Wednesday, April 29, 2009

နိုင်ငံရေး
























လွန်လေပြီးသောခေတ်က အလွန်ရေပန်းစားသော စကားတစ်ရပ်ရှိသည်။ သမိုင်းကို လူထုကဖန်တီးသည် ဆိုသောအယူအဆ။ အဆိုပါအယူအဆရှိသည့်တိုင် အဆိုပါနိုင်ငံများရှိလူထုမှာ သမိုင်းကိုဖန်တီးဖို့နေနေသာသာ၊ ဘာတွေဖြစ်လို့ဖြစ်မှန်းပင် သိခွင့်ရခဲ့သည် မဟုတ်ပါ။ ပေါလစ်ဗျူရိုတစ်စု သို့မဟုတ် strong man တစ်ယောက်တည်းကသာ စိတ်ကူးရသလို စိတ်ကြိုက်ချယ်လှယ် ဆုံးဖြတ်ခဲ့သည်က များပါသည်။
ဒီမိုကရက်တစ်နိုင်ငံရေးစနစ်တွင်ကား လူထု၏အခန်းမှာ အတော်လေးရှေ့ရောက်လာသည်ဟု ဆိုနိုင်စရာရှိသည်။ သမိုင်းကိုတိုက်ရိုက်ဖန်တီးခွင့်မရသည့်တိုင် သွယ်ဝိုက်၍ ဖန်တီးခွင့်ရလာပေပြီ။ လူထုအတွက် လူထုခေါင်းဆောင်များကို လူထုကိုယ်တိုင်က ရွေးချယ်ပိုင်ခွင့်ဖြစ်သည်။ သို့နှင့်တိုင် ဤသို့ရွေးချယ်ခွင့်ရယုံဖြင့် အစစအရာရာ အဆင်ပြေချောမွေ့လိမ့်မည်ဟု မှတ်ယူ၍ရဦးမည်မဟုတ်ပါ။
လူထုအသဲကြားမှ မဲပြားဖြင့်တက်လာသော ခေါင်းဆောင်တစ်ဦးသည် လူထုအကျိုးအတွက် ဦးဆောင်သွားသည်များလည်းရှိသည်။ [ဖရန်ကလင် ရုစဗဲ(လ)] လူထုကရွေးလိုက်သည့်တိုင် လူထုဆန့်ကျင်ရေးဖက် ရောက်သွားသောခေါင်းဆောင် elected dictatorများလည်းပေါ်ထွက်လာတတ်သည်။
(ဟစ်တလာ)
သို့အတွက်ခေါင်းဆောင်ရွေးချယ်ရာတွင်အကြင်ပုဂ္ဂိုလ်တစ်ဦး၏စကားပြောကောင်းခြင်းနှင့် ရွေးကောက်ပွဲကတိက၀တ်များကို ကျော်ကြည့်ပြီးသကာလ သူကိုင်စွဲသော ကျင့်ဝတ်တန်ဖိုး၊ သူ၏ရိုးသားမှုနှင့်
သူ၏လုပ်ရည်ကိုင်ရည်ကိုပါ ချင့်တွက်နိုင်ဖို့ အရေးကြီးလှပါသည်။ ဤနေရာတွင် ဆုံချက်အကျဆုံးအချက်မှာ လူထု၏ အသိပညာရေချိန် ဖြစ်ပေလိမ့်မည်။ ရေချိန်မြင့်လျှင် တကယ့်ရွှေအစစ်ကို ရနိုင်သည်။

။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။

ဒီမိုကရက်တစ်နိုင်ငံရေးစနစ် တစ်ရပ်ရှင်သန်နိုင်ရန် (အနည်းဆုံး) အခြေခံအုတ်မြစ်သုံးခုရှိရမည်ဟု ဆိုပါသည်။ ဤသည်တို့မှာ -
(၁) မဲဆန္ဒရှင်လူထု၏ အသိပညာရေချိန်
(၂) အပြန်အလှန်ထိန်းညှိစစ်ဆေးနိုင်သော အဖွဲ့အစည်းများ
(၃) ရှင်သန်ဖွံ့ဖြိုးသော အရပ်ဘက်လူ့အဖွဲ့အစည်း တို့ဖြစ်သည်။
(ဆောင်းပါးရှင်က အာရှလူ့အဖွဲ့အစည်းကို ခြုံ၍ရေးသည်) ပညာထက် စိတ်လှုပ်ရှားမှုဖြင့်သာ နိုင်ငံရေးကိုချဉ်းကပ်လေ့ရှိခြင်း၊ လက်တွေ့ဖြစ်နိုင်ခြေကို ထည့်တွက်ရကောင်းမှန်း မသိဘဲ အများကြိုက် ရယ်ဒီကယ်အယူအဆများတွင်သာ အာရုံကျလေ့ရှိခြင်း၊ မူထက် လူကိုဗဟိုပြုစဉ်းစားလေ့ရှိခြင်း စသည်တို့မှာ လူထု၏ ပညာရေချိန်ကိုဖော်ပြသော ပြဒါးတိုင်များပင်ဖြစ်သည်။
(ယခုစာစုသည် ဖေဖော်ဝါရီလနှင့် မတ်လထုတ် wave မဂ္ဂဇင်းပါဆရာကျော်ဝင်းရေးသားသောဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။ )

No comments: