နေအပူချိန် ဒီကရီမည်မျှ ရှိသည်လဲမမှန်းဆတတ်ပါ။ သဲပြင်ပေါ်ထားလည်း ပူနေသောကြောင့် ခြေထောက်များကို သဲထဲထိုးနစ်လိုက်သည်။ သဲပွင့်တို့ကလည်း စိုစွတ်မနေပါ။ ပူပြင်းလှသောနေရှိန်နှင့်
ခြောက်သွေ့နေသည်။ သဲပွင့်တို့သည် အစိုဓါတ်ကုန်သောကြောင့် တစ်ချပ်ချင်း ဖွာလန်ကြဲလျက်။
ဘ၀ဆိုတာကော ဒီလိုပဲ နေမှာလား ။ ခု ငါ့ဘ၀က ဒီသဲတွေလိုပဲလားလို့ သူတွေးနေမိသည်။
စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ လတစ်လပဲ ... သူအသံထွက်ပင် ရေရွတ်ပစ်သည်။ ဒီဇိုင်းများထုတ်ရလွန်းသဖြင့်
သူ့ဦးနှောက်တွင် ခြောက်သွေ့ကာ အသစ်အဆန်းမရှိတော့။ သူ ဖန်တီးထားသောအရာများက ထပ်တလဲလဲဖြစ်လာနေပြီ။ အလေအလွင့်ဆန်သောသူ့အနားမှချစ်သူကလည်း လေတိုက်သောဒဏ်မခံနိုင်၍ လွင့်သွားလေပြီ။ သူ့ဘ၀ရှေ့ရေးကိုတွေးမိလျှင် သူ့အာရုံထဲ နှင်းပိတ်ဖုံးနေသော အမှောင်တိုက်ထဲက ရထားသံလမ်းရေးရေးကို မြင်မြင်လာသည်။ ရှေ့မှာဘာရှိမယ်ဆိုတာ သူမသိ။
သူ့လက်ထဲပိုင်တာ သူပြန်တွေးကြည့်နေသည်။ ခုသူပိုင်တာ သူ့လက်ထဲက ဘီယာဘူးသာဖြစ်မည်။ ပြီးတော့ မလှမ်းမကမ်းမှာ ဖွင့်ချထားသော စာအုပ်။ စာအုပ်တွေဖတ်ရတာလည်း ပျော်ရွှင်ဖွယ်မကောင်းလှပါ။ ဒီကမ္ဘာပေါ်တွင် စိတ်အညစ်ဆုံးလူသားများမှာ ကဗျာဆရာများ၊ အထူးသဖြင့် ပို့စ်မော်ဒန်ကဗျာဆရာများသာ ဖြစ်မည်ထင်ပါသည်။ စိတ်ချမ်းသာအောင် တစ်စက်ကလေးမှမရေးတတ်သော ကဗျာဆရာများသည် ပို့စ်မော်ဒန်သမားများသာဖြစ်မည်။
ပင်လယ်ကို ကျိန်းစပ်နေအောင် နေရောင်က တဖြန်းဖြန်းရိုက်သည်။ ငွေရောင်အနာဖေးတက်လာသည်အထိ ပင်လယ်က တဖျတ်ဖျတ်လူးလှိမ့်လို့။ ချစ်သူကို သောက်ကောင်မလို့ ပျစ်ပျစ်နှစ်နှစ်ဆဲသည်။ အလုပ်ကို မုန်းတီးသည်။ ညစ်ညူးဖွယ် ညည်းညူနေတဲ့ ကဗျာဆရာကို ကျိန်ဆဲသည်။
သောင်ပြင်မှာ လွတ်ထားတဲ့ခွေးဆိုသည့် ဥပမာကို ပထမဆုံးအကြိမ် သူသဘောပေါက်နားလည်ခြင်း။
တိမ်တစ်စမှမရှိသောကောင်းကင် လေးတွဲ့တွဲ့မှာ သူပထမဆုံးကြားလိုက်ရသောအသံကို သဘောမပေါက်သဖြင့် သူထကြည့်မိသည်။ တံငါလှေတစ်စင်းပိုက်ဆွဲနေခြင်းဖြစ်သည်။ မိန်းမ၊ယောက်ျား ငါးယောက်၊ ခြောက်ယောက်ခန့်က ပင်လယ်ထဲပိုက်ချရာမှ အော်ဟစ်ပြောဆိုနေသံများဖြစ်သည်။ ပျင်းရိငြီးငွေ့ဖွယ် ဇာတ်ဝင်ခန်းထဲ တအိအိဝင်လာသော တိမ်တစ်အုပ်လိုပင်။
ပိုက်ကို ချပီး ကမ်းခြေဘက်ကို တဖြည်းဖြည်းဝိုင်းပတ်လာနေသည်ကို သူထိုင်ငေးနေမိသည်။ သည်လိုမြင်ကွင်းမျိုးကို ဘီယာနဲ့ မြည်းဖို့သင့်မသင့် သူတွေးရင်း လှောင်ပြုံးပင်ပြုံးလိုက်မိသေးသည်။ လှေပေါ်မှ ခေါင်းဆောင်ဖြစ်သူက အချက်ပေးလိုက်သည်နှုင့် ပိုက်အစနှစ်ဘက်ကို ကျန်သူများက ၀ိုင်းဆွဲကြသည်။ ပိုက်ကြိုးကိုဆွဲနေသောမိန်းမတို့သည် ပင်လယ်ထဲ ဆင်းသွားလိုက်။ ကြိုးစကိုကိုင်ကာ ကမ်းခြေသဲသောင်ပေါ်ထိ တက်လာလိုက်။ အကြိမ်ကြိမ် အခါခါ။ သူမတို့ဝတ်ထားသော အ၀တ်အထည်တို့သည် နေဒဏ်လေဒဏ်ကြောင့် အရောင်ပင်မရှိတော့။ ထမိန်ရေစိုအောက်တွင် သူမတို့၏ ပေါင်တံများက ထင်းထင်းလင်းလင်း။ ပိုက်ကြိုးကိုဆွဲလိုက်တိုင်း ကြွက်သားများ၏ ရုန်းကန်မှုကို သူသတိထားမိသည်။ သူတို့ မျက်နှာဝယ် ချွေးအလိမ်းလိမ်း သို့သော် ဘ၀သည် သူတို့၏ မျက်နှာပေါ်မှ ပြေးထွက်မသွား။ သူ စာရေးဆရာ ဂျက်လန်ဒန်ကို သတိရသည်။ ချက်ချင်းခုန်ထလိုက်ပီး သူတို့ဆီပြေးသွားလိုက်သည်။
သူ သူတို့ကိုကျော်ကာ ပင်လယ်ထဲထိဆင်း၍ ထိပ်ဆုံးက ပိုက်အစကို ဆွဲကာရုန်းလိုက်သည်။ သူတို့က သူ့ကိုပြုံးပြကြသည်။ လှိုင်းတစ်လုံးက သူ့ဆီပြေးဝင်လာချိန် သူအော်လိုက်မိသည်။ အားလုံးက ရီရီမောမော။
ပင်လယ်ရေကပဲ အေးစေတာလား၊ သူတို့တွေကပဲ သူ့ကိုအေးစေသလားမသိ။ ပျော်ရွှင်ခြင်းများအလုံးအရင်းနှင့် ၀င်ဆောင့်သဖြင့် သူတဟားဟားသာ ရီနေမိသည်။ မိုးတိမ်ပြာပြာ၊ ပင်လယ်လေအေးအေးတွင် သူ့စိတ်တို့ ကြည်စင်ပြာလွင်။
နေလုံးဝင်သွားချိန် အင်္ကျီရေစိုကို ပခုံးပေါ်တင်ရင်း သူ ကမ်းခြေကိုဖြတ်လျှောက်ကာ ပြန်လာသည်။ ကမ်းခြေတွင် တင်ကျန်နေသောခရုခွံလေးများကို ခြေဦးနှင့်ထိုးဆော့ရင်း မနက်ဖြန်အတွက် သူ့သွေးတို့ ရဲရဲနီကာ ဆတ်ဆတ်ခုန်နေကြောင်းတွေးမိသောအခါ သူကျေကျေနပ်နပ်ပင် ပြုံးမိလေသည်။
My First Encounter with Daw Aung San Suu Kyi
1 week ago
15 comments:
အင်း.. ငါပထမဆုံးပြေးမြင်တာ outsider ထဲက Meursault ကိုပဲ။
နင်စာပြန်ရေးတာ ၀မ်းသာတယ်။
"ငွေရောင်အနာဖေးတက်လာသည်အထိ ပင်လယ်က တဖျတ်ဖျတ်လူးလှိမ့်လို့။"
"သို့သော် ဘ၀သည် သူတို့၏ မျက်နှာပေါ်မှ ပြေးထွက်မသွား"
ရေးတတ်ပ။း)
း) ငါ့စိတ်ထဲတွေးနေမိတာလည်း မားဆိုးကိုပဲ.. ငါ့လက်ထဲမှာ သေနတ်မရှိဘူးဟယ် ကံကောင်းချင်တော့
အင်း နင်ဝမ်းသာတာကို ငါလည်း ၀မ်းသာတယ် သူငယ်ချင်း
စိတ်အတွေးတွေနဲ့ ရှုပ်ထွေးနေတဲ့အခါတွေမှာ ရုန်းကန်လှုပ်ရှားနေတဲ့သူတွေကြားမှာ ပျော်ရွှင်မြူးတူးပီး စိတ်ပေါ့ပါးသွားတယ်ဆိုရင် ဒါက အမြတ်ပဲ....
စိတ်တွေ အရမ်းရှုပ်နေရင် ပင်လယ်ကို သွားချင်တယ်.. ပင်လယ်က အရိုင်းဆန်တယ်.. ပင်လယ်ရေက ကိုယ့်စိတ်အညစ်တွေကို ပြေစေမယ် ထင်နေမိတယ်..
btw ပို့စ်အသစ်လေးထဲကနေ ဘဝအတွက် အားသစ်တွေ ရစေတယ်
အကောင်းမြင်သမားကြီးရယ် ပိုစ့်မော်ဒန်ကဗျာဆရာတွေကို အလကားနေရင်း ပြဿနာ မရှာပါနဲ့...။
လူအဖြစ်ထဲ အမှတ်ရစရာလေးတွေ ကျန်ခဲ့အောင် စာကလေးတော့ ရေးဗျ...။
သဲပူပူ၊ကမ်းစပ်၊ငါးဖမ်းတဲ့လှေ..ဒီလောက်အဆင်ပြေတဲ့မြင်ကွင်းကိုများ ခင်ဗျားမို့ ဘီယာနဲ့သွားမျှောချပစ်ရက်တယ်
ခါးခါးကြီး၊ပြီး အလုပ်ကရှုပ်သေး :D
တခြားဝေဖန်ရလောက်အောင်ထိ ညီမဥာဏ်မမှီတော့ဘူး ဟီးဟီး တကယ်။
ယင်းထတဲ့အခါလေး ရေးပေါ့ဗျာ။ ၀င်ကစွပ်ကောင်ကြီးရား)
လင်းဒီပ- မရဘူးကိုလင်းရေ ဟားဟား စိတ်ဘယ်လိုညစ်သလဲ ထပ်တူပြုပြထားတာ :D
အနော်- ကျေးဇူးပါ အနော်ရေ ကိုယ့်ကိုယ်ကို အားတင်းတာပါ
mirror- :P .. ၀င်ကစွပ်ကောင်ကြီးရာ
ဒီစကားလုံးကို နားမလည်သော်လည်း
ကဗျာလေးတစ်ကြောင်းတော့ သတိရတယ် အငှားခန္ဓာမြောင်ရတယ် .. ကိုယ်ပိုင်ရပ်တည်ချက်မရှိတဲ့သူ အဟက် ဟားဟားဟားဟား
ဂျူ နဲ့ အစ်မ တွေးတာချင်း တိုက်ဆိုင်တယ်။ မားဆိုးကို သွားသတိရတယ်။ သူလည်း အကောင်းမြင်လွန်းတာပဲလေ။ အကောင်းမြင်လွန်းတော့ လူတွေရဲ့ အဝန်းအဝိုင်းထဲမှာ ကန့်လန့်ကြီး ဖြစ်သွားရတာ။
ကိုကြီး လွဲနေတယ်နော်........ အဟဲ ပို့စ်မော်ဒန်ကဗျာဆရာက လောကကြီးကို စိတ်မပျက်ဘူးလေ.. မော်ဒန်ကဗျာဆရာတွေက စိတ်ပျက်တာလေ သေချာပြန်ကြည့်ပါဦး အဟဲ......ညီ ဆိုဘယ်မှာ စိတ်ပျက်လို့လည်း :P
း) မတူးကျေးဇူး .. မားဆိုးလို အေးတိအေးစက်ကြီးတော့မနေချင်ပါဘူး အမတို့ရယ်
မလွဲပါဘူး မောင်တေလေရယ် အဲ့စာပိုဒ်တစ်ပိုဒ်လုံး နင့်ကို ရည်ရွယ်ပြီးရေးထားတာ မင်းလား စိတ်မပျက်တာ .. ဘ၀ဆိုတာ ချဉ်ဖတ်ပဲလို့ အငေါ်တူးလွန်းတတ်တဲ့ မင်းကိုသတိတရနဲ့ကို ခုအကောင်းမြင်သမားလို့ ခေါင်းစဉ်ပေးထားတာ :P
(little Brook)
အကောင်းမြင်သမား တယောက်ရဲ့.. မကောင်းတကောင်း အမြင်များး)
တော်သေးတာပေါ့ ပင်လယ်ထဲပြေးဆင်းပြီးသေကြောင်းကြံပြီမှတ်တာ ဟဟ
ဘီယာလေးငုံပြီး ဘဝကို ဘာသာပြန်တာထက် ချွေးစက်တွေက ပြတဲ့ သက်သေက ပို တက်ကြွဖွယ်ရာပါပဲ...
း)
စိတ်ညစ်ဖို့ကောင်းတဲ့လတစ်လ....ဟုတ်ပါ့...။
ဒါပေမယ့် ဒါဟာလည်း လတစ်လပဲ...ပြီးရင်ပြီးသွားပြန်ရော...
ပို့စ်မော်ဒန် ကဗျာဆရာတွေတော့ သတ်တော့မှာပဲ။ :D
စာတွေ အခုမှ လာဖတ်ဖြစ်တယ်။ ဖတ်သမျှတော့ အကုန်ကြိုက်နေတာပဲ ဆရာ..
Post a Comment