Saturday, March 28, 2009

ဖြောင့်ဖြောင့်တန်းတန်း စီးဆင်း

ဘ၀မှာဘာအရေးကြီးလဲ။ အဲ့မေးခွန်းကို ဘ၀အကြောင်းသိတတ်ကတည်းက မေးမိနေတာ အခုထိကိုမဆုံးနိုင်တော့။
ကိုယ့်ကိုယ်ကို မေးမိတိုင်း နောက်ဆုံးသက်ပြင်းချပြီး အဆုံးသတ်လိုက်ရတာက အသေချာဆုံးအဖြေကိုဖြစ်လို့။
ငွေကြေး၊ ချစ်ခြင်းမေတ္တာ၊ ဂုဏ်သိက္ခာ၊ ပညာ၊ .... ဘာများလဲကွယ်။ အချိန်တချို့မှာ အရေးကြီးသောအရာတစ်ချို့ဟာ
နောက်တစ်ချိန်မှာ အရေးမကြီးတော့ဘဲလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျွန်တော့်အသက် ၂၀မှာတုန်းက အရေးပါသောအရာများ
ဘယ်လောက်အထိများ ဒီနေ့ထိတိုင် ကြွင်းကျန်နေပါသလဲ။ ပြန်ဆန်းစစ်တော့ ကျွန်တော်ပြုံးမိသည်။ အင်း... မွန်မြတ်သည်ဟုထင်၍
သိမ်းဆည်းထားသော အရာတစ်ခု နှစ်ခုတော့ကျန်နေသေးသည်ပဲ။ ထိုအရာများသည် တန်ဖိုးကြီးပါသလား၊ အရေးကြီးပါသလား။
ထိုအရာများကြောင့်တော့ ကျွန်တော့်လိုအပ်ချက်များ ပြည့်စုံသွားလိမ့်မည်မဟုတ်ပါ။ ထိုအရာများကြောင့် ကျွန်တော်ဖြစ်စေချင်သော
ကမ္ဘာဖြစ်လာလိမ့်မည်လည်း မဟုတ်ပါ။ သို့သော် ထိုအရာများကျန်ရှိနေခြင်းက ကျွန်တော့်ကိုယ်ကို ယုံကြည်စိတ်ချနေစေပါသည်။
မေမေ့ပုံပြင်ထဲက
ရိုးဂုဏ်လေးဝတ်ဆင်ရုံနဲ့ နောက်ကျောလုံမယ်မထင်တတ်တော့
ခေတ်တစ်ခုလုံးက မုဆိုးရာသီ
လှိုင်းများစီး၍ ခရီးကိုနှင်ခဲ့ပြီ
လှိမ့်လူးကြွတက် ခက်တဲ့နေ့လည်း ခက်တဲ့အလျောက်
လျှောက်သာသောနေ့များလည်းရှိခဲ့
ဒိထက်တော့ ဘာမှမပို ဘာမှလည်းမလိုတော့ပါဘူး။
မရနိုင်၍ ရောင့်ရဲရခြင်းများ၊ မဖြစ်လာ၍ မေ့လိုက်ရခြင်းများစွာကို ကျွန်တော် ယဉ်ပါး၍လာခဲ့ပါပြီ။ ဆန်နိုင်သ၍ဆန်ခဲ့ပြီး
စုန်ချိန်ရောက်၍လည်း စုန်နေခဲ့ရသည်။ကျွန်တော်ကပဲ တိုက်စားသယ်ဆောင်လာခဲ့သလား ကျွန်တော့်ကိုပဲ တိုက်စားသယ်ယူသွားလေသလား။
ကျွန်တော်ဝေခွဲမရတော့ပါ။ ကျွန်တော် တတ်နိုင်သောအရာများကို စိတ်မှတ်ဖြင့် တွက်ကြည့်တော့ ကောင်းနိုင်သမျှ ကောင်းကောင်းနေဖို့ကလွဲလျှင်
ဘာမှမရှိပါ။ (ကောက်ကောက်ကွေ့ကွေ့မြစ် ဖြောင့်ဖြောင့်တန်းတန်း စီးဆင်း) ဆိုသည့်ကဗျာ အပိုင်းအစလေးကိုသာ ရွတ်ရင်း ကျွန်တော်ဆက်၍
စီးဆင်းနေပါဦးမည်။

(ဘာရယ်မဟုတ်ပါဘူး စိတ်ထဲမှာကို အဲ့လိုခံစားနေရလွန်းလို့ ရေးမိတဲ့စာလေးပါ....။)

3 comments:

ဖိုးဂျယ် said...

အတွေးလေးကို လာဖတ်သွားတယ်။

မောင်ရှင်းသန့် said...

ဟုတ်တယ်ကိုကြီးရ..
တစ်ချိန်မှာ အရေးကြီးတဲ့ အရာက ၊ နောက်တစ်ချိန်မှာ အရေးမကြီးဘူးဖြစ်နေတတ်တယ်နော်။

ဒါဖြင့်ရင် အရေးကြီးတယ်ဆိုတာက တကယ်မရှိဘူးထင်တယ်ဗျ။

တကယ်ရှိတဲ့ အမှန်တရားနဲ့ ဖြောင့်ဖြောင့်တန်းတန်း စီးဆင်းနိုင် တဲ့ အကိုတစ်ယောက်ဖြစ်ပါစေခင်ဗျာ....... ။

မယ့်ကိုး said...

အတွေးလေးတွေ ကြိုက်ပါတယ်။ တိုတိုလေးပေမယ့် ထိခိုက်ပါတယ်။