Friday, November 20, 2009

အိပ်မက်

အိပ်မက် ... ဆစ်ကမန်ဖရွိုက်က အိပ်မက်များကို ခွဲခြမ်းစိတ်ဖြာ၍ စိတ်ကိုစိစစ်နိုင်သည်ဟု ကျွန်တော်ဖတ်ရှုခဲ့ဖူးပါသည်။ အိပ်မက်တို့ကို အတိတ်ကောက်ယူပြီး ကံဆိုးကံကောင်းကို ဟောကိန်းထုတ်သောအလေ့အကြောင်းကိုလည်း ကျွန်တော်ဖတ်ရှုခဲ့ဖူးသည်။ လူတိုင်း လူတိုင်းသည် တစ်ကြိမ်တစ်ခါတော့ အိပ်မက်ဖူးသူချည်းသာ ဖြစ်ပေလိမ့်မည်။ ဆရာနေ၀င်းမြင့်ရေးသော အက်ဆေးတစ်ပုဒ်ထဲတွင် အိပ်မက်ဆိုသည်မှာ ပိုက်ဆံမပေးရဘဲ ကြည့်နေရသော ကိုယ်တိုင်ဝင်ပါနေရသော
ရုပ်ရှင်ဇာတ်လမ်းဖြစ်သည်ဟု ရေးထားသည်ကိုလည်း ဖတ်ဖူးသည်။
အိပ်မက်များမှာ အထူးထူးအထွေထွေ ဆန်းပြားလှသည်။ အိပ်မက်များတွင် မိမိတို့ဖြစ်ချင်သည်ကို ဖြစ်ပိုင်ခွင့်၊ ရွေးချယ်ခွင့် မည်သူမျှရရှိကြခြင်းမရှိပါ။ မိမိတို့သည် အိပ်မက်များကို ရွေးချယ်မက်ပိုင်ခွင့်မရှိပါ။ အိပ်မက်တိုင်းတွင် မက်သူတိုင်းသည် အဓိကဇာတ်ဆောင်များသာဖြစ်လေ့ရှိကြသည်။ အိပ်မက်တစ်ခုတည်းကိုသာ ကာလတာရှည်မက်လေ့လဲမရှိကြပါ။ ရှားရှားပါးပါး တစ်ဦးတစ်ယောက် ရှိကောင်းရှိနိုင်ပါလိမ့်မည်။

ကျွန်တော်ငယ်စဉ်က အိပ်မက်တစ်ခုကို မက်လေ့ရှိသည်။ ထိုအိပ်မက်ကို စွဲမြဲစွာမက်လာသည်မှာ ကျွန်တော် တက္ကသိုလ်ပထမနှစ်တက်သည်အထိ။ အိပ်မက်ထဲတွင် ကျွန်တော်သည် ငါးနှစ်သား ခြောက်နှစ်သားအရွယ် ကောင်ကလေး။ ဘကြီး၏အခန်းသည် ကျွန်တော်တို့ တိုက်တန်းလျား၏ တဖက်စွန်းတွင်ရှိပါသည်။ ဘကြီးတို့ အိမ်ကိုသွားလည်သောအခါ ဘကြီးကအခန်းသန့်ရှင်းရေးလုပ်နေသည်။ အခန်း၏ အုတ်နံရံအဖြူရောင်များကို ငေးရင်း ထိုအုတ်နံရံကြီးသည် မြင့်လွန်းမက မြင့်မြင့်လာသည်ဟု စိတ်ထဲမြင်နေရပါသည်။ အုတ်တံတိုင်းအမြင့်ကြီးတက်သွားပြီး ထိပ်ဆုံးထောင့်ချိုးနေရာတွင် လက်ကလေးတစ်ဖက်ထွက်လာပြီး ကျွန်တော့်ကို ယမ်းပြသောအခါ ကျွန်တော်ကြောက်လာပြီး ငိုပါတော့သည်။ ဘကြီးကချော့၍ ထိုအုတ်နံထက်မှ လက်ကလေးကို ၀ါးလုံးဖြင့်ထိုးချသည်။ ထိုအိပ်မက်သည် ထိုမျှသာ။
ကျွန်တော့်မှာ နိုးလာတိုင်း ရင်တထိတ်ထိတ်နှင့် အိပ်၍မပျော်တော့ပါ။ ထိုအိပ်မက်သည် အမြဲတသွေမတိမ်း ထိုအတိုင်းစဆုံး .. ကျွန်တော်လည်း ရင်တထိတ်ထိတ်နှင့် နိုးလာ ... ။ ကျွန်တော် တဖြေးဖြေးကြီးပြင်းလာသောအခါ အိပ်မက်မက်သည့် အကြိမ်နည်းလာ ထို့အတူ တစ်ခါနှင့်တစ်ခါမက်သည့် ကြားကာလ ပိုပိုဝေးလာပါသည်။ ယခုတော့ ထိုအိပ်မက်ကလေး ဘယ်ဆီရောက်သွားပြီမသိ။ တစ်ခါတစ်ခါလွမ်းမိသည်။

ထိုငယ်စဉ်ကာလများကတော့ အိပ်မက်ဆိုသည်မှာ အိပ်သောအခါ မက်တတ်သော အရာသက်သက်သာ သိခဲ့သည်။ အိပ်မက်ဆိုသော စကားလုံးကို ချစ်ခင်နှစ်သက်လာအောင် လမ်းညွန်ပြသူက ကဗျာ..။ နောက် ၀တ္ထုများ။ အိပ်မက်သည် အိပ်မက်ဆိုသောအရာထက် ပိုလွန်ကြောင်း ကျွန်တော်သိခဲ့ရသည်။ အိပ်မက်ဆိုသည်မှာ နိုးထနေလျက်မက်တတ်သေးကြောင်းလည်း ကျွန်တော်သိခဲ့ရသည်။
ကျောင်းဆရာဖြစ်ချင်သည်။ လယ်သမားဖြစ်ချင်သည်။ သူပုန်ဖြစ်ချင်သည်။ ကွန်မြူနစ်ဖြစ်ချင်သည်။ အမေ့သားဖြစ်ချင်သည်။ ပန်းချီဆရာဖြစ်ချင်သည်။ ဗင်းဆင့်ရဲ့ ဂျုံခင်းတွေထဲ ပြေးသွားချင်သည်။ အေဂျေခရိုနင်၏ ကျောက်မီးသွေးတွင်းထဲ ၀င်ချင်သည်။ မိုင်နှစ်ထောင်ခရီးကို ချီတက်ချင်သည်။ လှေကလေးနှင့်မျောရင်း စုန်ဆင်းသွားချင်သည်။ သူငယ်ချင်း၏ သူငယ်ချင်းဖြစ်ချင်သည်။ ဂျက်လန်ဒန်ရေးသော ၀တ္ထုထဲမှ စွတ်ဖားဆွဲသော ခွေးဖြစ်ချင်သည်။ အိပ်မက်များ ... အိပ်မက်များ များစွာသောအိပ်မက်များ။

အကြီးမားဆုံးပြစ်မှုမှာ ငယ်စဉ်ကမက်ဖူးသော အိပ်မက်များကို ကြီးပြင်းလာသောအခါ မေ့ဖျောက်လိုက်ခြင်းပင် ဖြစ်မလားမသိ။ ထမင်းလုံးတစ္ဆေခြောက်သည်ဆိုသော ခြောက်အိပ်မက်များတွင် ကျွန်တော်သည် အားသွန်ခွန်စိုက် ပြေးနေသည်။ နောက်မှ တစ္ဆေတရဲများကလိုက်လျက်။ မီလုမီခင်ဖြစ်တိုင်း ကျွန်တော်အားသွန်၍ပြေးသည်။ လွတ်သည်လည်း မဟုတ်။ မလွတ်ဘဲ မိသွားသည်လည်းမရှိ။ ထာဝရ ထိုအတိုင်း။ နိုးလာတိုင်း ချွေးသံရွဲရွဲ။

ယခုကော ... ကျွန်တော်အိပ်မက်နေဆဲလား ... အိပ်မက်ထဲတွင် ကျွန်တော်သည် အရိပ်လို လေလိုလျင်လျင်မြန်မြန်ပြေးနေသည်လား... ၀ိညာဉ်များ၏ အေးစက်စက်လက်တံများက ရုန်းထွက်ပစ်နိုင်ဖို့ အားသွန်ခွန်စိုက်ပြေးနေသည်လား ... ကျွန်တော်ပြေးနေသော အရပ်ကကော ဘယ်ဆီများရောက်မည်လဲ... ကျွန်တော်မသိနိုင်ပါ။ သင်ကော ... အိပ်မက်နေဆဲလား ... ... ...။

9 comments:

အနော် said...

ဖြစ်ချင်မှုအိပ်မက်တွေ အများကြီးထဲမှာမှ အနည်းဆုံးတော့ တစ်ခုမက ဖြစ်ခဲ့ဖူးမှာပါ အကို
ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိပ်မက်တိုင်းက မက်ဆဲအချိန်ရော နိုးထနေတဲ့အချိန်ရော ပြန်တွေးမိတဲ့အချိန်တွေတိုင်းမှာ ပျော်ရွှင်ရတယ်
နိုးတစ်ဝက်အိပ်မက်တွေထဲကနေ လွတ်မြောက်ဖို့တော့ ကြိုးစားရမှာပေါ့
ငါ့အကို အက်ဆေးရေးတိုင်း ပြင်းပြင်းရှရှခံစားမှုတော့ ပေးပါတယ်လို့
အိပ်မက်တွေကို စောကြောမိသွားတယ်ဗျို့. :)

purplemay said...

အင်း....အိပ်မက်တွေ...မက်ဖူးတာပေါ့..။
ငယ်တုန်းကအိပ်မက်တွေထဲက သူ့အလိုလိုမေ့သွားတာတွေလည်းရှိတယ် ...။
တမင်မေ့ပစ်လိုက်ရတာတွေလည်းရှိတယ်....။
အိပ်မက်က နိုးနေလျက်နဲ့ မက်တတ်တယ်ဆိုတာလည်း...အင်း...သိပါတယ်လေ..။
ခရမ်းလည်း အိပ်မက် မက်နေတုန်းပါပဲ ကိုဘွတ်ရေ...။
ဖတ်လို့အရမ်းကောင်းပါဧ။်..

အောင်ဒီကန် said...

အင်း... မက်တော့မက်သေးတယ်။ တစ်နေ့ထက်တစ်နေ့. တစ်လထက်တစ်လ. တစ်နှစ်ထက်တစ်နှစ် ပြောင်းပြောင်းနေတယ်ဗျာ။

jr.lwinoo said...

အိမ်မက်? ဟုတ်လား
အမြစ်မတွယ်ချင်ပါဘူး။ ဘာကိုမှ မမက်ချင်ဘူး။ (ဂျူ့ စကားပုံ)
:P

နန်းညီ said...

“ငယ်စဉ်ကမက်ဖူးသော အိပ်မက်များကို ကြီးပြင်းလာသောအခါ မေ့ဖျောက်လိုက်ခြင်း” ကို ပြစ်မှုလို့တော့ မထင်ပေါင်.. မေ့သင့်တဲ့အိပ်မက်တွေကတော့ မေ့ပစ်ရမှာပဲ

ကလျာ said...

အိပ်မက်တွေကတစ်ခါတလေဆို အားအင်ဖြစ်တယ်..။ တစ်ခါတလေတော့ ခြောက်လှန့်တယ်..။ ကိုယ့်အိပ်မက် ကိုယ်ထိန်းချုပ်လို့ ရတယ်ဆိုရင် ဘယ်အိပ်မက်မျိုးမှ မမက်ချင်ဘူး အကို..။

littlebrook said...

ငယ်ငယ်က အကျိုးပြုစိတ်ဓါတ်လေး သူရဲကောင်းကို မြတ်နိုးတဲ့စိတ်လေး ကြီးလာတော့ ကိုယ်ကျိုးကြီးကြည့်ပီး မျက်ကွယ်ပြုလိုက်တာ မျက်ကွယ်ပြုခံလိုက်တာ .. ဒါပြစ်မှုမမြောက်ဘူးလို့ ထင်ချင်လည်း ထင်ပေါ့ကွာ .. မေ့သင့်တယ့် အိပ်မက်တွေထဲ အဲ့ဒါကော ပါသွားလား နန်းညီ .. ကလေးကလားဆန်တဲ့ အိပ်မက်တွေကို ပြောတယ်ထင်လား.. ဥပမာ_first lady ဖြစ်ချင်တယ်ဆိုတာမျိုး ဟားဟား

နန်းညီ said...

လူရွဲ့ကြီး

littlebrook said...

ဟားဟားဟား ... :D သဘောကျသကွယ် ။ ။ ။