Sunday, April 26, 2009

စီးကရက်မီးခိုးငွေ့များ

ကျွန်တော် အဝေးပြေးကားတစ်စီးပေါ်မှာ ရှိနေပါတယ်။ ကားဟာခပ်မြန်မြန်ပဲ လမ်းမပေါ်ပြေးနေပြီး ဘေးကလယ်ကွင်းတွေ၊ သစ်ပင်တွေကို
ကျော်ဖြတ်နေပါတယ်။ ကောင်းကင်ပေါ်မှာတော့ တိမ်တိုက်တွေ အုပ်ဖွဲ့ခရီးဆက်လို့ ... ဘယ်ဆီသွားကြမှာလဲလေ။ နားထဲမှာလေတိုးသံ ဆူညံလို့
မောင်းနှင်နေတဲ့ ကားစက်သံတောင် မကြားတချက်ကြားတချက်နဲ့။
တိမ်တွေကိုငေးရင်း သီချင်းတပိုင်းတစကို သတိရတယ်။ မိုးတိမ်တွေဘယ်လိုပုံစံနဲ့ စုဖွဲ့သွားသွား ခရီးသွားတွေပါပဲတဲ့။ လယ်ကွင်းထဲမှာတော့
ကလေးလေးတချို့ ကျွဲတွေကျောင်းလို့...။ လယ်ကွင်းတွေက ဖောရက်စ်ဂမ့်ဇာတ်ကားထဲက ဗီယက်နမ်လယ်ကွင်းတွေနဲ့ တူလိုက်တာလို့ တွေးမိနေတယ်။
ဖောရက်စ်ဂမ့်ကိုသိလား..။ လောကထဲက လူအားလုံး ဖောရက်စ်လို လောကကြီးကိုမြင်တတ်ရင် အေးချမ်းသွားနိုင်တယ်တဲ့။ အဲ့ဒိဇာတ်ကားမှာ ဖောရက်စ်က
သူ့တပ်စုက ဒဏ်ရာရတပ်သားတွေကို ထမ်းပြီးပြေးနေတယ်။ သူသေနတ်ပစ်တဲ့ အခန်းတစ်ခန်းမှမပါခဲ့ဘူး။ သိချင်လိုက်တာ..။ ဖောရက်စ်..မင်းသေနတ်မောင်းကို
ဖြုတ်ခဲ့လား။
9/11 ဖြစ်ရပ်မှာ နောက်ကွယ်က ကြိုးကိုင်သူဖြစ်တဲ့ တရားခံကို စီအိုင်အေက ရေနစ်ပြီးစစ်ဆေးတဲ့နည်းနဲ့ စစ်ဆေးခဲ့တာ 187 ကြိမ်တဲ့။ အဲ့ဒိလိုစစ်မေးတဲ့
အရာရှိတွေဟာ အပြစ်ရှိတယ် အပြစ်ပေးရမယ်လို့ အမေရိကန်မှာတောင်းဆိုကြတယ်တဲ့။ ဒီဂျာနယ်တစ်စောင်လုံးက အမေရိကန်ဆန့်ကျင်ရေးအတွက်များ သီးသန့်ထုတ်ထား
တာလား။ အမေရိကန်မရှိတဲ့နောက် ကမ္ဘာပေါ်မှာ ဘယ်သူတွေရှိမလဲ..။ အင်း တရုတ်တွေချည်းပဲနေမှာပါ။ အိုးငါ လွပ်လပ်တဲ့လူလေ။ နိုင်ငံမရှိချင်ဘူး။ မျိုးချစ်စိတ်မရှိချင်ဘူး။
ဖောရက်စ်ကတော့ တချိန်လုံးပြေးနေတာပဲ။ မာသာထရီဇာ..ဇာတိနိုင်ငံကတစ်နေရာ၊ ကိုးကွယ်ရာက ဘရင်ဂျီဘာသာ၊ အိန္ဒိယနိုင်ငံက ဆင်းရဲသားတွေ၊ နာမကျန်းသူတွေရဲ့ မယ်တော်...။
မာသာထရီဇာကော ပြေးရဲ့လား။ ငါတို့နိုင်ငံက လူစွဲသိပ်ကြီးတယ်။ ကြွက်သာမိနေလို့ကတော့ ကြောင်ဖြူဖြူမဲမဲ ကိစ္စမရှိဘူးလို့ တိန့်ရှောင်ဖိန်ပြောခဲ့ဖူးတယ်။
မီးခိုးတွေ တလူလူနဲ့ ယာစောင့်တဲလေးတွေဟာ လှလိုက်တာ။ သူတို့တွေကကော အလှဆိုတာကိုသိရဲ့လား။ အလှတရားကို အဆင့်မြင့်မြင့်ခံစားတတ်ဖို့က လေ့ကျင့်ယူမှရတာတဲ့။
ခရီးသွားနေတဲ့တိမ်တွေ အခုထိသွားနေတုန်း။ ကားကလည်း အခုထိမောင်းနေတုန်း။ ကိုယ့်စိတ်ဆန္ဒကိုပဲ ဦးစားပေးတတ်တဲ့သူ၊ အတ္တကြီးတဲ့လူဆိုရင်ကော အလှတရားကို သိပါ့မလား။
ချစ်ခြင်းကိုသိပါ့မလား။
နားထဲမှာ လေတိုးသံက တ၀ူးဝူးနဲ့ ကားကလည်း မောင်းနေတုန်း... ... ... ...

1 comment:

NangNyi said...

ကိုယ့်စိတ်ဆန္ဒကိုပဲ ဦးစားပေးတတ်တဲ့သူ၊ အတ္တကြီးတဲ့လူဆိုရင်ကော အလှတရားကို သိပါ့မလား။ တဲ့. .. သိမှာပါ.. သိပါတယ်ဗျ