Monday, January 19, 2009

မျှော်လင့်ခြင်းများစွာ

ကျွန်တော် သူမနှင့် စတင်ဆုံတွေ့စဉ်က သူမနှင့်တစ်နေ့ ပတ်သက်လာရလိမ့်မည်ဟု
တွေးပင်မတွေးမိပါ..ရိုးရိုးလေးနှင့် အလွန်သိမ်မွေ့စွာ အစပြုခဲ့သော ဇာတ်လမ်းလေးပင်ဖြစ်သည်..
ကျွန်တော်တို့ကျောင်းမှ ပုဂံမြေသို့လေ့လာရေးခရီးထွက်သောအခါ ကျွန်တော့ဘေးတွင်
ကောင်မလေး သေးသေးတစ်ဦး ပါလာခဲ့သည်..ပါလာပုံကလည်း ကန့်လန့် ကန့်လန့်ပါလာခြင်းဖြစ်လေသည်..
သူမသည် ကျွန်တော့်အမြင်တွင် အလွန်နုနယ်၍ ထိလွယ်ခိုက်လွယ်သောပန်းလေးသာဖြစ်သည်...
ပန်းပွင့်လေးသည် ခရီးစဉ်တလျောက်လုံး ကျွန်တော့်ပခုံးကို ခေါင်းအုံး၍လိုက်လာခဲ့သည်..
ထိုအချိန်မှစ၍ နောက်အကြိမ်ပေါင်းများစွာ ကျွန်တော့်ပခုံးသည် သူမနားခိုရာ ၊သူမ ငိုကြွေးရာ ၊
အားလုံးကိုခံယူရမည်ဖြစ်ကြောင်း ကျွန်တော်မသိနိုင်ခဲ့ပါ..ကျွန်တော်သည် သူမ၏သူငယ်ချင်းတစ်ယောက်
ဖြစ်ခဲ့သည်...
ကျွန်တော့်ကျောင်းသားဘ၀တွင် စာကြည့်တိုက်နှင့် လက်ဘက်ရည်ဆိုင်က အများဆုံးနေရာယူခဲ့သည်..
သူမရောက်ရှိချိန်မှစ၍ ထိုအရာများထက် သူမအတွက်ပိုအလေးထားခဲ့ရလေသည်...ကျွန်တော့်လွယ်အိတ်ကြိုးကို
ဆွဲ၍ ကျွန်တော်သွားရာလျောက်လိုက်နေသော ပန်းပွင့်ပေါက်စလေးကို ရှုပ်သည်ဟုမတွေးမိနိုင်ခဲ့ပါ...
ရေပေးဝေသော ပိုက်လိုင်းကြီးပေါ်တွင် ကျွန်တော်တို့ စကားပြောကြသည်..ကျွန်တော်ဖတ်လေ့ရှိသော စာအုပ်များအကြောင်း
သူလိုလားသော စိတ်ကူးများအကြောင်း...ပြာလွင်သောကောင်းကင်အောက်၌ ပြေးလွားနေသောတိမ်တိုက်များအောက်၌
ကျွန်တော်တို့ စိတ်ကူးများ တငြိမ့်ငြိမ့်စီးဆင်းလျက်....
ကျွန်တော်တို့နှစ်ဦးသား နားလည်ပြီဟု ယူဆနိုင်သော်လည်း ကျွန်တော်တို့ နီးစပ်ဖို့ ခက်ခက်ခဲခဲဖြတ်သန်းကြရပါသည်..
သူမသည် ကောင်မလေးငယ်ငယ်သာဖြစ်ပြီး ဇွတ်တရွတ်ဆန်သောကြောင့် အမှားများပါသည်...သူမ၏နားမလည်မှုများစွာကို
အပြစ်တင်ဖို့ မကြိုးစားဘဲ သင်ယူစေပါသည်...လေအေးအေးလေးတိုက်နေသော ကွင်းပြင်စပ်၌ထိုင်ရင်း..
ကျွန်တော်တို့ ဆွေးနွေးကြသည်..ကျွန်တော်တို့သင်ယူကြသည်...
အမှားများနှင့်ကြုံသည့်အခါ သူမခေါင်းရှုပ်နေသည့်အခါတိုင်း ရင်ခွင်ထဲထည့်ပြီးနှစ်သိမ့်ခဲ့ရသည်...ကောင်းကင်တွင်
မိုးထစ်ခြုန်းသည့်တိုင် ကျွန်တော့်ရင်ခွင်ထဲတွင် ကောင်မလေးကိုနွေးနွေးထွေးထွေးထားနိုင်ခဲ့ပါသည်...
ကျွန်တော်တို့ အေးစက်သောနေ့ရက်များကို ပူနွေးသောနှလုံးသားအစုံဖြင့် ဖြတ်သန်းခဲ့ကြသည်...
အိပ်မက်တိုင်း၌ကျွန်တော်တို့ ယုံကြည်မျော်လင့်ချက်ဖြင့်တောက်ပနေတတ်သည်...
ကောင်မလေးသည် သူမ၏စိတ်ကူးတို့နှင့် လင်းလက်တောက်ပလွန်းနေခဲ့သည်...
နွေရာသီလမ်းမများပမာ ဘ၀ခရီးးတို့ တံလျပ်တရှိန်ရှိန်တက်သောအခါ...ကျွန်တော်တို့ကိုယ်စီတွင်
ငဲ့ကွက်စရာများရှိနေခဲ့သည်...ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ထောက်ကန်ပေးနိုင်သည်ထက်
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ရစ်နှောင်ထားခြင်းက အခက်အခဲဖြစ်စေသည်ကို သူမနားလည်လာသောအခါ
ကျွန်တော်တို့ ခေတ္တခွဲခွာဖို့ လိုအပ်ကြောင်း သူမပြောခဲ့သည်...ကျွန်တော်တို့နှစ်ဦးကြားတွင် ဘာဂတိစကားမှမထားခဲ့သော်လည်း
ကျွန်တော်သူမကို ယုံကြည်စွာနေခဲ့ပါသည်...
ဂျစ်ဆောကားချပ်ဆက် ကစားနည်းကဲ့သို့ ကျွန်တော်တို့ ရည်မှန်းချက်ပြည့်စုံသည့်အခါ လစ်ဟာနေသောကွက်လပ်လေးကို
ဖြည့်ဆည်းဖို့ ကျွန်တော်လာခဲ့ပါမည်...ကျွန်တော်တို့ နှစ်ဦးစလုံးတွင်ရှိထားပြီးသော အစိတ်အပိုင်းကို ကိုယ်စီသိမ်းပြီး...
ကားချပ်တစ်ခုလုံးပြီးပြည့်စုံရန် ကျန်ရှိသောအရာများကို ရှာဖွေရပါဦးမည်...။

2 comments:

ဖိုးဂျယ် said...

အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ခံယူထားလိုက်ပေါ့ဗျာ
အကိုရဲ့ အရေးအသားတွေ ကြိုက်တယ်
ကျနော့ကတော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်တာတော့
သေချာတယ်လို့ယူဆထားတယ်။
ပျော်ရွှင်ပါစေဗျာ အသစ်ရေးတိုင်းရောက်ဖြစ်ပါတယ်။
အရေးသားတွေ လေးစားလို့
ခင်မင်လျှက် ဖိုးဂျယ်

Anonymous said...

ဟားဟားဟား ဒီပို့စ်ကို တကယ်ကိုရည်ရွယ်ပြီးရေးခဲ့တာ .. အဟိ ခုတော့ဟာသကြီး ..အော် ဘ၀ ဘ၀ .. ခုတော့မလိုအပ်တော့ပါဘူး ..(LB)