Friday, October 9, 2009

ပုံပြင်...

ဘုရားရင်ပြင်မှ မျှော်ကြည့်တော့ တမျှော်တခေါ်ကျယ်ပြန့်နေသော သောင်နှင့် မြေနုကျွန်းများ .. ။
ထိုမြေနုကျွန်းများနှင့်သောင်ကို ပတ်ခွေစီးနေသော တာပိန်မြစ်က အေးအေးငြိမ်ငြိမ်။ မြို့ပြင်ရှိ ဘုရားဆီ ကျွန်တော်မရောက်ဖြစ်သည်မှာ ကြာခဲ့ပြီကော။ ကျွန်တော်တို့ ကျောင်းသားဘ၀က ကျောင်းပြေးလျှင် ဤဘုရားဆီ ရောက်လာမြဲ။ ဘုရားစောင်းတန်း ဇရပ်များတွင် တနေကုန်တနေခန်းနေ၍ ကျောင်းဆင်းမှ အိမ်သို့ခပ်တည်တည်ပြန်ခဲ့သော နေ့များက ယခုပြန်တွေးတော့ အိပ်မက်ပမာ။ အိပ်မက်တော့ မဟုတ်ခဲ့ပါလေ။

ဤမြို့လေးတွင် သည်ဘုရားသည် နာမည်ကြီးဘုရား ။ ဤဘုရားသမိုင်းက ကျွန်တော့်ငယ်ဘ၀ အိပ်ယာဝင်ပုံပြင်။ မြေးကိုချစ်သော အဖွားက ဤဘုရားသမိုင်းကို ပုံပြင်သဖွယ် လေအေးအေးလေးဖြင့် ပြောပြတတ်သည်။ ထိုဘုရားသမိုင်း ထိုပုံပြင်ကို နေ့စဉ်နေ့တိုင်းလိုလို ညစဉ်ညတိုင်းလိုလို တောင်းဆိုမြဲ ...
ဖွားအေဖြစ်သူကလည်း ထိုတစ်ပုဒ်ထည်းသော အကြောင်းအရာကို မညည်းမညူ ပြောပြတတ်မြဲ ..။

ထိုဘုရားတည်နေရာသည် ရှေးယခင်က စံပ္ပါနဂိုရ်ပြည်ဟုတွင်ကြောင်း။ ထိုတိုင်းပြည်တွင် ထင်းခုတ်၍ အသက်မွေးသော မုဆိုးမသားအမိနေထိုင်ကြောင်း။ သားဖြစ်သူက ထင်းခုတ်၍ မိခင်အိုကြီးကို ရှာဖွေကျွေးမွေးကြောင်း။ သားဖြစ်သူ၏ ပုံပန်းမှာ ဂုတ်တိုတို ရုပ်ဆိုးဆိုးနှင့်မို့ အိုက်ခေါတော်ဟု ခေါ်ကြကြောင်း။
ထိုသို့ဖွားအေဖြစ်သူပြောနေစဉ်မှာ ကျွန်တော်တို့ ညီအကိုများက အဖွားဖြစ်သူကို ပတ်လည်ဝိုင်း လဲလျောင်းလျက် ပုံပြင်ကိုနားဆင်ခဲ့ကြ အတွေးထဲ ပုံဖော်ခဲ့ကြပါလိမ့်မည်။ ပုံပြင်ထဲမှ အိုက်ခေါတော်ကျွန်တော်တို့ အမေမုဆိုးမကြီးက ပုံပြောနေသူ အဖွား .... ။

တစ်နေ့သောအခါ ထင်းခုတ်သမားမောင်ရုပ်ဆိုးလေး မြစ်ကမ်းဘေးရောက်ခိုက် ရေကစားအခမ်းအနားကျင်းပနေသော မင်းသမီးလေးကို မြင်လေသည်။ မင်းသမီးလေး၏ အလှအပ၊ ရေကစားရင်း မြူးတူးရွှင်ပျ ရယ်မောသောအသံတို့ကို အိုက်ခေါတော်လေး ကြားရ မြင်ရသောအခါ ... .. ..။
အိုက်ခေါ်တောလေး တဲအိမ်သို့ပြန်ရောက်သောအခါ စကားမဆို အစာမစား အိပ်၍သာနေလေတော့သည်။
မိခင်ဖြစ်သူက မေးလျှင်လည်း မဖြေ .. မည်သို့သောအကြောင်းကြောင့်မှန်းမသိ ..။
အဖန်ဖန်အထပ်ထပ်မေးတော့မှ မင်းသမီးကို စွဲလမ်းစိတ်နှင့်ထိုသို့ဖြစ်ကြောင်း မပိုင်ရလျှင် ထိုစိတ်နှင့်သာသေမည်ဖြစ်ကြောင်း ပြောပြလေသည်။ မိခင်ဖြစ်သူက ဘုရင့်သမီးကိုရယူပိုင်ဆိုင်ဖို့ မိမိတို့အဖို့ မလှမ်းသာကြောင်း အကယ်၍ဤသတင်းသာ ပေါက်ကြားပါက မိမိတို့အပြစ်သင့်ပြီး သတ်ဖြတ်ခြင်းပင်ခံရနိုင်ကြောင်း ပြောပြကာ လက်လျော့ဖို့ မေ့ပျောက်ပစ်ဖို့ အကြံပေးလေသည်။
စွဲလမ်းစိတ်ကား ကြီးမားပေစွ။ အရှိန်ကြီးကြီးဖြင့် တောက်လောင်သောမီးက အရာအားလုံးကိုလောင်ကျွမ်းလိုက်သလို အိုက်ခေါတော်လေး၏ မင်းသမီးကိုစွဲလမ်းစိတ်က သူ့ကိုယ်ကိုပင်ပန်းဆင်းရဲစေလေသည်။

နောက်ဆုံးတွင်ကား သားကိုချစ်သည့်မိခင်မှာ မနေသာ။ ဘုရင့်သမီးကိုပင် တောင်းရန်နန်းတော်ရှိရာသို့ လျှောက်ခဲ့တော့သည်။ ဘုရင်ဖြစ်သူက သူဆင်းရဲမုဆိုးမကို မေးမြန်းရာ အကြောင်းစုံသိလျှင် ဒေါသအမျက်ထွက်ပြီး မနက်မိုးသောက် ငါကိုယ်တော်မျက်နှာသစ်တော်မူချိန် သင်မုဆိုးမတဲအိမ်နှင့် ငါ့နန်းတော်ရွှေလမ်း ငွေလမ်းပေါက်နေစေ မမြင်ရက အိုက်ခေါတော်ကို သတ်စေဟု အမိန့်ချလိုက်လေသည်။

သူဆင်းရဲသားအမိမှာ မည်သို့မျှမတတ်သာ ကံဇာတ်ဆရာဖန်လာသမျှ ခံကြတော့မည်ဟုဆုံးဖြတ်ကာ
ငိုကြွေးခြင်းသာပြုကြတော့သည်။ မနက်အလင်းရောက်၍ ပြတင်းမှမျှော်ကြည့်သော် မည်သည့်ရွှေလမ်းငွေလမ်းမှ မမြင်သည်ဖြစ်၍ အိုက်ခေါတော်အား ဖမ်းဆီးရန်အမိန့်ချလေသည်။ ဘုရင့်ရဲမက်တို့ရောက်လာ တဲအိမ်တွင်းမှ အိုက်ခေါတော်ကို လက်ပြန်ကြိုးတုပ် ဆွဲထုတ်ချိန် မိခင်ကငိုကြွေးမြည်တမ်းလျက် ... ။

ရဲမက်တို့သည် အိုက်ခေါတော်ကို ချက်ချင်းမသတ်သေး ... မြေကျင်းထဲ ခေါင်းသာပေါ်စေလျက် မြုပ်ထားကြသည်။ ထိုအချိန်အခါတွင်ပင် တရုတ်ပြည်ကြီးမှ သံတမန်တို့ စံပ္ပါနဂိုရ်ပြည်ကြီးသို့ ရောက်လာခဲ့သည်။
သံတို့နှင့်အတူ ပါလာသည်ကား ရာဇသံ ... အမေးစကားသုံးခု ထိုသုံးခုကို မဖြေနိုင်လျှင် စစ်ပြုမည်ဖြစ်ကြောင်း ။
ဘုရင်နှင့်တကွ မှူးမတ်တို့ မဖြေနိုင် .. တိုင်းပြည်ကို မောင်းကြေးနင်းလှည့်ခတ်၍ မေးခွန်းကို ဖြေနိုင်သူအား သမီးတော်နှင့်ထိမ်းမြားပေးလျက် အိမ်ရှေ့အရာပေးမည်ဖြစ်ကြောင်း လှည့်လည်အော်ဟစ်ကြေငြာစေလေသည်။

အိုက်ခေါတော်လေးကား မြေကျင်းထဲခေါင်းဖော်လျက် ... သူ့ကိုစီရင်မည့်နေရာထက်တွင် သစ်ပင်တပင်ရှိပြီး ထိုသစ်ပင်၌ ကျေးဖိုကျေးမနှစ်ကောင်လာနားနေလေသည်။ ကျေးမက ကျေးဖိုအား ထိုမေးခွန်းများမှ အဖြေကိုသိမသိမေးရာ ကျေးဖိုက အောက်တွင်လူသားရှိ၍မဖြေရာ ကျေးမက ထိုလူသည်နေကွယ်လျှင်ပင် စီရင်ခံရမည့်သူဖြစ်သဖြင့် စိုးရိမ်စရာမရှိ အဖြေကိုပြောရန်သာ တိုက်တွန်းလေသည်။ ကျေးဖိုက မေးခွန်းနှင့် အဖြေများကိုပြောပြရာ သစ်ပင်အောက်မှ အိုက်ခေါတော်က မှတ်သားထားလိုက်လေသည်။

နေစောင်း၍ သူသတ်သမားတို့လာလျှင် အိုက်ခေါတော်က ထိုမေးခွန်းတို့ကို မိမိဖြေမည်... ဘုရင်ဖြစ်သူသာ စကားတည်စေဟု တောင်းဆိုရာ သူသတ်တို့က ဘုရင်ထံပြန်လျှောက်တင်ကြသည်။
ဘုရင်ကလည်း စကားတည်မည် ဖြေစေဟုခွင့်ပြုရာ အိုက်ခေါတော်လေးသည် တရုတ်သံတို့ မေးခွန်းများကို
ပြည့်စုံစွာ ဖြေရှင်းပြလိုက်လေသည်။ တရုတ်သံတို့လည်း သူတို့စကားရှိသည့်အတိုင်း စစ်တပ်ကိုပြန်ရုတ်ကာ
ယင်းတို့တိုင်းပြည်တို့ ပြန်သွားကြလေသည်။

အိုက်ခေါတော်လေးလည်း ဘုရင့်သမီးနှင့် လက်ဆက်ကာ အိမ်ရှေ့မင်းအဖြစ်ရောက်လေသည်။
ဘုရင်ကြီးနတ်ရွာစံသောအခါ အိုက်ခေါတော်လေးဘုရင်ဖြစ်လာလေတော့သည်။ ကျေနပ်ဖွယ်အဆုံးသတ်နှင့် ပုံပြင်လေးကို ကျွန်တော်တို့ လူးကာလှိမ့်ကာနှင့် နွေရာသီခါများတွင် သင်ဖြူးဖျာအေးအေးလေးပေါ် ၊
ဆောင်းရာသီများတွင် မီးဖိုလေးဘေး တိုးတိုးဝှေ့ဝှေ့ ပူးကပ်ရင်း ၊ မိုးများရွာနေလျင် စောင်လေးတစ်ထည်ထဲ စုခြုံရင်း နားထောင်ခဲ့ကြသည်။ တဖန်လက်ဆင့်ကမ်းပြောပြကြ ။ စောင်များ အိပ်ယာခင်းများကို လိုက်ကာများ၊ ခုတင်များ ခုံများကို ဇာတ်စင်များပြု၍ မမောနိုင်မပမ်းနိုင် ကကြခုန်ကြ။

သမိုင်းဟုဆိုသော်လည်း ကျွန်တော်ပုံပြင်သာမှတ်ယူပါသည်။ သို့သော်ထိုပုံပြင်ထဲမှ ပါသောနေရာဌာနများက ယခုကျွန်တော်ရပ်နေသော မြေကြီးအောက်တွင် ... ထို့အတူ ထိုထဲမှ ဇာတ်ကောင်များကလည်း ကျွန်တော့်ရင်ထဲတွင် ထာဝစဉ်ရှိနေပေလိမ့်မည်။

( ငယ်ငယ်ကကြားဖူးတဲ့ ပုံပြင်ပါဗျာ ခုတလောခေါင်းထဲက အတွေးတွေကခေါင်ခိုက်လွန်းလို့ ဒါလေးရေးတင်လိုက်တာ .. ဆားချက်တယ်ဆိုလည်း ဆားပေါ့ဗျာ ... )

6 comments:

အနော် said...

အကို brook ပုံလာနားထောင်တယ် :)

စိမ်း... said...

သြော် ပြီးပြီလား ...
နွားမပေါင်ကျိုးတာပါ လာဦးမလားလို့... အဟုတ်... အဲ့ဒီစကားပုံဘယ်လိုဖြစ်လာလဲ ဆိုတာပါ သိချင်တာ...

jr.လွင်ဦး said...

မင်းသမီးက ချောလို့ကြိုက်တာလား..
မင်းသမီးမှန်းသိလို့ ကြိုက်တာလား..
ဘုရင်ဖြစ်ချင်လို့ ကြိုက်တာလား..

ငါက အမေးအမြန်းထူတော့ ငါဆို အဲလိုပြန်မေးမယ် အဖွားကို.. :))

purplemay said...

အမလေးနော် ....ပုံပြင်နားထောင်ရတာလည်း ဇိမ်ပဲဗျို့....
အဖွါးကိုချစ်လိုက်တာ

tututha said...

ဆားမဟုတ်ဘူး မြောင်းရဲ့ အစ်မလည်း ပုံပြင်လေးတွေအကြောင်း ရေးမလား စဉ်းစားနေတာ ... ပုံပြင်တွေက သိပ်ချစ်စရာကောင်းတယ်။

ချစ်သမီး said...

အဲဒီအမေး ၃ ခု နဲ့
အဖြေ ၃ ခုကို
ထည့်ရေးပေးဦးလေ..
ပုံပြင်ကို ကုန်အောင်
မပြောပြဘူးးးးး