Tuesday, December 30, 2008

လေလွှင့်သူရဲ့ အတွေးများ

နေ့တွေတိုင်းဟာ ခေါက်ရိုးကျိုးလို့....။ မနက်အိပ်နေရာက နိုးတိုင်း ကိုယ့်ကိုယ်ကို
သံပတ်တင်းဖို့ မျော်လင့်ခြင်းကို လိုက်လိုက်ရှာရတာကိုက အလုပ်တစ်ခု။
ဘေးချထားတဲ့ဆေးလိပ်တိုကို အငြိုးနဲ့ကိုက်ပြီးမီးညှိတော့ မေမေမှာထားတဲ့စကားကိုသတိရတယ်။ ငါတစ်ခါကရေးဖူးသလိုငါတကယ်ပိုင်တာ ဖြူဖျော့ဖျော့တိမ်နဲ့ အဖော်မဲ့အိပ်မက်တွေပဲဖြစ်နေမလား..။
အိပ်ပျော်နေဆဲသူငယ်ချင်းကို ကြည့်တော့သူကလည်း သူ့အိပ်မက်နဲ့သူ..။
ဘယ်သူမဆို ကိုယ့်အကြောင်းနဲ့ကိုယ်ပဲလား...၊ အိပ်မက်တွေကကော ဆက်စပ်တတ်ကြသလား...။ ငယ်ငယ်ကအတူတူမက်ဖူးတဲ့ အိပ်မက်အကြောင်း သူငယ်ချင်းကိုလှမ်းမေးတော့...
ပြုံးရင်း စိတ်ကူးသိပ်မယဉ်နဲ့လို့ ပြောတယ်...။
ကျောပိုးအိတ်ထဲ ဖတ်လက်စစာအုပ်လေးပစ်ထည့်ပြီး လမ်းပေါ်ထွက်ခဲ့တော့ နေရောင်က စူးစူးနစ်နစ်လင်းလို့...။ ကတ္တရာလမ်းအစပ်မှာ ရပ်ပြီးစဉ်းစားမိနေတာက လက်ထဲကဆေးလိပ်တိုကို ပစ်ချသင့်မသင့်။ ဖတ်မိတဲ့စာအုပ်နာမည်ကို ပြန်တွေးကြည့်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစာအုပ်လေးဆိုတာကို မှတ်မိနေတယ်။ သေးငယ်တဲ့အပြစ်တွေက ကျူးလွန်ရတာလွယ်ပါတယ်။ တောက်ထုတ်လိုက်တဲ့ ဆေးလိပ်တိုမှာ အရိုးထိစွဲနေသောအစွဲများ ပါသွားပါစေ...။
လိုအပ်ချက်နှင့် လိုချင်တက်မက်မှု အကြောင်းကို ကွဲပြားစွာနားလည်သဘောပေါက်ဖို့ ကြိုးစားတော့ ကြော်ငြာဘုတ်ကြီး တွေကအုပ်မိုးလို့။ စိတ်ဖြေဖျောက်ရုံနဲ့ စိတ်ပြေပျောက်မလား။ သက်ပြင်းချပြီး ရှေ့ကိုမျှော်မိတော့ ခေတ်တစ်ခုလုံးက မုဆိုးရာသီ.....................။

4 comments:

နန်းညီ said...

သေးငယ်တဲ့အပြစ်တွေက ကျူးလွန်ရတာလွယ်ပါတယ်...
သေးသေးကြီးကြီး အပြစ်ဖြစ်မယ့်တူတူတော့ ကြီးတာကျူးလွန်တာပဲ ကောင်းပါတယ်..

revolution said...

ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့

mirror said...

သြော်..အရေးထဲ..:)

ဖိုးဂျယ် said...

ကျတော်လဲ ခေါက်ရိုးကျိုး ၀တ်စုံကို
လဲချင်နေတာကြာပါပီဗျာ