Thursday, November 12, 2009

အရှေ့က နေ၀န်း ထွက်သည့်ပမာမှ ... ... ...

(၁) ကျွန်တော့် အဖေထံမှ ဆူပူကြိမ်းမောင်းသံနှင့် ချူသံပါအောင် ညည်းညူသံ ရောပြွမ်းထားသော စာတစ်စောင်ရောက်လာသောကြောင့်တည်း။ ကျွန်တော့်အဖေအား မြို့အုပ်မင်းကခေါ်၍ " မင်း သားဟာ သခင်တွေနဲ့တွဲပြီး နိုင်ငံရေးလုပ်နေတယ်လို့ ဘုရင်ခံမင်းကြီးဆီက စာလာတယ်၊ အစိုးရအမှုထမ်းသားသမီးဟာ နိုင်ငံရေးမလုပ်ရဘူးဆိုတာ သတိပေးဖို့လိုတယ်။ မင်းသားဆီကို စာချက်ချင်းရေးလိုက်" ဟုမိန့်ကြားသည်ဟု ထိုစာကဆိုလေသည်။ အဖေက ကျွန်တော့်အား နိုင်ငံရေးလုပ်သည့်အတွက် ဆူလိုက်လေသည်။ " ငါ့အလုပ်ပြုတ်အောင် လုပ်တာလား" ဟုလည်း ငေါ့တော့တော့ မေးလိုက်သည်။

(၂) " ဘယ့်နှယ် ဘယ့်နှယ်၊ လက်သစ်တို့ဗမာဝါဒက သူဌေးတို့ ဓနရှင်တို့ မလိုချင်ဘူး ဟုတ်လား။ အစိုးရလည်း မလိုချင်ဘူး ဟုတ်လား"
" ဟုတ်တယ် ၊ ဓနရှင်စနစ် မလိုချင်ဘူး၊ ဓနရှင်တွေက အာဏာရှင်လုပ်နေတဲ့ အစိုးရလည်း မလိုချင်ဘူး။ လူတိုင်း လူတိုင်း၊ ဗမာတိုင်း ဗမာတိုင်း အခွင့်အရေးအားလုံးကို ညီတူညီမျှ ပိုင်ဆိုင်ကြတဲ့ စံနစ်သစ်၊ ပြည်သစ်၊ ဗမာသစ်ကို တည်ထောင်ရမယ်လို့ တို့ဗမာဝါဒက ဆိုတယ်။ ဗမာပြည်နဲ့ တကွ လက်အောက်ခံနိုင်ငံတို့ရဲ့ လွတ်လပ်ရေးကို တို့ဗမာအစည်းအရုံးကြီးက လိုလားတယ်။ ကမ္ဘာမှာရော၊ ဗမာမှာရော ကြီးပွားချမ်းသာချင်ရင် လူများစုဖြစ်တဲ့ အောက်တန်းစား ဆင်းရဲသား တောင်သူလယ်သမား အလုပ်သမားတို့ရဲ့ ကိုယ်ပိုင်အစိုးရအစစ်ရှိမှ ဖြစ်မယ်လို့ တို့ဗမာဝါဒသစ်က ယုံကြည်တယ်"
" ဟ မောင်တင်ထွန်းရေ၊ ဆင်းရဲသားတွေ အစိုးရတက်လုပ်လို ဖြစ်ပါ့မလား၊ စာမတတ်ဘဲနဲ့။ အစီရင်ခံမရေးတတ်၊ စီရင်ချက် မရေးတတ်၊ ဥပဒေမဖတ်တတ်နဲ့ ဘယ့်နှယ်အလုပ်ဖြစ်မလဲ"

(၃) " မွတ်ဆလင်တွေကိုက ကဲပဲကဲလွန်းတယ်။ သူတို့ဘာသာကို အယူသီးပြီး သူများဘာသာကို အထင်သေးတယ်" ထိုအခါ ကိုတင်ကြီးက အသံကျယ်ကျယ်ဖြင့်- " ဒါတော့ ချဉ်စရာကောင်းတာပဲဗျာ" ကျွန်တော့်မှာ သူတို့တစ်တွေကပါ ကမာရွတ်မှာ ကုလား- ဗမာအဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်မည်ကို စိုးသောကြောင့်- " သိပ်လည်းဒေါမဖောင်းကြနဲ့ဦးလေ၊ ကျွန်တော်တို့ရဲ့ သတင်းစာတွေနဲ့ ဘုန်းကြီးတွေကလ်း တစ်ဆိတ်တစ်အိတ်လုပ်လွန်းတယ် ထင်တယ်"
ကိုတင်ကြီးက- " ဘယ်ဟုတ်မလဲ။ အမှန်တွေရေးကြ၊ သားကြ၊ ဟောကြ၊ ပြောကြတာပါ။ ကဲ ပြောစမ်းပါ၊ ဘယ်ကုလားကောင်းသလဲ။ တို့ကောင်မလေးတွေကို ဒင်းတို့မယားလုပ်တယ်။ တရားဝင်မယားဖြစ်ချင်ရင် တို့ကောင်မလေးတွေက မွတ်စလင်ဘာသာကို ၀င်ရမယ်တဲ့။ ဘယ်လောက်စီးပိုးသလဲ၊ တို့ဘက်က အမျိုးလည်းရှုံးတယ်။ ဘာသာလည်း ရှုံးတယ်"

(၄) သခင်စိုးက ကြက်သွန်ထပ်တောင်းပြီါ်နောက် ကျွန်တော်တို့ဘက်သို့ " ခင်ဗျားတို့ ကောလိပ်ကျောင်းသားတွေ တပ်ဖွဲ့ပြီး မြို့ထဲကကုလားတွေကို ထွက်ချဖို့လုပ်တုန်းက ခင်ဗျားတို့ပါသေးသလား" ဟုကောက်မေးလိုက်သည်။
ကျွန်တော့်မှာ အဖြေအတွက် ခဏကြာအောင်ပင် ဆွံ့အနေသေးသည်။
" ဟုတ်ကဲ့ ထွက်ချဖို့လိုက်မယ်တော့ မရည်ရွယ်ပါဘူး။ တပ်စုတဲ့နေရာကိုတော့ ရောက်သွားပါသေးတယ်"
" အေးဗျာ ကောလိပ်ကျောင်းသားတွေ ခွေးဇာတ်မခင်းမိတာ တော်သေးတာပေါ့။ ဒီမှာ လူမျိုးရေးအဓိကရုဏ်းတို့၊ ဘာသာရေးအဓိကရုဏ်းတို့ဆိုတာ နိုင်ငံချဲ့ဓနရှင်ကြီးတွေရဲ့ အဆိပ်ဖြေဆေးပဲဗျ။ တနည်းပြောရရင် ဘွိုင်လာအိုးကြီး မပေါက်ကွဲအောင် ထားရတဲ့ ဆေ့ဖ်တီးဗဲလ်တ်ပဲဗျ" "ရေနံမြေပစ္စည်းမဲ့ အလုပ်သမားတွေက အင်္ဂလိပ်ဓနရှင်ကြီးတွေကို သပိတ်မှောက်ပြီးတိုက်နေကြတယ်။ တောင်သူလယ်သမားတွေက သီးစားခ၊ အတိုး၊ မြေခွန်တော်တိုက်ပွဲတွေ ဆင်နေကြတယ်။ ဒီလိုအင်္ဂလိပ်ဓနရှင်ကြီးတွေကို ၀ိုင်းတိုက်တဲ့အခါမှာ ဓနရှင်ကြီးတွေက ကျုပ်တို့အာရုံတွေ လမ်းကြောင်းပြောင်းသွားအောင် ကုလား- ဗမာအဓိကရုဏ်းကို ဖန်တီးပေးတာပဲ။ ကုလားလည်း အင်္ဂလိပ်ကျွန်၊ ဗမာလည်း အင်္ဂလိပ်ကျွန်ပဲ။ ကျွန်- ကျွန်ချင်း ခွက်စောင်းခုတ်နေမှ အင်္ဂလိပ်ဟာ ဆက်ပြီးအုပ်စိုးသွားနိုင်မှာကိုးဗျ။ ဟုတ်တယ် မဟုတ်လား ကိုသိန်းဖေ"

(၅) မြင်းခွာတစ်ချက်ပေါက်လျှင် မီးတစ်ချက်တောက်မည်
ကိုဗဟိန်းက "ကျွန်တော်သည် ရေနံချောင်းကျောင်းသားသပိတ်မှောက် ကိစ္စနှင့် ကျောင်းသားတစ်ယောက်ဖမ်းထားသည့်အတွက်အသွား လမ်းခရီးတွင် ဒုက္ခသည်များတွေ့၍ ၀င်ကူညီရကြောင်း။ ယခု ကိစ္စနှင့် ပတ်သက်ပြီး ခရီးဆက်လက်သွားခွင့်ပြုရန် ခရိုင်မင်းကြီး၊ အရေးပိုင်တို့ထံ လျှောက်ထားရာ ယနေ့နေ့လယ် တစ်နာရီအချိန် အမိန့်ချမည်ပြောပြီး လူကြီးပီပီ ကတိပျက်ကြတယ်၊ ဒါကြောင့် ခင်ဗျားတို့ ကိစ္စအောင်မြင်ရန် မနက်ဖြန် ထွက်ဖြစ်အောင် ထွက်ကြပါ။ အနှောက်အယှက်တွေ့က အသေခံပါ။ ကျုပ်ကို ခုဖမ်းနေပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်ကိုဒီနေ့ဖမ်းတဲ့အတွက် မနက်ဖြန် ဗမာတစ်ပြည်လုံး ဘာဖြစ်သွားမယ်ဆိုတာ သိရလိမ့်မယ်။ မြင်းခွာတစ်ချက်ပေါက်ရင် မီးတစ်ချက်တောက်စေရမယ်" စသည်ဖြင့် ဒေါပါပါဟောပြီး အဖမ်းခံရကြောင်း။ ကိုဗဟိန်းကို ဖမ်းလိုက်ရာ သပိတ်သမားများ လှုပ်လှုပ်ရွရွဖြစ်ကာ ရှေ့တိုးလာကြကြောင်း။ သို့သော် လူကြီးဖြစ်သူက ငြိမ်ကြဟု အော်လိုက်၍ တုတ်တုတ်မျှ မလုပ်တော့ဘဲ ငြိမ်နေလိုက်ကြကြောင်း။

(၆) ချီတက်လာသော ကျောင်းသားများကို မြင်းစီးပုလိပ်တို့က ၀င်တိုးသည်။ ခဏရပ်တန့်သွား၏။ သို့သော် အချို့က "အရေးတော်ပုံ အောင်ပါစေ" ၊ " သခင်မျိုးဟေ့ တို့ဗမာ"၊ " ချီတက်ကြရမယ် ချီတက်ကြရမယ်" ဟု အော်ပေးလိုက်ရာ ကျောင်းသားထုက ဆက်လက်ချီတက်ကြသည်။ စပတ်လမ်းတံခါးပေါက်ရှိ ကျောင်းသားများကလည်း တံခါးပေါက်မှ ရုပ်သိမ်းကာ ချီတက်လာသော ကျောင်းသားထုထံ စုပေါင်းရန် လာကြလေသည်။ မြင်းစီးပုလိပ်တို့သည် ကျောင်းသားထုကြား အတင်းဝင်၍ တိုက်၏။ ကျောင်းသားထု ပြိုလဲကျသွားသည်။ နံပတ်တုတ်ကိုင်ထားသော ပုလိပ်များက ၀င်၍ရိုက်လေသည်။ ခွာသံတခေါက်ခေါက်၊ တုတ်သံတဖြောင်းဖြောင်း၊ ကြာပွတ်သံ တရွှမ်းရွှမ်း။ "ကျောင်းသားတို့သွေး မြေသို့ကျလေပြီ "
" ရက်စက်သော အင်္ဂလိပ်နယ်ချဲ့"
" ယုတ်ညံ့သော ဘမော်အစိုးရ"

(၆) ရဲဘော်တို့
ငါတို့၏ တရားသော လိုလားချက်များကို အကြမ်းမဖက်ဘဲ စည်းစံနစ်ကျနစွာ ငါတို့တောင်းဆိုခဲ့ရာ ငါတို့တောင်းဆိုသည်ကို မပေး၊ အစိုးရသည် ငါတို့ကျောင်းသားကျောင်းသူ ၂၀၀ကျော်ကို ဒဏ်ရာပြင်းထန်စွာရအောင် မြင်းနှင့်တိုက်ခြင်း၊ တုတ်နှင့်ရိုက်ခြင်း၊ ဖမ်းဆီးခြင်းစသော အမှုတို့ဖြင့် စော်ကားရန်မူခဲ့သည်ကို ကန့်ကွက်သောအားဖြင့် ဗမာတစ်ပြည်လုံးရှိ ကျောင်းဟူသမျှကို သပိတ်မှောက်ကြရန် ငါတို့ဆင့်ဆိုလိုက်သည်။ ငါတို့ အမိန့်မထုတ်မချင်း သပိတ်များကို မလှန်ရ။ ရွာကြို ရွာကြား ရပ်ကြို ရပ်ကြားရှိ သေးငယ်သော မြန်မာစာသင်ကျောင်းကလေးများပါမကျန် အစိုးရ၏ အထောက်အပံ့ကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ယူနေသော ကျောင်းဟူသမျှပါ သပိတ်မှောက်ရမည်ဖြစ်ကြောင်း။
လှရွှေ
မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း
ဒုတိယဥက္ကဋ္ဌ
၂၁-၁၂- ၃၈

( ဖတ်နေရင်း ဆူပွက်ထလာသောသွေးကို ဖြေသိမ့်ရန် လမ်း .... ကျွန်တော်တွေးမရပါ။ ထိုဝတ္ထုသည် သမိုင်းမှတ်တမ်းလည်း မည်သည်။ ရှေးလူတို့ ကံကောင်းလေစွ ...။ )

11 comments:

kay said...

LB ရေ..ကျေးဇူးပဲ..ခုပဲ အဲဒီစာအုပ်ကို ပြန်နွှေးကြည့်ချင်နေတုန်း.. တွေ့လိုက်တာ။ ငယ်တုန်းက ဖတ်ဖူးပြီး..ဘယ်လောက်မှ စုပ်ယူ ချေဖျက်နိုင်စွမ်း မရှိခဲ့ဘူး..နောက်ပိုင်း ပြန်ဖတ်ဖို့ အခွင့် မသာ တော့ ဘူး။ ခု ဖတ်နေတဲ့..စာအုပ်တအုပ်နဲ့ ယှဉ်ပြီး တွေးမိလို့ပါ။

ခေတ်လူတွေလဲ ကံကောင်းပါစေ။

Andy said...

အခုမှ အစပေါ်လာလို့မေးရဦးမယ်... လက်ဝဲ၀ါဒဟာ အခုခေတ်မှာ ပုံစံတစ်မျိုးနဲ့ ပေါ်ပေါက်လာနိုင်စရာအကြောင်းရှိလား။

littlebrook said...

အင်း .. အေပီရယ်.. သမိုင်းဆိုတာ လည်နေတာပါ ပုံစံတစ်မျိုးနဲ့ လာမယ်ဆို လာစရာရှိတယ်

NangNyi said...

ငှားပါ

tututha said...

လက်ကဝဲပဲဖြစ်ဖြစ် ခြေကဝဲပဲဖြစ်ဖြစ် အမြစ်မပျက်ရင် ပြန်ပေါ်တာပဲ။ တကယ်ယားလာရင် ဘာစကေဘီလည်း မနိုင်တော့ဘူး (အတည်ပြောတာ)

little brook said...

ဟားဟားဟား မတူးဟာ ... အမရေးတာနဲ့ ကျွန်တော်တောင် ဟိုနားလိုလို ဒီနားလိုလို ယားလာပီ ဟားဟား

jr.လွင်ဦး said...

ကံဆိုတာ အလုပ်ပါပဲ။ ရှေးလူတွေရဲ့သွေးက ငါတို့ထက်ပိုပြီး ရဲ တယ်။
စာအုပ်တွေထိုင်ဖတ်ပြီး သွေးဆူရုံမဟုတ်ဘူး။ :D
နောက် သူတို့ရင်ဆိုင်ခဲ့ရတဲ့လူတွေကလဲ အခုလူတွေလောက် မရက်စက်ဘူး။ ......

purplemay said...

ဟုတ်တယ် .... အခုလူတွေလောက်မရက်စက်ဘူး ။ နောက်...ခုလူတွေလောက် ကိုယ့်လူမျိုးအချင်းချင်း မယုတ်မာဘူး...။
ပြောချင်တော့ဘူးဗျာ.....။
အားလုံးတော့ ကွိကုန်တော့မယ်...

ဇော် said...

ဖတ်နေရင်း ကျနော်ဘာကိုသွားတွေးမိလဲသိလား ကိုLB ..
အကယ်၍ မြန်မာပြည်ဒီနေ့လိုအခြေအနေက ပိုဆိုးမယ်ဆိုတာသာ အဲ့ဒီ ရဲရဲတောက်လူတွေသိခဲ့မယ်ဆိုရင်လေ .. အဲ့တုန်းက သူတို့ရဲ့ဘ၀တွေကို အဆုံးခံပြီးလုပ်ခဲ့သလို လုပ်ကြပါဦးမလားလို့ ..
စိတ်ထဲမှာ .. မတန်လိုက်တာ ဆိုတဲ့အတွေးက အုံနဲ့ကျင်းနဲ့ဖြစ်တည်တယ် ..
မြန်မာတွေရဲ့ စည်းကမ်းမရှိချက် .. မစည်းလုံးချက်က .. လွတ်လပ်ရေးနဲ့ ရင်းနှီးခဲ့ရတဲ့သွေးချွေးတွေနဲ့ နဲနဲမှ မထိုက်တန်သလိုပါပဲလားဗျာ .. =(

မြစ်ကျိုးအင်း said...

အဲဒီခေတ်က လူတွေ တာဝန်ကျေခဲ့ပြီးပါပြီ

ကျနော်တို့ခေတ်ရောက်မှ အားလုံး ကိုယ်ရည်သွေးတွေ ညံ့ကုန်ကြတာ လား။။။တကယ်ဆို သွေးခွဲအုပ်ချုပ်ရေးက ဒီခေတ်မှာ ပို အောင်မြင် သွားတယ်ဗျ။

ဆက်ပြောရင် နိင်ငံရေးဖြစ်တော့မယ်ဗျာ။

ကျနော်လည်း စိတ်ထဲမကောင်းဘူး။ကျနော်မှ မဟုတ်ပါဘူးလေ မြန်မာ အားလုံး အတူတူပဲခံစားရမယ် ထင်တာပါပဲ။

အဲဒီစာအုပ်က ဆရာသိန်းဖေမြင့်ရေးတာ မဟုတ်လား။

ခုခေတ်လူတွေ ပိုပြီးဖတ်ဖြစ်အောင် စာအုပ်လင့်လေးဖြစ်ဖြစ် တင်ပေးထား ပါလား။

mirror said...

ဖတ်ရုံသာ...။ခင်ဗျားအပြင်မှာပြောတာဆိုရင်တော့ သိတယ်မလား။
ပါးစပ်လေးအဟောင်းသားနဲ့ နားထောင်နေမှာပေါ့း)