Sunday, April 11, 2010

ဆာရာဂျေဗိုမြို့မှ တယောဆရာ

စန္ဒရားဆရာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့တော်မှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တယောပွဲတော်မှာ တယောဆရာ ယူဂျင်းဖရီစင်းနဲ့အတူ တွဲဖက်ဖျော်ဖြေဖို့ ဖိတ်ကြားခြင်းခံရပါတယ်။ နှစ်နှစ် တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ အဲဒီတယောပွဲတော်ကို ကမ္ဘာတစ်လွားက တယောအကျော်အမော်တွေအပြင် ဟိတ်ဟန်ရယ်လို့မရှိတဲ့ ရိုးရိုးရှင်းရှင်း တူရိယာလေးအတွက် ဘ၀ကိုမြုပ်နှံထားကြတဲ့ တယောပြုလုပ်သူတွေ၊ တယောစုဆောင်းသူတွေနဲ့ သမိုင်းသုတေသီတွေလည်း တက်ရောက်ကြတယ်။ သူတို့တွေဟာ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အဆင့်မြင့်သင်တန်းတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ တေးဂီတအစီအစဉ်တွေ၊ ပါတီပွဲတွေနဲ့ ရက်သတ္တပတ်လုံးလုံး စုရုံးစုရုံး ဖြစ်နေခဲ့ကြလေရဲ့။ ညနေခင်းတိုင်းမှာလည်း
ခြောက်ရာထက်မနည်းတဲ့ ပွဲတော်လာသူတွေဟာ တေးဂီတ ဖျော်ဖြေပွဲမှာ စုဝေးလေ့ရှိကြတယ်။

မြောက်ပိုင်း တော်ဝင်ဂီတကောလိပ်မှာ ကျင်းပတဲ့ ပွဲဦးထွက်ည ဖျော်ဖြေတင်ဆင်မှုမှာ တစ်ကိုယ်တော် တယောလက်စွမ်းပြ အစီအစဉ်ပါဝင်လေ့ရှိတယ်။ ခန်းမကြီးရဲ့ စင်မြင့်ပေါ်မှာ အထီးတည်းတည်ရှိနေတာက ကုလားထိုင်လေးတစ်လုံးရယ်ပါ။ အဲဒီ စင်မြင့်ပေါ်မှာ စန္ဒယားလည်းမရှိဘူး။ ဂီတသင်္ကေတစာအုပ်တင်စင်လည်း မရှိဘူး။ တီးဝိုင်းအချက်ပြ ခေါင်းဆောင်အတွက် ခုံမြင့်လည်းမရှိဘူး။ ဒါဟာတစ်ကိုယ်တော် တယောလက်သံသီးသီးသန့်သန့်လေးအတွက် စိတ်လှုပ်ရှားဖွယ်ရာ အကောင်းဆုံး အပြင်အဆင်နဲ့ အနေအထားပါ။ ပတ်ဝန်းကျင် လေထုထဲမှာတော့ မျှော်လင့်စောင့်စားမှုတွေ၊ စိတ်အာရုံစူးစိုက်မှုတွေနဲ့ သိပ်သည်းကျစ်လစ်လို့နေရဲ့။

၁၉၉၄ ခု ဧပြီညက ဖျော်ဖြေတင်ဆက်သူတွေထဲမှာ ကမ္ဘာ့တယောအကျော်အမော် ယိုကိုမာလည်း တစ်ယောက်အပါအ၀င်ပေါ့။ သူတီးခတ်ဖျော်ဖြေမယ့် တေးဂီတအဖွဲ့အနွဲ့နောက်ကွယ်မှာ သက်ရှိပုံပြင်လေးတစ်ပုဒ် ကိန်းဝပ်လို့နေလေရဲ့။

၁၉၉၂ခု မေလ ၂၇ရက်။ ဘော့စနီးယားနိုင်ငံ ဆာရာဂျေဗိုမြို့။ ဂျုံမှုန့်လက်ကျန်ရှိနေသေးတဲ့ အနည်းငယ်မျှသောမုန့်ဖိုတွေက တစ်ခုသော မုန့်ဖိုဟာ ပေါင်မုန့်တွေဖုတ်လုပ်ပြီး စစ်ဒဏ်ကြောင့် ချွတ်ခြုံကျပြီး ငတ်မွတ်ဆာလောင်နေတဲ့ ဒုက္ခသည်တွေကို ပေးဝေနေဆဲ။ ညခင်း လေးနာရီမှာ လမ်းမပေါ်က လူတန်းကြီးရှည်သည်ထက် ရှည်လျားလာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ မော်တာအမြောက်ဆန်တစ်ခုဟာ လူတန်းကြီးရဲ့ အလည်ကောင်တည့်တည့်ကို ၀ုန်းကနဲကျရောက် ပေါက်ကွဲသွားလိုက်တာ အပြစ်မဲ့ပြည်သူ နှစ်ဆယ့်နှစ်ယောက်ဟာ ပွဲချင်းပြီးသေဆုံးသွားလေရဲ့။ အသားစတွေ၊ သွေးစက်တွေ၊ အရိုးစတွေနဲ့ အုတ်ကျိုးအုတ်ပဲ့တွေဟာ အရပ်ရှစ်မျက်နှာကို လွင့်စဉ်ပြန့်ကျဲသွားကြတယ်။

အခင်းဖြစ်ပွားရာနဲ့ သိပ်အလှမ်းမဝေးလှတဲ့ တစ်နေရာမှာ "ဗီဒရန် ဆပေလိုဗစ်" ဆိုတဲ့ ဂီတသမားတစ်ယောက်နေထိုင်တယ်။ စစ်ပွဲကြီးမဖြစ်ပွားခင်တုန်းက သူဟာ ဆာရာဂျေဗိုအော်ပရာ အဖွဲ့မှာ ချယ်လိုတယောထိုးတဲ့ တယောဆရာတစ်ယောက်ပါ။ အဲ့ဒီအသက်မွေးဝမ်းကျောင်းအလုပ်နဲ့ အောင်မြင်ခဲ့တဲ့သူဟာ စစ်ပွဲကြီးပြီးဆုံးလို့ အလုပ်ခွင်ပြန်ဝင်နိုင်မယ့်နေ့ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေလေရဲ့။ ဒါပေမယ့်လည်း သူ့အခန်းပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတဲ့ ရက်စက်ကြမ်းကြုတ်မှုကြောင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးသွားတဲ့ မြင်ကွင်းကြီးဟာ သူ့ကို အတိတ်ကာလဆီ ပြန်လည်တွန်းပို့လိုက်ပြီး စွမ်းဆောင်ရည်တွေကို ပြန်လည်စုစည်းစေပါတော့တယ်။ ဆဗေလိုဗစ်ဟာ ရှေ့ဆက်ပြီး သည်းခံစောင့်ဆိုင်းမနေနိုင်တော့ဘူး။ စိတ်ထိခိုက်နာကျင်စွာနဲ့ သူအကောင်းဆုံးလုပ်ကိုင်နိုင်ခဲ့တဲ့ အလုပ်ကို ပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂီတကို ဖန်တီးမယ်၊ ပြည်သူ့အတွက် ဂီတ။ ရဲဝံ့စိန်ခေါ်တဲ့ ဂီတ။ စစ်မြေပြင်က ဂီတ။

ဆပေလိုဗစ်ဟာ နှစ်ဆယ့်နှစ်ရက်လုံးလုံး ညနေခင်း လေးချက်တီးချိန်ရောက်တိုင်း ၀တ်စုံပြည့်ဝတ်ဆင်ပြီး တယောကြီးကို ကိုင်စွဲလို့ သူနေထိုင်ရာတိုက်ခန်းအပြင်ဘက်က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ့်လမ်းမပေါ်ကို ထွက်လာခဲ့တယ်။ မော်တာအမြောက်ဆန် ကျရောက်ပေါက်ကွဲခဲ့ရာ ကျင်းပေါက်ကြီးနားမှာ ပလတ်စတစ်ကုလားထိုင်လေးကို ချထိုင်ပြီး ကွယ်လွန်သူ ဂီတပညာရှင်ကြီး အယ်လ်တီနိုနီရဲ့ Adagio in G minor တေးသွားတွေကို တီးခတ်နေလိုက်တယ်။ ဒီတေးသွားစုတွေဟာ မေ့ပျောက်ဖို့မဖြစ်နိုင်စွာနဲ့ ကြေကွဲဖွယ်အကောင်းဆုံး ဂန္တ၀င်မြောက်တေးသွားစုတွေထဲမှာ တစ်စုအပါအ၀င်ပါ။ ဆပေလိုဗစ်ဟာ လူသူကင်းမဲ့နေတဲ့လမ်းတွေ၊ လောင်မီးကျနေတဲ့ ထရပ်ကားတွေ၊ လောင်မီးကျနေတဲ့ အဆောက်အအုံတွေနဲ့ ကျည်ဆန်တွေ တရွှီရွီပျံဝဲပြီး ဗုံးဆံတွေ တ၀ုန်းဝုန်းပေါက်ကွဲနေချိန် မြေအောက်ခန်းထဲမှာ ထိတ်လန့်ကြောက်ရွံ့စွာ ပုန်းအောင်းနေသူတွေကို ရည်ညျွှန်းပြီး သူ့တယောကို ထိုးခဲ့တာပါ။ အနီးအနားပတ်ဝန်းကျင်မှာ အဆောက်အအုံတွေ တ၀ုန်းဝုန်းပြိုကျနေချိန်မှာ သူဟာလူသားဂုဏ်သိက္ခာအတွက် စစ်ပွဲမှာသေကြေ ပျက်ဆီးပျောက်ဆုံးသူတွေအတွက် ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားအတွက် စိတ်ကူးထဲမှာတောင် ပုံဖော်လို့မရနိုင်တဲ့ ရဲစွမ်းသတ္တိတွေနဲ့ ရပ်တည်ခဲ့လေရဲ့။ အမြောက်ဆံတွေအဆက်မပြတ် ကျရောက်ပေါက်ကွဲနေပေမယ့်လည်း ဆပေလိုဗစ်တစ်ယောက် ထိခိုက်ဒဏ်ရာရခြင်း လုံးဝမရှိခဲ့ပါဘူး။

သတင်းစာတွေက အဲ့ဒိမဟာဂရုဏာရှင်ကြီး အကြောင်းကို အုတ်အော်သောင်းနင်းဖော်ပြလိုက်တော့ အင်္ဂလိပ်ဂီတစာဆိုကြီး ဒေးဗစ်ဝိုင်းလ် က စိတ်ထိခိုက်လှုပ်ရှားသွားတယ်။ သူလည်း တေးဂီတတစ်ပုဒ် ဖွဲ့နွဲ့သီကုံးဖို့ ဆုံးဖြတ်လိုက်တယ်။ သူရေးဖွဲ့သီကုံးလိုက်တဲ့ တစ်ကိုယ်တော်လက်စွမ်းပြတေးသွားရဲ့ ခေါင်းစဉ်က ( ဆာရာဂျေဗိုမြို့က တယောဆရာ) ပါ။ သူ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေဖြစ်တဲ့ အမျက်ဒေါသသံတွေ စိမ့်ဝင်နေတဲ့ ဒီတေးသွားစုကို ဗီဒရန် ဆပေလိုဗစ်အပေါ် ညီရင်းအကိုလိုချစ်ခင်စိတ်နဲ့ ရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီညနေခင်းမှာ ( ဆာရာဂျေဗိုမြို့က တယောဆရာ) တေးသွားစုနဲ့ ဖျော်ဖြေတင်ဆက်မယ့်သူက ယိုကိုမာဖြစ်ပါတယ်။

စင်မြင့်ပေါ်ကိုတက်လာတဲ့ ယိုကိုမာဟာ ပိရိသတ်ဘက်ကို ဦးညွတ်လိုက်ပြီး ကုလားထိုင်ပေါ်ကို အသာအယာထိုင်ချလိုက်တယ်။ တေးဂီတ စတင်ပါပြီ။ တိတ်ငြိမ်နေတယ့် ခန်းမထဲက တိတ်တဆိတ်ထွက်သွားပြီး တရစ်ဝဲ၀ဲ အနိဌာရုံတွေနဲ့ အရိပ်ဆန်ဆန် စကြာဝဠာကြီးကို ဖန်ဆင်းလိုက်တယ်။ ဂီတသံတွေဟာ တဖြည်းဖြည်းနဲ့ ဝေဒနာပြင်းပြစွာ ခံစားရမှုကြောင့် အော်ဟစ်နေတဲ့ စူးရှကျယ်လောင်သံတွေဖြစ်လာခဲ့တယ်။ အမျက်ဒေါသနဲ့ ခုတ်ပိုင်းလှီးဖြတ်သံတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့တတွေကို ဆုပ်ကိုင်ဆွဲယူပြီး ခလောက်သံတွေ မြည်ဟည်းပဲ့တင်နေတဲ့ သေခြင်းတရားလှိုဏ်ခေါင်းဆီ ဆွဲခေါ်သွားလေရဲ့။ တရွေ့ရွေ့နဲ့ အဆုံးပိုင်းကိုရောက်ရှိလာပြီး လုံးဝတိတ်ဆိတ်ငြိမ်သက်ခြင်း။

နောက်ဆုံးတေးသွားကို အပြီးသတ်တီးခတ်ပြီးချိန်မှာ ယိုကိုမာဟာ သူ့ခန္ဓာကိုယ်ကို တယောပေါ် အုပ်မိုးကွေးညွှတ်ထားလိုက်ပါတယ်။ သူ့လက်ထဲက တယောကို ထိုးသံကတော့ ကြိုးတွေပေါ်မှာမှေးတင်လို့ ပိရိသတ်တွေက တုပ်တုပ်မှမလှုပ်ကြဘူး။ အတော်လေးကြာတဲ့အထိ ဘာသံမှမပြုကြဘူး။ ကျွန်တော်တို့တတွေဟာ နှလုံးသွေးပျက်ဖွယ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသူတွေလို ဖြစ်နေကြပါတယ်။

ခဏနေတော့ ယိုကိုမာဟာ ပိရိသတ်ကို ဝေ့ကြည့်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပါတယ်။ ပွဲကြည့်သူတွေထဲမှာ ရှိနေတဲ့ တစ်စုံတစ်ယောက်ကို ခေါင်းဆတ်အချက်ပြလိုက်ပြီး စင်မြင့်ပေါ်ကို ကြွရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူဘယ်သူလဲဆိုတာကို သိလိုက်တဲ့ ကျွန်တော်တို့တတွေဟာ လျှပ်စစ်ဓါတ်လိုက်သူတွေလို ဖြစ်သွားကြပါတယ်။ ဘယ်သူရှိရဦးမှာလဲ၊ ဗီဒရန်ဆပေလိုဗစ်ပဲပေါ့။ ဆာရာဂျေဗိုမြို့က တယောဆရာလေ။

ယိုကိုမာက သူနဲ့ဆုံတွေ့ဖို့ စင်မြင့်ပေါ်ကဆင်းလာစဉ်မှာ ဆပေလိုဗစ်ဟာ ထိုင်ခုံပေါ်က ထရပ်လိုက်ပြီး ခုံတန်းတွေကြားက လူသွားလမ်းလေးအတိုင်း လျှောက်လှမ်းလာခဲ့တယ်။ သူတို့နှစ်ယောက်ဟာ လက်မောင်းတွေကို တစ်ယောက်ကျောပေါ်တစ်ယောက် ဖိကပ်လိုက်ပြီး အားရပါးရပွေ့ဖက်လိုက်ကြတယ်။ ခန်းမကြီးထဲက ပိရိသတ်ကြီးရဲ့ ပြင်းထန်လှတဲ့ စိတ်လှုပ်ရှားမှုတွေဟာ လက်ခုပ်သံတွေ အော်ဟစ်သံတွေ ကောင်းချီးပေးသံတွေအဖြစ်နဲ့ ပွင့်အံထွက်လာပါတော့တယ်။

အဲ့ဒီလူတွေထဲက လူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး မရှက်နိုင်စွာနဲ့ ငိုကြွေးနေကြလေရဲ့။ လူပုံအလယ်မှာ ပွဲလည်တင့်ခဲ့တဲ့ တော်ဝင်ဆန်သူ ယိုကိုမာဟာ ဂန္တ၀င်ဂီတလောကမှာ မင်းသားတစ်ပါးပါ။ ဗီဒရန်ဆပေလိုဗစ်ကတော့ ဟောင်းနွမ်းမွဲခြောက်နေပြီဖြစ်တဲ့ မော်တော်ဆိုင်ကယ်စီး သားရည်ဝတ်စုံကြီးကို ၀တ်ဆင်ထားလေတယ်။ ငြင်းသိုးသိုးဆံရှည်တွေနဲ့ မျက်နှာတစ်ထောက်ရှည်လျားတဲ့ နှုတ်ခမ်းမွေးထူထူကြီးကြောင့် လက်ရှိအသက်အရွယ်ထက်ပိုပြီး ရင့်ရော်နေသလိုလို၊ မျက်ရည်တွေစိုစွတ်နေတဲ့ သူ့မျက်နှာပေါ်မှာ သောကရိပ်တွေကြောင့် အရေးအကြောင်းတွေလည်း ထင်နေလေရဲ့။

နက်ရှိုင်းစွာလူသားဆန်မှုနဲ့ ပတ်သက်ပြီး အေးတိအေးစက်ဖြစ်နေခဲ့တဲ့ ကျွန်တော်တို့တတွေဟာ အဲ့ဒီလူနဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခြင်းခံလိုက်ရတဲ့အခါမှာ ချေချွတ်ခြင်းခံလိုက်ရပါတယ်။ သူဟာ အမြောက်ဗုံးဆန်တွေ အပျက်အဆီးပုံတွေနဲ့ သေခြင်းတရားကို မျက်နှာခြင်းဆိုင် အံတုပြီး တယောထိုးခဲ့သူပါ။ ဒါဟာ အမျိုးသမီးအာဇာနည် ဂျုန်းရဲ့ လက်ကိုင် ဓါးလွတ်ကြီးလိုပါပဲ။ လက်နက်တွေထဲမှာ အစွမ်းအထက်ဆုံးပါ။ နောက်တစ်ပတ်အကြာမှာ ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်လာခဲ့တယ်။ တစ်ညနေခင်းမှာ ခိုကိုးရာမဲ့သူများဂေဟာမှာ စန္ဒရားသွားတီးပေးရတယ်။ ကျွန်တော်ကိုယ်တိုင်သွားရောက်ခဲ့တဲ့ပွဲတော်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ ဒီဖျော်ဖြေမှုလေးကို နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အခြေခံကျတဲ့ တူညီမှုကိုတော့ ကျွန်တော်ခံစားလို့ရနေပါတယ်။ ဆာရာေ၈ျဗိုမြို့က တယောဆရာဟာ သေခြင်းတရားနဲ့ မျှော်လင့်ချက်ေ၀၀ါးမှုကို သူ့တယောအားကိုးနဲ့ ဘက်ပြိုင်အံတုခဲ့ပါတယ်။ မေတ္တာတရားနဲ့ ရှင်သန်ခြင်းရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ခဲ့ပါတယ်။ ကျွန်တော်တို့တတွေဟာ စန္ဒရားအိုလေးနဲ့ တွဲဖက်ပြီး သံပြိုင်သီချင်းတွေ သီဆိုနေကြတယ်။ ဒီနေရာမှာ တ၀ုန်းဝုန်းပေါက်ကွဲနေတဲ့ အမြောက်ဆန်တွေနဲ့ တရွှီရွှီပျံဝဲနေတဲ့ ကျည်ဆန်တွေတော့ မရှိဘူးပေါ့။ ဒါပေမယ့်လည်း မှုန်ဝါးနေတယ့်အမြင်အာရုံ ဖိစီးနှိပ်စက်နေတဲ့ အထီးကျန်မှု၊ ဘ၀တစ်လျောက်မှာ ရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက် အစရှိတဲ့ နာကျင်ခံစားမှုတွေက ရှိနေပါတယ်။ အဲ့ဒီလို ကူကယ်ရာမဲ့သူတွေကို စာနာနားလည်စွာနဲ့ နှစ်သိမ့်မှုတွေ ပေးရမှာပေါ့။ ကျွန်တော်တို့တတွေဟာ လက်ခုပ်တီးပြီး သီချင်းတွေဆိုနေကြဆဲ။

ဂီတဟာ ကျွန်တော်တို့အားလုံး အညီအမျှ ရရှိထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ကိုယ်တိုင်ဖန်တီးသူတွေအတွက်ပဲဖြစ်ဖြစ် ပိရိသတ်အနေနဲ့ ခံစားနားဆင်သူတွေအတွက်ပဲဖြစ်ဖြစ် ဂီတဆိုတဲ့ လက်ဆောင်မွန်ဟာ နှစ်သိမ့်ကျေနပ်မှုတွေ ပေးစွမ်းနိုင်တဲ့အရာတစ်ခုပါ။ ဒါဆို ကျွန်တော်တို့အဖို့ မကြာခန လိုအပ်လှသလို အနဲဆုံးအနေနဲ့ မျှော်လင့်ချက်တော့ ထားနိုင်ကြတာပဲ မဟုတ်လား။ ။ ။

ကိုခွန်ဘာသာပြန်သည်။ (မူရင်း_ ၁၉၉၇ ဇန်န၀ါရီလထုတ် R.D မှ Paul Sulliran ရဲ့ The Cellist of Sarajevo)
No.82, December 2006 BEAUTY Magazine မှ ပြန်လည်ကူးယူဖော်ပြပါသည်။
*** ၁၉၉၄ ဧပြီတွင် တစ်ကိုယ်တော်ဖျော်ဖြေသူမှာ ယိုမားမားဟူသော ပညာရှင်ဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ သို့သော် ဘာသာပြန်သူက ယိုကိုမာ ဟုရေးသားထားသဖြင့် ထိုအတိုင်းသာ ဖော်ပြလိုက်ပါသည်။
ထို ဆာရာဂျေဗိုမြို့မှ တယောသမားကို မြန်မာကဗျာဆရာ ကိုခါး(ကွမ်းခြံကုန်း)ကလည်း ကဗျာရေးဖွဲ့ဖူးပြီး အမည်မထင်ရှားခဲ့သော တေးဆိုသူတစ်ဦးကလည်း သီချင်းရေးဖွဲ့ သီဆိုဖူးပါသည်။ သိသူရှိက ကော်မန့်တွင်ရေးပေးနိုင်ပါသည်။

5 comments:

အနော် said...

င်္ဒီပို့စ်လေးက စိတ်ကို ထိခိုက်စေတယ်.. ပီးတော့ စိတ်အားလဲ တက်ကြွမိတယ်.. အများကြီးမဟုတ်ပါဘူး ကိုယ့်ဘေးနားက လူတွေအတွက်လေးတင် ကိုယ်တတ်နိုင်တဲ့ နေရာလေးတွေကနေ တစ်နိုင်တစ်ပိုင် လုပ်ပေးချင်တဲ့စိတ်တွေ ပိုပိုပေါ်လာမိတယ်..

K said...

ဂီတ က..လူတွေကို ပြုစားနိုင်တယ် ကိုး.. လေ..
ဘလော့ ဒီဇိုင်း ပြောင်းသွား တာ..ပိုသပ်ရပ်သွားတယ်..

မြစ်ကျိုးအင်း said...

တိုင်တန်းနစ်ထဲက သဘောင်္မြုပ်ခါနီး တယောဆရာ တွေကို ပြန်မြင်မိတယ်။ သူတို့က သေခြင်းတရားကို ရင်ဆိုင်ကြတာ။
ဆာရာဂျေဗို က တယောဆရာက သူ့ တယောသံနဲ့ စွမ်းအင်တွေ ဖော်ထုတ်တယ် လက်လှမ်းမှီသလောက် စိတ်ခွန်အားတွေ ဖြည့်ဆည်းပေးတယ် ။ ဒါပေမယ့် သူကိုယ်တိုင်က ဗုံးဆန်တွေ ကြားမှာ ...။
သူဟာ ဂန္တဝင် ပါပဲ။ အညတရ သူရဲကောင်းပါပဲ။
ဖတ်ရတာ စိတ်ထဲမှာ ရုန်းကြွမှု တစ်ခု ခံစားလိုက်ရတယ်။

purplemay said...

ဖတ်လို့ကောင်းလိုက်တာ....မျှဝေပေးတာ ကျေးဇူးပါအစ်ကိုရေ....

Anonymous said...

https://soundcloud.com/kyi-soe/cg1irssg0qk1?fb_action_ids=10203554361529741&fb_action_types=soundcloud%3Alisten&fb_source=other_multiline&action_object_map=[205471242910495]&action_type_map=[%22soundcloud%3Alisten%22]&action_ref_map=[]&fb_collection_id=10151549409496799&ref=profile