Saturday, November 7, 2009

ကျွန်တော့်ရဲ့ နွေးထွေးသော စိတ္တဇညများ ... ... ...

ကျွန်တော်အိပ်ယာက နိုးလာတော့ ညအနက်ကြီးပဲရှိဦးမည်။ ရင်တွေပူနေတာ အိပ်လို့ကိုမရပါ။ တကယ်ဆို ကျွန်တော့်မှာ ပူပင်စရာ ဘာအကြောင်းတရားမှ မရှိ။ ဟိုဘက်ကို စောင်းအိပ်ကြည့်၊ ဒီဘက်ကို ပြန်လှည့်အိပ်မရ။
အိပ်ယာခင်းတို့က တွန့်ကြေလျက် ... ဤအခင်းစကပင် ကျွန်တော့်ကို ရစ်ပတ်ကာ ခုတင်ထဲဆွဲနစ်နေသလို ခံစားလာရသည်။ သည်းခံနိုင်စွမ်းလုံးဝ ကင်းမဲ့သောအခြေအနေပင်။ ကျွန်တော် ဘာကိုမှမရည်ရွယ် မစဉ်းစားမိဘဲ ဂျင်းဂျက်ကက်ကိုဆွဲဝတ်ကာ အခန်းထဲမှ ထွက်လိုက်သည်။

လရောင်က အဆမတန်လင်းနေသလို။ ကျွန်တော့်အရိပ်က ရှည်ရှည်လျားလျား။ အိမ်ဝင်းတစ်ခုလုံးတိတ်ဆိတ်လျက်။ ခြံဝင်းတံခါးအောက်မှ လျှိုကာအပြင်ထွက်ရန် ငုံ့လိုက်စဉ် ၀င်းတံခါးခတ်သော သံကြိုးကအသံအနဲငယ် ထွက်သွားသည်။ ကျွန်တော်အပြင်သို့ ရောက်ပီ။ ကျွန်တော့်မျက်စိရှေ့တွင် တိတ်ဆိတ်နေသောဈေးကြီး။ လမ်းအကွေ့ဝယ် ၀ပ်နေသောခွေးတချို့။ အဓိပ္ပာယ်မရှိရေးထားပြီး နေရာတကာတွေ့ရသော ဆိုင်းဘုတ်နီ။

ကျွန်တော် ယခုလို နွေးထွေးသောအိပ်ယာထက်မှ ထလာခြင်းသည်လည်း အဓိပ္ပာယ်ရှိမှန်း မရှိမှန်း ကျွန်တော်မသိပါ။ ဂျင်းဂျက်ကက်အိတ်ထဲ လက်နှစ်ဖက်ကို ထိုးထည့်ကာ လမ်းအတိုင်းလျောက်ရင် ဘယ်ဘက်သို့ ချိုးကွေ့လိုက်သည်။ လမ်းဘေးတဖက်တချက်ရှိဆိုင်များ၏ အမိုးစွန်းအတွင်းတွင် မှောင်လျက်။
တစုံတယောက်သည် အမှောင်ထဲမှ ကျွန်တော့်ကို စောင့်ဆိုင်းကြည့်ရှုနေသည်လား။ ကျွန်တော်တွေးရင်း လျောက်လာသည်။ လမ်းအဆုံးကုန်တိုက်ရောက်လျင် ဘယ်ကိုထပ်ကွေ့ချိုး ... ကုန်းဆင်းအတိုင်းဆက်ဆင်းလျောက်လာ ... တစ်အိမ်၊ နှစ်အိမ်၊ သုံးအိမ်မြောက်၏၀င်ပေါက်တံခါးနား ရပ်နေမိသည်။ ခေါ်လိုက်ရကောင်းမလား။ လောကတစ်ခုလုံး ပုရစ်အော်သံ တချက်တချက်မှလွဲ၍ တိတ်ဆိတ်လျက်။ ကျွန်တော်အတန်ကြာအောင် ရပ်လျက်တွေဝေနေမိသည်။

အိမ်အတွင်းပိုင်းတွင် မီးရောင်မရှိပါ။ ညသန်းခေါင်ကျော်နေပြီလေ။ ဘယ်သူကများ ဒီအချိန်ထိအပြင်မှာနေနေမလဲ။ ကျွန်တော် တိုးတိုးထိန်းပြီးအော်ခေါ်လိုက်သည်။ အမေ .... အမေ့ .. အမေ့ .... ။
ခနစောင့်ဆိုင်းပြီး ... နောက်တစ်ကြိမ်ခေါ်လိုက်သည် ... ... အမေ့ ။ မီးရောင်တစ်ချက်လင်းလာသည်။ အမေနိုးသွားပြီ။ ခနအကြာ ကျွန်တော့်ရှေ့မှ အိမ်တံခါးမင်းတုန်းဖွင့်သံ ကြားရပြီး အမေ့မျက်နှာပေါ်လာသည်။ လက်ထဲတွင် ဓါတ်မီးနှင့်။ "သားကြီး အိပ်မပျော်ပြန်ဘူးလား ။" " အင်း ..." ကျွန်တော် အိမ်ထဲလှမ်းဝင် တံခါးပိတ်။ အမေက ဓါတ်မီးနှင့်ပြပေးနေသည်။ ထို့နောက် အိမ်အတွင်းခန်းထဲ ၀င်သွားပြီး ကျွန်တော်ထမင်းစား စားပွဲဘေးမှ ပက်လက်ကုလားထိုင်တွင် ၀င်လှဲလိုက်သည်။ အမေက ရေနွေးဓါတ်ဘူးကို ဖွင့်ပြီးကော်ဖီဖျော်ပေးနေသည်။ ကော်ဖီခွက်က နှစ်ခွက်။ အမေလည်း အိပ်မယ့်ပုံမပေါ်တော့ပါ။

ကျွန်တော့် စိတ္တဇဆန်မှုကို အမေဘာမှမေးခွန်းမထုတ်ပါ။ ညည့်နက်သန်းခေါင် အိပ်ယာထဲမှ အေးစက်စက်လမ်းမပေါ်ဖြတ်လာသောသားကို ကော်ဖီပူပူတစ်ခွက်တိုက်ရန်သာ အမေအားထုတ်နေသည်ကို ကျွန်တော်မြင်နေရသည်။ ခနအကြာတော့ အိပ်ယာထဲမှ အဒေါ်ဖြစ်သူကပါ ထလာသည်။ အဒေါ်က ကုလားထိုင်နောက်မှနေ၍ ကျွန်တော့် နားရွက်ကို လက်ဖြင့်လာအုပ်ကိုင်ထားပြီး နွေးအောင်လုပ်ပေးနေသည်။ ကျွန်တော့်နားရွက်ကလေးက ထုံကျင်အေးစက်နေသည်လေ။ အမေပေးလာသော ကော်ဖီခွက်လေးကို လက်ထဲထည့်ကာ လှည့်ပတ်ကစားနေခိုက် အဒေါ်က "အေး ... နင်တို့သားအမိပဲ သောက်ကြ"ဟု စသည်။ သူမ ညပိုင်းတွင် ကော်ဖီသောက်လေ့ရှိသူမဟုတ်ပါ။

အိမ်အပြင်တွင် အေးစက်စက်နှင်းများကျနေပါလိမ့်မည်။ ကျွန်တော့် ခြေထောက်ကို အမေကပေါင်ပေါ်တင်၍ ထွေးထားပေးသည်။ ကျွန်တော့်လက်ထဲက ကော်ဖီခွက်က ပူနွေးမွှေးမြလျက်။ သောက်ပီးသော ကော်ဖီခွက်လွတ်ကို ဆေးမည်လုပ်ရာ အဒေါ်က "စားပွဲပေါ်တင်ထား ချမ်းပါတယ်ဆိုမှ"ဟု လှမ်းတားသည်။ အမေနှင့် အဒေါ်ကြားနေရာလေးတွင် ကျွန်တော်ဝင်လှဲလိုက်သောအခါ အမေက စောင်လှမ်းခြုံပေးပါသည်။ ကျွန်တော့်အသိတရားတွင် နှင်းခါးများလုံးဝကင်းပလျက်..။ နွေးထွေးသောအမှောင်ထုထဲ ကျွန်တော်တိုးဝင်သွားရင် နှစ်ခြိုက်စွာ အိပ်ပျော်သွားပါတော့သည်။

17 comments:

တီချမ်း said...

ပထမ ဟေး
ဟိဟိဟိ အမွှေပေါ့အေ

ယောက်ယက်ယောက်ယက်ခတ်
အသည်းနှလုံးပေါက်ထွက်မတတ်
နင်ဒီလို အတွေးနဲ့ ရှူပ်ရှက်ခတ်
အိုအိပ်လို့မရတော့ပါ

တည့်တည့်အိပ်မရလို့ ဘေးတဇောင်းအိပ်
ဘေးတဇောင်းအိပ်မရလို့ ဇောက်ထိုးကြီး အိပ်
ဇောက်ထိုးအိပ်မရလို့ ကြမ်းပေါ်ဆင်းအိပ်
အလူးလူးအလှိမ့်လှိမ့် လမ်းပေါ်တက်အိပ်

Anonymous said...

ကိုသားကြီး ရေးထားတာ သမီးမျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်တယ်။
အင်း..အိမ်တောင်မှလွမ်းလာတယ်...
ဟီးခွေးလေးတွေကလုံးလုံးနဲ့ရှီးနေးလားး)
"အဓိပ္ပယ်မရှိရေးထားပြီးနေရာတကာတွေ့ရသောဆိုင်းဘုတ်နီ"..
မိုက်တယ်။

jr.လွင်ဦး said...

ကိုဘရွတ် .. ကျွန်တော်တို့နဲ့ ခဏလိုက်ခဲ့ပါဗျာ။
"အဓိပ္ပါယ်မရှိရေးထားပြီး နေရာတကာ တွေ့ရသော ဆိုင်းဘုတ်နီ" ကိစ္စရှင်းရအောင်။
:P

purplemay said...

ဟေ့လူတွေ စခန်းရောက်မှရှင်းဗျာ.....(ဒါက အပြောက်အပျက် မန့်တာ)

purplemay said...

အမေ့ဘေးမှာ အဲ့လိုလေးလှဲဖို့တော့ ဘယ်တော့မှ အခွင့်မရတော့ပါဘူး..။
ရန်ကုန်ပြန်တိုင်းတော့ အဖေ့ဘေးမှာ အဲ့လိုမျိုးသွားသွားခွေတယ်...။
ခုတလော ဖတ်ရတာလေးတွေ ပိုကောင်းနေသလိုပဲ...:)။

littlebrook said...

သမီးလွမ်းရင် နောက်တစ်ခေါက် ကိုကိုအိပ်မပျော်တဲ့အခါ လိုက်ခဲ့
မေထားဖျော်တဲ့ ကော်ကော်တူတူသွားသောက်မယ် :)
မိဂျူနဲ့ ခရမ်းရေ .. ငါ့ကိုမကြပ်နဲ့ .. ငါပြောတာက "သတိအိမ်ရှေ့ကားပိတ်မရပ်ရ အ၀င်အထွက်ရှိသည်" ဆိုတဲ့ ဆိုင်းဘုတ်တွေ .. ငါတို့မြို့က ကားပေါတယ်

mabaydar said...

တင်ပြပုံလေးကောင်းတယ်... ဇာတ်လမ်းဇာတ်ကွက်က သိပ်မရှိပင်မဲ့ အဲဒါလေးကိုပဲ အဓိပ္ပါယ်ရှိရှိနဲ့ သိမ်းသွားပေးတယ်.. အရေးအသား ရည်ရွယ်ချက်ကောင်းတယ်... စာများများရေးရင် နောက်ဆို အရေးအသားတွေပါ ဒိထက်တိုးတက်လာလိမ့်မယ်...

littlebrook said...

ကျေးဇူးပါ အမဗေဒါ ....

NangNyi said...

ကလေးလေး

ဟိုလိုလို ဒီလိုလို said...

အဲ့လိုလမ်းထလျောက်တဲ့အခါ နောက်လှည့်မကြည့်နဲ့နော် ... :D
အေးစက်စက်... လသာသာ ... ခြောက်သွေ့သွေ့ညတွေမှာ ညမွှေးပန်းနံ့လေးရှူရင်း လမ်းမီးတိုင်အောက် .. စီးကရက်လေးဖွာရင်း
အင်း ... သရဲတော့ မကြောက်တတ်ဦးမှ ...

mirror said...

ကိုယ်ပါ အမေ့အိမ်ပြန်ရောက်သွားတယ် ဟေ့လူ..
ရေးထားပုံကတော့ ဆိုးတဲ့သားတွေရဲ့ အိမ်ပြန်လမ်းပဲ..။ :D

littlebrook said...

နင် ငါ့ကို ဟေ့လူ ဟေ့လူနဲ့ မခေါ်နဲ့... သန်းမြင့်အောင်ဝတ္ထု လိပ်ပြာခြေရာထဲမှာ မင်းသမီးအရုးမက မင်းသားကို ဟေ့လူ ... ဟေ့လူ လို့ခေါ်တယ် .. နင်ခေါ်တိုင်း ငါအဲ့ဝတ္ထုကို သတိရလို့ဟ အရူးမရ ... :P

သီဟသစ် said...

ညီစမ်းချောင်းရေ

အိပ်မရတဲ့ညတွေ လွန်ပါစေ :)
နွေးထွေးသော မေတ္တာကို နူးညံ့စွာ ခံစားသွားပါတယ်

ခင်မင်စွာဖြင့်
သီဟသစ်

မြစ်ကျိုးအင်း said...

လှပသေသပ်တဲ့ အရေးအသားလေးပါပဲ

ဒီလို အရေးအသားမျိုးနဲ့ ဘလော့တွေ ပိုပြီးများလာစေချင်တယ်။

သိပ်ကောင်းတဲ့ စကားပြေ အရေးအသားလေးပါ။

သဘောကျတယ်

တေလေ said...

ကိုကြီးရေ တစ်ခါကဖတ်ဖူးတဲ့ ကိုတာအက်ဆေးလေးသွားသတိရတယ် သူလည်းအဲ့လိုပဲ အမေအိမ်ပြန်တာ ညကြီးမိုးချုပ် အရေးအသားက အစ်ကိုပိုသာတယ် ဟိ

littlebrook said...

တေလေ- အင်း ... မုံရွေးက အမေ့အိမ်ဝင်းရှေ့ ခြေစုံရပ်မိတော့ အမေက အိမ်ထဲကနေ .. ဟဲ့ ငတာ လားလို့မေးတဲ့ အပိုဒ်လေး မင်းမှတ်မိတယ်ဟုတ် ..း) အမေတွေက အမြဲမှတ်မိတယ်ကွ သူတို့သားတွေ စိတ်ကို
ကိုသီဟ၊ မြစ်ကျိုးအင်း - အကိုတို့ရေ ကျေးဇူးဗျ ကျွန်တော်ဆက်ကြိုးစားရေးသွားဖို့ ကောမန့်တွေက အားပါခင်ဗျ

ကြည်ဖြူပိုင် said...

နွေးထွေးတဲ့မိဘနဲ့မိသားစုမေတ္တာကို အလုံးစုံမြင်ရတယ်
စာအရေးသားအရမ်းကိုတိုးတက်လာတယ်ကွယ်
မရောက်တာကြာပြီမှန်းဝန်ခံပါတယ်..အဟဲ

တစ်နှစ်ကြီးမှန်းသိလို့ မစသင့်မှန်းသိပေမယ့်
မျက်နှာပိုးကသတ်မရဘူး
အရင်ကလိုပဲစချင်နောက်ချင်နေတယ်အေ..ခွေးလွှတ်
:P

စာအရေးအသားအရမ်းအရမ်းကိုတိုးတက်ကောင်းမွန်လာပါကြောင်း
အပြည့်အ၀ထောက်ခံအားပေးသွားပါတယ်