Monday, June 1, 2009

ကော်ဖီသောက်ခြင်း

မိုးတွေကဖွဲဖွဲနဲ့ မစဲအောင်ကိုရွာတယ်။ မှန်နံရံကို လာစင်တဲ့မိုးမှုန်တွေ စုပေါင်းပြီးရေစက်လေးအဖြစ် စီးဆင်းလာတာကို ဘာရယ်မဟုတ် ငေးကြည့်နေမိတော့တယ်။ မှုန်ဝါးဝါးမှန်သားပြင်ပေါ် ရေစက်လေးတွေစီးဆင်းရာလမ်းတလျှောက် စွတ်ကြောင်းလေးတွေက ကြည်ကြည်လင်လင် ထင်ထင်လင်းလင်း။ အေးနေမှာလား ... ... ...အေးနေမှာလားတွေးပြီး လက်နဲ့ထိစမ်းကြည့်တော့ အေးစက်စက်။
ရှေ့က ကော်ဖီခွက်ကလည်း အေးစက်လို့နေတယ်။ ကော်ဖီတငုံငုံလိုက်တာနဲ့ ပထမဆုံးအာရုံမှာတမ်းတတာက စီးကရက်တစ်လိပ်ပဲ။ ငါအပြင်ထွက်သောက်လိုက်ရမလား။ ထွက်တော့မှပဲ သောက်လိုက်ရမလား။ ဘာကြောင့်စီးကရက်သောက်သူတွေအတွက် အခန်းမရှိလဲမသိဘူး။ ခေါင်းထဲမှာရေစက်တွေအကြောင်းမရှိတော့ဘူး .. စီးကရက်သောက်ချင်စိတ်..။ တိုင်ကပ်နာရီသံ၊ ဘေးစားပွဲကစကားသံတွေက ပိုကျယ်လာသလိုပဲ။ ကိုယ်မှာချွေးစေးထွက်ပီး စေးကပ်ကပ်ဖြစ်နေတယ်။
ရှေ့ဝိုင်းကကောင်မလေး ခြေထောက်တွေကလှတယ်။ စကပ်အပြာရင့်ရင့် တိုကပ်ကပ်အောက်က ပေါင်အလယ်လောက်မှာ။ အင်း.... ... ... ငါ့ကောင်မလေးရေကူးကန်သွားမယ်ဆိုတုန်းက ငါစိတ်သိပ်ညစ်ခဲ့တယ်နော်။ ရုပ်နဲ့ဆွဲဆောင်တာ အဆင့်အနိမ့်ဆုံးပဲလို့ ငါပြောဖူးသေးတယ်။ ဆိုင်ရဲ့အပြင်အဆင်ရယ် ကောင်မလေးလှလှရယ် ကားကောင်းကောင်းတွေရယ် ပိုက်ဆံအိတ်ဖောင်းဖောင်းတွေရယ် ... ... ငါဘာလို့ ဒီလိုနေရာမျိုးကို လာမိပါလိမ့်။ မျက်လုံးတွေကနွေးနွေးထွေးထွေးလည်းမရှိကြ ကောင်တာနောက်က စားပွဲထိုးအုပ်စု တစ်ခုခုပြောပြီး ရယ်နေကြတယ်။ ငါ့ကိုလား ... ... ဟင့်အင်း ငါကစိတ်ဝင်စားစရာမှ မကောင်းတာ။
အပြင်ထွက်လိုက်ဦးမယ်ကွာ။ မွန်းကျပ်လွန်းလာတယ်လို့ ငါခံစားရတယ်။ သူများတွေကော... ...။
ခပ်မြန်မြန်လိုက်မကြည့်နဲ့။ ငါကြည့်တာ ကောင်းချင်မှ ကောင်းမှာ။ ဖြေးဖြေးချင်းပဲလှည့်ပတ်ကြည့်မှလေ။
အပြင်ဘက်မှာ မိုးတွေကရွာနေတုန်း။ မှန်တံခါးကို လက်နဲ့တွန်းလိုက်တော့ မှန်ပေါ်မှာလက်ရာက အထင်းသားကျန်ခဲ့တယ်။
ဘောင်းဘီခြေခေါက်ကြားက စီးကရက်တစ်လိပ်ကိုထုတ် ... ... မီးတို့ပီး တစ်ချက်အားပြင်းပြင်းရှိုက်သွင်းလိုက်တော့ အား.... .... ......................... ။ တင်းမာနေတဲ့စိတ်တွေ ပြေကျသွားသလို ခံစားရတယ်။ ပန်းပင်စိမ်းစိမ်းလေးတွေပေါ် လမ်းမဘက်က ၀ါကျင့်ကျင့်မီးရောင်က ထိုးကျနေတယ်။ စိုလက်နေတဲ့သစ်ရွက်တွေ .. လေအေးအေးကတိုက်လို့။ စီးကရက်မီးခိုးငွေ့တွေ ဝေ့၀ဲသွားတာနောက်လိုက်ငေးရင်း အကြည့်ကကားလမ်းမပေါ်အရောက် ...ပြည့်ကျပ်ညှပ်နေအောင် လူတွေတင်ထားတဲ့လိုင်းကားက မိုးတွေအောက်မှာ အော်ဟစ်ရုန်းကန်လို့။ အား... ... ..မညီမျှဘူး မညီမျှဘူး မညီမျှဘူး။ စီးကရက်မီးကို ထိုးခြေ ခြေထောက်နဲ့ ခပ်ပြင်းပြင်းဖိနင်းပြီး ဆိုင်ထဲကနေထွက်လာခဲ့တော့တယ်။
အိမ်ပြန်လမ်းဟာ မိုးမှုန်တွေအောက်မှာ အေးတိအေးစက်... ... ... လေးတိလေးကန်။

2 comments:

နန်းညီ said...

ရုပ်နဲ့ဆွဲဆောင်တာ အဆင့်အနိမ့်ဆုံးပဲလို့ ငါပြောဖူးသေးတယ်... အား... ... ..မညီမျှဘူး မညီမျှဘူး မညီမျှဘူး... မှန်တံခါးကို လက်နဲ့တွန်းလိုက်တော့ မှန်ပေါ်မှာလက်ရာက အထင်းသား...

Andy said...

မွန်းတောင်လာပြီ