Tuesday, November 24, 2009

ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ပြီး ထိုညက သူအိပ်မက်တစ်ခု မက်သည်။

ထိုနေ့က နွေနေ့လယ်ခင်းတစ်ခုဖြစ်ခဲ့သည်။ သူသည် ၀ရံတာအမြင့်ထက်မှနေ၍ အရာအားလုံးကို အထက်စီးမိုးကြည့်နေခြင်းလည်းဖြစ်သည်။ အိုဟောင်းနေသော တိုက်တစ်လုံး၏လှေကားရင်းတွင် လူငယ်တစ်ယောက် ဂစ်တာတစ်လက်ကို ထိတွေ့ဆော့ကစားနေသည်ကို သူမြင်နေရသည်။ ကောင်းကင်တွင် ရှိသည်ဆိုရုံမျှ တိမ်တို့က အမျှင်တန်းလျက်။ ဆံပင်ရှည်ရှည်၊ ဂျင်းဘောင်းဘီနှင့် လူငယ်သည် ဂစ်တာကို ဖွဲ့စည်းထားသော သီချင်းအပိုင်းအစတစ်ခုကို တီးခတ်နေခြင်းမဟုတ်ပါ။ ကြိုးများကို ရည်ရွယ်ရာမရှိ ထိခတ်နေခြင်းဖြစ်သည်။ ထွက်ပေါ်လာသော အသံ၊ လူငယ်၏ ဂျင်းဘောင်းဘီနှင့် ကောင်းကင်တို့သည် အရောင်တစ်ဆင်တည်း ပျင်းရိပျင်းတွဲ။ သူမှုတ်ထုတ်လိုက်သော မီးခိုးငွေ့များသည်ပင် ထိုင်းမှိုင်းနေသည်။

ဝရံတာလက်တန်းပေါ် လက်နှစ်ဖက်မှောက်ထပ် ထိုလက်ပေါ်မှာမှ သူ့ခေါင်းကိုတင်လိုက်ရင်း ငေးနေမိသည်။ လမ်းမတစ်လျောက် လူသွားလူလာကင်းပြတ်လွန်းလှပါလား။ အကြည့်ကို ဖမ်းထားနိုင်သော ပန်းလေးတစ်ပွင့်တစ်လေမှ ထိုနေ့ကလမ်းပေါ်ထွက်မလာချေ။ စွယ်တော်ရွက်ခြောက်တစ်ရွက်ကို လေကလမ်းပေါ် ဒရွတ်တိုက်ဆွဲခေါ်သွားသည်ကို မြင်နေရသည်။ လမ်းထိပ်မှ ဆိုက်ကားဆရာလင်မယား ဆိုက်ကားပေါ်အိုးခွက်တွေတင်ကာ နင်းလာသည်ကို မြင်နေရသည်။ ထိုဆိုက်ကားဆရာလင်မယားကို သူသိပါသည်။ မိန်းမဖြစ်သူက ဘာပြောလိုက်သည်မသိ ဆိုက်ကားဆရာက ရီနေသည်။ သူထိုလင်မယားကို ငေးကြည့်နေရင်း သူ့မှာရည်းစားသုံးယောက်ရှိခဲ့ကြောင်း သတိရမိသည်။ ဆိုက်ကားဆရာ၏ မိန်းမသည် ပိုက်ဆံမရလျှင် ဆိုက်ကားဂိတ်ထိတိုင် လာ၍သူ့ယောက်ျားကို ဆူပူဆဲဆိုလေ့ရှိသည်။ ဆိုက်ကားဆရာ အရက်မူးလာသောအခါများနှင့် ကြုံနေလျှင် ပြန်အော်ဟစ်ဆဲဆိုရင်း တခါတရံလက်ပါပါလာလေ့ရှိသည်။
မိန်းမတစ်ယောက်ကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းကို သူမနှစ်သက်ပါ။ စကားလုံးရိုင်းရိုင်းများနှင့် နစ်နစ်နာနာပြောခြင်းကိုလည်း သူဘယ်သောအခါမျှ မပြောဆိုဖူးပါ။ ဆိုက်ကားဆရာလင်မယား၏ ရီသံက နွေလေထုထဲမှ ရုန်းကြွလျက်။

သူ့ရည်းစားသုံးယောက်စလုံးသည် ပညာတတ်များဖြစ်ကြသည်။ လှလည်းလှသည်။ သိမ်သိမ်မွေ့မွေ့လည်း ရှိသည်။ ဘာကြောင့်များ ဝေးကွာသွားပါလိမ့် တစ်ယောက်နဲ့မှ မနီးစပ်ခဲ့ပါလိမ့်လို့ သူတွေးနေမိသည်။ သူကျောင်းတက်တုန်းက ကျောင်းဂိတ်ပေါက်ကို စောင့်သောဂိတ်စောင့်အဘိုးကြီးနှင့် ခင်မင်ခဲ့သည်။ ထိုအဘိုးကြီး၏ မိန်းမနှင့်လည်း ခင်မင်သည်။ အဘိုးကြီးကို နေ့ခင်းပိုင်းတိုင်း မိန်းမက ထမင်းချိုင့်လာပို့လေ့ရှိသည်။ သူတို့မှာ သားသမီးများလည်းရှိသည်။ အဘိုးကြီး၏ မျက်လုံးများသည် ထာ၀၀စဉ်ပြုံးရီနေလေ့ရှိသည်။ တခါတခါ ကျွန်တော်နှင့်အရက်ဆိုင်လေးတွင်ဆုံလျှင် သူနှင့်လက်ထပ်ဖူးသော မိန်းမများအကြောင်းကို ပြောပြလေ့ရှိသည်။ ထမင်းချိုင့်လာပို့သော မိန်းမသည် သူ၏စတုတ္ထမြောက်မိန်းမဖြစ်သည်။ ထိုအဘိုးကြီး၏ လစာသည် ကျွန်တော့်တစ်ပတ်စာ မုန့်ဖိုးမျှသာ။ သူဘယ်လိုရှင်သန်နေထိုင်ပါလိမ့် ကျွန်တ်ာတွေးမရပါ။ ယခုထို အဘိုးကြီးကွယ်လွန်သွားခဲ့ပြီ။

မိန်းမများသည် သစ်တောနှင့်တူသည်ဟု သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ အပြင်ခပ်ဝေးဝေးမှကြည့်လျှင် ငြိမ်းချမ်းစေပြီး သစ်တောထဲဝင်သွားပါက အရှုပ်အထွေးမျှသာတဲ့။ ကျွန်တ်ာပြုံးမိပြီး ယောက်ျားများကကောဟု မေးရာ သစ်ခုတ်သမားတွေဟု ပြန်ဖြေသည်။ ချစ်ရုံချစ်တတ်သူတွေက သစ်တောဝန်ထမ်းများ၊ လက်ထပ်ရုံလက်ထပ်သူတွေက ထင်းခုတ်သူတွေဖြစ်ပြီး သစ်ခိုးထုတ်သူတွေက သိုက်တူးသူနှင့်တူကြောင်း သူရှင်းပြသည်။ သူထိုနေ့က တော်တော်မူးနေ၍ အလုံးစုံကိုမမှတ်မိပါ။ ထိုသူငယ်ချင်းကပင် ထပ်၍ သစ်တောများမရှိဘဲ ကမ္ဘာကြီးအသက်ဆက်မရှင်နိုင်ကြောင်း ထပ်ပြောပါသည်။

သူတွေးနေစဉ်မှာပင် ဂစ်တာသံကထွက်လာလေသည်။ ယခုတခါတော့ တေးသီချင်းတစ်ပုဒ်ကို ကျကျနနတီးနေခြင်းဖြစ်သည်။ ထိုတိုက်ထောင့်ဆီသို့ လှမ်းကြည့်မိသောအခါ ဆံပင်ရှည်ရှည်လူငယ်လေးဘေးနား ဆံပင်တိုတိုကောင်မလေးတစ်ယောက် ရှိနေပြီ။ သူမက ခြေထောက်လေးလှုပ်ရင်း စည်းချက်လိုက်နေသည်။ ဆိုက်ကားဆရာ လင်မယားကတော့ မြင်ကွင်းကပျောက်သွားသည်အထိ ရီလို့မဆုံးတော့။ ကျနေရောင်တွင် အရာရာသည်ရွှေရောင်ဝင်းလျက်။
တိုက်ခေါင်မိုးကြားတွင် အပူရိပ်ခိုနေသော ခိုများလည်း ထွက်လာကြသည်။ စကပ်တိုတိုနှင့် ကောင်မလေးများလည်း လမ်းပေါ်ထွက်လာကြပြီ။ သူ နောက်ဆုံးလက်ကျန်စီးကရက်ကို ထိုးခြေရင်း အိမ်ထဲပြန်ဝင်လာခဲ့သည်။

ထိုညက သူအိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူ သစ်တောထဲအိပ်နေပြီး သစ်ပင်တိုင်းတွင် ဆိုင်းဘုတ်များချိတ်ထားသည်ကို တွေ့ရသည်။ ဆိုင်းဘုတ်တွင်ကား " သစ်တစ်ပင်ခုတ် ထောင်သုံးနှစ်" ဟု ရေးထိုးထားလေသည်။

7 comments:

အိဖူး said...

“သစ်တောများမရှိဘဲ ကမ္ဘာကြီးအသက်ဆက်မရှင်နိုင်ကြောင်း ထပ်ပြောပါသည်။” ... အဟုတ်ပဲလားဟ.... မရှိမကောင်း ရှိမကောင်းတွေပါလားနော်.. အော် မိန်းမ မိန်းမ

နန်းညီ said...

အချစ်ပျောက်ရှာနေသူ ပေလား..

jr.လွင်ဦး said...

နေ၀င်းမြင့် စာအုပ်တွေဖတ်ပြီး ဆရာ့ အက်ဆေးလက်ရာမျိုးဖြစ်နေတယ်။
ဒါပေမယ့် ဆရာ့ အဆုံးသတ်တွေက ငြိမ်းချမ်းတယ်။
နင့်ဟာက နည်းနည်း ပူလောင်နေတယ်။
ဒီလူ တယ်လည်း အမြစ်တွယ်ချင်သကိုး။ :D

ကြည်ဖြူပိုင် said...

ဟယ်လူဆိုးလေး
ပထမထွက်ကြည့်တော့မျက်စိကစားစရာ
ပန်းပွင့်လေးတစ်ပွင့်မှ ကြွေမကျဘူးဆိုပြီး
ပန်းပွင့်လေးတွေ စကပ်တိုတိုနဲ့ထွက်လာတော့
အိမ်ထဲပြန်ဝင်သွားရသလား
သစ်ခုတ်သမားဖြစ်ချင်သူရဲ့
(မစမနောက်ရတာကြာလို့လာစတယ်) :P

အောင်ဒီကန် said...

ဒါဆို ခိုးခုတ်တာကို လက်ဘက်ရည်ဖိုးယူပြီးလျွတ်ပေးတဲ့ကောင်ကျ ဘယ်လိုခေါ်မလဲ ????

အနော် said...

ဆိုက်ကားသမား လင်မယား ရီနေတာကို ဖတ်ပီး မဆီမဆိုင် ကိုဒေါင်းရဲ့ မြင်းပန်းထိမ်လင်မယားကို အမှတ်ရမိတယ် ဟိဟိ
သစ်တောတွေ ပြုန်းကုန်ပီ သစ်တောတွေ ပြုန်းကုန်ပီ
မဆင်မခြင် သစ်တောတွေခုတ်လို့ ဟိဟိ
သစ်လုံးတွေကို ဆယ်ဘီးကားတွေနဲ့ တင်ပီး သယ်လာတာကို ခန ခန မြင်ဖူးတယ် ပီးမှ ဟိုခွဲ သည်စိတ်လုပ်မတဲ့
မြတ်ချွာဘုရား နာလဲ သစ်တော သစ်လုံးနဲ့ သစ်ခွဲသားတွေကို ကြည့်ပီး
နာတို့ကို အဲ့လို ခွဲစိတ်ရင်တော့ သေပီဆရာပဲ :((

လင်းဒီပ said...

ဖတ်လို့ကောင်းတယ်...။
သစ်တစ်ပင်ခုတ် ထောင်သုံးနှစ် မရတော့ဘူးထင်တယ်..။

ကျွန်တော်လည်း သစ်တောထဲ မဝင်မိအောင် သတိထားမှ တော်ကြာ မျက်စိလည်နေမှာ စိုးလို့...။:P