်း လေတိုက်သောဒဏ်မခံနိုင်၍ လွင့်သွားလေပြီ။ သူ့ဘ၀ရှေ့ရေးကိုတွေးမိလျှင် သူ့အာရုံထဲ နှင်းပိတ်ဖုံးနေသော အမှောင်တိုက်ထဲက ရထားသံလမ်းရေးရေးကို မြင်မြင်လာသည်။ ရှေ့မှာဘာရှိမယ်ဆိုတာ သူမသိ။

သူ့လက်ထဲပိုင်တာ သူပြန်တွေးကြည့်နေသည်။ ခုသူပိုင်တာ သူ့လက်ထဲက ဘီယာဘူးသာဖြစ်မည်။ ပြီးတော့ မလှမ်းမကမ်းမှာ ဖွင့်ချထားသော စာအုပ်။ စာအုပ်တွေဖတ်ရတာလည်း ပျော်ရွှင်ဖွယ်မကောင်းလှပါ။ ဒီကမ္ဘာပေါ်တွင် စိတ်အညစ်ဆုံးလူသားများမှာ ကဗျာဆရာများ၊ အထူးသဖြင့် ပို့စ်မော်ဒန်ကဗျာဆရာများသာ ဖြစ်မည်ထင်ပါသည်။ စိတ်ချမ်းသာအောင် တစ်စက်ကလေးမှမရေးတတ်သော ကဗျာဆရာများသည် ပို့စ်မော်ဒန်သမားများသာဖြစ်မည်။

ပင်လယ်ကို ကျိန်းစပ်နေအောင် နေရောင်က တဖြန်းဖြန်းရိုက်သည်။ ငွေရောင်အနာဖေးတက်လာသည်အထိ ပင်လယ်က တဖျတ်ဖျတ်လူးလှိမ့်လို့။ ချစ်သူကို သောက်ကောင်မလို့ ပျစ်ပျစ်နှစ်နှစ်ဆဲသည်။ အလုပ်ကို မုန်းတီးသည်။ ညစ်ညူးဖွယ် ညည်းညူနေတဲ့ ကဗျာဆရာကို ကျိန်ဆဲသည်။
သောင်ပြင်မှာ လွတ်ထားတဲ့ခွေးဆိုသည့် ဥပမာကို ပထမဆုံးအကြိမ် သူသဘောပေါက်နားလည်ခြင်း။

တိမ်တစ်စမှမရှိသောကောင်းကင် လေးတွဲ့တွဲ့မှာ သူပထမဆုံးကြားလိုက်ရသောအသံကို သဘောမပေါက်သဖြင့် သူထကြည့်မိသည်။ တံငါလှေတစ်စင်းပိုက်ဆွဲနေခြင်းဖြစ်သည်။ မိန်းမ၊ယောက်ျား ငါးယောက်၊ ခြောက်ယောက်ခန့်က ပင်လယ်ထဲပိုက်ချရာမှ အော်ဟစ်ပြောဆိုနေသံများဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် ဇာတ်ဝင်ခန်းထဲ တအိအိဝင်လာသော တိမ်တစ်အုပ်လိုပင်။

ပိုက်ကို ချပီး ကမ်းခြေဘက်ကို တဖြည်းဖြည်းဝိုင်းပတ်လာနေသည်ကို သူထိုင်ငေးနေမိသည်။ သည်လိုမြင်ကွင်းမျိုးကို ဘီယာနဲ့ မြည်းဖို့သင့်မသင့် သူတွေးရင်း လှောင်ပြုံးပင်ပြုံးလိုက်မိသေးသည်။ လှေပေါ်မှ ခေါင်းဆောင်ဖြစ်သူက အချက်ပေးလိုက်သည်နှုင့် ပိုက်အစနှစ်ဘက်ကို ကျန်သူများက ၀ိုင်းဆွဲကြသည်။ ပိုက်ကြိုးကိုဆွဲနေသောမိန်းမတို့သည် ပင်လယ်ထဲ ဆင်းသွားလိုက်။ ကြိုးစကိုကိုင်ကာ ကမ်းခြေသဲသောင်ပေါ်ထိ တက်လာလိုက်။ အကြိမ်ကြိမ် အခါခါ။ သူမတို့ဝတ်ထားသော အ၀တ်အထည်တို့သည် နေဒဏ်လေဒဏ်ကြောင့် အရောင်ပင်မရှိတော့။ ထမိန်ရေစိုအောက်တွင် သူမတို့၏ ပေါင်တံများက ထင်းထင်းလင်းလင်း။ ပိုက်ကြိုးကိုဆွဲလိုက်တိုင်း ကြွက်သားများ၏ ရုန်းကန်မှုကို သူသတိထားမိသည်။ သူတို့ မျက်နှာဝယ် ချွေးအလိမ်းလိမ်း သို့သော် ဘ၀သည် သူတို့၏ မျက်နှာပေါ်မှ ပြေးထွက်မသွား။ သူ စာရေးဆရာ ဂျက်လန်ဒန်ကို သတိရသည်။ ချက်ချင်းခုန်ထလိုက်ပီး သူတို့ဆီပြေးသွားလိုက်သည်။

သူ သူတို့ကိုကျော်ကာ ပင်လယ်ထဲထိဆင်း၍ ထိပ်ဆုံးက ပိုက်အစကို ဆွဲကာရုန်းလိုက်သည်။ သူတို့က သူ့ကိုပြုံးပြကြသည်။ လှိုင်းတစ်လုံးက သူ့ဆီပြေးဝင်လာချိန် သူအော်လိုက်မိသည်။ အားလုံးက ရီရီမောမော။
ပင်လယ်ရေကပဲ အေးစေတာလား၊ သူတို့တွေကပဲ သူ့ကိုအေးစေသလားမသိ။ ပျော်ရွှင်ခြင်းများအလုံးအရင်းနှင့် ၀င်ဆောင့်သဖြင့် သူတဟားဟားသာ ရီနေမိသည်။ မိုးတိမ်ပြာပြာ၊ ပင်လယ်လေအေးအေးတွင် သူ့စိတ်တို့ ကြည်စင်ပြာလွင်။

နေလုံးဝင်သွားချိန် အင်္ကျီရေစိုကို ပခုံးပေါ်တင်ရင်း သူ ကမ်းခြေကိုဖြတ်လျှောက်ကာ ပြန်လာသည်။ ကမ်းခြေတွင် တင်ကျန်နေသောခရုခွံလေးများကို ခြေဦးနှင့်ထိုးဆော့ရင်း မနက်ဖြန်အတွက် သူ့သွေးတို့ ရဲရဲနီကာ ဆတ်ဆတ်ခုန်နေကြောင်းတွေးမိသောအခါ သူကျေကျေနပ်နပ်ပင် ပြုံးမိလေသည်။

Monday, April 19, 2010

နှုတ်ဆက်တယ်

ဘလော့ဂ်ဆိုတာ ကျွန်တော် စာရေးကျင့်တဲ့နေရာလေး၊ တစ်ခါတစ်လေ ကျွန်တော့် ဒိုင်ယာရီ၊
ဒီနေရာကနေ ကျွန်တော်နာကျင်တာ၊ ပျော်ရွှင်တာ၊ တွေးမိတာတွေကို လွင့်ထုတ်ခဲ့တယ်။
ဒီနေရာကနေ ကျွန်တော် သူငယ်ချင်းတွေ ရခဲ့တယ်။ ခုဗျာ အကြောင်းမသင့်လို့ပဲ ဆိုရမယ်
အားလုံးကို နှုတ်ဆက်တယ်ဗျာ .. နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ ။ အလုပ်နဲ့ ကျောင်းနဲ့မအားတော့တဲ့အတွက်
ကျွန်တော် ဘလော့ဂ်ဆက်မလုပ်နိုင်တော့ဘူး။ အားတဲ့အချိန်လေးတော့ လိုက်လည်မယ်ဗျာ ...။
ပို့စ်တောင် တစ်ရာမပြည့်လိုက်တဲ့ ဘလော့ဂ်လေး တစ်ရက်ရက်တော့ ပြန်လာဖြည့်ပါ့မယ်။

Sunday, April 11, 2010

ဆာရာဂျေဗိုမြို့မှ တယောဆရာ

စန္ဒရားဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တော်မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တယောပွဲတော်မှာ တယောဆရာ ယူဂျင်းဖရီစင်းနဲ့အတူ တွဲဖက်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံရပါတယ်။ နှစ်နှစ် တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ အဲဒီတယောပွဲတော်ကို ကမ္ဘာတစ်လွားက တယောအကျော်အမော်တွေအပြင် ဟိတ်ဟန်ရယ်လို့မရှိတဲ့ ရိုးရိုးရှင်းရှင်း တူရိယာလေးအတွက် ဘ၀ကိုမြုပ်နှံထားကြတဲ့ တယောပြုလုပ်သူတွေ၊ တယောစုဆောင်းသူတွေနဲ့ သမိုင်းသုတေသီတွေလည်း တက်ရောက်ကြတယ်။ သူတို့တွေဟာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အဆင့်မြင့်သင်တန်းတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ တေးဂီတအစီအစဉ်တွေ၊ ပါတီပွဲတွေနဲ့ ရက်သတ္တပတ်လုံးလုံး စုရုံးစုရုံး ဖြစ်နေခဲ့ကြလေရဲ့။ ညနေခင်းတိုင်းမှာလည်း
ခြောက်ရာထက်မနည်းတဲ့ ပွဲတော်လာသူတွေဟာ တေးဂီတ ဖျော်ဖြေပွဲမှာ စုဝေးလေ့ရှိကြတယ်။

မြောက်ပိုင်း တော်ဝင်ဂီတကောလိပ်မှာ ကျင်းပတဲ့ ပွဲဦးထွက်ည ဖျော်ဖြေတင်ဆင်မှုမှာ တစ်ကိုယ်တော် တယောလက်စွမ်းပြ အစီအစဉ်ပါဝင်လေ့ရှိတယ်။ ခန်းမကြီးရဲ့ စင်မြင့်ပေါ်မှာ အထီးတည်းတည်ရှိနေတာက ကုလားထိုင်လေးတစ်လုံးရယ်ပါ။ အဲဒီ စင်မြင့်ပေါ်မှာ စန္ဒယားလည်းမရှိဘူး။ ဂီတသင်္ကေတစာအုပ်တင်စင်လည်း မရှိဘူး။ တီးဝိုင်းအချက်ပြ ခေါင်းဆောင်အတွက် ခုံမြင့်လည်းမရှိဘူး။ ဒါဟာတစ်ကိုယ်တော် တယောလက်သံသီးသီးသန့်သန့်လေးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး အပြင်အဆင်နဲ့ အနေအထားပါ။ ပတ်ဝန်းကျင် လေထုထဲမှာတော့ မျှော်လင့်စောင့်စားမှုတွေ၊ စိတ်အာရုံစူးစိုက်မှုတွေနဲ့ သိပ်သည်းကျစ်လစ်လို့နေရဲ့။

၁၉၉၄ ခု ဧပြီညက ဖျော်ဖြေတင်ဆက်သူတွေထဲမှာ ကမ္ဘာ့တယောအကျော်အမော် ယိုကိုမာလည်း တစ်ယောက်အပါအ၀င်ပေါ့။ သူတီးခတ်ဖျော်ဖြေမယ့် တေးဂီတအဖွဲ့အနွဲ့နောက်ကွယ်မှာ သက်ရှိပုံပြင်လေးတစ်ပုဒ် ကိန်းဝပ်လို့နေလေရဲ့။

၁၉၉၂ခု မေလ ၂၇ရက်။ ဘော့စနီးယားနိုင်ငံ ဆာရာဂျေဗိုမြို့။ ဂျုံမှုန့်လက်ကျန်ရှိနေသေးတဲ့ အနည်းငယ်မျှသောမုန့်ဖိုတွေက တစ်ခုသော မုန့်ဖိုဟာ ပေါင်မုန့်တွေဖုတ်လုပ်ပြီး စစ်ဒဏ်ကြောင့် ချွတ်ခြုံကျပြီး ငတ်မွတ်ဆာလောင်နေတဲ့ ဒုက္ခသည်တွေကို ပေးဝေနေဆဲ။ ညခင်း လေးနာရီမှာ လမ်းမပေါ်က လူတန်းကြီးရှည်သည်ထက် ရှည်လျားလာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မော်တာအမြောက်ဆန်တစ်ခုဟာ လူတန်းကြီးရဲ့ အလည်ကောင်တည့်တည့်ကို ၀ုန်းကနဲကျရောက် ပေါက်ကွဲသွားလိုက်တာ အပြစ်မဲ့ပြည်သူ နှစ်ဆယ့်နှစ်ယောက်ဟာ ပွဲချင်းပြီးသေဆုံးသွားလေရဲ့။ အသားစတွေ၊ သွေးစက်တွေ၊ အရိုးစတွေနဲ့ အုတ်ကျိုးအုတ်ပဲ့တွေဟာ အရပ်ရှစ်မျက်နှာကို လွင့်စဉ်ပြန့်ကျဲသွားကြတယ်။

အခင်းဖြစ်ပွားရာနဲ့ သိပ်အလှမ်းမဝေးလှတဲ့ တစ်နေရာမှာ "ဗီဒရန် ဆပေလိုဗစ်" ဆိုတဲ့ ဂီတသမားတစ်ယောက်နေထိုင်တယ်။ စစ်ပွဲကြီးမဖြစ်ပွားခင်တုန်းက သူဟာ ဆာရာဂျေဗိုအော်ပရာ အဖွဲ့မှာ ချယ်လိုတယောထိုးတဲ့ တယောဆရာတစ်ယောက်ပါ။ အဲ့ဒီအသက်မွေးဝမ်းကျောင်းအလုပ်နဲ့ အောင်မြင်ခဲ့တဲ့သူဟာ စစ်ပွဲကြီးပြီးဆုံးလို့ အလုပ်ခွင်ပြန်ဝင်နိုင်မယ့်နေ့ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေလေရဲ့။ ဒါပေမယ့်လည်း သူ့အခန်းပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးသွားတဲ့ မြင်ကွင်းကြီးဟာ သူ့ကို အတိတ်ကာလဆီ ပြန်လည်တွန်းပို့လိုက်ပြီး စွမ်းဆောင်ရည်တွေကို ပြန်လည်စုစည်းစေပါတော့တယ်။ ဆဗေလိုဗစ်ဟာ ရှေ့ဆက်ပြီး သည်းခံစောင့်ဆိုင်းမနေနိုင်တော့ဘူး။ စိတ်ထိခိုက်နာကျင်စွာနဲ့ သူအကောင်းဆုံးလုပ်ကိုင်နိုင်ခဲ့တဲ့ အလုပ်ကို ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂီတကို ဖန်တီးမယ်၊ ပြည်သူ့အတွက် ဂီတ။ ရဲဝံ့စိန်ခေါ်တဲ့ ဂီတ။ စစ်မြေပြင်က ဂီတ။

ဆပေလိုဗစ်ဟာ နှစ်ဆယ့်နှစ်ရက်လုံးလုံး ညနေခင်း လေးချက်တီးချိန်ရောက်တိုင်း ၀တ်စုံပြည့်ဝတ်ဆင်ပြီး တယောကြီးကို ကိုင်စွဲလို့ သူနေထိုင်ရာတိုက်ခန်းအပြင်ဘက်က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ့်လမ်းမပေါ်ကို ထွက်လာခဲ့တယ်။ မော်တာအမြောက်ဆန် ကျရောက်ပေါက်ကွဲခဲ့ရာ ကျင်းပေါက်ကြီးနားမှာ ပလတ်စတစ်ကုလားထိုင်လေးကို ချထိုင်ပြီး ကွယ်လွန်သူ ဂီတပညာရှင်ကြီး အယ်လ်တီနိုနီရဲ့ Adagio in G minor တေးသွားတွေကို တီးခတ်နေလိုက်တယ်။ ဒီတေးသွားစုတွေဟာ မေ့ပျောက်ဖို့မဖြစ်နိုင်စွာနဲ့ ကြေကွဲဖွယ်အကောင်းဆုံး ဂန္တ၀င်မြောက်တေးသွားစုတွေထဲမှာ တစ်စုအပါအ၀င်ပါ။ ဆပေလိုဗစ်ဟာ လူသူကင်းမဲ့နေတဲ့လမ်းတွေ၊ လောင်မီးကျနေတဲ့ ထရပ်ကားတွေ၊ လောင်မီးကျနေတဲ့ အဆောက်အအုံတွေနဲ့ ကျည်ဆန်တွေ တရွှီရွီပျံဝဲပြီး ဗုံးဆံတွေ တ၀ုန်းဝုန်းပေါက်ကွဲနေချိန် မြေအောက်ခန်းထဲမှာ ထိတ်လန့်ကြောက်ရွံ့စွာ ပုန်းအောင်းနေသူတွေကို ရည်ညျွှန်းပြီး သူ့တယောကို ထိုးခဲ့တာပါ။ အနီးအနားပတ်ဝန်းကျင်မှာ အဆောက်အအုံတွေ တ၀ုန်းဝုန်းပြိုကျနေချိန်မှာ သူဟာလူသားဂုဏ်သိက္ခာအတွက် စစ်ပွဲမှာသေကြေ ပျက်ဆီးပျောက်ဆုံးသူတွေအတွက် ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားအတွက် စိတ်ကူးထဲမှာတောင် ပုံဖော်လို့မရနိုင်တဲ့ ရဲစွမ်းသတ္တိတွေနဲ့ ရပ်တည်ခဲ့လေရဲ့။ အမြောက်ဆံတွေအဆက်မပြတ် ကျရောက်ပေါက်ကွဲနေပေမယ့်လည်း ဆပေလိုဗစ်တစ်ယောက် ထိခိုက်ဒဏ်ရာရခြင်း လုံးဝမရှိခဲ့ပါဘူး။

သတင်းစာတွေက အဲ့ဒိမဟာဂရုဏာရှင်ကြီး အကြောင်းကို အုတ်အော်သောင်းနင်းဖော်ပြလိုက်တော့ အင်္ဂလိပ်ဂီတစာဆိုကြီး ဒေးဗစ်ဝိုင်းလ် က စိတ်ထိခိုက်လှုပ်ရှားသွားတယ်။ သူလည်း တေးဂီတတစ်ပုဒ် ဖွဲ့နွဲ့သီကုံးဖို့ ဆုံးဖြတ်လိုက်တယ်။ သူရေးဖွဲ့သီကုံးလိုက်တဲ့ တစ်ကိုယ်တော်လက်စွမ်းပြတေးသွားရဲ့ ခေါင်းစဉ်က ( ဆာရာဂျေဗိုမြို့က တယောဆရာ) ပါ။ သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေဖြစ်တဲ့ အမျက်ဒေါသသံတွေ စိမ့်ဝင်နေတဲ့ ဒီတေးသွားစုကို ဗီဒရန် ဆပေလိုဗစ်အပေါ် ညီရင်းအကိုလိုချစ်ခင်စိတ်နဲ့ ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီညနေခင်းမှာ ( ဆာရာဂျေဗိုမြို့က တယောဆရာ) တေးသွားစုနဲ့ ဖျော်ဖြေတင်ဆက်မယ့်သူက ယိုကိုမာဖြစ်ပါတယ်။

စင်မြင့်ပေါ်ကိုတက်လာတဲ့ ယိုကိုမာဟာ ပိရိသတ်ဘက်ကို ဦးညွတ်လိုက်ပြီး ကုလားထိုင်ပေါ်ကို အသာအယာထိုင်ချလိုက်တယ်။ တေးဂီတ စတင်ပါပြီ။ တိတ်ငြိမ်နေတယ့် ခန်းမထဲက တိတ်တဆိတ်ထွက်သွားပြီး တရစ်ဝဲ၀ဲ အနိဌာရုံတွေနဲ့ အရိပ်ဆန်ဆန် စကြာဝဠာကြီးကို ဖန်ဆင်းလိုက်တယ်။ ဂီတသံတွေဟာ တဖြည်းဖြည်းနဲ့ ဝေဒနာပြင်းပြစွာ ခံစားရမှုကြောင့် အော်ဟစ်နေတဲ့ စူးရှကျယ်လောင်သံတွေဖြစ်လာခဲ့တယ်။ အမျက်ဒေါသနဲ့ ခုတ်ပိုင်းလှီးဖြတ်သံတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့တတွေကို ဆုပ်ကိုင်ဆွဲယူပြီး ခလောက်သံတွေ မြည်ဟည်းပဲ့တင်နေတဲ့ သေခြင်းတရားလှိုဏ်ခေါင်းဆီ ဆွဲခေါ်သွားလေရဲ့။ တရွေ့ရွေ့နဲ့ အဆုံးပိုင်းကိုရောက်ရှိလာပြီး လုံးဝတိတ်ဆိတ်ငြိမ်သက်ခြင်း။

နောက်ဆုံးတေးသွားကို အပြီးသတ်တီးခတ်ပြီးချိန်မှာ ယိုကိုမာဟာ သူ့ခန္ဓာကိုယ်ကို တယောပေါ် အုပ်မိုးကွေးညွှတ်ထားလိုက်ပါတယ်။ သူ့လက်ထဲက တယောကို ထိုးသံကတော့ ကြိုးတွေပေါ်မှာမှေးတင်လို့ ပိရိသတ်တွေက တုပ်တုပ်မှမလှုပ်ကြဘူး။ အတော်လေးကြာတဲ့အထိ ဘာသံမှမပြုကြဘူး။ ကျွန်တော်တို့တတွေဟာ နှလုံးသွေးပျက်ဖွယ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသူတွေလို ဖြစ်နေကြပါတယ်။

ခဏနေတော့ ယိုကိုမာဟာ ပိရိသတ်ကို ဝေ့ကြည့်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပါတယ်။ ပွဲကြည့်သူတွေထဲမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်ကို ခေါင်းဆတ်အချက်ပြလိုက်ပြီး စင်မြင့်ပေါ်ကို ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူဘယ်သူလဲဆိုတာကို သိလိုက်တဲ့ ကျွန်တော်တို့တတွေဟာ လျှပ်စစ်ဓါတ်လိုက်သူတွေလို ဖြစ်သွားကြပါတယ်။ ဘယ်သူရှိရဦးမှာလဲ၊ ဗီဒရန်ဆပေလိုဗစ်ပဲပေါ့။ ဆာရာဂျေဗိုမြို့က တယောဆရာလေ။

ယိုကိုမာက သူနဲ့ဆုံတွေ့ဖို့ စင်မြင့်ပေါ်ကဆင်းလာစဉ်မှာ ဆပေလိုဗစ်ဟာ ထိုင်ခုံပေါ်က ထရပ်လိုက်ပြီး ခုံတန်းတွေကြားက လူသွားလမ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့တယ်။ သူတို့နှစ်ယောက်ဟာ လက်မောင်းတွေကို တစ်ယောက်ကျောပေါ်တစ်ယောက် ဖိကပ်လိုက်ပြီး အားရပါးရပွေ့ဖက်လိုက်ကြတယ်။ ခန်းမကြီးထဲက ပိရိသတ်ကြီးရဲ့ ပြင်းထန်လှတဲ့ စိတ်လှုပ်ရှားမှုတွေဟာ လက်ခုပ်သံတွေ အော်ဟစ်သံတွေ ကောင်းချီးပေးသံတွေအဖြစ်နဲ့ ပွင့်အံထွက်လာပါတော့တယ်။

အဲ့ဒီလူတွေထဲက လူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး မရှက်နိုင်စွာနဲ့ ငိုကြွေးနေကြလေရဲ့။ လူပုံအလယ်မှာ ပွဲလည်တင့်ခဲ့တဲ့ တော်ဝင်ဆန်သူ ယိုကိုမာဟာ ဂန္တ၀င်ဂီတလောကမှာ မင်းသားတစ်ပါးပါ။ ဗီဒရန်ဆပေလိုဗစ်ကတော့ ဟောင်းနွမ်းမွဲခြောက်နေပြီဖြစ်တဲ့ မော်တော်ဆိုင်ကယ်စီး သားရည်ဝတ်စုံကြီးကို ၀တ်ဆင်ထားလေတယ်။ ငြင်းသိုးသိုးဆံရှည်တွေနဲ့ မျက်နှာတစ်ထောက်ရှည်လျားတဲ့ နှုတ်ခမ်းမွေးထူထူကြီးကြောင့် လက်ရှိအသက်အရွယ်ထက်ပိုပြီး ရင့်ရော်နေသလိုလို၊ မျက်ရည်တွေစိုစွတ်နေတဲ့ သူ့မျက်နှာပေါ်မှာ သောကရိပ်တွေကြောင့် အရေးအကြောင်းတွေလည်း ထင်နေလေရဲ့။

နက်ရှိုင်းစွာလူသားဆန်မှုနဲ့ ပတ်သက်ပြီး အေးတိအေးစက်ဖြစ်နေခဲ့တဲ့ ကျွန်တော်တို့တတွေဟာ အဲ့ဒီလူနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခြင်းခံလိုက်ရတဲ့အခါမှာ ချေချွတ်ခြင်းခံလိုက်ရပါတယ်။ သူဟာ အမြောက်ဗုံးဆန်တွေ အပျက်အဆီးပုံတွေနဲ့ သေခြင်းတရားကို မျက်နှာခြင်းဆိုင် အံတုပြီး တယောထိုးခဲ့သူပါ။ ဒါဟာ အမျိုးသမီးအာဇာနည် ဂျုန်းရဲ့ လက်ကိုင် ဓါးလွတ်ကြီးလိုပါပဲ။ လက်နက်တွေထဲမှာ အစွမ်းအထက်ဆုံးပါ။ နောက်တစ်ပတ်အကြာမှာ ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာခဲ့တယ်။ တစ်ညနေခင်းမှာ ခိုကိုးရာမဲ့သူများဂေဟာမှာ စန္ဒရားသွားတီးပေးရတယ်။ ကျွန်တော်ကိုယ်တိုင်သွားရောက်ခဲ့တဲ့ပွဲတော်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ဒီဖျော်ဖြေမှုလေးကို နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အခြေခံကျတဲ့ တူညီမှုကိုတော့ ကျွန်တော်ခံစားလို့ရနေပါတယ်။ ဆာရာေ၈ျဗိုမြို့က တယောဆရာဟာ သေခြင်းတရားနဲ့ မျှော်လင့်ချက်ေ၀၀ါးမှုကို သူ့တယောအားကိုးနဲ့ ဘက်ပြိုင်အံတုခဲ့ပါတယ်။ မေတ္တာတရားနဲ့ ရှင်သန်ခြင်းရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ခဲ့ပါတယ်။ ကျွန်တော်တို့တတွေဟာ စန္ဒရားအိုလေးနဲ့ တွဲဖက်ပြီး သံပြိုင်သီချင်းတွေ သီဆိုနေကြတယ်။ ဒီနေရာမှာ တ၀ုန်းဝုန်းပေါက်ကွဲနေတဲ့ အမြောက်ဆန်တွေနဲ့ တရွှီရွှီပျံဝဲနေတဲ့ ကျည်ဆန်တွေတော့ မရှိဘူးပေါ့။ ဒါပေမယ့်လည်း မှုန်ဝါးနေတယ့်အမြင်အာရုံ ဖိစီးနှိပ်စက်နေတဲ့ အထီးကျန်မှု၊ ဘ၀တစ်လျောက်မှာ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက် အစရှိတဲ့ နာကျင်ခံစားမှုတွေက ရှိနေပါတယ်။ အဲ့ဒီလို ကူကယ်ရာမဲ့သူတွေကို စာနာနားလည်စွာနဲ့ နှစ်သိမ့်မှုတွေ ပေးရမှာပေါ့။ ကျွန်တော်တို့တတွေဟာ လက်ခုပ်တီးပြီး သီချင်းတွေဆိုနေကြဆဲ။

ဂီတဟာ ကျွန်တော်တို့အားလုံး အညီအမျှ ရရှိထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ကိုယ်တိုင်ဖန်တီးသူတွေအတွက်ပဲဖြစ်ဖြစ် ပိရိသတ်အနေနဲ့ ခံစားနားဆင်သူတွေအတွက်ပဲဖြစ်ဖြစ် ဂီတဆိုတဲ့ လက်ဆောင်မွန်ဟာ နှစ်သိမ့်ကျေနပ်မှုတွေ ပေးစွမ်းနိုင်တဲ့အရာတစ်ခုပါ။ ဒါဆို ကျွန်တော်တို့အဖို့ မကြာခန လိုအပ်လှသလို အနဲဆုံးအနေနဲ့ မျှော်လင့်ချက်တော့ ထားနိုင်ကြတာပဲ မဟုတ်လား။ ။ ။

ကိုခွန်ဘာသာပြန်သည်။ (မူရင်း_ ၁၉၉၇ ဇန်န၀ါရီလထုတ် R.D မှ Paul Sulliran ရဲ့ The Cellist of Sarajevo)
No.82, December 2006 BEAUTY Magazine မှ ပြန်လည်ကူးယူဖော်ပြပါသည်။
*** ၁၉၉၄ ဧပြီတွင် တစ်ကိုယ်တော်ဖျော်ဖြေသူမှာ ယိုမားမားဟူသော ပညာရှင်ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ သို့သော် ဘာသာပြန်သူက ယိုကိုမာ ဟုရေးသားထားသဖြင့် ထိုအတိုင်းသာ ဖော်ပြလိုက်ပါသည်။
ထို ဆာရာဂျေဗိုမြို့မှ တယောသမားကို မြန်မာကဗျာဆရာ ကိုခါး(ကွမ်းခြံကုန်း)ကလည်း ကဗျာရေးဖွဲ့ဖူးပြီး အမည်မထင်ရှားခဲ့သော တေးဆိုသူတစ်ဦးကလည်း သီချင်းရေးဖွဲ့ သီဆိုဖူးပါသည်။ သိသူရှိက ကော်မန့်တွင်ရေးပေးနိုင်ပါသည်။

happy birthday

ကျွန်တော့်မှာ ရှားရှားပါးပါးသူငယ်ချင်းမ လေးယောက်ရှိတယ် J,M,P,A
A ဆိုတဲ့ အနော်လေးက အသက်အငယ်ပေမယ့် လူတစ်ဖက်သားကို စိတ်ဖြေလျော့သွားအောင် လုပ်ပေးနိုင်တယ်
သူနဲ့ဆုံလို့ ဘာစိတ်ညစ်စရာရှိရှိ သူနဲ့စကားပြောရင်း စရင်းနောက်ရင်း တော်တော်များများဟာ ပြေလျော့သွားတာပဲ
ကျွန်တော် သူ့ကို ၀တ္ထုဇာတ်လမ်းလေးတွေပြောပြလေ့ရှိတယ် .. လေလွင့်သူဝတ္ထုထဲက အကိုနဲ့ညီမလေး တွေ့တဲ့အခန်းဆို ကျွန်တော်တို့ အသေကြိုက် အသေစွဲလန်း .. သူ့ကိုခနခနပြောဖူးတဲ့စကားက စိတ်ကောက်နေတုန်းလား .. ပန်းခြံထဲက ညီမလေးကြိုက်တဲ့ ရဟတ်ကြီးသွားစီးရအောင်လေ ...
ကျွန်တော့်စိတ်ထဲမှာ Aက အဲ့အခန်းရောက်ရင် ဘေ့စ်ဘောဦးထုပ်လေး ဆောင်းထားမလား ကျွန်တော်တွေးမိပါရဲ့
ပြောချင်တာက အဲ့ဒါတွေတော့မဟုတ်ပါဘူး .. အနော်လေးမွေးနေ့လေ .. မနက်ဖြန် ၁၂ရက်နေ့ သူ့မွေးနေ့တဲ့
ဘာဆုတောင်းပေးရမလဲ တခြားတော့ဆုမတောင်းတော့ပါဘူး .. ဦးထုပ်နီလေးရပါစေ ..
ညီမလေးအကို တောထဲက အိမ်လေးမှာသွားမနေတော့ဘူး ... ညီမလေးလည်း မင်းသမီးလေးလုပ်
ဓါတ်ပြား အကွဲလေးတွေ တစ်သက်လုံးသိမ်းထား :)

HAPPY BIRTHDAY SIS

Friday, April 2, 2010

သူငယ်ချင်း

A .. ရှိမရှိ မသေချာပါ .. သို့သော် သူမရှိကောင်းရှိနေပါလိမ့်မည် ... ကျွန်တော်ကတော့ ကျွန်တော်ရှိမှန်းသိအောင် အမြဲစိမ်းပြထားခဲ့ရသည်။ ကွန်ပြူတာကီးဘုတ်ခလုတ်သံ အတိုးအလျော့တွင် ခံစားချက်များပါသွားသည်ဟု တစ်ခါတစ်ရံ ကျွန်တော်တွေးမိပါသည်။ တိုးဖွဖွရီသံကို အနားနားကပ်ကြားရသည်အထိ ဤကွန်ယက်ကြီးကို ယုံကြည်လွန်းသည်က လွန်တာပေါ့။

ဖြတ်သန်းသွားခဲ့သောနွေရက်များတွင် တေးသီသွားသော ငှက်ကလေးတို့၏ တေးသီချင်းများအကြောင်းကို ကျွန်တော် သူမကို ပြောပြခဲ့သည်။ ကျွန်တော့် ဘ၀၏ စိမ်းလန်းခြင်း တက်ကြွခြင်း၊ ညိုမှိုင်းခြောက်သွေ့ခြင်းများကို
ကျွန်တော် တစ်ထောင့်တစ်ညထက်မက ပြောပြခဲ့သည်။ အသက်မဲ့သော ကွန်ပြူတာမော်နီတာရှေ့တွင် ကျွန်တော် ပြုံးလိုက် ရယ်လိုက် ... ကျွန်တော်က နောက်ကွယ်တွင်ပင် ဟန်မဆောင်တတ်သူ။ သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။
.......... .............. .............. ............. ...............

Bကို ကျွန်တော်သတိထားမိသည်မှာ နံရံထိပ်တွင်ချိတ်ဆွဲထားသော ပန်းချီကားများကို ငေးနေသောသူ့ကို။ သူမမျက်မှန် မှန်သားပေါ်တွင် ပန်းချီကားမှ အရောင်များက အရိပ်ထင်နေကြသည်။ "အဲ့ဒီ ပန်းချီကားတွေကို အကို့ ညီမလေး ဆွဲထားတာပါ" ... ထိုစကားကို ကျွန်တော်သူမကို မကြည့်ဘဲ ရေရွတ်လိုက်သည်။ သူမထံမှ ပြန်ကြည့်သော အကြည့်များတွင် အပြုံးတချို့ပါသည်ကိုမြင်တော့ ကျွန်တော်ရှက်သွားသည်။

နောက်ရက်များစွာအတွင်း ကြိမ်ဖန်များစွာ ကျွန်တော်တို့ ဆုံမိကြသည်။ သူမ လက်ထဲတွင် ကိုင်ထားသော ဘောလုံးဂျာနယ်၊ မန်ချက်စတာယူနိုက်တက် နိုင်ပြန်ပြီဆိုသည့် မြူးကြွကြွအသံ၊ အမြဲတီရှပ် ၊ အမြဲဂျင်းဘောင်းဘီ ဤအရာများသည်ပင် သူမဖြစ်သည်။

ကျွန်တော့်ညီမလေးဟု သူမကိုပြောခဲ့သော ကျွန်တော့်ချစ်သူ ကျွန်တော့်ကို စွန့်ထားခဲ့သောနေ့များထဲမှ တစ်ရက်တွင် သူမက ကျွန်တော့်ကိုပြောသည်။ " ဒီပန်းချီကားတွေက ကျွန်တော့်ညီမလေး ဆွဲတာပေါ့လို့ အရေးမကြီးတဲ့ပုံဖမ်းထားပြီး ပြောနေသော်လည်း ကျွန်တော့်မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားနေသည်ကို သူမြင်ခဲ့သည်" တဲ့ .. ကျွန်တော့်အရိပ်ကိုဖမ်းတတ်သော သူမသည် ကျွန်တော့်အချစ်ဆုံးတစ်ယောက်ဖြစ်သည်။
.......... ............... ................ .................... ................

little: ငါက ငါလုံလုံခြုံခြုံ နွေးနွေးထွေးထွေးရှိတဲ့ နေရာလေးတွေကို တွေ့စေချင်တာ
နင်နဲ့ ငါ့ကြားက စိတ်ချယုံကြည်မှုနဲ့ နွေးထွေးမှုတွေကို သူ့ကိုသိစေချင်တယ်
သူ့ကိုလည်း ခံစားစေချင်တယ် ... ဒါမျိုးက သိပ်ကိုရှာတွေ့ဖို့ ခက်ခဲပါတယ်
ဒါကြောင့် နင်တို့ကို ဆုံစေချင်တာ ... ... ...


_ _ : ငါတို့ တွေ့တွေ့ချင်းကို စကားလက်ဆုံကျပြီင်္းခင်သွားကြတယ်

little: နင်တို့ ဘယ်နားထိုင်ကြတုန်း ကော်ဖီဆိုင်မှာလား လမ်းဘေးလေးမှာလား
လေတွေကောတိုက်လားဟင်

_ _: အင်း မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ လူတွေသိပ်များတယ်လေ
ငါတို့နေရာမရလို့ လမ်းဘေးမှာပဲ ထိုင်လိုက်ကြတယ် :)

little: ဟားဟားဟား ပျော်ဖို့ကောင်းလိုက်တာ

......... ........... .............. .................. ....................

နောက်ဆုံးတော့ ကမ္ဘာပေါ်တွင် သူငယ်ချင်းအဖြစ် အသစ်ထပ်မံ၍ ပေါ်ပေါက်လာပါပြီ။ ထိုရင်းနှီးနွေးထွေးသော ဖြစ်ရပ်တို့က လောကဓံထဲ ကြံကြံခံရပ်တည်မည့် မြက်ပင်လေးများ မြေကမ္ဘ္ဘာမှ လွင့်ထွက်မသွားအောင် ဆွဲဆောင်ထားပေးမည့် အမြစ်လေးများဖြစ်လာမည်။ ကျွန်တော် သိပ်ပျော်ပါသည်။ သူမတို့ ၂ဦးသောက်နေသော ကော်ဖီရနံ့သည် ကျွန်တော့်ရင်ထဲ သင်းပျံ့လျက်။






Thursday, March 25, 2010

အိမ်

နွေရောက်ပြီလား ... ... ... ။ ကျွန်တော် အမေ့မေ့အလျော့လျော့ပစ်ထားခဲ့သော အရာများထဲတွင် ရာသီဥတုလည်းပါသည်ပဲလေ။ ကျွန်တော်က ဂရုမထားသော်လည်း နွေက သူ့သဘောသူဆောင်၍ အရောက်လာခဲ့ပြီ။ လေရူးက လူရူးကိုဝှေ့သည်။ လေရူးသိမ်းတိုင်း မြက်ရိုင်းတို့က ဝေ့ဝေ့၀ဲဝဲ။ စိတ်ရိုင်းတို့ကလည်း
ဖရိုဖရဲ။ ဒီကွင်းပြင်ကြီးဟာလည်းလေ ... စကားမဆက်တတ်တော့သလို ဆွံ့အသွားသည်။ ကွင်းကြီးက စပါးပင်ငုတ်တိများနှင့် ခြောက်သယောင်းထလျက်။ ချိုးကူသံ လေးတွဲ့တွဲ့က ဒီဖုန်လမ်းလေးထဲ ခြေထောက်ရွေ့ရခက်အောင် ဆွဲသည်။ အားတင်းပြီးလျှောက်လိုက်ပါကွာ ... ကိုယ့်လူရယ် ... အားတင်းပြီးလျှောက်လိုက်စမ်းပါ။

လမ်းအဆုံးတွင် အိမ်လေးတစ်လုံး ရှိနေပါသည်။ အိမ်လေးသည် ငြိမ်ငြိမ်ဆိတ်ဆိတ်။ ကျွန်တော် အခန်းထဲ လှမ်းဝင်လိုက်လျှင် မြင်ရမည့်အနေအထားအားလုံးကို ကျွန်တော် ဘယ်လောက်ကြာကြာခွဲခွာနေခဲ့ နေခဲ့ မှတ်မိသည်။ အတွင်းမှ အပြင်ကိုလှမ်းကြည့်လျှင် သဲသဲကွဲကွဲမြင်ရသည်မဟုတ်ပါ။ ခန်းစီးစများသည် လေငြိမ်နေလျှင် သူတို့ကိုယ်သူတို့ လေးလေးပင်ပင် တွဲခိုထားမည်။ စားပွဲပေါ်တွင် ဖတ်လက်စ စာအုပ်တစ်အုပ်ကဖွင့်လျက် တင်နေမည်။ ပက်လက်ကုလားထိုင်ပေါ်ပုံချထားသောခန္ဓာကိုယ်နှင့် တစ်စုံတစ်ယောက်။ ကျွန်တော် အမြဲတမ်း နှစ်သက်ခဲ့သော အပြုံး ... ဖရိုဖရဲ ဆံပင်တို့ကို လက်ချောင်းများဖြင့်ဖွကစားတိုင်း အော်ဟစ်လာမည့်အသံ။ အားလုံးကို ကျွန်တော် ကြားယောင်နေခဲ့သည်။
စာစောင်တစ်စောင်စောင်ကို ဆွဲယူဖတ်မည်ကြံလျှင် သူမနှောက်ယှက်မည်။ သူ့နေရာမှာ ၀ပ်နေသော ခွေးကလေးက ကျွန်တော်တို့ကို ခေါင်းထောင်ကြည့်မည်။ ပြီးလျှင် အသာပြန်ဝပ်ဆင်းလျှက်။ သူမကိုဖက်ထားရင်း စကားတီးတိုးဆိုနေချိန် လေသိမ့်သိမ့်တိုက်ပါသလား။ ကျွန်တော် ဂရုမပြုခဲ့ဖူးပါ။

အိမ်ရှေ့တံခါးတွင် ရပ်ရင်း ကျွန်တော်တွေဝေနေသည်။ ဒီတံခါး ၊ ဒီခန်းစီးစတွေနောက်မှာ အမှန်တကယ် ဘာတွေရှိနေခဲ့ပါသလဲ။ စစ်စစ်မှန်မှန် တကယ်ဘာတွေရှိနေခဲ့သလဲ။ ကျွန်တော် တံခါးကိုထိတ်လန့်စွာပဲ ဖွင့်လိုက်ပါသည်။ နောက်မှပင့်တိုက်လာသော လေပြင်းက ကျွန်တော့်အရင် အခန်းထဲပြေးဝင်သွားသည်။ ခန်းစီးစတို့လွင့်လျက်။ စားပွဲပေါ်မှ စာအုပ်သည် ပိတ်လျက်သားပင်။ သူမနေရာတွင် သူမရှိမနေပါ။ သူမသည် ထိုနေရာတွင် မည်သည့်အခါမှ မရှိခဲ့သည်ကို ကျွန်တော် ဂရုမပြုမိပါ။ သူမသည်ထာဝရ ဖုန်းထားရာ စင်အနားတွင်ရှိသည်။ မူးယစ်စေသော အသံကို ရှူရှိက်ရင်း ခွေးကလေးခေါင်းကို ပွတ်သပ်နေတတ်သည်ကို ကျွန်တော်ဂရုမပြုမိ။

နွေသည် သူ့ကို ဂရုမပြုမိသော်လည်း သူ့သဘာဝအတိုင်းရောက်လာ သူ့သဘာဝအတိုင်းထွက်သွား။ လေရူးက လူရူးကိုဝှေ့သည်။ ကျွန်တော့်မှာ ထိုနေ့ကစ၍ အိမ်ဆိုသည်မရှိတော့ပါ။