Tuesday, July 20, 2010

အရှိ ... ... ...

ပခုံးစွန်းမှ လည်တိုင်းရင်းတို့ သူ့ခေါင်းလေးထိုးဝင်လာသည်ကို အလိုက်သင့်ပင်ခံယူလိုက်ပါသည်။ ဆံပင်လေးတွေက အလုံးခပ်သေးသေး ချောချောမွေ့မွေ့ရှိမှန်း အထိအတွေ့က သိနေရသည်။ မိတ်ကပ်နံ့တထောင်းထောင်း ထမနေတာကို သူသတိပြုမိသည်။ လက်လေးတစ်ဖက်ကို ကိုယ့်ရင်ဘတ်ပေါ်တင်ထားပြီး ကိုယ့် အကြောင်းကို မေးတော့ ကိုယ်ဘာဖြေရမည်မသိ။ "ဘာအလုပ်လုပ်တာလဲ။" ဒီလိုကောင်မလေးကို ကိုယ့်ဘ၀အမှန်ကို ကိုယ်ဖွင့်ပြောလေ့ရှိကြသလား ကိုယ်မသိပါ။ "ကိုယ်လား ... ကိုယ် ဝေလေလေကောင်ပါ။" သူမသည် အလိုက်သိသော ကလေးမလေးဖြစ်မည်။ နောက်မေးခွန်းတစ်ခုက "သီချင်းဆိုတတ်သလား"တဲ့။ အင်း ... ဖြေရခက်တဲ့ မေးခွန်းမဟုတ်။ "ကိုယ်သီချင်းတွေကို ကြိုက်နှစ်သက်ပေမယ့် ကိုယ့်အသံက မကောင်းဘူး။" ဒီလိုဖြေလိုက်တော့ ဆိုပြပါလားတဲ့။ ဒီလိုကောင်မလေးကို ကိုယ်သီချင်းဆိုပြသင့်လား။ ဒါကိုလည်း ကိုယ်မသိပါ။ ကိုယ် မသိတာတွေ သိပ်များနေပြီလား။

သူမ ကြားရုံသာ သီချင်းကို ခပ်တိုးတိုးလေး ညည်းမိသည်။ "ဝေးသွားတဲ့အခါ .. နှလုံးသားမှာ အမြဲတမ်းသတိရနော် ...ကြင်နာခဲ့ဖူးတဲ့အချိန်ခနများ ... ...။ "သာသာယာယာတိတ်တိတ်ဆိတ်ဆိတ် နားထောင်ပြီးမှ မေးပြန်သည်။ ချစ်သူမရှိဘူးလား ဟင် တဲ့။ ရှိခဲ့ပါတယ်လို့ ကိုယ်ပြန်ဖြေလိုက်သည်။
မင်းမှာကောလို့ မေးမိတော့ သူမကလည်း ရှိခဲ့ပါသည်တဲ့။ သြ ... ... ...။ သူမမှာလည်း ချစ်သူရှိခဲ့သည်ပေါ့။ ဘာလို့ ပြတ်သွားတာလဲလို့ ကိုယ့်ကိုမေးတော့ ကိုယ်အသုံးမကျလို့ ကိုယ်ညံ့လို့လို့ ကိုယ်ပြန်ဖြေတဲ့အသံမှာ ဒေါသကိုမြင်တော့ သူမထပ်မမေးတော့။ ကိုယ်အားနာပြီး သူမပခုံးကို အသာအယာပဲ ပွတ်ပေးနေလိုက်တော့သည်။ သူမ စိတ်ကြပ်တည်းနေမှာစိုး၍ ဘာသီချင်းရလည်း မေးတော့ အသံက ၀မ်းသာအားရဖြင့် အို ... အများကြီးရတယ်တဲ့ .. သူမဖြေပြန်သည်။
ထို့နောက် ကိုယ်မခိုင်းရဘဲ သီချင်းတစ်ပုဒ်ပြီး တစ်ပုဒ်ဆိုပြပါတော့သည်။ အသံက ခပ်တိုးတိုး။ သီချင်းတွေက အနှစ်သာရလည်းမရှိဘူးဟု သူထင်ပါသည်။ ထိုအကြောင်းကိုတော့ သူမကို မပြောပါ။ မင်းစာအုပ်တွေကောဖတ်သလား။ ၀တ္တုတွေဘာတွေပေါ့ဟု မေးတော့ သူမက နာမည်တချို့ရွတ်ပြသည်။ အပျင်းပြေတောင် မဖတ်မိတဲ့ အပျင်းပြေစာအုပ်များ။သူမဆိုပြသော သီချင်းများလိုပင် သူမရွေးချယ်ဖတ်သော စာရေးသူအမည်နာမများက အပေါစားဆန်လိုက်တာလို့ သူတွေးမိသည်။

ဖွင့်ထားသော ဂြိုလ်တုတီဗီအစီအစဉ်မှ အင်္ဂလိပ်ကားတစ်ကား၏ စာတန်းထိုးကို သူမက အလွယ်တကူ ရွတ်လိုက်ချိန်တွင် သူအံ့အားသင့်သွားသည်။ သူမက စစ်ကားပဲဟု ပြောသည်ကို နားထောင်ရင်း။ မင်း ကျောင်းဘယ်ထိနေခဲ့တာလည်း မေးတော့ သူမက နောက်ဆုံးနှစ်ရောက်ပြီတဲ့။ အိုး ... ဒီလိုကောင်မလေးက
တက္ကသိုလ်ကို နောက်ဆုံးနှစ်ထိတက်ခဲ့ပါလား။ ဒီနှစ်က ပိုက်ဆံမရှိလို့ မတက်တာလို့ တဆက်တည်းပြောတော့ သူချက်ချင်း ခံတွင်းချဉ်လာသည်။" ကိုယ့်ကို စီးကရက်ဘူး ယူပေးစမ်းပါ။" သူမ ရင်ခွင်ထဲမှထကာ စီးကရက်ဘူးထဲမှ တစ်လိပ်ကို ယူပြီးမီးညှိ၊ ပြီးမှ ကိုယ့်ကို လှမ်းပေးသည်။ ကိုယ် ခါးမတ်မတ်ထိုင်လိုက်တော့ သူက ကိုယ့်နားမှာ ခွေခွေလေးလှဲချရင်း ဆံပင်တွေကို လက်နှင့်လိမ်ဆော့နေသည်။ ပြီးတော့ သူ့အကြောင်းကို အေးအေးဆေးအေးပင် ခပ်တည်တည်ပြောတော့သည်။ ဒီလိုကောင်မလေးတွေ ပြောနေကြစကားဖြစ်မှာပါ။
" အဖေနဲ့ အမေနဲ့က ကွဲနေကြတယ်။ အမေက နောက်အိမ်ထောင်နဲ့ဆိုတော့ အဲ့အိမ်မှာမနေချင်ဘူး။ "
ကိုယ်စီးကရက်ပြာကို ချွေချလိုက်ရင်း သူမစကားကို အင်း လိုက်လိုက်မိသည်။ "အဒေါ်နဲ့လိုက်နေတယ်။ အရင်ကတော့ စတိုးဆိုင်မှာ လုပ်တာပဲ။ လခက လေးသောင်းလောက်ပဲရတာ။
အဒေါ်အိမ်မှာ နေတာဆိုတော့ အလကားနေရင်မကောင်းတော့ လခထဲက သူ့ကိုလည်း နည်းနည်းပေးတာပေါ့။ လခလေးလေးသောင်းမှာ သူ့ကိုနှစ်သောင်းပဲပေးလို့လည်းမကောင်းဘူး။သုံးသောင်းလောက်ပေးပြန်တော့လည်း ကားခအတွက် တစ်သောင်းလေးနဲ့ မဖြစ်ပြန်ဘူးလေ။" ကိုယ် ... အင်း လိုက်လိုက်ပြန်သည်။
"အဲ့ဒါနဲ့ ခုအလုပ်လုပ်လုပ်ဖြစ်တာပဲ။" " အဒေါ်က မရိပ်မိဘူးလား"လို့ ကိုယ်မေးမိတော့"ညီမဒီအလုပ်လုပ်နေမှန်း အဒေါ်သိပါတယ်" တဲ့။ စီးကရက်မီးခိုးငွေ့တွေကို သူမနှင့်ဝေးရာဘက် မှုတ်ထုတ်ရင်း
ကိုယ် ဘာတွေးနေလည်း ကိုယ်ပြန်စဉ်းစားမိတာ ခန ခန။

ခုအလုပ်ကတစ်လကိုနှစ်သိန်းလောက်ရတယ်။အ၀တ်အစားဖိုးပြန်နှုတ်ရင်တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ်။ အင်း .. ဒီအလုပ်က ထွက်ပြီး မင်း ဘာဆက်လုပ်မှာလဲလို့ ကိုယ်မေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။ ကျောင်းပြီးတော့ကော။
ကိုယ်ဆို ကျောင်းပြီးကတည်းက ဝေလေလေပဲဆိုတော့ သူမက ပြုံးပြီး အဝေးက တီဗီဖန်သားပြင်ကို ခပ်ငေးငေးကြည့်ရင်း ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့။ ဘုရားရေ ... ကိုယ် သူမကိုသေချာကြည့်မိတော့ သူမသည် တကယ်က တီဗီဇာတ်လမ်းကို ကြည့်ပြုံးနေခြင်းမဟုတ်ဟု သူတကယ်ကို ယုံကြည်မိပါသည်။ မင်း သတ္တိရှိလှချည်လား။ ဒါက တက္ကသိုလ်ဝင်တန်းဖြေတဲ့ အမှတ်နဲ့ ခေါ်တာမဟုတ်လားလို့ သူကြားဖူးနားဝနဲ့မေးတော့ သူမက မဟုတ်ဘူး။ ဘွဲ့ရတွေလည်း တက်လို့ရတဲ့ဟာ ရှိတယ်လို့ဖြေသည်။
သူမဖြေနေပုံ ပြောနေပုံတွေက တကယ်ပင် ဆရာမတစ်ယောက်လို သူမကိုယ် သူမ ထင်မြင်လာပုံရသည်။ ပြီးတော့ သူမ ခပ်တွေတွေဖြစ်သွားပြန်တော့ ကိုယ်စိတ်မကောင်းဖြစ်သွားပြီး
အင်း ... မင်းဆံပင်ရှည်ရှည်တွေကို ဆံထုံးလေးထုံး၊ အဖြူအစိမ်းဝတ်စုံနဲ့ဆို တကယ်လှမှာပဲဆိုတော့ သူမက ကိုယ့်ကိုပြုံးပြသည်။ ဒါ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လား ကိုယ်မသိပါ။

တကယ်လားလို့ သူပြန်လည်မေးသည်ကို အသာအယာပင်ပြုံးပြလိုက်ရင်း ခေါင်းငြိမ့်လိုက်တော့ ပြုံးပြန်သည်။ ဒီမိန်းကလေးက ခနခန ပြုံးနေနိုင်တယ်လို့ ကိုယ်သတိပြုမိပြန်သည်။
ကိုယ်ကတော့ ဘာလုပ်ရမှန်းကို မသိဘူးဟု ပြောမိတော့ လူဆိုတာ ရည်မှန်းချက်ရှိရတယ်ရှင့် တဲ့။ သူ လွတ်လွတ်လပ်လပ်ရီမိပြီး ဟုတ်ကဲ့ ဆရာမဆိုတော့ သူမက လှောင်တာလားလို့ ပြန်မမေးပါ။
ကိုယ် ... မလှောင်ပါ။ ဒီတစ်ခါတော့ဖြင့် ကိုယ်မလှောင်ပြောင်မိပါ။ မိုးမြန်မြန်ပြန်လင်းဖို့ ကိုယ်ဆုမတောင်းမိသော်လည်း မိုးလင်းစေချင်ပါပြီ။ စီးကရက်မီးကို ပြာခွက်ထဲထိုးချေရင်း ကိုယ့်ကိုယ်ကို အသာလျောလိုက်တော့ သူမက တစ်ခါအနားပြန်တိုးကပ်လာသည်။ သူမက ကိုယ့်ပခုံးစွန်းအောက်နား ခေါင်းတင်ရင်း သူမသိထားသော ဟာသပုံပြင်များနှင့် ဗီဒီယိုဇာတ်ကားများ အကြောင်းကို တတွတ်တွတ်ပြောနေပါသည်။သူမခေါင်းကိုသာ ဖွဖွပုတ်ရင်း အခန်းတွင်းသို့ ထိုးဝင်ရောက်လာမည့် အလင်းရောင်ကို ကိုယ်စောင့်နေမိပါတော့သည်။

မျှော်လွန်းလို့များ လာချိန်နောက်ကျလေရော့သလား အလင်းရယ် ... ... ... ... ... ... ...။ ။

Monday, July 12, 2010

သမီးနဲ့ စကားစမြည်

မျက်နှာကို ရှုံ့မဲ့ကာ လက်ကိုဝှေ့ယမ်းလျက် သူ့မျက်နှာကိုကာကွယ်နေသော သမီးကိုကြည့်ရင်း
" သမီးရယ် နေပြောက်လေးတွေက သမီးကို ချစ်လို့စတာပါ" ဟု ဆိုရင်း နေရောင်ကို သူ့ကိုယ်ဖြင့် ကာကွယ်ပေးလိုက်သည်။ မျက်ခုံးတန်းတန်း၊ နဖူးရှင်းရှင်းလေးက ဖေ့ဖေ့လို၊ နှာတံဖြောင့်ဖြောင့်လေးနှင့် နှုတ်ခမ်းက မေမေ့လိုနော် သမီး ။ သမီးက အဖေ့ကို သိတယ်လား။ ပါးဖောင်းဖောင်းလေးချိုင့်ခွက်ဝင်အောင် ပြုံးပြီး ကိုယ်ထောင်ထားတဲ့ လက်ညိုးကို ဖမ်းဆုပ်သည်။ သမီးလက်လေးသေးသေးလေး နူးနူးညံ့ညံ့ လက်ဖ၀ါးလေးမှာ ဖေ့ဖေ့လက်ကြမ်းကြမ်းကို ဆုပ်ထားရင်း ပျော်သတဲ့လား သမီးရယ်။

ဆံပင်အခွေအလိပ်လေးတွေက လှိုင်းလေးတွေနဲ့တူတယ်။ မျက်တောင်ကော့ကော့လေးအောက်မှာ ဘယ်ကောင်လေးတွေ ကျဆုံးကုန်ဦးမလဲဟင်.. သမီး။ ဗိုက်ပူပူလေးပေါ် ဘူးကနဲနေအောင်မှုတ်တော့ သမီးက လွန့်လူးရင်း တခစ်ခစ်ကို အားရပါးရရယ်တယ်။ သမီးရယ်သံက စမ်းရေစီးသလိုပါ။ သမီးရယ်သံက ယူကလစ်ရွက်တွေထဲ ဖြတ်လာတဲ့လေလိုပါ။ ကြည်လင်အေးချမ်းပြီး သင်းသင်းလေးမွေးနေတယ် .. ဖေဖေ့ရင်ထဲမှာလေ။

ခြေကားယား လက်ကလေးကားယားနဲ့ သမီးရေ ဖေဖေ့အသံကို ကြားရဲ့လား။ သမီးမျက်လုံးတောက်တောက်လေးတွေထဲမှာ ဘာတွှေရှိနေတုန်း။ ဖေဖေ့ကိုပဲ ပြုံးပြုံးပြီးကြည့်နေတာ။
သမီးရယ် ... တခါတလေ ဖေဖေတွေးတယ်။ အနာဂတ်မှာ ကြုံဆုံလာမယ့်အရာတွေကြောင့် သမီးမျက်ဝန်းတောက်တောက်လေး မှေးမှိန်သွားမှာ ဖေဖေစိုးကြောက်မိတယ်။ အိမ်ပြင် လမ်းထောင့်ချိုးတွေမှာ
လေတွေ ၀ူးဝူးဝါးဝါးတိုက်တိုင်း သမီးက ငိုတယ်လေ။ ခုသေးသေးလေးမှာ ဖေဖေ့ရင်ဘတ်ထဲထည့်ဖွက်ထားပေးနိုင်ပေမယ့် နောင်တစ်ချိန် သမီးကို မကာကွယ်ပေးနိုင်မှာလည်း ဖေဖေစိုးတယ်ကွယ့်။

ကောင်းခြင်း၊ဆိုးခြင်းတွေ အမှားအမှန်တွေကြားမှာ သမီးမျက်ခုံလေးတွေ တွန့်ကွေးနေမှာလား။ ဒီနှုတ်ခမ်းလေးတွေက ဖေဖေ့လိုပဲ မထိတထိလှောင်ရယ်တတ်မှာလား။ ဖေဖေ သိချင်စမ်းလှတယ်။ သိလည်းမသိချင်ဘူး။ ဖေဖေ့စိတ်ထဲမှာ သမီးကို ကြီးပြင်းလာတယ်လို့ မြင်လိုက်တာနဲ့ သမီးက ဝေးဝေးသွားမှာလို့
နှမျောမိတယ်။ အဲ့ဒါကြောင့် သိကိုမသိချင်တာ။

သမီးရေ သမီးက ပန်းလေးလား၊ သမီးက သစ်ပင်တစ်ပင်လား၊ သမီးက ချိုးငှက်လေးလား၊ သမီးက လိပ်ပြာလေးလား။ သမီးကို ဖေဖေ့သမီးဆိုတာထက် ဟောဒီသဘာဝလောကကြီးရဲ့ သမီးလေးဖြစ်စေချင်တယ်။
ကမ္ဘာကြီးရဲ့ သမီးလေးဖြစ်စေချင်ပါတယ်။ ဖေဖေ လောဘကြီးပြန်ပြီ။ သမီးနဲ့ပတ်သက်ရင် ဖေဖေကော မေမေကော လောဘမကြီးဖို့ ဆုံးဖြတ်ထားတယ် သမီးရဲ့။ အော် .. ရီနေပြန်ပြီ။ မယုံဘူးလား ဟားဟား ။
မေမေ့ကို ဖေဖေပြောပြတယ် သိလား သမီး။ သမီးဟာ ဘယ်တော့မှ မျော်လင့်ချက်တနင့်တပိုးဖိထားခံရတဲ့ ကလေးမဖြစ်စေရဘူးလို့။ သမီးဟာ တကယ်ကို လွတ်လပ်တဲ့ ပန်းကလေး .. ဟုတ်လား။
ဘေးက လူမှုအသိုင်းအ၀ိုင်းက ဖိစီးမှုတွေက ကင်းလွတ်တဲ့ ပန်းကလေးလည်း ဖြစ်ရမယ်။
ကန့်ကွက်တာလား ၀ူးဝူးဝါးဝါးနဲ့ ..။ သမီးရယ် မှန်ပါတယ် ဖေဖေက စိတ်ကူးယဉ်တာဖြစ်မယ် ။

သမီးနည်းနည်းကြီးရင် အိမ်နံဘေးခြုံစပ်က သပိတ်လွယ်ငှက်လေးတွေ အသံကို သွားနားထောင်ကြမယ်။
မြက်ခင်းထဲမှာ ပုစင်းလေးတွေပျံနေတာ ပြမယ်။ ကြက်ပေါက်စလေးတွေ ပြေးဆော့နေတာမြင်ရင်
သမီးပြုံးဦးမှာ၊ ရယ်ဦးမှာ။ သမီးဖို့ ခွေးကလေးတစ်ကောင်လည်း မွေးဦးမယ်။ ခုလောလောဆယ်တော့ ဖေဖေ့ရင်ဘတ်ထဲမှာပဲ နေဦး။ မေမေ့ရင်ဘတ်ထဲမှာပဲနေဦး။
နားလည်တယ်လား ... ချစ်လိုက်တာ .. အာဘွားကွယ်။

မီးပူတိုက်နေတဲ့ သမီးမေမေက ဖေဖေ့ကိုလေ "ရှင်ဟာလေ တော်တော်ကို ရူး " တဲ့။

Wednesday, June 16, 2010

သစ်ပင်နီနီလေးတွေ

ဤသစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင် ပေါက်သည့်အပင်လေးဖြစ်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများနှင့် ပြတ်သည်ကို မရှိတော့။ အမြဲလိုလို ဖုန်မှုန့်နီနီများက
သူတို့ခိုတွယ်လို့ရသမျှ အရွက်တိုင်း အကိုင်းတိုင်းတွင် တင်နေကြရာ ရဲရဲပင်နီစွေးနေလေတော့သည်။ သူမျက်မှောင်ကြုံ့ကာ မကျေမနပ်ပင်တွေးနေမိသည်။ သစ်ပင်လေးက သူ့အိမ်ရှေ့တွင်ပေါက်သော
သစ်ပင်လေးကိုး။

သူနေထိုင်ရာမြို့လေးက နယ်စပ်မြို့လေးဖြစ်သည်။ ရှေးယခင်မြို့လေးက ဘယ်သို့ဘယ်ပုံရှိခဲ့သည်ကို သူမသိပါ။ ယခုသူမြင်နေရသောမြို့လေးကတော့ ငြိမ်ကုပ်ကုပ်နှင့် အတွင်းကြိတ်ကြေကွဲနေသောမြို့လေးပင်ဖြစ်သည်။
ကိုယ်ဝါသနာပါရာ မလုပ်ရဘဲ မအပ်စပ်သည့်အလုပ်လုပ်နေရသူလို မကျေမချမ်းဖြစ်နေသောမြို့လေး။ သူ့ကိုယ်သူ ငွေကြေးအတွက်စတေးခံနေရသည်ကို သိလျက်နှင့် စိတ်ပျက်လက်ပျက် ရေစုန်မျောနေသော မြို့လေးဟုပင်
သူမြင်ပါသည်။ သူတို့ ညီအကိုသုံးယောက်စလုံး ထိုမြို့ငယ်လေးတွင်သာ ကြီးပြင်းခဲ့သည်။ မူလတန်းမှ အထက်တန်းထိ သူ ထိုမြို့လေးတွင်သာ ကျောင်းတက်ခဲ့ရသည်။
အမှတ်ရစရာတိုင်းကိုသာ သိမ်းဆည်းထားမည်ဆိုလျှင် ရင်နှင့်ပင်ဆံ့မည်မထင်ပါ။

ရိုးပုံရိုးလက်နှင့်မြို့လေးသည် ဆောင်းဦးပေါက်တိုင်း ကောက်သစ်စားပွဲကျင်းပတတ်သည်။ သူကော သူ့ညီတွေ၊ သူငယ်ချင်းတွေ ပျော်လေ့ရှိသည့်ပွဲတော်။ ပေါ်ဦးပေါ်ဖျား စပါးကောက်နှံမှ ဆန်ဖွတ်ပြီး ဘုရားရှင်ကို ဦးစွာကပ်လှူပူဇော်၍
လူသူပိရိသတ်ကို တည်ခင်းကျွေးမွေးသော ဓလေ့က ဤဒေသ၏ ကောင်းမြတ်သော အလေ့အထတစ်ခု။ ထိုပွဲတွင် မည်သူမဆို ၀င်ရောက်ဆင်နွဲကာ တည်ခင်းသမျှ စားသောက်နိုင်သည်။
သူတို့ ညီအကို မောင်နှမများ၊ သူငယ်ဖော်များက ဘုရားရင်ပြင်ပေါ် လျောက်ပြေးဆော့လေ့ရှိကြသည်။ ဘုရားနောက်ဘက် လယ်ကွင်းစပ်တွေနား၊ ချောင်းတွေ မြောင်းတွေနားထိ ဆော့ကစားကာ ပင်ပန်းလာလျှင် စောင်းတန်းများတွင်
နားနေကြ။ ရှမ်းဆန်စေးစေးကို မုန်ညှင်းရွက်ချဉ်ရေ၊ ပဲပုပ်ကြော်၊ အစိမ်းကြော်၊ ငရုတ်သီးထောင်းတို့ဖြင့် စားရသည်မှာ မေ့ရက်နိုင်စရာမရှိပါ။ ထိုမြို့လေးနှင့် ဝေးရာရောက်နေသူတိုင်း ဆောင်းဦးပေါက်လျှင် လွမ်းစေတတ်သောပွဲ။
ထိုပွဲကို ဆင်နွဲရန် ပြန်လာတတ်သူတွေလည်း ရှိမြဲ။ ထိုအထဲတွင် သူလည်း အပါအ၀င်ဖြစ်သည်။

အထက်တန်းကျောင်းသားဘ၀တွင်လည်း ထိုပွဲချိန်က ကျောင်းဖွင့်ရက်နှင့်တိုက်ဆိုင်နေလျှင်ပင် သူတို့ကျောင်းပြေး၍ သွားဖြစ်အောင်သွားလေ့ရှိကြသည်။ ထိုသို့သွားလေ့ရှိသူမှာ သူတို့သာမဟုတ် ကျောင်းတိုင်းကျောင်းတိုင်းမှ
အလျှိုလျှိုလစ်ထွက်လာသော ကျောင်းသားကျောင်းသူများနှင့် ဘုရားရင်ပြင်တွင် အဖြူအစိမ်းချည်းလွှမ်းနေအောင်ပင် ဖြစ်တော့သည်။ ငယ်စဉ်က လူကြီးများသာသွားလေ့ရှိသော လယ်ကွင်းစပ်မှ ခေါက်ဆွဲဆိုင်တန်းတွင်
ခေါင်ရည်ခိုးသောက်ကြရင်း ပွဲဈေးတန်းကို လျှောက်ခဲ့ကြသည်။ သို့သော် ရဲရဲဝံ့ဝံ့လျှောက်ရဲကြသည်တော့မဟုတ်။ တစ်မြို့လုံးက လာကြသောပွဲတွင် အိမ်မှလူများနှင့်တွေ့မှာလည်း စိုးထိတ်ရသေး။ မျက်နှာကိုခပ်လွဲလွဲထားကာ
လျှောက်ရင်း အကိုအမများနှင့်တိုးလျှင် မျက်နှာချိုသွေးရင်း သူတို့ပြုံးပျော်ခဲ့ကြသည်။

သူ လမ်းအပြင်ကို ငေးမောကြည့်နေသည်ကို အမေမြင်တော့ ဘာတွေတွေးနေတာလဲ သားဟု မေးသည်။ ဘာအကြောင်းရယ်တော့ မဟုတ်ပါဘူး အမေရယ် ကောက်ဦးဆွမ်းပွဲအကြောင်းတွေးနေတာလို့ ဖြေမိတော့
အမေက ပျော်ဖို့ချည်းပဲတွေးနေဟု ပြန်ပြောသည်။ ပျော်ဖို့ချည်းတွေးရအောင် ပျော်ဖော်ပျော်ဘက်မှ မရှိတော့ဘဲ အမေရယ်ဟု ရင်ထဲမှ တိုးတိုးဆိုလိုက်သော စကားကိုကား အမေကြားမည်မထင်ပါ။
သူအထက်တန်းအောင်ပြီးသည်နှင့် တက္ကသိုလ်တက်ရန် မြို့လေးမှထွက်လာသောအခါ သူငယ်ချင်းများ ကျန်ရစ်ခဲ့သည်။ ထိုအချိန်ထိ သူပြန်လာလျှင် သူလျှောက်ဖူးသောလမ်းတိုင်း၊ သူထိုင်ခဲ့ဖူးသော သစ်ပင်ရိပ်တိုင်း၊
သူမှီခဲ့ဖူးသော ဓါတ်တိုင်တိုင်းသည် သူထွက်သွားတုန်းကကဲ့သို့ ပြန်မြင်ရမည်ဟုသာ သူထင်ခဲ့သည်။ သူ့သူငယ်ချင်းများ အပါအ၀င်ပေါ့။

မြို့လေးနှင့်ဝေးနေစဉ်အချိန်အတွင်းမှာ မြို့လေးမှ သတင်းများကို သူနားစွင့်နေမိသည်။ သတင်းများစွာကိုလည်း သူကြားခဲ့ရသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းအကြောင်း၊ တောလမ်းမှ အကောက်ခွန်မဲ့ပစ္စည်းသယ်ခြင်း၊
ဝင်ငွေကောင်းသည်။ ဖျံကျသည်။ အချင်းချင်းသစ္စာဖောက်တဲ့ကောင်။ အဖမ်းအဆီးသတင်း။ သစ်နှင့်ကျောက်မှောင်ခိုခြင်း။ ကျွဲကူးရေပါ မူးယစ်ဆေးဝါး ဇာတ်လမ်း။ တစ်ထောင့်တစ်ညမကသော ပုံပြင်များလို
ကျွန်တော်က နားထောင်နေခဲ့ရသည်။ ထိုမပြောင်းလဲသော အလွမ်းအမောဇာတ်တွင် ဇာတ်ဆောင်တွေသာ ပြောင်းသွားသည်။

ယခု ဆောင်းဦးပေါက် အိမ်ပြန်ချိန်တွင် ကျွန်တော် ရောက်နေကြအတိုင်း ပြန်ရောက်လာခဲ့ပါသည်။ အိမ်တွင် ကျွန်တော့်ညီလေး မရှိတော့ပါ။
သူက ဒီနှစ်၊ ဒီလ၊ ဒီဇာတ်အတွက် ဇာတ်ဆောင်။ အမေက တိတ်ဆိတ်နေသည်။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေး၏ အဆုံးမသတ်သွားသော ဇာတ်ရုပ်နေရာကို ညီလေး ဆက်ခံခဲ့သလားမသိ။
ဟိုး ကျွန်တော်တို့ မိသားစုအားလုံး ကောက်သစ်စားပွဲသွားကြစဉ်က ရိုက်ထားသော ဓါတ်ပုံလေးက နံရံထက်တွင်ရှိတုန်း။ ရှမ်းဝတ်စုံနှင့် ပန်းနုရောင် ပိုးပုဝါခါးစည်းနှင့် ညီလေးကို ဒီနှစ်ပွဲမှာ ကျွန်တော်တွေ့နှိင်ပါဦးမည်လား မသေချာပါ။

အိမ်ရှေ့က သစ်ပင်လေးသည် ဖြတ်သွားဖြတ်လာများသော လမ်းဘေးတွင်ပေါက်သောကြောင့်လားမသိ ဖုန်မှုန့်အညစ်အကြေးများတင်လွန်းလှသည်။ သူအိမ်ရှေ့အပင်လေးဆီမှ ကျော်ကာကြည့်လိုက်တော့
လမ်းတစ်လျှောက်ရှိ အပင်တိုင်း အပင်တိုင်းသည် ရဲရဲနီစွေး။ သူ ၀မ်းနည်းသွားပါသည်။

Sunday, June 13, 2010

မိုးရွာသောနေ့တွင် စာအုပ်များကို စီခြင်း

္ခတနင်္ဂနွေအားလပ်ရက်နှင့် မိုးအေးအေးရာသီဥတုက တွဲဖက်ပင်ညီနေရော့သလား မသိပါ။ အိပ်ယာထက်တွင် သွေးလေးလေးနှင့်ကွေးရင်း လုပ်စရာဘာများရှိသလဲလေလို့ တွေးမိတော့ စာအုပ်များကိုရှင်းဖို့ သတိရသည်။
ခြောက်လတစ်ကြိမ်လောက် အခန်းပြောင်းနေရသော ဘ၀တွင် စာအုပ်များကို စင်ဖြင့်စံနစ်တကျ ထားဖို့မှာ စိတ်တွင်းကသာရှိသည်။ လက်တွေ့တွင်တော့ စက္ကူဂျတ်ပုံးထဲထည့်ပြီး ထားလိုက်ရသည်။

ကိုယ်လက်သုတ်သင်ပြီး ကော်ဖီခွက်လေးကိုင် ရှေ့ခန်းကိုထွက်လာတော့ ရှင်းလင်းရမည့် စာအုပ်ပုံက နေရာတိုင်းမှာလိုလိုပင်။ တချို့က ခုံပေါ်မှာ၊ တချို့က ခုံအောက်နားမှာ၊ အိပ်ခန်းခေါင်းအုံးနားတွင်က သုံးလေးငါးအုပ်။ ဘုရားစင်ပေါ်တွင်တောင် ရောက်နေသော စာအုပ်တွေကရှိသေး။ ဘာအတွက်ကြောင့်များ စာအုပ်တွေကို ဖတ်ခဲ့၊ ဖတ်နေ၊ ဖတ်ရှုရဦးမည်လဲလို့ တွေးမိတော့ အဖြေမရှိပါ။ ဘာအတွက်နဲ့များ ဒီစာအုပ်တွေကို ဖတ်နေတာလဲ ကောင်လေး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ဖို့ မေးခွန်းတစ်ခု။ ဖတ်သောစာအုပ်တွေကလည်း အကြောင်းအရာပေါင်းစုံ။ တချို့စာအုပ်လေးတွေက ၀ယ်ထားတာ၊ တချို့စာအုပ်တွေက လက်ဆောင်ရထားခြင်းဖြစ်ပြီး၊ တချို့က ငှားထားပြီး ပြန်မပေးဖြစ်သေးသောစာအုပ်များ။ တခါတရံ ဘယ်သူ့ဆီက ငှားထားမှန်းပင် မမှတ်မိတော့ပါ။

အကြောင်းအရာပေါင်းစုံဆိုသည်မှာ ရူပဗေဒပညာရှင် ရစ်ချတ်ဖိုင်းမန်းနှင့် စတီဖင်ဟော့ဖ်ကင်း။ သူတို့က တွဲဖက်ညီသည်။ သခင်ကိုယ်တော်မှိုင်းအကြောင်းစာအုပ်နှင့် သခင်တင်မြ၏ ဘုံဘ၀လိုစာအုပ်က ကိုယ့်အမျိုးသားရေးအကြောင်းများ။ ဘောင်းဘီဝတ်မိုးတိမ်လို ကဗျာဘာသာပြန်နှင့် မြင့်သန်း၏ ဘာသာစကားနောက်ကွယ်မှက အဆက်အစပ်ရှိသေးသည်။ ထိုထဲတွင် မြန်မာအက်ဆေးတစ်ရာ၊ နွယ်နီအဟောင်းလေး။ ဆရာကျော်ဝင်း၏ လှိုင်းမဂ္ဂဇင်းနှင့် ကိုတာ၏ စတိုင်သစ်။ ဆရာစံဇာနည်ဘို၏ ဗေဒင်စာအုပ်ကိုမြင်တော့ ပြုံးမိသေးသည်။ သူတို့တွေသာ စကားပြောတတ်လျှင် သခင်ကိုယ်တော်မှိုင်းနှင့် ရစ်ချတ်ဖိုင်းမန်းတို့က နှူကလီးယားအကြောင်းဆွေးနွေးကြမည်လား။ နှုတ်ခမ်းမွေးကားကားနှင့် ဆရာကြီးက ပရအနုမြူအကြောင်း ပြောလျှင် အာဖရိကဗုံတီးသော သိပ္ပံဆရာက သေချာနားထောင်ပါ့မလား။ လက္ခဏာဆရာကြီးပြောသော နက္ခအကြောင်းများကိုကော စတီဖင်ဟော့ကင်းက တွင်းနက်ကြီးများဖြင့် စုပ်မျိုချလိုက်မလား။ တကယ်လို့များ သူတို့ပြောကြလျှင် ကျွန်တော်တော့ နားထောင်ချင်ပါသေးသည်။

စာအုပ်များကို အမျိုးအစားခွဲစီရင်း ကျွန်တော့်မှာ အရှားပါးဆုံး စာအုပ်အမျိုးအစားကို သိလိုက်ရသည်။ ကဗျာစာအုပ်။ ကဗျာစာအုပ်အကြောင်းတွေးမိတော့ ကျွန်တော်နှင့် ရင်းနှီးခဲ့သောကဗျာက ဘာပါလဲ။
ရှစ်တန်းကျောင်းသားအရွယ် သင်ခန်းစာစာအုပ်ထဲ ကူးထည့်ခဲ့သောကဗျာလေးကို လွမ်းမိသည်။ သောကခြေရာ ရတနာကဗျာများ... ထိုစဉ်က သောကဆိုတာဘာဆိုသည်ကိုပင် အနက်သိနိုင်ဦးမည်မထင်ပါလေ။
ဘာကြောင့်များစာအုပ်တွေဖတ်သလဲ မေးလျှင်ကော။ မဖတ်ရမနေနိုင်လို့ ဖတ်သည်ဟုပင် ဖြေရမည်ထင်ပါသည်။ ဘာတွေရလို့လဲလို့ မေးလာလျှင်တော့ ရစရာရှိမလားလို့ ဖတ်သည်မှမဟုတ်ဘဲ။

ဖတ်ပြီးသော စာအုပ်မှန်သမျှကို မြို့ကသူငယ်ချင်းဆီ ပို့ပေးရသည်။ သူငယ်ချင်းပြောဖူးသည်က မင်းစာအုပ်တွေငါလည်းဖတ်ထားတော့ မင်းပြန်လာတော့ မင်းနဲ့ဝေးမနေတော့ဘူးပေါ့ကွာ တဲ့။ လွမ်းပါသည်။ သစ်ပင်အိုအိုကြီးတွေအောက်က လက်ဖက်ရည်ဆိုင်တွင် နှုတ်ခမ်းပဲ့နေသော ပန်းကန်မှရေနွေးကို မော့သောက်ရင်း ဂျေရုဆလမ်လည်းရောက်ခဲ့ကြသည်။ ဟားဘတ်တက္ကသိုလ်လည်း ရောက်ခဲ့သည်။ ကျူးဘားတော်လှန်ရေးလည်း ဆင်နွဲခဲ့ကြသည်။ ပိုက်ဆံတစ်ထောင့်နှစ်ရာနဲ့ ဟားဘတ်တက္ကသိုလ်ရောက်ဖူးတာ နည်းလားကွဆိုသော အသံကိုလွမ်းမိသည်။ ခုဆို ဘယ်ဘ၀ရောက်နေပါလိမ့်။

စာအုပ်လေးများကို သေချာကြည့်တော့ တချို့ကပိုးကိုက်ရာလေးများနှင့်။ တချို့က ၀ါကျင့်ကျင့်အရောင်သမ်းလျက်။ ကျွန်တော့်အသိဥာဏ်တွေ၊ခံစားမှုတွေကော ပိုးကိုက်ကုန်ပြီလား၊ အ၀ါရောင်သမ်းနေပြီလား ကျွန်တော်မတွေးတတ်တော့ပါ။ တစ်အုပ်ချင်းစီဖုန်သုတ်ကာ စက္ကူပုံးထဲထည့်ရင်း တိုးတိုးညည်းနေမိသောသီချင်းက မသိတဲ့အမှားအမှန်ကို မပြည့်တဲ့အသိဥာဏ်နဲ့ ကိုယ်လေသုံးသပ်မိခဲ့ ဆိုသော မျိုးကျော့မြိုင်၏ ရိုးသားမှုများသို့ သီချင်းလေး။ တကယ်ပဲ ထိုအတိုင်းလားမသိတော့ပါ။ ခံစားမှုများ၊ အသိဥာဏ်ပညာများကို ဖတ်ရှုသိမ်းဆည်းထားသော သူငယ်ချင်းကတော့ ပိုးပေါက်ရာဗရပွနှင့် ဘ၀ကို လက်လျော့သွားလေပြီ။

အပြင်မှာ မိုးတွေတစိမ့်စိမ့်ရွာနေတုန်း ကျွန်တော်က စာအုပ်ဟောင်းလေးတွေကို ပုံးလေးထဲ စီထည့်နေပါသည်။ ခဏတာလေးပဲဖြစ်ဖြစ် သပ်ရပ်သွားနေချင်သောစိတ်ကြောင့် ကျွန်တော် စာအုပ်ဟောင်းလေးတွေကို စက္ကူပုံးလေးထဲ စီစီရီရီထည့်နေခြင်းသာ ဖြစ်ပါသည်။

Wednesday, May 19, 2010

မှင်စာသေးသေးလေး


မှင်စာလေး .. ပြုံးပြုံးပါပဲ ..
သူက လူ့သဘာဝကို အကုန်နားမလည်ဘူး သူနားမလည်တဲ့အတွက်ကြောင့်များ သူပြုံးနိုင်တယ်လားမသိ
စာလိပ်လေးပေါ်မှီရင်း မုန့်လေးစား
သူတတ်တာ ဒါပဲ ...

Thursday, May 13, 2010

စက္ကူလှေ


ပုံက မသပ်မရပ်နဲ့ဗျာ ..း) ခေါင်းထဲက စာမထွက်တော့ ပုံလေးကြည့်ပေါ့ဗျာ .. ဘာကောင်လေးလဲတော့မမေးနဲ့ ဘာကောင်လေးမှန်း ဆွဲထားတဲ့သူလည်း မသိဘူး
ပထမတော့ ပင့်ကူလေးလို၊ ပုရွက်ဆိတ်လေးလို ဆွဲဖို့ပဲ နောက်ထပ်ခြေချောင်းထပ်မထည့်ချင်လို့ .. ဒီလိုပုံလေးတွေဆွဲနေရရင် အပြစ်ကင်းကင်းပျော်ရွှင်နေတယ်လို့ ခံစားရတယ်ခင်ဗျ ..

Sunday, May 9, 2010

သစ်ပင်နဲ့အတူတွေးခြင်း

သစ်ပင်များနှင့် ကျွန်တော့်အဆက်အစပ်ကို စဉ်းစားကြည့်တော့ ယခု ကျွန်တော် သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခြင်းကို သတိရသည်။ ဖုထစ်နေသော အပွေးအခေါက်များက သူ့သက်တမ်းကိုပင် ဖော်ပြနေသလား ကျွန်တော်မသိပါ။ နေပြောက်မထိုးအောင် သိပ်သည်းလှသောအရိပ်အောက် ကျွန်တော်အေးအေးလူလူပင် ထိုင်နေရင်း စိတ်အေးလက်အေး တွေးနေမိသည်။ နက်မှောင်ပြာလဲ့သော အတောင်ကိုဖြန့်လျက် ငုံ့ကြည့်နေသောကိုရွှေကျီး ၊ တစ်ချက်လောက်သာပါလားဟုလည်း တောင့်တမိသည်။ အရိပ်အောက်ခိုရင်း အပြင်ဘက်ကောင်းကင်ကိုမော့ကြည့်တော့ တိမ်ဖြူဖြူလေးတစ်စက အရွက်အုပ်ကြား မလွတ်မကင်းငြိစွန်းရင်း၊ ကျွန်တော်ကြည့်မိတော့ ရှက်သွေးဖြာပြီး ညင်ညင်သာသာပင် ထွက်သွားသည်။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင်သည်ဆိုသောစကားပုံအတိုင်း ကျွန်တော့်တွင် သစ်ပင်နှင့်တူသော မိန်းမနှစ်ဦးရှိသည်။ ငှက်တစ်သောင်းနှင့်တူသော အမျိုးအဆွေများ၏ မှီခိုရာပင်ဖြစ်မည်ထင်ပါသည်။ ကြီးကြီးနှင့် မေမေ .. ကျွန်တော်လွမ်းမိသည်ကော။ ကြီးကြီးတို့ ၊ မေမေတို့က ယခုကျွန်တော်ခိုဝင်နေသော သစ်ပင်ကြီးဖြစ်ခဲ့လျှင် ကျွန်တော်က ထိုသစ်ပင်ပေါ်မှ ကျီးကန်းလေးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။
ကျွန်တော့်ဘာသာစကားမှ မေမေတို့ နားညည်းခဲ့ပါသလား။ တစ်စုံတစ်ရာမျှော်လင့်ခဲ့ပါသလား ကျွန်တော်ဆက်တွေးမိသည်။ကျွန်တော့်ဘာသာစကားကို နားမလည်သည့်တိုင် နားထောင်ပေးတတ်သောမမသည်လည်း ကျွန်တော်နားခိုရာ သစ်ပင်ဖြစ်ပါလိမ့်မည်။

ချစ်ခြင်းမေတ္တာအကြောင်းကို ခံစားတတ်ဖို့ ကျွန်တော်သစ်ပင်များကို ချစ်တတ်ဖို့လိုပါသည်။
လွန်ခဲ့သော ရက်များဆီက ကျွန်တော် ကျွန်တော့်ဆရာအိမ်သို့သွားခဲ့သည်။ ဆရာက သစ်ပင်များကိုရေလောင်းနေရင်း သူနယ်သို့ တာဝန်ဖြင့်ပြောင်းရွေ့ရတော့မည့်အကြောင်း ပြောပြနေခဲ့သည်။
ဤနေရာသည် ဆရာရောက်မလာခင်က ကွင်းခေါင်ခေါင်၊ ယခု အရိပ်ရပင်များစည်ဝေသိုက်ဝန်းစွာဖြင့် ရှိနေပြီ။
ထို့ပြင် ဆရာရေလောင်းနေသော သစ်ပင်လေး၏ အနာဂတ်ဘ၀တွင် ဆရာပါဝင်နိုင်တော့မည်မဟုတ်ပါ။ သို့သော် ဆရာကား ရေလောင်းမြဲလောင်းလျက်။ ချစ်ခြင်းမေတ္တာအကြောင်းကို နားလည်ခံစားတတ်ဖို့ ကျွန်တော် သစ်ပင်များကိုချစ်တတ်ဖို့ လိုအပ်ပါသည်။

လေတိုးတိုက်သဖြင့်လှုပ်ရုံလေးလှုပ်ရှားသွားသော အရွက်များက အချင်းချင်းတီးတိုးဆိုလေသည်လား။ ကျွန်တော်နားစိုက်ထောင်မိသည်။ အကြီးဆုံးဆိုသောသစ်ပင်များမှစ၍ အနိမ့်ဆုံးပေါင်းပင်လေးထိ မြေကမ္ဘာမှ သူတို့ရယူခဲ့သလောက်ကို သူတို့ပြန်ပေးသွားကြသည် တဲ့။ လေအတိုးတွင် ၀ဲလည်၍ကျလာသော အရာလေးက ကျွန်တော့်ပေါင်ပေါ်မှာ။ ခရေပွင့်လေးများ ဟိုတစ်ပွင့်၊ ဒီတစ်ပွင့်။ ခရေပင်ပေါ်မှ ကျီးကန်းလေးက မျက်လုံးလေးဝိုင်းက လည်ပြန်ကြည့်ရင်း ဟိုခုန်၊ဒီခုန်။ ကျွန်တော် အတွေးစများကို ရုတ်သိမ်းကာ အရိပ်ထဲမှထွက်လိုက်တော့ နေကကျဲကျဲတောက်ပူသည်။