နွေရောက်ပြီလား ... ... ... ။ ကျွန်တော် အမေ့မေ့အလျော့လျော့ပစ်ထားခဲ့သော အရာများထဲတွင် ရာသီဥတုလည်းပါသည်ပဲလေ။ ကျွန်တော်က ဂရုမထားသော်လည်း နွေက သူ့သဘောသူဆောင်၍ အရောက်လာခဲ့ပြီ။ လေရူးက လူရူးကိုဝှေ့သည်။ လေရူးသိမ်းတိုင်း မြက်ရိုင်းတို့က ဝေ့ဝေ့၀ဲဝဲ။ စိတ်ရိုင်းတို့ကလည်း
ဖရိုဖရဲ။ ဒီကွင်းပြင်ကြီးဟာလည်းလေ ... စကားမဆက်တတ်တော့သလို ဆွံ့အသွားသည်။ ကွင်းကြီးက စပါးပင်ငုတ်တိများနှင့် ခြောက်သယောင်းထလျက်။ ချိုးကူသံ လေးတွဲ့တွဲ့က ဒီဖုန်လမ်းလေးထဲ ခြေထောက်ရွေ့ရခက်အောင် ဆွဲသည်။ အားတင်းပြီးလျှောက်လိုက်ပါကွာ ... ကိုယ့်လူရယ် ... အားတင်းပြီးလျှောက်လိုက်စမ်းပါ။
လမ်းအဆုံးတွင် အိမ်လေးတစ်လုံး ရှိနေပါသည်။ အိမ်လေးသည် ငြိမ်ငြိမ်ဆိတ်ဆိတ်။ ကျွန်တော် အခန်းထဲ လှမ်းဝင်လိုက်လျှင် မြင်ရမည့်အနေအထားအားလုံးကို ကျွန်တော် ဘယ်လောက်ကြာကြာခွဲခွာနေခဲ့ နေခဲ့ မှတ်မိသည်။ အတွင်းမှ အပြင်ကိုလှမ်းကြည့်လျှင် သဲသဲကွဲကွဲမြင်ရသည်မဟုတ်ပါ။ ခန်းစီးစများသည် လေငြိမ်နေလျှင် သူတို့ကိုယ်သူတို့ လေးလေးပင်ပင် တွဲခိုထားမည်။ စားပွဲပေါ်တွင် ဖတ်လက်စ စာအုပ်တစ်အုပ်ကဖွင့်လျက် တင်နေမည်။ ပက်လက်ကုလားထိုင်ပေါ်ပုံချထားသောခန္ဓာကိုယ်နှင့် တစ်စုံတစ်ယောက်။ ကျွန်တော် အမြဲတမ်း နှစ်သက်ခဲ့သော အပြုံး ... ဖရိုဖရဲ ဆံပင်တို့ကို လက်ချောင်းများဖြင့်ဖွကစားတိုင်း အော်ဟစ်လာမည့်အသံ။ အားလုံးကို ကျွန်တော် ကြားယောင်နေခဲ့သည်။
စာစောင်တစ်စောင်စောင်ကို ဆွဲယူဖတ်မည်ကြံလျှင် သူမနှောက်ယှက်မည်။ သူ့နေရာမှာ ၀ပ်နေသော ခွေးကလေးက ကျွန်တော်တို့ကို ခေါင်းထောင်ကြည့်မည်။ ပြီးလျှင် အသာပြန်ဝပ်ဆင်းလျှက်။ သူမကိုဖက်ထားရင်း စကားတီးတိုးဆိုနေချိန် လေသိမ့်သိမ့်တိုက်ပါသလား။ ကျွန်တော် ဂရုမပြုခဲ့ဖူးပါ။
အိမ်ရှေ့တံခါးတွင် ရပ်ရင်း ကျွန်တော်တွေဝေနေသည်။ ဒီတံခါး ၊ ဒီခန်းစီးစတွေနောက်မှာ အမှန်တကယ် ဘာတွေရှိနေခဲ့ပါသလဲ။ စစ်စစ်မှန်မှန် တကယ်ဘာတွေရှိနေခဲ့သလဲ။ ကျွန်တော် တံခါးကိုထိတ်လန့်စွာပဲ ဖွင့်လိုက်ပါသည်။ နောက်မှပင့်တိုက်လာသော လေပြင်းက ကျွန်တော့်အရင် အခန်းထဲပြေးဝင်သွားသည်။ ခန်းစီးစတို့လွင့်လျက်။ စားပွဲပေါ်မှ စာအုပ်သည် ပိတ်လျက်သားပင်။ သူမနေရာတွင် သူမရှိမနေပါ။ သူမသည် ထိုနေရာတွင် မည်သည့်အခါမှ မရှိခဲ့သည်ကို ကျွန်တော် ဂရုမပြုမိပါ။ သူမသည်ထာဝရ ဖုန်းထားရာ စင်အနားတွင်ရှိသည်။ မူးယစ်စေသော အသံကို ရှူရှိက်ရင်း ခွေးကလေးခေါင်းကို ပွတ်သပ်နေတတ်သည်ကို ကျွန်တော်ဂရုမပြုမိ။
နွေသည် သူ့ကို ဂရုမပြုမိသော်လည်း သူ့သဘာဝအတိုင်းရောက်လာ သူ့သဘာဝအတိုင်းထွက်သွား။ လေရူးက လူရူးကိုဝှေ့သည်။ ကျွန်တော့်မှာ ထိုနေ့ကစ၍ အိမ်ဆိုသည်မရှိတော့ပါ။
Reading Vs Experiencing
1 week ago
11 comments:
ရော့ .. အင့်.. အဲဒါ နင့်ငါ့ဆီမှာ မန့်ဘူးတဲ့ ကောမန့်.. :D
"အိမ်... ဟုတ်လား ။
အမြစ်မတွယ်ချင်ပါဘူးဗျာ။
(မှတ်ချက်- ဂျစ်ပဆီစကားပုံဖြစ်သည်။)
ငါတော့ အိမ်ကိုမက်မောတယ် ........"
မိဂျူ .. အရူးမ :P
ဂလဲ့စားလာခြေနေသေးတယ် .. ငါလည်းအိမ်မက်တယ်
လိုချင်တာမှ မက်မက်မောမော
အိမ်ဆိုတာ ထုနဲ့ထည်နဲ့မဟုတ်လည်း ကိုယ့်စိတ်ကူးထဲမှာ ၊ အိပ်မက်ထဲမှာ ကိုယ့်စိတ်ကြိုက်လေး ဖန်တီးမျှော်လင့်လို့ရပါတယ် အစ်ကိုရေ...
နွေဦးကိုတောင် ရောက်လုပီပေါ့.. ဖုန်တထောင်းထောင်းထနေတဲ့ အဲ့ဒီမြက်ခြောက်ပင်တွေချည်း ရှိနေတဲ့ ကွင်းပြင်ကျယ်ကြီး... လေရူးတွေကလဲ တိုက်.. ချိုးကူသံ သဲ့သဲ့ကြားတော့ အေးချမ်းသယောင် ထင်မိပြန်ရော.. ဒီအတွေးနဲ့ပဲ အဲ့ဒီမြက်ခြောက်ပင်တွေကြား နောက်တစ်ခေါက် ထပ်လျှောက်မိပြန်ရော.... :P
မတဂ်ကြပါဘဲ တစ်ယောက်ပြီးတစ်ယောက် ဒါမျိုးလေးတွေ ရေးနေကြတယ်။
ရှေ့ဆင့်နောက်ဆင့် ဖတ်လို့ ကောင်းတယ် ။
ဖတ်ရတာ နည်းတော့သိပ်တော့ အားမရဘူး :P
ခန်းစီးစများသည် လေငြိမ်နေလျှင် သူတို့ကိုယ်သူတို့ လေးလေးပင်ပင် တွဲခိုထားမည်။
မူးယစ်စေသော အသံကို ရှူရှိက်ရင်း ခွေးကလေးခေါင်းကို ပွတ်သပ်နေတတ်သည်ကို ကျွန်တော်ဂရုမပြုမိ။
ဒီနှစ်ကြောင်းထဲနဲ့ အက်ဆေးလေးက လွတ်လွတ်ကြီးကို လွှတ်လှတယ်။
လူပုဂ္ဂိုလ်ဆိုတာတွေဖယ်ရှားပြီး အက်ဆေးချည်းသက်သက် အကျွန်ုပ်ခံစားမိသည်။
ရေးထားတာတွေ ဖတ်ရင်း မြင်ယောင် ကြည့်တယ်။
ဘေးကနေ ထိုင်ကြည့်နေရသလို ခံစားရတယ်။
အက်ဆေးကောင်းပဲ ဒါကြောင့် မြောင်းကို လေးစားတာ
အိမ်ဆိုတာ လူတိုင်းလိုအပ်တယ် အိမ်ဆိုတာထက် နွေးထွေးတဲ့ မိသားစုပေါ့။
ဖိုးဂျယ်
အားတင်းပြီးလျှောက်လိုက်ပါကွာ ... ကိုယ့်လူရယ် ... အားတင်းပြီးလျှောက်လိုက်စမ်းပါ
စိတ်ချပါကွယ် ..း)
တစ်နေ့ကြ အိမ်လေးကိုလာလည်ဖို့ ဖိတ်ပါ့မယ်
သူငယ်ချင်း
မင်းရေးတဲ့ထဲမှာအက်ဆေး အရေးအသားကို သဘောအကျဆုံးပဲ
ငေး မော သွား ရတယ်
ဂွဒ် ရှယ်
Post a Comment