Saturday, October 24, 2009

ချောင်းကလေး စီးနေသည်(၂ )

နေ့လယ်ပိုင်းမှာ တောင်ပေါ်က ၀ိုင်ခြံလေးဆီ သွားကြမယ်ဆိုပီး ဆိုင်ကယ်တွေနဲ့ အိမ်ကထွက်လာကြတယ်။ လမ်းတလျောက် အတက်အဆင်းတွေ လမ်းကလေးကလည်း ကျဉ်း..။ ဆိုင်ကယ်ကို ဂီယာအကြီးတွေနဲ့ပဲ မောင်းတက်လာခဲ့ရတယ်။ လမ်းအကြိုအကြားလေးတွေကနေ တက်လာလိုက်တာ တောင်ထိပ်နားလေးမှာရှိတယ့် ၀ိုင်ခြံကိုရောက်ရောပေါ့ဗျာ။ ၀ါးပိုးဝါးတွေကို တိုင်လုပ်၊ ၀ါးကြမ်းခင်း၊ သက်ကယ်မိုးထားတဲ့ တဲလေးတွေ သုံးတဲလောက်မှာ ထိုင်သောက်နေတဲ့လူတွေလည်း ရှိတယ်။

ဝိုင်မှာကြတယ်.. အရသာက ချိုရှရှ ခပ်ပြင်းပြင်း။ လည်ချောင်းထဲ ပူဆင်းသွားပြီး ရင်ထဲနွေးသွားတာ ခံစားမိတယ်။ တဲလေးကနေ လှမ်းကြည့်ရင် အဝေးကတောင်ပြာပြာနဲ့ တိမ်တွေလွန့်လူးနေတာ မြင်နေရတယ်။ အိမ်ခေါင်မိုးထိပ်ပိုင်းလေးတွေကလည်း စီရရီ တစ်ခုနဲ့တစ်ခုထပ်လို့...။
တောင်စောင်းမှာပေါက်နေတဲ့ ၀ါးပင်တွေက လေတိုက်တိုင်း ယိမ်းလို့ ... နိဗ္ဗာန်ဆိုတာ ဒီလိုဝါးတဲလေးနဲ့ ၀ိုင်သောက်နေပြီး အဝေးကတောင်တွေ တိမ်တွေကိုငေးနေရတာလည်း ဖြစ်နိုင်ပါတယ်။
ဝိုင်ခြံကနေ ထလာကြတော့ နေလေးကစောင်းနေပါပြီ... ဘုရားသွားကြမယ်တဲ့ မြစိမ်းတောင်လို့ခေါ်တဲ့ တောင်ပေါ်ကဘုရားဆီ ထပ်တက်လာကြပြန်ရော။

ဘုရားရှိခိုးကြတော့ ကိုယ်ကအရက်သောက်ထားလို့ ဘုရားရှေ့သွားမထိုင်ချင်တာနဲ့ ပင်စိမ်းပင်တွေကြားထဲက ဒါန်းစိမ်းစိမ်းလေးမှာ ကျန်ခဲ့တယ်။ အော် ... ပင်စိမ်းသီးဆိုတာ ဒီင်္လိုလေးပါလားလို့ မြင်ဖူးသွားတာပေါ့။
ပင်စိမ်းသီးတွေက မြေပေါ်မှာ ပြန့်ကျဲလို့... တစ်လုံးကိုကောက်ပီး နဲနဲကိုက်ကြည့်တော့ ဖန်တယ်...။ ကျွန်တော် ၀ိုင်အရှိန်လေးတက်တက်နဲ့ ဒါန်းစိမ်းစိမ်းလေးပေါ် ဟိုဒီလွဲလို့... အစိမ်းရောင်ကြိုက်တတ်တဲ့ ကောင်မလေး ဒီဒါန်းအစိမ်းလေးကိုမြင်ရင် ကြိုက်မှာတွေးမိတယ်။
ဒီလိုနဲ့ ဘုရားပေါ်ပတ်ပြီး ဓါတ်ပုံတွေလိုက်ရိုက်နေတယ့် သူငယ်ချင်းတွေကိုသာမျှော်ရင်း ဒါန်းလေးမှာ မှေးအိပ်မိလိုက်တာ.. ကိုယ့်ကိုခေါ်တာကြားမှ အဲ့နေရာလေးက ခွာလာမိတော့တယ်။
တည်းတဲ့အိမ်ကို ပြန်ကြမယ်လေ... ညနေရီရီမှာ လူတွေကလည်း ရီဝေေ၀နဲ့... ... ...။

မနေ့ညနေစောင်းကတည်းက ၀တ္ထုစာအုပ်လေးနဲ့ အိပ်ယာထဲကွေးနေလိုက်တာ အိပ်ပျော်သွားတယ်။
နိုးလာတော့ တစ်အိမ်လုံးမှာ ဘယ်သူမှမရှိတော့သလို အသံကတိတ်လို့ ။ တကယ်လဲ ဘယ်သူမှမရှိဘူးလေ။
ဂျင်းဂျက်ကက်လေးထပ်ဝတ် အိမ်အောက်ကို ဆင်းလာတော့ အိမ်ရှင်သူငယ်ချင်းနဲ့တွေ့တယ်။ ကလေးတွေ ဘယ်သွားကြတုန်းလို့မေးတော့
သူလည်းကိုယ်လို အိပ်နေတာ .. မသိဘူးလေ။ နှစ်ယောက်သားလိုက်ရှာမယ်ဆိုပြီး လမ်းဘက်ထွက်ခဲ့တယ်။
လမ်းလေးက အတက်အဆင်းလေးတွေနဲ့ အိမ်တွေကြားထဲ ကျဉ်းကျဉ်းလေး။ ဆိုင်ကယ်တွေနဲ့ လူငယ်တွေ ဖြတ်သွားကြ။
သူငယ်ချင်းက သူ့ညီသွားတတ်တဲ့နေရာတွေ သိပြီးသားပါ။ မာလာဟင်းသွားစားနေကြတာနေမှာပါဆိုတဲ့ စကားမှန်ပါတယ်ဗျာ။

ထိုင်ခုံလေးလှမ်းဆွဲပြီး နောက်နားကျကျမှာနေရာယူတော့ သူငယ်ချင်းက ရှေ့မှာထိုင်ခိုင်းတယ်။ မထိုင်ချင်ပါဘူး .. ကျွန်တော်နဲ့ သိတာ
အိမ်ရှင်ညီအကို၂ယောက်ကလွဲရင် ဘယ်သူ့ကိုမှမသိဘူးလေ။ သူတို့စကားပြောနေကြတယ့်အကြောင်းအရာတွေကိုလည်း ကိုယ်ကမသိဆိုတော့
ဘေးနားထိုင်နေတာကပဲ ကောင်းပါတယ်။ တခါတလေတော့လည်း မရှိချင်ဟန်ဆောင်နေရတာ သိပ်ခက်တာပဲလို့ တွေးမိတယ်။

ခဏနေတော့ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်သွားလိုက်တာ ကျွန်တော်တို့ပဲ ကျန်တော့တဲ့အထိ။ အစကမသောက်ဘူးဆိုပြီးထိုင်နေတဲ့ ကျွန်တော်လည်း တစ်ခွက်စ၊ နှစ်ခွက်စတော့ သောက်မိနေပြီပေါ့ဗျာ။ သူလည်းပြန်သွားတယ်။ ကျွန်တော်ရယ် အိမ်ရှင်သူငယ်ချင်းရယ် နှစ်ယောက်သားဆက်သောက်ကြ စကားပြောကြ...။
နဲနဲမူးလာတော့ ရန်ကုန်ကျောင်းတက်တုန်းက ကျွန်တော်ကြိုက်လွန်းလို့ အလွတ်ကျက်ထားတဲ့ ကဗျာကိုသူကမှတ်မှတ်ရရ ရွတ်ပြတယ်။ စိတ်လက်တွေလေးလံတဲ့အခါ လာခဲ့၊ ကောင်းကင်က လေယာဉ်ပျံတွေ မော့ကြည့်ရင်း၊ ပေါ့ပေါ့ပါးပါး အော်ဟစ်ရယ်မောကြတာပေါ့ ... တဲ့။ ကျွန်တော်ပျော်သွားတယ် ... သူကလည်းပြုံးလို့ .. စိတ်ထဲမှာ ဘာကိုမှမရှိတော့သလို။

အနာဂတ်အကြောင်း၊ အတိတ်အကြောင်း ကျွန်တော်တို့ မပြောမိဘူး။ တစ်ယောက်ပခုံးတစ်ယောက်ဖက် စီးကရက်လေးတစ်လိပ်စီခဲပြီး ညမှောင်မှောင် လမ်းလေးတွေကြားကနေ အိမ်ဆီပြန်လာကြတယ်။ အိမ်ရောက်တော့ အားလုံးအိပ်မောကျနေပြီ။ ဂွမ်းစောင်ကို ဆွဲခြုံရင်း သူငယ်ချင်းကို နောက်ဆုံးပြောလိုက်တာက .. မနက်ဈေးသွားမယ် စောစောထဟ... လို့။

6 comments:

jr.လွင်ဦး said...

ဘရွတ်.. ငါလည်း သောက်ချင်နေတယ်နော်..
ငါ့အိမ်နားမှာ လေယာဉ်တွေ ခဏခဏပျံနေကြတယ်။
ဒါပေမယ့် ငါ မော့ကြည့်လိုက်တိုင်း ပျောက်သွားကြတယ်။
အဲလေယာဉ်တွေက တိုက်လေယာဉ်တွေကိုး။ သိပ်မြန်တာလေ။
အဲတော့ ငါဘယ်လို မော့ကြည့်ပြီး ပေါ့ပေါ့ပါးပါး ရီရမလဲ?

တီချမ်း said...

လည်ချောင်းထဲ ပူဆင်းသွားပြီး ရင်ထဲနွေးသွားတာ ခံစားမိတယ်။

အင်းခုခေတ်ကလေးတွေများ ရင်နွေးမပါရင် ကို စာမရေးတတ်ကြတော့ဘူး
တယ်ခက်သာပ

purplemay said...

ချိုရှရှခပ်ပြင်းပြင်းလေးကို စိတ်ကူးဖြင့်သောက်သွားသည်...။
အနာဂါတ်အကြောင်း ၊ အတိတ်အကြောင်း မပြောမိတာကောင်းပါတယ်...:)

စိမ်း... said...

ပင်စိမ်းသီး မမြင်ဖူးဘူး...

လင်းဒီပ said...

အေးချမ်းလိုက်တာ...။

အနော် said...

အခု ကောင်းကင်ကို မော့ကြည့်ပေမဲ့ လေယာဉ်ပျံတစ်စင်းမှ ဖြတ်မသွားဘူး
ဝိုင်ချိုချိုပြင်းရှရှကို အတွေးထဲမှာ မော့သောက်သွားတယ်
ဒါပေမဲ့ ဘေးမှာ တိမ်လဲ မရှိဘူး ဝါးပင်လဲ မရှိဘူး
တစ်ခါတလေတော့လဲ SPY ဝိုင်လေးပဲ ချဉ်စုတ်စုတ်သောက်ပီး မူးရမ်းရကောင်းမလား စဉ်းစားနေတယ် အဟုတ် :(